နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဆိတ်တစ်ကောင်က ယင်လော့တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းရင်း ဘေးဘီဝဲယာကို အကဲခတ် ကြည့်ရှုနေ၏။
ယခုက နွေဦးရာသီ ဖြစ်ပြီး အပြင်ဘက်ရှိ သစ်ပင်ပန်းမန်များက စိမ်းလန်းစိုပြည်ကာ ကြီးထွားဖြစ်ထွန်းနေကြသည်။ ရူခင်းမှာ တက်ကြွလန်းဆန်းသည့် အစိမ်းရောင် ပင်လယ်ပြင်ကြီး သို့မဟုတ် အရောင်အသွေး စုံလင်လှသော ပန်းခင်းကြီးတစ်ခုနှင့်ပင် တူနေ၏။
သို့သော်လည်း ဤတောင်တန်းကြီးကတော့ ခြောက်သွေ့ကာ ပြောင်တလင်းခါနေဆဲ ဖြစ်သည်။ သစ်ပင်များ၌ အရွက်များ မရှိသေးဘဲ အကိုင်းအခက်များက အစွယ်ဖြဲ၍ လက်သည်းများ ဆန့်ထုတ်ထားသော သရဲတစ္ဆေများပမာ လိမ်ကောက်ကာ ရုပ်ဆိုးနေကြသည်။
ယခင်က ရှိနေခဲ့သော အရိုးဖြူပုံကြီးများကတော့ ကာလကြာရှည်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုအရာများမှာ မိစ္ဆာဈေးတန်းသို့ အရင်းအမြစ်များအဖြစ် သယ်ဆောင်သွားခြင်း ခံရသည်။ သို့မဟုတ် ငြိမ်းချမ်းစွာ အနားယူနိုင်ရန် သေချာစွာ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်။
ဖူရှောင်ကွမ်းနှင့် ရှောင်ကျူးတို့က ဆိတ်၏ ကျောပေါ်တွင် ထိုင်လျက် လမ်းတစ်လျှောက်ရှိ မြင်ကွင်းများကို သိချင်စိတ် ပြင်းပြစွာဖြင့် ဘယ်ညာ ငေးမော ကြည့်ရှုနေကြသည်။
ဖူရှောင်ကွမ်းက ဤနေရာသို့ တစ်ကြိမ် ရောက်ဖူးသော်လည်း ယင်လော့တောင်ခြေတွင်သာ အဓိက နေခဲ့ဖူးခြင်း ဖြစ်၏။ ဤသည်က သူ တောင်ပေါ်သို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်ပြီး ယင်လော့တောင်၏ ထူးခြားလှသော မြင်ကွင်းများက သူ့မျက်စိကို ပွင့်သွားစေသည်။
သရဲသစ်တော၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တောက်လျှောက် တက်လာရင်း မိစ္ဆာသုံးဦးက ယင်လော့တောင်၏ မြင်ကွင်းကို ဆက်လက် ခံစားနေကြ၏။ တစ်ခဏအကြာတွင် ကုန်းရန်ယန်က ရုတ်တရက် ရပ်တန့်သွားပြီး အံ့ဩတကြီး ပြောလိုက်သည်။
"ဟိုမှာ အမြန်ကြည့်လိုက်စမ်း..."
ရှောင်ကျူးက ခေါင်းလှည့် ကြည့်လိုက်၏။
ဖူရှောင်ကွမ်းကလည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ပေငါးဆယ်ကျော် မြင့်မားသော သရဲသစ်ပင် အချို့၏ ထိပ်ဖျားများပေါ်တွင် အရိုးဖြူပန်းများက တိတ်တဆိတ် ပွင့်ဖူးနေကြ၏။ ထိုပန်းများက ရွှေမည်းရောင် ကျောက်မီးသွေးပေါ်သို့ ကျဆင်းလာသည့် ဖြူစင်သော နှင်းပွင့်များပမာ ရှိနေသည်။ ပြန့်ကျဲနေသော ပန်းပွင့်အနည်းငယ်၏ အဖြူနှင့် အမည်း သိသာထင်ရှားစွာ ကွဲလွဲနေမှုက အထူးတလည် မျက်စိပသာဒ ဖြစ်စေသည်။
"ဒီသရဲသစ်ပင်တွေက မသေသေးဘူးပဲ..."
ရှောင်ကျူး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
ကုန်းရန်ယန်က မျက်လုံးများ အရောင်လက်သွားရင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
ဤသရဲသစ်ပင်များပေါ်ရှိ သေမင်းအငွေ့အသက်များက ထူထပ်လွန်းလှသဖြင့် ညှိုးနွမ်းသေဆုံးနေသော သစ်ခြောက်ငုတ်တိုများနှင့် ထပ်တူကျနေ၏။ သူတို့က ထိုသစ်ပင်များကို သေဆုံးနေပြီဟုသာ အစက ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ် အသက်ရှင်နေကြလိမ့်မည်ဟု လုံးဝ တွေးမထားခဲ့မိပေ။
"သေခြင်းတရားရဲ့ အစွန်းတစ်ဖက်က ရှင်သန်ခြင်းပဲ..."
ဖူရှောင်ကွမ်းက သေချာစွာ အကဲခတ်ကြည့်ပြီးနောက် ထိုသဘောတရားကို တစ်ထိုင်တည်း နားလည်သွား၏။
"ငါတို့ လာခဲ့တာ ကောင်းသွားတယ်... မဟုတ်ရင် အခွင့်အရေးတစ်ခုကို လက်လွတ်ရတော့မှာ..."
ရှောင်ကျူးနှင့် ကုန်းရန်ယန်တို့က သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် တောင်ပံများကို ခတ်ကာ ပျံသန်းဝဲပျံနေပြီး ကျန်တစ်ဦးကတော့ "မဲ့... မဲ့... မဲ့" ဟု အော်မြည်ရင်း လှည့်ပတ် ခုန်ပေါက်နေတော့သည်။
တစ်ဦးက သစ်သားဓာတ်ကို ပိုင်ဆိုင်ထားပြီး အခြားတစ်ဦးက ညှိုးနွမ်းပုပ်သိုးနေသော မြက်ပင်များမှ မွေးဖွားလာသည့် ပိုးစုန်းကြူးတစ်ကောင် ဖြစ်၏။ သူတို့နှစ်ဦးစလုံးက သစ်ပင်ပန်းမန်များ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားမှ ပေါက်ဖွားလာခဲ့ကြသူများ ဖြစ်သည်။
အကယ်၍ ဤသရဲသစ်ပင်များ၏ သေခြင်းရှင်ခြင်းကြား အသွင်ပြောင်းလဲမှု အနှစ်သာရကိုသာ နားလည်နိုင်မည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်းအတွက် များစွာ အကျိုးရှိပေလိမ့်မည်။
ဖူရှောင်ကွမ်းကလည်း အံ့ဩဝမ်းသာဖြစ်နေသည်။ ဤသည်က သူ့အတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်၏။ နွေဦးမိုးခြိမ်းသံ၏ လျှို့ဝှက်နက်နဲမှုများကို သိမြင်ရန်၊ ၎င်း၏ အနှစ်သာရကို နားလည်သဘောပေါက်ရန်နှင့် နွေဦးမိုးခြိမ်းသံ အခန်းကို ဖန်တီးနိုင်ရန်အတွက် သူက ရှင်သန်ခြင်း ချီစွမ်းအင်များကို ပိုမို မြင်တွေ့ရန်နှင့် စွမ်းအားများ ပိုမို စုဆောင်းရန် လိုအပ်သည်။
ယခုကဲ့သို့ သေခြင်းရှင်ခြင်းကြား အသွင်ပြောင်းလဲမှု လျှို့ဝှက်ချက်က သူ့ကို ကူညီပေးနိုင်ပြီး နွေဦးမိုးခြိမ်းသံ၏ အခြားတစ်ဖက်ကို မြင်တွေ့ခွင့်ရစေပေလိမ့်မည်။
…
မိစ္ဆာသုံးဦးက တိုင်ပင်ဆွေးနွေးပြီးနောက် အားလုံး သဘောတူညီစွာဖြင့် မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က နေရာတွင်သာ အနားယူပြီး အခွင့်အရေးကို ဆုပ်ကိုင်ကာ အသိဉာဏ်ပွင့်လင်းမှု တစ်စုံတစ်ရာ ရရှိနိုင်မလားဆိုတာကို စမ်းသပ်ကြည့်မည် ဖြစ်၏။
ဖူရှောင်ကွမ်းက အရိုးဖြူပန်းများအပေါ်တွင် ပျံဝဲနေသည်။ သူက ရမ်းကားစွာ ဆင်းသက်ခြင်း မပြုဘဲ နွားမွေးအပ်တစ်ချောင်းကို ထုတ်ယူကာ ပန်းတစ်ပွင့်ကို ထိုးဆွကြည့်လိုက်၏။ အန္တရာယ်မရှိမှန်း သေချာသွားမှသာ အနီးသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။
သူက သစ်ပင်ထိပ်ဖျားသို့ ဆင်းသက်၍ အနီးကပ် လေ့လာကြည့်သောအခါ အရိုးဖြူပန်းက ပန်းကန်လုံးအရွယ်ခန့် ရှိပြီး ပွင့်ဖတ်ခုနစ်ခု ပါရှိကြောင်း သူ တွေ့လိုက်ရသည်။ ထိုပန်းတွင် အနံ့အသက် မရှိသော်လည်း တက်ကြွလှုပ်ရှားသော ရှင်သန်ခြင်း ချီစွမ်းအင်ကို ပိုင်ဆိုင်ထား၏။ ထိုစဉ် ရုတ်တရက် အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ကျူးက အရိုးဖြူပန်းတစ်ပွင့်ကို ခူးယူလိုက်ရာ ထိုပန်းက ချက်ချင်းပင် အဖြူရောင် မြူမှုန်များအဖြစ် အသွင်ပြောင်းသွား၏။ ထိုမြူမှုန်များမှာ သစ်ပင်အောက်သို့ ကျဆင်းသွားပြီး သရဲသစ်ပင်က စုပ်ယူလိုက်သော အာဟာရဓာတ်များ ဖြစ်သွားတော့သည်။
သစ်ပင်၏ ခန္ဓာကိုယ်အတွင်းရှိ သေမင်းအငွေ့အသက်က အနည်းငယ် ပိုထူထဲလာ၏။ ဖူရှောင်ကွမ်း၏ အာရုံခံနိုင်စွမ်းက မထက်မြက်ခဲ့လျှင် သူ တကယ်ပင် သတိထားမိမည် မဟုတ်ချေ။
"စိတ်ဝင်စားစရာပဲ..."
သူက ဝိညာဉ်အာရုံကို အရိုးဖြူပန်းတစ်ပွင့်ထံ တွယ်ကပ်လိုက်ပြီး တစ်ပွင့် ခူးယူလိုက်၏။ ထို့နောက် တောင်ပံများကို ခတ်၍ ပျံသန်းကာ အဖြူရောင် မြူမှုန်များနှင့်အတူ လွင့်ပါသွားသည်။ အင်းဆက်မိစ္ဆာတစ်ကောင်၏ ရှုထောင့်မှနေ၍ အဖြူရောင် မြူမှုန်များ သရဲသစ်ပင်ထံ စုပ်ယူခံရသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသလို ဝိညာဉ်အာရုံ၏ ရှုထောင့်မှနေ၍လည်း သေခြင်းနှင့် ရှင်ခြင်း ချီစွမ်းအင်နှစ်ခု လည်ပတ်နေမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရ၏။
လှုံ့ဆော်မှု အရိပ်အယောင်တစ်ခုက လက်ခနဲ ဖြတ်သန်းသွားသော်လည်း ဖူရှောင်ကွမ်းမှာ အချိန်မီ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူက စိတ်ဓာတ်ကျမသွားဘဲ ယုံကြည်မှုပင် တိုးလာသေး၏။ ပထမအကြိမ် ရှိလျှင် ဒုတိယအကြိမ် ရှိမည်သာ။
မည်သို့ပင်ဆိုစေကာမူ သစ်တောကြီးက ကျယ်ဝန်းလှရာ သစ်ပင်တစ်ပင်တွင် ပန်းပွင့်အနည်းငယ်သာ ရှိသော်လည်း သစ်ပင်ရာထောင်ချီတွင် အများအပြား ရှိနေပေလိမ့်မည်။ သူ တာအိုကို နားလည်သဘောပေါက်နိုင်သရွေ့ သူတို့အားလုံးကို ပြောင်တလင်းခါအောင် ခူးပစ်လိုက်ရသည်က တန်ဖိုးရှိပေသည်။
ဖူရှောင်ကွမ်းက သစ်ပင်ထိပ်ဖျားများအကြား ပျံသန်းသွားလာနေသည့် တစ်နေ့တာပိုးမိစ္ဆာ တစ်ကောင်အနေဖြင့် သူ၏ ရက်စက်ကြမ်းကြုတ်သော ပန်းခူးခြင်းကို ရပ်တန့်လိုက်ပြီး အရိုးဖြူပန်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ရှင်သန်ခြင်း ချီစွမ်းအင်၏ အသွင်ကူးပြောင်းမှုနှင့် ပန်းများနှင့် အကိုင်းအခက်များကြားရှိ ဆက်စပ်မှုတို့ကို အာရုံစိုက် လေ့လာနေလိုက်၏။
သူ၏ သုတေသန ပြီးဆုံးချိန်တွင် နေဝင်ဆည်းဆာချိန်ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ ယင်လော့တောင်ပေါ်ရှိ ယင်ချီစွမ်းအင်က တဖြည်းဖြည်း အားကောင်းလာပြီး အအေးဒဏ်က ကျူးကျော်ဝင်ရောက်လာ၏။
သရဲသစ်ပင်များ၏ ယင်ချီစွမ်းအင်က ထွန်းလင်းလာပြီး ၎င်းတို့၏ သေမင်းအငွေ့အသက်ကလည်း အရှိန်အဟုန်ဖြင့် တက်လာသည်။ အရိုးဖြူပန်းများက အံ့ဩဖွယ်ကောင်းစွာပင် အလိုအလျောက် ပန်းဖူးများအဖြစ် ပြန်ပိတ်သွားကြ၏။
ဖူရှောင်ကွမ်းက အံ့ဩတကြီး စုတ်သပ်လိုက်မိသည်။
ရှောင်ကျူးနှင့် ကုန်းရန်ယန်တို့ နှစ်ဦးစလုံးမှာလည်း မျက်လုံးပြူးသွားကြ၏။
"အရိုးဖြူပန်းတွေ ပိတ်သွားပြီ... သေမင်းအငွေ့အသက်က ရှင်သန်ခြင်း ချီစွမ်းအင်ကို လွှမ်းမိုးသွားပြီပဲ... လောလောဆယ်တော့ ငါတို့ တရားထိုင်တာကို ဆက်လုပ်လို့ မရသေးဘူး... ယင်လော့ဂူထဲက ဒဏ္ဍာရီလာ အရိုးဖြူ နန်းတော်ကို အတူတူ သွားကြည့်ကြရအောင်... ပြီးမှ မနက်ဖြန် ပြန်လာကြတာပေါ့..."
"အစ်ကိုဖူ့စကားက ကျွန်တော့်အတွေးနဲ့ ကွက်တိပဲ..."
"မင်းတို့နှစ်ယောက် သွားတဲ့နေရာကို ငါ လိုက်မှာပဲ..."
မိစ္ဆာသုံးဦးက သူတို့၏ ခရီးကို ဆက်လက် ထွက်ခွာခဲ့ကြသည်။
ယင်လော့ဂူနှင့် နီးကပ်လာလေလေ ယင်ချီစွမ်းအင်က ပိုမို ထူထပ်လာပြီး ယင်လေပြင်းက ပိုမို အေးစက်လာလေ ဖြစ်၏။ ကုန်းရန်ယန်နှင့် ရှောင်ကျူးတို့က ဂူရှေ့တွင် ရပ်နေချိန်၌ စိတ်လှုပ်ရှားလာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
ရက္ခသတောင်သခင်ကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကာလကြာရှည် တည်ရှိခဲ့သော ဂုဏ်သတင်းကတော့ ကျန်ရစ်နေဆဲ ဖြစ်သည်။ သူမ၏ ကိုယ်ပိုင်ဂူထဲသို့ ဝင်ရောက်ရမည်ဟူသော အတွေးက သူတို့၏ စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်ကြောက်ရွံ့မှုများကိုပါ ဖြစ်ပေါ်စေ၏။
"စိတ်မပူပါနဲ့... အရာအားလုံးအတွက် ငါ ရှိပါတယ်..."
ဖူရှောင်ကွမ်းက သူတို့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
ရက္ခသတောင်သခင်ကြီးသာ အသက်ရှင်နေသေးလျှင် သူ ဤသို့ ပြောရဲမည် မဟုတ်ပေ။ သို့သော်လည်း သူမက သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး သူမ၏ ဝိညာဉ်က လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ နောက်ဆုံး ကျန်ရစ်သော ဝိညာဉ်အစအနလေးကိုပင် သူ ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်၏။ ရက္ခသတောင်သခင်ကြီးအပေါ် သူ၏ ကြောက်ရွံ့မှုများက ကာလကြာရှည်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုစကားကို ကြားသောအခါ မိစ္ဆာနှစ်ဦးက ချက်ချင်းပင် စိတ်အေးသွားကြ၏။
သူတို့၏ သူငယ်ချင်းက ယင်လော့ဂူအတွင်းသို့ ဦးစွာ ပျံသန်းသွားသည်ကို မြင်သောအခါ ကုန်းရန်ယန်နှင့် ရှောင်ကျူးတို့က တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့က အချင်းချင်း ခွန်အားပေးသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ဂူအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြတော့သည်။
စင်္ကြံလမ်းက ယက္ခများ ဖြတ်သန်းသွားလာနိုင်ရန် ပြုလုပ်ထားရသဖြင့် မကျဉ်းမြောင်းပေ။ ကျယ်ဝန်းသော လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် သူတို့ အရှေ့ဘက်ရှိ မြင်ကွင်းက ရုတ်တရက် ပွင့်လင်းသွား၏။
ယင်လော့တောင်အတွင်း၌ ဧရာမ နေရာလွတ်ကြီးတစ်ခုကို တူးဆွထားသည်။ မိုးထိမတတ် မြင့်မားလှသော အရိုးဖြူနန်းတော်ကြီးက သူတို့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။ ဂူမျက်နှာကြက်တွင် ဧရာမ လေဝင်ပေါက်ကြီးတစ်ခုကို ထွင်းထုထားပြီး လရောင်က ထောင့်ချိုးကျဆင်းလာသည့်အခါ အရိုးဖြူ နန်းတော်ကြီးက အရိုးဖြူရောင် အလင်းများ ဖြာထွက်နေတော့သည်။
မိစ္ဆာသုံးဦးက လမ်းလျှောက်ရင်း အံ့ဩငေးမောနေကြသလို တစ်ချိန်တည်းမှာပင် သတိကြီးကြီး ထားနေကြသည်။ ယင်လော့တောင်ပေါ်ရှိ ယင်ချီစွမ်းအင်က သိပ်သည်းလွန်းပြီး မြေအောက် ယင်ချီစွမ်းအင် လမ်းကြောင်းတစ်ခုက ဤနေရာတွင် တည်ရှိနေသဖြင့် သရဲတစ္ဆေများနှင့် ဝိညာဉ်များကို အလွန် ဆွဲဆောင်နိုင်၏။
မည်သည့် သရဲတစ္ဆေများက ဤနေရာကို သိမ်းပိုက်ထားမည်ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ နောင်တရမည့်အစား ဘေးကင်းအောင် နေသည်က ပိုကောင်းပေသည်။
ရွှစ်... ရွှစ်... ရွှစ်...
လေထုကို ဖြတ်တောက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အနီရောင်အဝတ်အစားများနှင့် ဆံပင်မည်းများ လွင့်ပျံနေသည့် ယင်ဝိညာဉ်နှစ်ခု လွင့်မျောထွက်လာ၏။ သူတို့အနောက်မှတော့ ကြောင်အော်သံ တစ်သံ ထွက်ပေါ်လာသည်။
ဖူရှောင်ကွမ်းက လက်ကို မြှောက်လိုက်ပြီး ခုခံရန် ပြင်နေသော ရှောင်ကျူးနှင့် ကုန်းရန်ယန်တို့ကို အနားယူရန် အချက်ပြလိုက်သည်။ ရင်းနှီးနေသော သရဲနှစ်ကောင်နှင့် မိစ္ဆာတစ်ကောင်ကို ကြည့်ရင်း သူက ဦးဆောင် နှုတ်ဆက်လိုက်၏။
"မိစ္ဆာမိတ်ဆွေ ကျောက်စိမ်းမျက်နှာနဲ့ တာအိုမိတ်ဆွေတို့... ပြီးခဲ့တဲ့အကြိမ် တွေ့ပြီးကတည်းက ခင်ဗျားတို့ အဆင်ပြေကြရဲ့လား..."
"ပြေပါတယ်... အများကြီးကို အဆင်ပြေတာပါ..."
ကျောက်စိမ်းမျက်နှာကြောင်က ပြန်ဖြေလိုက်၏။
"တာအိုမိတ်ဆွေဖူ... မင်္ဂလာပါ..."
ဟွမ်နျန်နှင့် ဆုဆုတို့က နှုတ်ဆက်လိုက်သည်။
"ခင်ဗျားတို့ ဒဏ်ရာတွေ သက်သာပြီး ထွက်သွားတုန်းက ဘယ်မှာ သွားနေမလဲဆိုပြီး ကျွန်တော် စိတ်ပူနေခဲ့တာ... ဒီနေရာမှာ ခင်ဗျားတို့ကို မထင်မှတ်ဘဲ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး... တကယ့်ကို ရေစက်ပဲ..."
"တကယ်ကို ရေစက်ပါပဲ... တာအိုမိတ်ဆွေဖူရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မတို့ သားအမိတွေ အများကြီး အဆင်ပြေပါတယ်... တာအိုမိတ်ဆွေကို မတွေ့ရတာ ရက်တော်တော်ကြာသွားပြီ... ရှင်က အရင်ကထက်တောင် ပိုကျက်သရေရှိလာတော့ ကျွန်မရဲ့ သရဲနှလုံးသားကနေတောင် မေ့ပျောက်လို့မရအောင် ဖြစ်သွားတာပဲ..."
အပြန်အလှန် နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ဖူရှောင်ကွမ်းက ရှောင်ကျူးနှင့် ကုန်းရန်ယန်တို့ကို သူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့ အချင်းချင်း နှုတ်ဆက်ပြီးနောက် သူက ပြောလိုက်၏။
"ယင်လော့တောင်မှာ သခင်အသစ်တွေ ရှိနေမှန်း ကျွန်တော် မသိလိုက်လို့ ဖိတ်ကြားမခံရဘဲ ရောက်လာမိတယ်... ခင်ဗျားတို့နှစ်ယောက် အပြစ်မယူဘူးလို့ မျှော်လင့်ပါတယ်..."
ဟွမ်နျန်နှင့် သူမ၏ သမီး ဆုဆုတို့မှာ ထိတ်လန့်သွားကြ၏။
"တာအိုမိတ်ဆွေက အပိုတွေ ပြောနေပြန်ပါပြီ... ကျွန်မတို့ သားအမိတွေက ဒီမှာ ခဏတဖြုတ် နေရုံလေးပါ... ကိုယ့်ကိုယ်ကိုယ် ယင်လော့တောင်ရဲ့ သခင်တွေပါလို့ ဘယ်တော့မှ မခေါ်ရဲပါဘူး... ဒီနေရာက မူလကတည်းက ပိုင်ရှင်မဲ့မြေဖြစ်လို့ ရှင်တို့ သုံးယောက်က လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်..."
ဖူရှောင်ကွမ်းက ကျေနပ်သွား၏။ သူက ယဉ်ကျေးရုံသက်သက်သာ ပြောလိုက်ခြင်း ဖြစ်သည်။
ဤသားအမိနှစ်ဦး မည်သို့ တုံ့ပြန်မည်ကို သူ မြင်တွေ့ချင်ခဲ့၏။ လက်ရှိတွင် သူတို့က ရှင်းလင်းပြတ်သားသော အသိဉာဏ်ရှိပြီး ဆက်လက် ပတ်သက်၍ ရနိုင်သေးကြောင်း ပေါ်လွင်နေသည်။ အကယ်၍ သူတို့က ယင်လော့တောင်၏ သခင်နေရာကို လက်ခံခဲ့ပြီး အခြေအနေမှန်ကို မသိမြင်ခဲ့လျှင်တော့ ဤသည်က အခြားကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဖူရှောင်ကွမ်းက ကျောက်စိမ်းမျက်နှာနှင့် ကြောင်ကတိုးမလေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမက ကုန်းရန်ယန်ထံ ပြေးသွားနေပြီ ဖြစ်သည်။
ပထမဦးစွာ သူမက ခေါင်းကို မော့ကာ စိုက်ကြည့်လိုက်ပြီး သူမထက် ခေါင်းတစ်လုံး ပိုရှည်နေသော ဆိတ်မိစ္ဆာကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး မူလအသွင်သဏ္ဌာန်မှ လူသားတစ်ပိုင်း အသွင်ပြောင်းခြင်း အခြေအနေသို့ ကူးပြောင်းသွားသည်။ ဆိတ်နှင့် အရပ်တူသွားပြီးနောက် သူမက ခေါင်းကို စောင်းကာ စဉ်းစားလိုက်ပြီး ခြေဖျားလေးကို ညင်သာစွာ ထောက်လိုက်သည်။
နောက်ဆုံးတွင် ဆိတ်ထက် အနည်းငယ် ပိုရှည်သွားသောအခါ ကျောက်စိမ်းမျက်နှာနှင့် ကြောင်ကတိုးမလေးက ကျေနပ်အားရစွာ ပြုံးလိုက်၏။ သူမ၏ ပါးပြင်ပေါ်တွင် ပါးချိုင့်နှစ်ခု ပေါ်လာပြီး မေးစေ့ကို အနည်းငယ် မော့ကာ ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာ ကော့ထားလိုက်သည်။ ပို၍ ဂုဏ်ယူစရာကောင်းသော အရာတစ်ခုက ပေါက်ကွဲထွက်လာတော့မည့်အလား ပေါ်လွင်နေ၏။
သူမက ဤသို့ ပြောနေသကဲ့သို့ ရှိသည်။
“ငါက နင့်ထက် အရပ်ပိုရှည်တယ်... ပြီးတော့ နင့်ထက် အသားပိုများတယ်လေ...”
ကုန်းရန်ယန်၏ ခေါင်းပေါ်တွင်တော့ မည်းမှောင်သော မျဉ်းကြောင်းများ ပြည့်နှက်သွား၏။ သူ၏ မျက်စိရှေ့ရှိ တောက်ပနေသော မီးအိမ်များကို ကြည့်ရင်း သူ၏ အမွေးအမှင် တစ်ကိုယ်လုံးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ သူက မြန်မြန် ခေါင်းလှည့်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်၏။
"မကောင်းတာတွေ မကြည့်ရဘူး... ငါက ဆိတ်တစ်ကောင်ပဲ... ငါက ဆိတ်ပါ... မဲ့... မဲ့..."
ကျောက်စိမ်းမျက်နှာနှင့် ကြောင်ကတိုးမလေးက ရှက်သွေးဖြာကာ အမွေးများ နီရဲလာသည့်အထိ ဖြစ်သွားသော ဆိတ်၏ အရှုံးပေးမှုကို မြင်လိုက်ရသောအခါ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ အကြည့်က လေထဲတွင် ပျံသန်းနေသော ရှောင်ကျူးထံ ရောက်သွား၏။
သူမ၏ အနောက်ဘက်ရှိ အမြီးလေးက တဆတ်ဆတ် လှုပ်ရှားသွားပြီး မျက်နှာအမူအရာက တည်ကြက်သွားကာ ရှောင်ကျူးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။ သူမ၏ နူးညံ့သော လက်သည်းလေးများက ရှည်ထွက်လာပြီး ချိတ်များကဲ့သို့ ကွေးကောက်လာကာ ခုန်အုပ်တော့မည့်ပုံ ပေါက်နေ၏။
ရှောင်ကျူး “…”
ဒီဘက်ကို မလာနဲ့နော်...
သူက ဖူရှောင်ကွမ်း၏ အနောက်သို့ အလျင်အမြန် ပျံသန်းသွားပြီး ဖူရှောင်ကွမ်း၏ အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ လွှတ်မပေးတော့ပေ။ ဤသည်ကို မြင်သောအခါ ဟွမ်နျန်က ကျောက်စိမ်းမျက်နှာနှင့် ကြောင်ကတိုးမလေးကို တားဆီးရန် ပြင်လိုက်သော်လည်း ဖူရှောင်ကွမ်းက သူမထက် ဦးအောင် ကြောင်ကတိုးများကို မူးယစ်စေသော နံ့သာဘူးကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းမျက်နှာနှင့် ကြောင်ကတိုးမလေးက ချက်ချင်းပင် ဝမ်းသာလုံးဆို့သွား၏။ သူမက အရောင်သုံးမျိုးစပ် ကြောင်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ဖူရှောင်ကွမ်းကို စူးရှချွဲနွဲ့သော အသံလေးဖြင့် အော်မြည်နေတော့သည်။
ဟွမ်နျန်နှင့် ဆုဆုတို့မှာ ထိုမြင်ကွင်းကို ဆက်မကြည့်ရက်နိုင်တော့သဖြင့် မျက်နှာလွှဲလိုက်ကြတော့သည်။
***