နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းအထက်တွင် တိမ်မည်းများ ထူထပ်စွာ စုဝေးလာ၏။
မိစ္ဆာများက ဘေးထွက်ဆိုးကျိုးများ ခံစားရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဆုတ်ခွာသွားကြသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ခဲရောင်တိမ်တိုက်များက ပိုမို လေးလံလာ၏။
ကောင်းကင်ယံတွင် ယင်နှင့် ယန်တို့ ဆုံစည်းကာ လျှပ်စီးများ လက်လာပြီး မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာချိန်တွင် ဖူရှောင်ကွမ်းက ဂူထဲမှ ပျံသန်းထွက်လာပြီး မိစ္ဆာများရှေ့တွင် ပေါ်လာတော့သည်။
ဘုန်း...
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပထမဆုံး မိုးကြိုးပစ်ချသံက ဟိန်းထွက်လာ၏။ အဖြူရောင် လျှပ်စီးတန်းက ညကောင်းကင်ယံကို ခွဲကာ အမှောင်ထုကို ဆွဲဖြဲပစ်လိုက်ပြီး အစွယ်များနှင့် လက်သည်းများကို ဖြဲကာ ဆင်းသက်လာသော ရက်စက်ကြမ်းကြုတ်သည့် သားရဲငှက်တစ်ကောင်ပမာ ရှိနေသည်။
သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသော်လည်း ဖူရှောင်ကွမ်းက ချက်ချင်း ဖိနှိပ်ပစ်လိုက်၏။ ဤနှစ်များတစ်လျှောက် သူက မိုးခြိမ်းသံများကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ လိုက်လံ ရှာဖွေခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်ရာ ယခုအချိန်မှ ကြောက်ရွံ့ခြင်း၏ လွှမ်းမိုးမှုကို ခံလိုက်ရလျှင်တော့ ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
ဖူရှောင်ကွမ်းက မိုးကြိုးတိမ်တိုက်အောက်တွင် ရပ်ကာ ကောင်းကင်ဘုံ၏ အရှိန်အဝါကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူ၏ပုံစံက ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ခံ့ညားထည်ဝါနေ၏။
သူ အတောင်ပံခတ်လိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်တွင် ရေစီးကြောင်းများ စုဝေးလာပြီး ဧရာမ တစ်နေ့တာပိုးကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ လျှပ်စီးတန်းဆီသို့ ပြေးဝင်သွားတော့သည်။ ထိုဧရာမ တစ်နေ့တာပိုးကြီးမှာ မည်မျှပင် မြင့်မားစွာ ပျံသန်းသွားပါစေ ၎င်း၏ အမြီးမျှင် နှစ်ခုကတော့ မြေကြီးနှင့် ချိတ်ဆက်နေဆဲ ဖြစ်၏။
စောင့်ကြည့်နေသော မိစ္ဆာများက ၁၀ ပေ ခန့်ရှိသော မိုးကြိုးတိမ်တိုက်ကို ကြည့်ပြီး အချင်းချင်း အပြင်းအထန် ဆွေးနွေးနေကြသလို မဟာမိစ္ဆာ သုံးပါးကလည်း စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်နေကြသည်။
မီးလျှံနီက ပြောလိုက်၏။
"ဒီအင်းဆက်ရဲ့ မိုးကြိုးတိမ်တိုက်က ၁၀ ပေကို ကျော်လွန်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဟိုတုန်းက ငါ့ဟာထက် နည်းနည်းလေးပဲ လျော့တာ..."
ကျိုကွမ်းက ပြန်ပြောလိုက်သည်။
"အင်းဆက်မိစ္ဆာတွေမှာ သူတို့ရဲ့ အရွယ်အစား ကန့်သတ်ချက်ရှိပြီး ဓမ္မစွမ်းအား နည်းပါးသလို အခြေခံအုတ်မြစ်ကလည်း တိမ်ကောတယ်လေ... သူတို့ရဲ့ မိုးကြိုးတိမ်တိုက် အများစုက ၁၀ ပေအောက်မှာပဲ ရှိကြတာ... ကိုးပေအထိ ရောက်တဲ့သူက သူတို့ထဲမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီ... ရွှေရောင်ပင့်ကူမိစ္ဆာ သေဆုံးသွားခဲ့တာကလည်း ကိုးပေရှိတဲ့ မိုးကြိုးတိမ်တိုက်ကို ရင်ဆိုင်ခဲ့ရလို့ပဲ..."
"မိတ်ဆွေဖူက ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ၁၀ ပေရှိတဲ့ မိုးကြိုးတိမ်တိုက်ကို ရင်ဆိုင်နိုင်တာက သူ့ရဲ့ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်အပြင် သူ့ရဲ့ ကိုးကြိမ်မြောက် သက်တမ်းတိုးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ တည်ရှိမှု အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်... ဒါတောင် ချီးကျူးစရာ ကောင်းနေပါပြီ..."
"အကယ်၍ သူသာ ဒီဘေးအန္တရာယ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဓမ္မစွမ်းအားက သာမန် ငှက်တွေနဲ့ သားရဲတွေကနေ ပေါက်ဖွားလာတဲ့ မဟာမိစ္ဆာတွေနဲ့တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မယ်..."
ကျောင်းအုပ်ကြီး ဂျီမိုက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ချီးကျူးမှုနှင့် စိုးရိမ်ပူပန်မှု နှစ်မျိုးစလုံး ပေါ်လွင်နေ၏။
"သူ ဒီဘေးအန္တရာယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ပါတယ်... အဲဒါဆို ငါတို့ ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုအတွက် နောက်ထပ် စစ်သူကြီး တစ်ယောက် ထပ်တိုးလာတာပေါ့..."
တိုတောင်းသော စကားစမြည် ပြောဆိုပြီးနောက် မဟာမိစ္ဆာသုံးပါးက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက မိုးကြိုးတိမ်တိုက်အောက်ရှိ ပုံရိပ်လေးအပေါ်တွင်သာ စူးစိုက်နေကြသည်။
ကျူးယွင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် လက်ထဲရှိ အစားအစာကိုပင် မေ့သွားကာ ရေခဲမုန့်များ အရည်ပျော်ကျကုန်သော်လည်း သူမ၏ မျက်လုံးပြူးကြီးက မိုးကြိုးတိမ်တိုက်ကိုသာ ကြောင်ငေးကြည့်နေတော့၏။
ကုန်းရန်ယန်က စိတ်ရှုပ်ထွေးစွာဖြင့် ခွာများကို ဆောင့်တွန်းနေကာ မိမိကိုယ်ကိုယ် မထိန်းနိုင်ဘဲ တွင်းတစ်ခုကို တူးဆွနေမိသည်။ သူ၏ ခြေအောက်ရှိ တွင်းက တဖြည်းဖြည်း ပို၍ နက်ရှိုင်းလာတော့၏။
ရှောင်ကျူးမှာ မိုးကြိုးတိမ်တိုက်ကို ကြည့်ပြီး အလွန် ထိတ်လန့်သွားသဖြင့် သူ၏ အမြီးပိုင်းက လင်းလက်သွားသည်။ သူက တောင်ပံခတ်ရန်ပင် မေ့သွားသဖြင့် လေထဲမှနေ၍ ကုန်းရန်ယန် တူးထားသော တွင်းထဲသို့ လိမ့်ကျသွားပြီး နင်းချေခံရလုနီးပါး ဖြစ်သွားတော့၏။
ပုစဉ်းရင်ကွဲမိစ္ဆာကလည်း လက်ထဲရှိ ပလွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
...
ရေဖြင့် ဖန်တီးထားသော တစ်နေ့တာပိုးက အဖြူရောင် လျှပ်စီးတန်းနှင့် ဝင်တိုက်သွားရာ မျက်စိကျိန်းမတတ် တောက်ပသော မီးပွင့်များ ထွက်ပေါ်လာပြီး လျှပ်စစ်စွမ်းအင်များ တဖျစ်ဖျစ် မြည်သွားတော့သည်။
အဖြူရောင် လျှပ်စီးတန်းက အကြမ်းပတမ်းနှင့် ပြင်းထန်လှသော်လည်း ရေဖြင့် ဖန်တီးထားသော တစ်နေ့တာပိုးကတော့ နူးညံ့ပြီး ပျော့ပြောင်းလှ၏။ အမာနှင့် အပျော့ကြားရှိ အားပြိုင်မှုတွင် ရေဖြင့် ဖန်တီးထားသော တစ်နေ့တာပိုးက တစ်ခဏသာ ခံနိုင်ရည်ရှိလိုက်ပြီး မရေမတွက်နိုင်သော ရေစက်များအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
မပျောက်ကွယ်သွားမီ ၎င်း၏ တစ်စိတ်တစ်ပိုင်းက မြူခိုးများအဖြစ် အသွင်ပြောင်းသွားကာ လေဟာပြင်ထဲတွင် လျှပ်စီးပိုက်ကွန်တစ်ခုကို ဖြန့်ကြက်၍ မိုးကြိုး၏ စွမ်းအားအချို့ကို ချေဖျက်ပစ်လိုက်သည်။ အခြား တစ်စိတ်တစ်ပိုင်းကတော့ လျှပ်စစ်စွမ်းအင်များကို မြေကြီးထဲသို့ သယ်ဆောင်သွား၏။ ဤသည်က ဘယ်တော့မှ မရောင့်ရဲနိုင်ဘဲ မသေမီ နောက်ဆုံးအကြိမ် အကျိုးအမြတ် တစ်ခုကို ယူသွားရမည့် လောကရှိ လူများနှင့် အတော်လေး တူနေပေသည်။
လျှပ်စီး၏ စွမ်းအားက တစ်စိတ်တစ်ပိုင်း အားနည်းသွား၏။ သို့တိုင် တစ်စိတ်တစ်ပိုင်းကတော့ ပြင်းထန်စွာ ဆင်းသက်လာဆဲ ဖြစ်သည်။
ဖူရှောင်ကွမ်းက တည်ငြိမ်နေပြီး အလျင်လိုခြင်း မရှိပေ။ သူက ဓမ္မဇီသာကို ထုတ်ယူကာ ကြိုးများကို တီးခတ်လိုက်၏။ ရုတ်တရက် ဇီသာမှတစ်ဆင့် မိုးခြိမ်းသံက မွေးဖွားလာပြီး လျှပ်စီးနှင့် လျှပ်စီး အချင်းချင်း ဝင်တိုက်သွားတော့သည်။
တစ်ခုက အာဏာရှင်ဆန်ပြီး အခြားတစ်ခုက ခိုင်မာပြတ်သားလှ၏။ တစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်ပြီး အခြားတစ်ခုက အချိန်နှင့်အတူ စီးဆင်းနေသည်။
နောက်ဆုံးတွင် အချိန်က လျှပ်စီး၏ တစ်စိတ်တစ်ပိုင်းကို ချေဖျက်ပစ်လိုက်၏။ ဤပထမဆုံး မိုးကြိုး၏ စွမ်းအားက အတော်လေး လျော့ကျသွားပြီး ဖူရှောင်ကွမ်းနှင့် ဓမ္မဇီသာတို့၏ ခံနိုင်ရည် ကန့်သတ်ချက်များအတွင်းသို့ အတိအကျ ရောက်ရှိသွားတော့သည်။ ဤသည်ကို ခံစားမိသောအခါ သူက ခုခံမှုကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ လက်ခံလိုက်တော့၏။
လျှပ်စီးက နီးကပ်လာသောအခါ တဝက်ကို ဓမ္မဇီသာက မျှဝေခံယူလိုက်ပြီး ကျန်တဝက်ကိုတော့ သူ၏ မိစ္ဆာခန္ဓာကိုယ်ကို သန့်စင်ရန် အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး တံတားက အတုအယောင်မှ အစစ်အမှန်သို့ ပြောင်းလဲခြင်း လုပ်ငန်းစဉ်က ရုတ်တရက် အရှိန်မြင့်တက်သွားပြီး သုံးပုံတစ်ပုံခန့် ပြီးစီးသွားကာ အပေါက်ကိုးပေါက်နှင့် သွေးကြောမကြီးများကလည်း အနောက်မှ အနီးကပ် လိုက်ပါလာတော့သည်။
"အရမ်း ကောင်းတယ်... အရမ်း ကောင်းတယ်..."
ကျောင်းအုပ်ကြီး ဂျီမို၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပနေပြီး ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ချေ။
ကျိုကွမ်းကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
"သူက ထိပ်တိုက် မရင်ဆိုင်ခဲ့သလို အကန်းလိုလည်း မခုခံခဲ့ဘူး... သူက အလယ်အလတ် လမ်းစဉ်ကို ရွေးချယ်ခဲ့တာပဲ... ပထမဆုံး လျှပ်စစ်ကို အသွင်ပြောင်းဖို့နဲ့ စီးဆင်းသွားစေဖို့ ရေကို အသုံးပြုပြီး လျှပ်စီးရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်တယ်...”
“အဲဒီနောက် ပိုမို ချေဖျက်နိုင်အောင်လို့ အချိန်ကို အသုံးပြုပြီး နောက်ဆုံး ကျန်ရစ်နေတဲ့ လျှပ်စီးကို သူ့ကိုယ်သူ ခိုင်မာတောင့်တင်းစေဖို့ အာဟာရဓာတ်အဖြစ် အသုံးပြုလိုက်တာပဲ... တကယ့်ကို ဉာဏ်ကောင်းလွန်းပါတယ်..."
မီးလျှံနီက စကားပြောရန် ပြင်နေသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသောအခါ သူမက ချက်ချင်း ထပ်ပြောလိုက်၏။
"ဒီလို လုပ်နိုင်ဖို့အတွက် နည်းစနစ်တွေမှာ အလွန်မြင့်မားတဲ့ ကျွမ်းကျင်မှု လိုအပ်တယ်... အချိန်ကိုက်မှုနဲ့ တိကျမှုက ပြီးပြည့်စုံနေရမယ်... ဒီမိတ်ဆွေဖူရဲ့ ဝိညာဉ်အာရုံက သေချာပေါက် အားမနည်းတဲ့အပြင် လောကကြီးရဲ့ သဘောတရားတွေအပေါ် သူ့ရဲ့ နားလည်မှုကလည်း အတော်လေး နက်ရှိုင်းတယ်..."
"တာအိုမိတ်ဆွေ မီးလျှံနီ... ရှင်ကရော ဘယ်လိုထင်လဲ..."
မီးလျှံနီက မျက်လုံးပြူးကာ စိတ်ရှုပ်ထွေးစွာဖြင့် ရင်ထဲမှ ညည်းညူလိုက်၏။
ငါက လောဘတက်ပြီး နဂါးရဲ့ မင်္ဂလာပွဲမှာ နင့်ရဲ့ ခရမ်းရောင် ကျောက်စိမ်း ရေစပျစ်သီးတွေကို စားမိလို့ ဓမ္မစွမ်းအား တစ်နှစ်စာ တိုးသွားတာလေးကို... အခုထိ အငြိုးထားစရာ လိုလို့လား... နင့်ကိုယ်နင် မိစ္ဆာသခင်တဲ့... သဘောထား သေးသိမ်လိုက်တာ...
ကျောင်းအုပ်ကြီး ဂျီမိုကလည်း ကြည့်နေသည်ကို မြင်သောအခါ မီးလျှံနီက မပြောဘဲ မနေနိုင်တော့ချေ။
"တာအိုမိတ်ဆွေ ကျိုကွမ်းက ဒီသခင်နဲ့ အချိန်အတော်ကြာ အတူတူ နေလာပြီးနောက် ဒီသခင်ရဲ့ အားသာချက် ဆယ်ပုံ သုံးပုံလောက်ကို သင်ယူနိုင်ခဲ့ပြီး မီးတောက်လို ထက်မြက်တဲ့ ပညာမျက်စိကို ပိုင်ဆိုင်လာပြီလို့ ထင်ရတယ်..."
မိစ္ဆာသခင်မ ကျိုကွမ်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။
ကျောင်းအုပ်ကြီး ဂျီမို၏ မျက်တောင်များပင် တဆတ်ဆတ် လှုပ်ရှားသွားတော့သည်။
ထိုစဉ် ဘုန်းခနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာ၏။
ဒုတိယမြောက် လျှပ်စီးကြောင့် သူတို့၏ အာရုံစိုက်မှုများ လွင့်စင်သွားသဖြင့် မဟာမိစ္ဆာ သုံးပါးက သူတို့၏ စကားဝိုင်းကို အလျင်အမြန် အဆုံးသတ်လိုက်ကြသည်။
အဖြူရောင် လျှပ်စစ်စွမ်းအင်များ ရစ်ခွေနေပြီး ပန်းကန်လုံးလုံးခန့် အရွယ်အစားရှိသော မိုးကြိုးတစ်စင်းက ကောင်းကင်ယံမှနေ၍ အရှိန်အဟုန်ဖြင့် ဆင်းသက်လာရာ ၎င်း၏ စွမ်းအားက ပထမတစ်စင်းထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေ၏။
ဖူရှောင်ကွမ်းက ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရင်ဆိုင်နေရသော်လည်း ယခင်ပုံစံအတိုင်းသာ တုံ့ပြန်လိုက်သည်။ ရေဖြင့် ဖန်တီးထားသော တစ်နေ့တာပိုးက မျက်တောင်တစ်ခတ်အတွင်းမှာပင် ချေမွခံလိုက်ရပြီး ရေစက်များပင် အငွေ့ပျံသွားသည်အထိ ပြောင်စင်သွားတော့၏။
ဖူရှောင်ကွမ်း၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက အလျင်မလိုဘဲ ဇီသာပေါ် လက်တင်ကာ မိုးကြိုးသံစဉ်ကို တီးခတ်လိုက်၏။ သူ၏ အနောက်တွင် ရာသီလေးခု၏ လျှပ်စီးများ ပေါ်ထွက်လာပြီး ဧရာမ အချိန်တစ်နေ့တာပိုး တစ်ကောင်အဖြစ် ပေါင်းစပ်သွားတော့သည်။ ၎င်း၏ တောင်ပံနှစ်စုံက ရာသီလေးခုကို သယ်ဆောင်ထားပြီး ၎င်း၏ ခန္ဓာကိုယ်ကတော့ အချိန်လေးခု၏ ဆုံမှတ်ပင် ဖြစ်၏။
ဇီသာသံများက တဒေါင်ဒေါင် မြည်ဟည်းနေပြီး မိုးခြိမ်းသံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အချိန်တစ်နေ့တာပိုးက ကောင်းကင်ယံသို့ ပျံတက်သွားပြီး လျှပ်စီးကို တက်ကြွစွာ ရင်ဆိုင်လိုက်၏။ လေထဲတွင် ငွေရောင်အလင်းတန်းနှင့် အဖြူရောင်အလင်းတန်းတို့ ဝင်တိုက်မိသွားပြီး အချိန်က မိုးကြိုးကို တိုက်ခိုက်လိုက်တော့သည်။
မိစ္ဆာအားလုံးမှာ မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြ၏။
ဖူရှောင်ကွမ်းကလည်း ချွင်းချက်မဟုတ်ပေ။ သူက တည်ငြိမ်နေပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ သူ၏ ခြေချောင်းများပင် ကွေးကောက်သွားသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။
ပိုးချည်စများ ဆုတ်ဖြဲခံရသည့် အသံ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် အချိန်တစ်နေ့တာပိုးက အစအနအဖြစ် ကွဲကြေသွားတော့၏။ သို့သော်လည်း ဖူရှောင်ကွမ်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ဒုတိယမြောက် လျှပ်စီး၏ စွမ်းအား အများစုက အားနည်းသွားခဲ့ပြီဖြစ်ပြီး သူ၏ ခံနိုင်ရည် ကန့်သတ်ချက်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဇီသာသံက ခေတ္တမျှ ရပ်တန့်သွား၏။ ဖူရှောင်ကွမ်းနှင့် ဓမ္မဇီသာတို့က လျှပ်စီး၏ ရေချိုးသန့်စင်မှုကို အတူတကွ ခံယူလိုက်ကြပြီး နှစ်ခုစလုံးက နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွားကြတော့သည်။
မီးလျှံနီနှင့် ကျိုကွမ်းတို့၏ အသွင်ပြောင်းခြင်း ဘေးအန္တရာယ်များနှင့် မတူဘဲ ဖူရှောင်ကွမ်း၏ တတိယမြောက် မိုးကြိုးက အချိန်အတော်ကြာသည်အထိ ဆင်းသက်မလာခဲ့ပေ။
မိုးကြိုးတိမ်တိုက်များက စုဝေးလာပြီး အံ့ဩဖွယ်ကောင်းစွာပင် ပိုမိုကြီးမားလာမည့် အရိပ်အယောင်များ ပြသလာ၏။ ဧရိယာက မျက်စိရှေ့တွင်ပင် ကျယ်ပြန့်လာပြီး လေးလံကာ ဖိနှိပ်ချုပ်ချယ်သော လေထုက ပိုမို သိပ်သည်းလာတော့သည်။
ဖူရှောင်ကွမ်း၏ မျက်နှာက ပြာနှမ်းသွား၏။
မဟာမိစ္ဆာ သုံးပါးစလုံးက ကောင်းကင်ယံသို့ ပြိုင်တူ မော့ကြည့်လိုက်ကြပြီး မိုးကြိုးတိမ်တိုက်ကို တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် စူးစိုက်ကြည့်နေကြသည်။
တစ်ခဏအကြာတွင် ကျောင်းအုပ်ကြီး ဂျီမိုက စကားလုံး တစ်လုံးချင်းစီ ခွဲခြား၍ ပြောလိုက်၏။
"ကောင်းကင်နဲ့ မြေကြီးရဲ့ စမ်းသပ်မှု... ပုံမှန်မဟုတ်တဲ့ တည်ရှိမှုတစ်ခုအတွက် တွက်ချက်မှုပဲ..."
ကျိုကွမ်းက စိုးရိမ်တကြီး ပြောလိုက်သည်။
"ငါ ခန့်မှန်းတာ မှားသွားပုံရတယ်... မိတ်ဆွေဖူရဲ့ အခြေခံအုတ်မြစ်က တွေးထားတာထက် အများကြီး ပိုနက်ရှိုင်းပြီး သူ့ရဲ့ ပါရမီကလည်း မျှော်လင့်ထားတာထက် ပိုတောက်ပနေတယ်... သူ ကိုယ်တိုင်က ၁၀ ပေ ရှိတဲ့ မိုးကြိုးဘေးအန္တရာယ်ကို ဆင့်ခေါ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး...”
“တကယ်လို့ သူသာ ဒီစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ကံကြမ္မာက သေချာပေါက် ပိုကောင်းလာပြီး ငါတို့ ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုရဲ့ ကြမ်းတမ်းတဲ့ စစ်သူကြီး တစ်ယောက်၊ ရှေးခေတ်ကတည်းက ပထမဆုံးသော အင်းဆက်မိစ္ဆာ တစ်ကောင် ဖြစ်လာလိမ့်မယ်..."
မီးလျှံနီက တိုးတိုးလေး ရေရွတ်လိုက်၏။
"သူ မအောင်မြင်မှာကိုပဲ ငါ စိုးရိမ်တယ်..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မဟာမိစ္ဆာ နှစ်ပါးထံမှ ဒေါသတကြီး စိုက်ကြည့်မှုများကို လက်ခံရရှိလိုက်သည်။ ကျောင်းအုပ်ကြီး ဂျီမိုက ပို၍ပင် ပြင်းပြင်းထန်ထန် ဆူပူလိုက်သေး၏။
"ကောင်းတာ မပြောနိုင်ရင် ပါးစပ်ပိတ်ထားစမ်း..."
လေထုက ဖိနှိပ်ချုပ်ချယ်နေပြီး မိစ္ဆာများကလည်း ဂနာမငြိမ် ဖြစ်နေကြသည်။ သူတို့က တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိသွားသည်။
"ဘာမှ မဖြစ်ပါဘူးနော်..."
ကျူးယွင်က အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
"မဖြစ်ပါဘူး... အစ်ကိုဖူက အမြဲတမ်း တည်ငြိမ်ပြီး စွမ်းဆောင်ရည် မြင့်မားတယ်... ဒီတစ်ခါ ဘေးအန္တရာယ် ဖြတ်ကျော်တာ သူ လုံးဝ သေချာနေလို့ ဖြစ်ရမယ်... ငါတို့ သူ့ကို ယုံကြည်ရမယ်..."
ကုန်းရန်ယန်က ခိုင်မာပြတ်သားစွာ ပြောလိုက်၏။ ဤသည်က ကျူးယွင်ကို စိတ်သက်သာရာ ရစေသလို သူ့ကိုယ်သူလည်း စိတ်သက်သာရာ ရစေရန်အတွက် ပြောလိုက်ခြင်း ဖြစ်သည်။
ရှောင်ကျူးက ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကုန်းရန် ပြောတာ မှန်တယ်... အစ်ကိုဖူက ဒီဘေးအန္တရာယ်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ... သူ သေချာပေါက် လုပ်နိုင်တယ်... လုပ်နိုင်ရမယ်..."
မိုးကြိုးတိမ်တိုက်အောက်တွင်တော့ ဖူရှောင်ကွမ်း၏ မျက်နှာအမူအရာက တည်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။ ရွှေရောင်ပင့်ကူမိစ္ဆာ၏ အဖြစ်ဆိုးက သူ့မျက်စိရှေ့တွင် ရှိနေခဲ့ရာ ဘေးအန္တရာယ် မတိုင်မီ သူက ယူဆချက် အမျိုးမျိုးနှင့် လုံလောက်သော ပြင်ဆင်မှုများကို မည်သို့မျှ မပြုလုပ်ဘဲ နေမည်နည်း။
မိုးကြိုးတိမ်တိုက် ရုတ်တရက် ကြီးမားလာခြင်းက မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်သော်လည်း သူ သေချာပေါက် ရှုံးနိမ့်မည်ဟုတော့ မဆိုလိုပေ။
…
***