ဘုန်း...
မိုးကြိုးတိမ်တိုက်က ၁၅ ပေအထိ ကြီးထွားလာသောအခါ အားလုံး ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည့် တတိယမြောက် လျှပ်စီးက ကြမ်းတမ်းစွာ ဆင်းသက်လာတော့သည်။ ပုံးတစ်လုံးစာခန့် တုတ်ခိုင်သော အဖြူရောင် လျှပ်စီးတန်းက ညကောင်းကင်ယံကို ကြမ်းတမ်းစွာ ဖြတ်သန်းသွားပြီး အမှောင်ထုကို ဆွဲဖြဲကာ တဖျစ်ဖျစ် မြည်နေသော မီးပွားများနှင့် တရှူးရှူး မြည်နေသော မိုးခြိမ်းသံများဖြင့် ဆင်းသက်လာ၏။
စုဝေးနေကြသော မိစ္ဆာများမှာ အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားကြတော့သည်။ မဟာမိစ္ဆာသုံးဦးကလည်း ပိုဝေးသော နေရာများသို့ အလျင်အမြန် ရွှေ့ပြောင်းသွားကြ၏။
သူတို့က တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ထိုလျှပ်စီးတန်းကို စူးစိုက်ကြည့်နေကြပြီး အချို့သော မိစ္ဆာများဆိုလျှင် ထိတ်လန့်တကြားပင် အော်ဟစ်နေကြသည်။
ကျူးယွင်မှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ကုန်းရန်ယန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။ ရှောင်ကျူးမှာလည်း အလွန်လန့်ဖြတ်သွားသဖြင့် သူ၏ အမြီးပိုင်းမှ မီးပွားများ ထွက်လာပြီး ဆိတ်မွေးများကို မီးစွဲလောင်သွားတော့၏။
ပုစဉ်းရင်ကွဲမိစ္ဆာမှာလည်း မထူးမခြားနားပင်။ သူ၏ လက်ဝါးများတွင် ချွေးများ ပျံနေပြီး သူက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
မိုးကြိုးတိမ်တိုက်အောက်ရှိ ဖူရှောင်ကွမ်း၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေ၏။ သူ၏ ဓမ္မဇီသာက ရှေ့တွင် လွင့်မျောနေပြီး သူက လက်လေးဖက်စလုံးဖြင့် မိုးကြိုးသံစဉ်ကို လျင်မြန်စွာ တီးခတ်နေသည်။
ဇီသာသံစဉ်က အရှိန်အဟုန်ပြင်းစွာ ရွာသွန်းနေသော မိုးပေါက်များကဲ့သို့ လျင်မြန်နေပြီး မိုးခြိမ်းသံများက တောင်ပြိုကျသကဲ့သို့ ပေါက်ကွဲထွက်လာ၏။ ရာသီလေးခု၏ လျှပ်စီးများက စက်ဝန်းတစ်ခုအဖြစ် လည်ပတ်နေကာ ဧရာမ အချိန်တစ်နေ့တာပိုးက ထပ်မံ ပေါ်ထွက်လာသည်။ ကွာခြားချက်မှာ ဤတစ်နေ့တာပိုးက အစိမ်းရောင် ဖြစ်နေခြင်းပင် ဖြစ်၏။
ဖူရှောင်ကွမ်းက လက်လေးဖက်စလုံးဖြင့် တီးခတ်နေပြီး သူ၏ အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းသဖြင့် အနောက်တွင် ပုံရိပ်များကိုပင် ချန်ရစ်ထားခဲ့သည်။ တေးသွားက လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား၊ မြေငလျင် လှုပ်ခြင်း သို့မဟုတ် ဆူနာမီ လှိုင်းလုံးများ ဝင်ရောက်လာသည့်အလား ဖြစ်နေ၏။ အသံများက လှိုင်းတစ်ခုပြီးတစ်ခု မြင့်တက်လာပြီး သံစဉ်များကလည်း တစ်ထပ်ပြီးတစ်ထပ် ပိုမို ပြင်းထန်လာကာ အဆုံးအစမရှိ ပဲ့တင်ထပ်နေတော့သည်။
ထိုအသံကို ကြားရသောအခါ စုဝေးနေကြသော မိစ္ဆာများ၏ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ စိုးရိမ်ပူပန်လာကြ၏။ မဟာမိစ္ဆာများ၏ နှလုံးသားကပင် ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်လာကြသည်။
ဇီသာထဲမှနေ၍ တစ်နေ့တာပိုးများ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းထွက်လာကြပြီး တစ်ကောင်စီတိုင်းက ရာသီလေးခုကို ကိုယ်စားပြုသော ကွဲပြားခြားနားသည့် အရောင်အသွေး အသီးသီး ရှိနေကြ၏။
နွေဦးတစ်နေ့တာပိုးက မြစိမ်းရောင် ဖြစ်ပြီး နွေရာသီတစ်နေ့တာပိုးကတော့ ကြက်သွေးရောင် ဖြစ်သည်။
ဆောင်းဦးတစ်နေ့တာပိုးက လိမ္မော်ဝါရောင် ဖြစ်ပြီး ဆောင်းရာသီတစ်နေ့တာပိုးကတော့ ရေခဲလို အပြာရောင် ဖြစ်၏။
တစ်နေ့တာပိုး လေးကောင်က တဒေါင်ဒေါင် မြည်ဟည်းနေသော ဇီသာသံများနှင့်အတူ ကျက်သရေရှိစွာ ကခုန်နေကြပြီး ဖူရှောင်ကွမ်း၏ အထက်တွင် ဝဲပျံနေကြသည်။ သူတို့က သဘာဝကျသော အစီအစဉ်တစ်ခုအတိုင်း ခေါင်းနှင့် အမြီး ချိတ်ဆက်သွားကြပြီး ရာသီလေးခုက တစ်ခုနှင့်တစ်ခု စီးဆင်းသွားကာ အရောင်လေးမျိုး ပေါင်းစပ်သွားသည့် စက်ဝိုင်းတစ်ခုအဖြစ် ဖန်တီးလိုက်ပြီး ငွေရောင် အလင်းဝန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အလင်းဝန်း၏ လွှမ်းခြုံထားမှုအောက်တွင် ရာသီလေးခု၏ နက်နဲသော အနှစ်သာရ သဘောတရားများက အတွင်း၌ လည်ပတ်နေပြီး နွေဦးတွင် စိုက်ပျိုးခြင်း၊ နွေရာသီတွင် ကြီးထွားခြင်း၊ ဆောင်းဦးတွင် ရိတ်သိမ်းခြင်းနှင့် ဆောင်းရာသီတွင် သိုလှောင်ခြင်းဆိုသည့် ရာသီလေးခု၏ သံသရာလည်ပတ်မှုကို ဖော်ဆောင်နေတော့သည်။
ဤသည်က ရာသီလေးခု၏ နက်နဲသော အနှစ်သာရ သဘောတရားများကို ချေဖျက်ပြီးနောက် သူ နားလည်သဘောပေါက်သွားခဲ့သော နောက်ဆုံး အဆုံးသတ် သိုင်းကွက်တစ်ခု ဖြစ်၏။
ဖူရှောင်ကွမ်းက မိုးကြိုးသံစဉ်၏ စွမ်းအားနှင့် ဓမ္မဇီသာကို အသုံးပြုခြင်းဖြင့် ရာသီလေးခုကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး ရာသီလေးခု၏ အချိန်ကို ပိုမို ပေါင်းစပ်ကာ စွမ်းအားကြီးမားသော ကာကွယ်ရေး ရာသီလေးခု အလင်းဝန်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။
အချိန်တစ်နေ့တာပိုးနှင့် ယှဉ်လျှင် ဤရာသီလေးခု အလင်းဝန်းက ရာသီလေးခု သံသရာလည်ပတ်မှု၏ စွမ်းအားများ ပါဝင်နေ၏။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးကြသဖြင့် ပိုမို အစွမ်းထက်ပြီး ပိုမို ကြာရှည် ခံနိုင်ရည် ရှိပေသည်။
ထိုစဉ် လျှပ်စီးက ဆင်းသက်လာပြီး ရာသီလေးခု အလင်းဝန်းနှင့် ပြင်းထန်စွာ ဝင်တိုက်သွားတော့၏။ အဖြူရောင် အလင်းတန်းနှင့် ငွေရောင်အလင်းတန်းတို့က တစ်ခုနှင့်တစ်ခု ဆုတ်ဖြဲနေကြသည်။ စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်ယံ တစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်နေတော့၏။
စုဝေးနေကြသော မိစ္ဆာများ၏ မျက်လုံးများမှာ ပြင်းထန်လှသော အလင်းရောင်ကြောင့် မျက်ရည်များပင် ကျလာကြပြီး မဟာမိစ္ဆာ သုံးပါးက မျက်လုံးများကို အနည်းငယ် မှေးကာ ဖူရှောင်ကွမ်းကို ပြန်လည် အကဲဖြတ်နေကြသည်။ သူ့တွင် ဤကဲ့သို့သော သိုင်းကွက်မျိုး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိပေ။
လျှပ်စီး၏ တစ်စိတ်တစ်ပိုင်းက ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲကာ မူလအစသို့ နောက်ပြန်ခြေရာခံခြင်း ခံလိုက်ရပြီး အခြားတစ်စိတ်တစ်ပိုင်းကတော့ အငွေ့ပျံသွားသည်အထိ အရှိန်မြှင့်တင်ခံလိုက်ရသော်လည်း ဤသည်က အနည်းငယ်သော ပမာဏသာ ဖြစ်၏။
ဂျွတ်...
ပင့်ကူအိမ်ကဲ့သို့ ထူထပ်သော အက်ကွဲကြောင်းများက အလင်းဝန်းပေါ်တွင် ပေါ်ထွက်လာပြီးနောက် ရုတ်တရက် အစအနအဖြစ် ကွဲကြေသွားတော့သည်။ လျှပ်စီး၏ အများစုကတော့ တားဆီး၍ မရနိုင်သော အဟုန်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်လာဆဲ ဖြစ်၏။
...
ဤရလဒ်က ဖူရှောင်ကွမ်း မျှော်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ တတိယမြောက် လျှပ်စီးက ထိုမျှလောက် ဖြေရှင်းရ လွယ်ကူနေမည်ဆိုလျှင် အတော်လေး ထူးဆန်းနေပေလိမ့်မည်။ အထူးသဖြင့် သူက ပုံမှန်မဟုတ်သော တည်ရှိမှုတစ်ခု ဖြစ်နေသောကြောင့်တည်း။
လျှပ်စီး ဆင်းသက်လာသည်ကို မြင်သောအခါ ဖူရှောင်ကွမ်းက ဇီသာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျန်လက်နှစ်ဖက်ဖြင့် တီးခတ်လိုက်၏။ ထိုအခါ သူ၏ နောက်ကျောရှိ တောင်ပံများမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သူက ရုတ်တရက် ငွေရောင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဟင်းလင်းပြင် နယ်ပယ်ကို ဖြတ်သန်းသွားကာ ကိုယ်ပျောက်၍ ပုန်းကွယ်သွားတော့သည်။ အဖြူရောင် လျှပ်စီးတန်းက သူ့နောက်သို့ အလျော့မပေးဘဲ လိုက်လံ ဖမ်းဆီးနေစဉ် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသော ဇီသာသံများသာ ကျန်ရစ်ခဲ့၏။
စောင့်ကြည့်နေသော မိစ္ဆာများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြသည်။ လျှပ်စီး၏ အမြန်နှုန်းက လောကတွင် အမြန်ဆုံးအရာများထဲမှ တစ်ခုဖြစ်သော်လည်း လက်ရှိတွင်တော့ ထိုငွေရောင်မျဉ်းကြောင်းကို အမီမလိုက်နိုင်ပေ။
မဟာမိစ္ဆာ သုံးပါးကလည်း စောင့်ကြည့်နေကြ၏။ ကျောင်းအုပ်ကြီး ဂျီမိုက ပြုံး၍ ပြောလိုက်သည်။
"ကြည့်ရတာ သူက အချိန်ကို ငှားရမ်းအသုံးပြုတဲ့ ခြေလှမ်းကွက် နည်းစနစ်ကို သူ့ရဲ့ ပုန်းကွယ်ခြင်း နည်းစနစ်တွေနဲ့ အောင်မြင်စွာ ပေါင်းစပ်လိုက်နိုင်ပုံပဲ... အချိန်တာအို လမ်းစဉ်မှာ သူ့ရဲ့ ဖောက်ထွက် အဆင့်တက်မှုနဲ့ ပေါင်းစပ်လိုက်တော့ ဒီလို မြင်ကွင်းမျိုး ဖြစ်လာနိုင်တာပေါ့..."
ကျိုကွမ်းက ခေါင်းညိတ်လိုက်၏။
"ဒါ အရမ်း ကောင်းတယ်..."
ယခုအခါ ဘေးအန္တရာယ်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။
မီးလျှံနီကလည်း ဝင်ပြောလိုက်သည်။
"မဆိုးဘူး... သူက ဒီသခင် ဘေးအန္တရာယ် ဖြတ်ကျော်တုန်းက ရှိခဲ့တဲ့ ကျက်သရေရဲ့ ထက်ဝက်လောက်တော့ ရှိသားပဲ..."
ကျူးယွင်နှင့် ကုန်းရန်ယန်တို့က တစ်ယောက်ကိုတစ်ယောက် ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ရှောင်ကျူးကတော့ တစ်ဖက်တွင် စိုးရိမ်ပူပန်နေပြီး အခြားတစ်ဖက်တွင် မီးကို ငြှိမ်းသတ်ရန် အပြင်းအထန် ကြိုးစားနေရသည်။
ကောင်းကင်ယံ မြင့်မြင့်တွင် အချိန်တစ်နေ့တာပိုးများက ငွေရောင်အလင်းတန်းထဲမှ အဆက်မပြတ် ပျံသန်းထွက်လာကြပြီး မီးတောက်ဆီသို့ တိုးဝင်သွားသည့် ပိုးဖလံများကဲ့သို့ လျှပ်စီးကို ထပ်ခါတလဲလဲ ဝင်တိုက်နေကြ၏။
တတိယမြောက် လျှပ်စီးက အဆက်မပြတ် အားနည်းသွားသော်လည်း အကွာအဝေးကလည်း တဖြည်းဖြည်း နီးကပ်လာသည်။ ဖူရှောင်ကွမ်းက တည်ငြိမ်နေဆဲဖြစ်ပြီး ထိတ်လန့်သွားခြင်း အလျဉ်းမရှိပေ။ မည်သို့ပင်ဆိုစေ သူ၏ ဓမ္မစွမ်းအားက ကန့်သတ်ချက် ရှိ၏။ ဤကဲ့သို့ ရူးသွပ်စွာ ထုတ်လွှတ်နေမှုကြောင့် လျှပ်စီးက သူ့ကို အမီလိုက်လာနိုင်ရန်မှာ အချိန်တစ်ခုသာ ဖြစ်သည်။
သူက ပေါင်းစပ်ထားသော အချိန်တစ်လက်မ ဆွဲဆန့်ခြင်းနှင့် အခိုက်အတန့် ပျောက်ကွယ်ခြင်း နည်းစနစ်တို့ကို အသက်သွင်းလိုက်သဖြင့် အချိန်တစ်နေ့တာပိုးများက ပိုမိုအစွမ်းထက်လာသော်လည်း သူ၏ ဓမ္မစွမ်းအားကလည်း အလွန်အမင်း မြန်ဆန်သော နှုန်းဖြင့် စားသုံးခံနေရ၏။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် လျှပ်စီးက ဖူရှောင်ကွမ်း၏ အနီးသို့ ရောက်ရှိလာသည်။ သူ၏ ကိုယ်တွင်းဓမ္မစွမ်းအား အများစုမှာလည်း ကုန်ခမ်းသွားသည်။ ထို့ကြောင့် သူက ကိုယ်ယောင်ပျောက်ခြင်းကို ရိုးရှင်းစွာပင် ပိတ်ပစ်လိုက်သည်။
ထို့နောက် သူက အခိုက်အတန့် ပျောက်ကွယ်ခြင်း နည်းစနစ်ကို ထုတ်ဖော်ရန်အတွက် ဓမ္မစွမ်းအားကို ပိုမို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကြွေပုလင်းတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ နွေဦးနေရောင် ဝိညာဉ်စမ်းရေကို သောက်သုံးလိုက်ပြီး ၎င်းကို အလျင်အမြန် သန့်စင်လိုက်သည်။
နောက်ထပ် အသက်ရှူကြိမ် သုံးကြိမ်မျှ တောင့်ခံပြီးနောက် နောက်ဆုံးတွင်တော့ လျှပ်စီးက သူ၏ ခန္ဓာကိုယ်ကို ဝင်တိုက်သွားပြီး သူ့ကိုရော ဓမ္မဇီသာကိုပါ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ လွှမ်းမိုးသွားတော့သည်။
နာကျင်မှုက နှလုံးသားကို ဆုတ်ဖြဲနေသကဲ့သို့ ပြင်းထန်လွန်းလှပြီး ဓားချက်ပေါင်း ထောင်ချီဖြင့် ခုတ်ထစ်ခံရသကဲ့သို့ ဖြစ်နေ၏။
ဖူရှောင်ကွမ်းက အံတင်းတင်းကြိတ်ကာ တောင့်ခံလိုက်၏။ လက်ရှိအချိန်တွင် သူက လက်ချောင်းတစ်ချောင်း လှုပ်ရှားရန်ပင် အလွန်အမင်း ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ သူက နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ဓမ္မဇီသာကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏ ဒဏ်ရာများကို ကုသရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ နွေဦးနေရောင် ဝိညာဉ်စမ်းရေကို သန့်စင်ရန်သာ အာရုံစိုက်နေလိုက်၏။
ဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်း၊ ပျက်သုဉ်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့က ဆက်တိုက်ဖြစ်ပေါ်နေပြီး ဤထူးခြားသော အခြေအနေများအောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
သို့သော်လည်း ကောင်းမွန်သော အချိန်များက ကြာရှည် မတည်မြဲခဲ့ပေ။ နွေဦးနေရောင် ဝိညာဉ်စမ်းရေ ကုန်ခမ်းသွားသောအခါ ဟန်ချက်ညီမှုက လျှပ်စီးကြောင့် အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရ၏။
မကြာမီမှာပင် ဖူရှောင်ကွမ်း၏ တစ်ကိုယ်လုံးက ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားသည်။ သူ၏ အမွေးအမှင်များက ပြာအဖြစ် လောင်ကျွမ်းသွားပြီး သူ၏ တောင်ပံများကလည်း ကျိုးပဲ့ကာ ပြုတ်ကျသွားတော့သည်။
ကြောက်မက်ဖွယ် အကောင်းဆုံးမှာ သူ၏ အချိန်ဓမ္မစွမ်းအားက ပျက်စီးသွားပြီး သူ၏ အချိန်အနှစ်သာရက ဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်၏။
လျှပ်စီးအတွင်း ပါဝင်နေသော အချိန်၏ အနှစ်သာရက သူ၏ ကိုယ်ပိုင် အချိန်အနှစ်သာရကို လောဘတကြီး ဝါးမျိုသွားသည်။ ဖူရှောင်ကွမ်းက အချိန်၏ တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး အချိန်က သူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။
"အချိန်ကို ခြယ်လှယ်တဲ့သူတွေဟာ နောက်ဆုံးမှာတော့ အချိန်ရဲ့ ချေမွဖျက်ဆီးမှုကို ခံရလိမ့်မယ်..."
မထင်မှတ်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာသော်လည်း ဖူရှောင်ကွမ်းက စိတ်မလွတ်သွားပေ။ အခြေအနေက ပိုမိုဆိုးရွားလာလေလေ သူက ထိတ်လန့်သွားခွင့် မရှိလေလေ ဖြစ်၏။ သူက ဝိညာဉ်အာရုံကို တည်ငြိမ်စွာ ထိန်းချုပ်ပြီး သူ၏ အသိစိတ်ကို ကာကွယ်ရန် ကာကွယ်ရေး အလွှာများ ပြုလုပ်ကာ သူ၏ ကျန်ရှိနေသော အချိန်အနှစ်သာရကို အစွမ်းကုန် ကာကွယ်ရန် ကြိုးစားလိုက်သည်။
သူ၏ မိစ္ဆာခန္ဓာကိုယ်က အကြိမ်များစွာ ခိုင်မာတောင့်တင်းအောင် ပြုလုပ်ထားပြီးဖြစ်ရာ ယခင်ကနှင့် မတူတော့ပေ။ သူ၏ လက်ရှိဝိညာဉ်အာရုံ အတိုင်းအတာက ဓမ္မနယ်ပယ်၏ စတုတ္ထမြောက် ကောင်းကင်ဘုံမှ မဟာမိစ္ဆာတစ်ပါးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိ၏။
ထို့ပြင် သူက ဝိညာဉ်လောင်ကျွမ်းခြင်း နည်းစနစ်ကို ကျွမ်းကျင်ထားပြီး သူ၏ စွမ်းအားကို ယာယီအားဖြင့် နှစ်ဆ တိုးမြင့်လာစေနိုင်သည်။ တတိယမြောက် လျှပ်စီးက အကြီးအကျယ် အားနည်းသွားခဲ့ပြီဖြစ်ရာ ၎င်း၏ စွမ်းအားက အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ဆက်လက် တောင့်ခံထားနိုင်သရွေ့ နောက်ဆုံးတွင် အောင်ပွဲခံနိုင်မည့်သူက သူသာ ဖြစ်ပေလိမ့်မည်။
ဖူရှောင်ကွမ်း၏ အင်းဆက်ခန္ဓာကိုယ်က မျက်စိရှေ့တွင်ပင် အရွယ်အစား ကျုံ့ဝင်သွား၏။ ထို့ပြင် အတောင်ပံများ ရှိခဲ့သော အဆစ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဖူရှောင်ကွမ်းက ဆယ်ကျော်သက် အရွယ်သို့ ရောက်သွားပြီး ထို့နောက် ပိုးလောက်လမ်းလေးအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင်တော့ အင်းဆက်ဥ တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ထိုသို့ဖြစ်နေလင့်ကစား သူက သူ၏ အသိစိတ်ကို ခိုင်မာစွာ ကာကွယ်ထားနိုင်ခဲ့သည်။ နောက်ဆုံး ရလဒ်က သူ မျှော်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။ ဖူရှောင်ကွမ်း ဥတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားချိန်မှာပင် လျှပ်စီး၏ စွမ်းအားက ကုန်ခမ်းသွားတော့သည်။ ထိုဥလေးထဲတွင် အသက်ငွေ့ငွေ့လေး ကျန်ရှိနေဆဲ ဖြစ်၏။
မည်သို့ပင်ဆိုစေ ဖူရှောင်ကွမ်းက အသက်ရှင်ကျန်ရစ်နိုင်ခဲ့ပြီ ဖြစ်သည်။
စုဝေးနေကြသော မိစ္ဆာများမှာ မှင်တက်သွားကြပြီး ထိုမြင်ကွင်းကို ကြောင်ငေးကြည့်နေကာ တစ်ခဏမျှ စကားပြောရန်ပင် မေ့လျော့နေကြတော့သည်။
ကျူးယွင်က လည်ပင်းကို ဆန့်ကာ မျက်လုံးပြူး၍ ကြည့်နေ၏။
ကုန်းရန်ယန်က မယုံကြည်နိုင်စွာဖြင့် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ရှောင်ကျူးမှာ မီးငြှိမ်းသတ်ရန် မေ့သွားပြီး ပုစဉ်းရင်ကွဲမိစ္ဆာ၏ လက်ထဲမှ ဝါးပလွေကလည်း အောက်သို့ ပြုတ်ကျသွားတော့၏။
မဟာမိစ္ဆာ သုံးပါးမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ပုစဉ်းရင်ကွဲမိစ္ဆာက ဝါးပလွေကို ကောက်ယူလိုက်ပြီးနောက် ကျောင်းအုပ်ကြီး ဂျီမိုထံသို့ ဦးညွှတ်ကာ မေးလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရှင်းပြပေးပါ..."
ထိုစကားများကြောင့် မိစ္ဆာအားလုံးက သူတို့၏ အကြည့်များကို သူမထံသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။ ကျောင်းအုပ်ကြီး ဂျီမိုက တစ်ခဏမျှ သေချာစွာ စဉ်းစားပြီးနောက် ရှင်းပြလိုက်သည်။
"ဧကရီက ဟင်းလင်းပြင် တာအိုလမ်းစဉ်ကို နည်းနည်းပါးပါး လေ့လာဖူးတယ်... ဒီလောကမှာရှိတဲ့ တချို့ တာအိုလမ်းစဉ်တွေက အတော်လေး ထူးခြားတယ်လို့ သူမ ပြောတာကို ငါ တစ်ခါ ကြားဖူးတယ်... ဟင်းလင်းပြင်က အဲဒီအထဲက တစ်ခုဖြစ်ပြီး အချိန်ကလည်း အဲဒီအဆင့်အတန်းတွေထဲမှာ ပါဝင်တယ်..."
"ဒီထူးခြားတဲ့ တာအိုလမ်းစဉ်တွေအတွက် သတ်မှတ်ချက်က အတော်လေး မြင့်မားတယ်... သက်ရှိသတ္တဝါ အနည်းငယ်သာ သူတို့ကို ကျွမ်းကျင်နိုင်တယ်... သင်ယူဖို့ ခက်ခဲသလို နားလည်ဖို့လည်း ခက်ခဲပြီး ကျွမ်းကျင်ဖို့ဆိုတာ ပိုတောင် ခက်ခဲသေးတယ်... ဒါပေမဲ့ တာအိုလမ်းစဉ်ထဲကို ဝင်ရောက်သွားပြီဆိုရင်တော့ အခြား သတ္တဝါတွေ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာလိမ့်မယ်..."
"ဒီလိုဖြစ်နေလို့ပဲ ဘေးအန္တရာယ် ဖြတ်ကျော်တဲ့အခါမှာ တန်ပြန်သက်ရောက်မှုတွေ ခံရလွယ်တာပဲ... အခု ငါတို့ မြင်နေရတာ အဲဒါပဲ ဖြစ်နိုင်တယ်... အကယ်၍ အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးဆီကနေ လက်ဆောင်တစ်ခု ရရှိပြီး ဒီတာအိုလမ်းစဉ်မှာ လျင်မြန်စွာ တိုးတက်လာလိမ့်မယ်... တကယ်လို့ ကျရှုံးခဲ့ရင်တော့ နှစ်ပေါင်းများစွာ ခါးသီးစွာ ကျင့်ကြံခဲ့ရတာတွေ အားလုံးကို ကောင်းကင်နဲ့ မြေကြီးဆီ ပြန်ပေးလိုက်ရမှာပဲ..."
စုဝေးနေကြသော မိစ္ဆာများက သိပ်နားမလည်သော်လည်း ခေါင်းညိတ်လိုက်ကြ၏။
ကျူးယွင်က ချက်ချင်း မေးလိုက်သည်။
"ကျောင်းအုပ်ကြီး... ပိုးကောင်လေးက ဘေးအန္တရာယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီလို့ သတ်မှတ်လို့ ရလား..."
မီးလျှံနီက အရင် ဝင်ပြောလိုက်ပြီး သဘာဝကျသကဲ့သို့ ပြောလိုက်၏။
"ဒါပေါ့... သူက တတိယမြောက် လျှပ်စီးကိုတောင် အသက်ရှင်ကျန်ရစ်ခဲ့တာပဲ... ဘာလို့ မဖြစ်ရမှာလဲ..."
ပိုးကောင်လေး မကြာခဏ ပြောလေ့ရှိသည့် အာရုံစိုက်ခံချင်သော မိစ္ဆာသခင်ကို ကြည့်ရင်း ကျူးယွင်က မေးလိုက်သည်။
"အဲဒါဆိုရင် ဘာလို့ မိုးကြိုးတိမ်တိုက်တွေက မကွဲကွာသွားသေးတာလဲ... သူက ဘာလို့ အဆင့်တက်မလာသေးတာလဲ..."
မီးလျှံနီမှာ ရုတ်တရက် စကားပြောစရာ ရှာမရ ဖြစ်သွားတော့၏။
ဒါလည်း ဟုတ်တာပဲ။ သူတို့ စကားပြောနေသည့် အချိန်အတွင်းမှာဆိုလျှင် မိုးကြိုးတိမ်တိုက်များက ကွဲကွာသွားပြီး အသွင်ပြောင်းလဲမှုကို ချီးမြှင့်သင့်ပေပြီ။
ထိုစကားများက မိစ္ဆာများကို တွေးတောမှုများထဲမှ လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွား၏။ တစ်ခုခု မှားယွင်းနေကြောင်း မိစ္ဆာအားလုံး သိရှိသွားကြသည်။ သူတို့က စိတ်ရှုပ်ထွေးနေကြပြီး တစ်ကောင်နှင့် တစ်ကောင် တီးတိုးပြောဆိုကာ ခန့်မှန်းနေကြတော့၏။
“အခြေအနေက ဘယ်လိုလဲ…”
“သူ အောင်မြင်သွားတာလား… မအောင်မြင်ဘူးလား”
“ဘာလို့ ဒီမှာပဲ ရပ်နေပြီး ရှေ့ဆက်မသွားတာလဲ”
မိစ္ဆာများမှာ အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင်လည်း နားမလည်နိုင်ကြသဖြင့် ဂျီမိုကို ထပ်မံ ကြည့်လိုက်ကြ၏။ ကျူးယွင်၊ ကုန်းရန်ယန်နှင့် ရှောင်ကျူးတို့ကလည်း အကူအညီ တောင်းခံသည့်အလား ဗဟုသုတအကြွယ်ဝဆုံး ဤမဟာမိစ္ဆာထံသို့ ချက်ချင်း ကြည့်လိုက်ကြသည်။
ပုစဉ်းရင်ကွဲမိစ္ဆာက ထပ်မံ ဦးညွှတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။
"ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီး ထပ်ရှင်းပြပေးပါလား..."
ဂျီမို “…”
နင်တို့က တကယ်ပဲ ငါ့ကို အရာအားလုံး သိတဲ့သူလို့ ထင်နေကြတာလား…
…
***