ဝှစ်... ဝှစ်...
ဓမ္မနယ်ပယ်၏ စတုတ္ထမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီး တစ်ကောင်က ယင်ချီစွမ်းအင် လေပြင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ တောင်တန်းသစ်တောများကို ဖြတ်သန်း၍ ထိတ်လန့်တကြား ထွက်ပြေးနေ၏။ ၎င်း၏ အနောက်တွင် တစ္ဆေတစ်ကောင် လိုက်လံ ဖမ်းဆီးနေသည့်အလားပင်။
တောက်လောင်သရဲကြီး ပြေးထွက်လာပြီး မကြာမီမှာပင် ရေစက်တစ်စက်က သတိပေးချက်မရှိဘဲ ရုတ်တရက် ပေါ်လာပြီး အောက်သို့ ကျဆင်းလာသည်။ သူက အန္တရာယ်ကို အာရုံခံမိပြီး အဆိပ်ငွေ့ အမြောက်အမြားကို လေးကြိုးမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းပမာ အဟုန်ပြင်းစွာဖြင့် အလိုအလျောက် ပန်းထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များမှာ ချက်ချင်း ညှိုးနွမ်းသွားတော့၏။
ထိုစဉ် ဇီသာကြိုး တီးခတ်သံတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ထဲမှနေ၍ မိုးခြိမ်းသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အဆိပ်မြှားများကို ပြန့်ကျဲသွားစေလျက် အဆိပ်ငွေ့များကိုလည်း လွင့်စင်သွားစေသည်။
တောက်လောင်သရဲကြီးမှာ အလွန်အမင်း ထိတ်လန့်သွား၏။ သူက ဆက်လက် ထွက်ပြေးရန် ကြိုးစားသော်လည်း ဇီသာသံများ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး နေရာတွင်ပင် ရပ်တန့်သွားကာ လှုပ်ရှား၍ မရတော့ကြောင်း တွေ့လိုက်ရသည်။
နက်နဲဆန်းကြယ်သော စွမ်းအားများ သယ်ဆောင်လာသည့် ထိုငွေရောင် ရေစက်လေးက တန်းတန်းမတ်မတ် ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပေ။
နောက်တစ်ခဏတွင်တော့ ချုပ်နှောင်ထားမှုက ပြေလျော့သွားတော့၏။
တောက်လောင်သရဲကြီးက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ဘာမှ ထူးခြားမှု မရှိကြောင်း တွေ့လိုက်ရသော်လည်း အနည်းငယ်မျှပင် စိတ်မချရဲပေ။ ထိုရက်စက်ကြမ်းကြုတ်သော မိစ္ဆာက အသုံးမဝင်သော ရေတစ်စက် ချပေးရုံ သက်သက်အတွက် သူ့ကို အဘယ်ကြောင့် ချုပ်နှောင်ထားမည်နည်း။
ဤနေရာက အချိန်ကြာကြာနေရန် မသင့်တော်ပေ။ သူ ထွက်ပြေးလွတ်မြောက်သွားပြီး ဘုရင်ကြီးထံမှ အကူအညီ သွားတောင်းနိုင်ပါက အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။
ဤသို့တွေးမိသောအခါ တောက်လောင်သရဲကြီးက ယင်ချီစွမ်းအင်အဖြစ် ပြန်လည်အသွင်ပြောင်းကာ အထက်သို့ ပျံသန်းသွားသော်လည်း လေပြင်းက ယခင်ကလောက် ပေါ့ပါးမြန်ဆန်ခြင်း မရှိတော့ပေ။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ယင်ချီစွမ်းအင်က ဆက်လက် မတည်တံ့နိုင်တော့ဘဲ တောက်လောင်သရဲကြီးက အပြင်ဘက်သို့ ပြုတ်ကျလာတော့သည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ ပုံသဏ္ဌာန်က ယခုအခါ ပိုမိုအိုမင်းရင့်ရော်နေပြီး သူ၏ ယင်ချီစွမ်းအင်များလည်း အားနည်းနေ၏။
သူက လူငယ်တစ်ယောက်အဖြစ်မှ သက်လတ်ပိုင်း လူကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ ဓမ္မစွမ်းအားများကလည်း တစ်ခဏမျှ ဖရိုဖရဲဖြစ်သွားပြီး အသုံးပြုရန် ခက်ခဲနေတော့သည်။
"အဲဒီ ရေစက်ကြောင့်ပဲ..."
တောက်လောင်သရဲကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ထိုရေစက်က သူ၏ ယင်သက်တမ်းကို အားနည်းသွားစေပြီး ဓမ္မစွမ်းအားများကို ဖရိုဖရဲ ဖြစ်သွားစေနိုင်သည့် စွမ်းအား အမှန်တကယ် ရှိနေသည်။
ထွက်ပြေးရမယ်… မြန်မြန် ထွက်ပြေးရမယ်…
သူက အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ သရဲကြီး တစ်ကောင် ဖြစ်လာအောင် ကျင့်ကြံခဲ့ရပြီးပြီ ဖြစ်ရာ ဤနေရာတွင် လုံးဝ အသေခံမည် မဟုတ်ပေ။ ထို့ကြောင့် သူက စိတ်ကို တည်ငြိမ်အောင် မနည်းအားယူကာ ဓမ္မစွမ်းအားများကို အနိုင်နိုင် စုစည်း၍ ထွက်ပြေးရန် ပြင်လိုက်စဉ် ယင်ချီစွမ်းအင်က ပျက်စီးနေသော လေမှုတ်တံတစ်ခုပမာ ထွက်ပေါ်လာ၏။
ထိုစဉ် ဇီသာသံတစ်သံက ယင်ချီစွမ်းအင်ကို ဖောက်ထွင်းဝင်ရောက်လာသည်။ နားကွဲမတတ် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက တောက်လောင်သရဲကြီး၏ ခေါင်းထဲတွင် မြည်ဟည်းသွားပြီး သူက မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားတော့၏။
ထို့နောက် ဇီသာ လွယ်ထားသော ငွေရောင်ဆံပင်နှင့် လူငယ်လေး တစ်ဦးက လရောင်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ငွေရောင်မျက်လုံးများက တောက်လောင်သရဲကြီးကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ချောမောလှပသော မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာ၏။
သူက သစ်တော၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း တိုးကာ လရောင်ထဲသို့ ထပ်မံ ဝင်ရောက်သွားပြီး အရိပ်အယောင်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
တစ်ခဏအကြာတွင် တရှပ်ရှပ် မြည်သံများ ထွက်ပေါ်လာပြီး တောက်လောင်သရဲကြီး၏ ဘေးတွင် တွင်းတစ်တွင်း ပေါ်လာ၏။ ထိုတွင်းထဲမှ ဧရာမ ပွေးကြွက်ကြီး တစ်ကောင် ထွက်လာပြီး ပွင့်လန်းနေသော ဂန္ဓမာပန်းနှင့်တူသည့် နှာခေါင်းပါရှိသော လူသားတစ်ပိုင်း မိစ္ဆာအဖြစ် အသွင်ပြောင်းသွားသည်။ သူက အခြားသူမဟုတ်ပေ။ အချုပ်ထောင်မှူး၏ ဟင်ထူပင် ဖြစ်၏။
ဟင်ထူက သတိလစ်နေသော တောက်လောင်သရဲကြီး၏ ဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်နေပြီး သရဲကြီးကို အားကုန်လွှဲ၍ တစ်ချက် ကန်လိုက်ကာ တွင်းထဲသို့ အလျင်အမြန် ပြန်ဝင်သွားပြီး ခေါင်းတစ်ဝက်သာ ဖော်ကြည့်နေလိုက်သည်။ တောက်လောင်သရဲကြီးက သတိရလာမည့် အရိပ်အယောင် မပြသည်ကို မြင်သောအခါ သူက ရဲတင်းစွာ ပြန်ထွက်လာပြီး ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ချေ။
"တာအိုလမ်းစဉ်ထဲကို ဝင်ရောက်လာတာ သုံးနှစ်တောင် မပြည့်သေးဘဲ ဓမ္မနယ်ပယ်ကို ရောက်ရှိလာတဲ့ မိစ္ဆာသခင် ရှောင်ကွမ်း ပီသပါပေတယ်... မိစ္ဆာသခင် တစ်ပါး ဖြစ်လာတာ နောက်ကျပေမဲ့ အနောက်ကနေ လိုက်မီသွားပြီပဲ... သရဲကြီးတွေကို ဖြေရှင်းတဲ့နှုန်းက မိစ္ဆာသခင်မ ကျိုကွမ်းနဲ့ မိစ္ဆာသခင် ဟုန်ယဲ့ နှစ်ယောက် ပေါင်းတာထက်တောင် ပိုမြန်နေတယ်... တကယ့်ကို ထက်မြက်လွန်းပါတယ်..."
ဟင်ထူက ပွစိပွစိ ပြောရင်းဖြင့် လက်ကို မြှောက်ကာ မိစ္ဆာစာလုံးများ ရေးထိုးထားသည့် ဆူးနွယ်ကြိုး တစ်ချောင်းကို ပစ်ထုတ်လိုက်ပြီး တောက်လောင်သရဲကြီးကို တင်းကျပ်စွာ ချည်နှောင်ကာ အနောက်သို့ ဆွဲခေါ်သွားတော့၏။
ခြေလှမ်း နှစ်လှမ်းမျှ လှမ်းပြီးနောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး တခစ်ခစ် ရယ်မောလိုက်သည်။
"ဟိုမိုက်မဲတဲ့ငန်းက မိစ္ဆာသခင် နှစ်ပါးဖြစ်တဲ့ ကျိုကွမ်းနဲ့ ဟုန်ယဲ့တို့နောက်ကို လိုက်ပြီး ဒီစစ်ဆင်ရေးမှာ ငါ့ထက် တစ်လှမ်းစောပြီး အလုပ်အကျွေးပြုနိုင်ရင် ဌာနမှူးအဖြစ် ဆက်လုပ်ခွင့်ရမယ်လို့ တကယ်ကြီး ထင်နေတာပဲ... ဖူး..."
"ဒီကြွက်သခင်က ကံကောင်းခြင်းတွေ ရရှိနေတယ်ဆိုတာ သူ ဘယ်သိပါ့မလဲ... အသစ်ပေါ်ထွက်လာတဲ့ မိစ္ဆာသခင် ရှောင်ကွမ်းနောက်ကို လိုက်ပြီး အရပ်မျက်နှာ အနှံ့ သတ်ဖြတ်နေတော့ နောက်ဌာနမှူးက သေချာပေါက် ငါပဲ ဖြစ်မှာပေါ့... ဟိုငန်းမိစ္ဆာ မျက်နှာပျက်သွားတာကို ကြည့်ဖို့ တကယ်ကို မစောင့်နိုင်တော့ဘူး..."
...
ယွီတောင်တန်း၏ အနောက်ဘက် တောင်ခြေ…
မိစ္ဆာလေပြင်းများနှင့် ယင်ချီစွမ်းအင်များ ဝင်တိုက်နေသဖြင့် သဲများနှင့် ကျောက်တုံးများ လွင့်စင်နေ၏။
မိစ္ဆာသခင် ဟုန်ယဲ့က ပူပြင်းလောင်မြိုက်နေသော မိစ္ဆာမီးတောက်များကြားတွင် ရပ်နေပြီး မီးတောက်များက အဆိပ်ငွေ့များကို လောင်ကျွမ်းပစ်နေသည်။ သူက အစွယ်များဖြင့် ပြုလုပ်ထားသော ဘေးအန္တရာယ် ဓားမကြီးကို ကိုင်ဆောင်ကာ တောက်လောင်သရဲကြီး တစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေပြီး သူက သံမဏိဓားတစ်လက်နှင့် ဝင်တိုက်သွားရာ နားကွဲမတတ် ကျယ်လောင်သော အသံလှိုင်းများ ထွက်ပေါ်လာ၏။
အခြားတစ်နေရာတွင် မိစ္ဆာသခင်မ ကျိုကွမ်းက တောင်ပံခတ်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။ ငှက်၏ အော်သံနှင့် သရဲ၏ ငိုသံတို့ ဝင်တိုက်သွားပြီး လေထုကို ပုံပျက်သွားစေသည့် အသံလှိုင်းများ အထပ်ထပ် ဖြစ်ပေါ်လာ၏။
မိစ္ဆာတစ်ကောင်နှင့် သရဲတစ်ကောင်တို့လည်း အကြိတ်အနယ် တိုက်ခိုက်နေကြပြီး အင်အားချင်း မျှတနေကာ လောလောဆယ်တွင် အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေသည်။
ကောင်းကင်ယံတွင်တော့ ကျက်သရေရှိလှသော ပုံရိပ်တစ်ခုက ထီးတစ်လက်ကို ကိုင်ဆောင်ကာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေ၏။ သူမက အစိမ်းရောင် အဝတ်အစားများကို ဝတ်ဆင်လျက် ပြိုင်ဘက်ကင်းသော ကျက်သရေကို ပိုင်ဆိုင်ထားသည်။
သူမ၏ လှုပ်ရှားမှုတိုင်းတွင် ဝါးရွက်များက လွင့်ဝဲနေပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲနေသည်။ ထိုစဉ် သူမ၏ လက်ထဲရှိ အစိမ်းရောင် ဇာထီးက ပွင့်သွားပြီး အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာကာ အလင်းတံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အစွမ်းထက်သော ရန်သူကို ပိတ်လှောင်ထား၏။
သူမ တစ်ဦးတည်း၏ စွမ်းအားဖြင့် ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီး တစ်ကောင်နှင့် ပဉ္စမမြောက် ကောင်းကင်ဘုံမှ နှစ်ကောင်ကို ဖိနှိပ်ထားခြင်း ဖြစ်သည်။ ဤကျက်သရေရှိသော ပုံရိပ်က အခြားသူမဟုတ်ပေ။ ဧကရီယွီလီ၏ ဓမ္မရုပ်ပွားတော်ပင် ဖြစ်၏။
ဖူရှောင်ကွမ်း ရောက်ရှိလာသောအခါ ဤပုံရိပ်က ဝါးလုံးတစ်လုံးကို ကိုင်ဆောင်ကာ ပဉ္စမမြောက် ကောင်းကင်ဘုံမှ သရဲကြီး တစ်ကောင်ကို ပေါက်ကွဲထွက်သွားသည်အထိ ရိုက်နှက်နေသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။
စူးရှသော အော်ဟစ်သံများနှင့်အတူ သရဲကြီးက မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့၏။
လရောင်အောက်ရှိ ဖူရှောင်ကွမ်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး နက်ရှိုင်းသော လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
ပုံရိပ်တစ်ခုတည်းဖြင့်ပင် သူမက အသာစီးရယူထားနိုင်ပြီး ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီးကို ခုခံရုံသာ တတ်နိုင်အောင် ပြုလုပ်ထားနိုင်သလို ပဉ္စမမြောက် ကောင်းကင်ဘုံမှ သရဲကြီး တစ်ကောင်ကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။
ဧကရီယွီလီက တစ်နေ့တခြား ပိုပြီး ကြောက်စရာ ကောင်းလာပါလား… တာအိုနယ်ပယ်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်… ဧကရီက ဒီလောက် စွမ်းဆောင်နိုင်နေမှတော့ ငါလည်း ညံ့ပြလို့ မဖြစ်ဘူး… အစိမ်းရောင် ဇာထီးထဲမှာ ဧကရီရဲ့ ဝိညာဉ်အာရုံ အနည်းငယ် ပါဝင်နေတယ်… ငါ အကောင်းဆုံး စွမ်းဆောင်ပြရမယ်…
ဤသို့တွေးမိသောအခါ ဖူရှောင်ကွမ်းက အာရုံစိုက်ကာ စတင် လှုပ်ရှားလိုက်တော့၏။
မီးလျှံနီနှင့် တိုက်ခိုက်နေသော တောက်လောင်သရဲကြီးအပေါ်သို့ လရောင်အနည်းငယ် ကျဆင်းလာသည်။ ငွေရောင် ချည်မျှင်လေး တစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။
ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော တောက်လောင်သရဲကြီးမှာ ထိတ်လန့်သွားပြီး ခုခံရန် ကြိုးစားသော်လည်း မီးလျှံနီ၏ အခွင့်အရေးကို ဆုပ်ကိုင်ကာ အပြင်းအထန် ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။
လေ၊ မီး၊ တောင်၊ သစ်တော...။
ထိုသရဲ၏ လည်ပင်းက ငွေရောင် ချည်မျှင်လေးဖြင့် ချက်ချင်း အလှီးခံလိုက်ရပြီး သူ၏ ခေါင်းက အထက်သို့ လွင့်စင်သွားကာ ၎င်း၏ ခန္ဓာကိုယ်နှင့်အတူ မီးခိုးငွေ့များအဖြစ် ပြုတ်ကျသွားတော့၏။
ငွေရောင် ချည်မျှင်လေးက လရောင်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ကွေ့ယွမ်ဇီသာပေါ်ရှိ ကြိုးတစ်ချောင်းအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ဖူရှောင်ကွမ်းက ထိုကြိုးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ အကြည့်က အခြားတစ်ဖက်သို့ ရွှေ့သွား၏။
မိစ္ဆာသခင်မ ကျိုကွမ်းနှင့် တိုက်ခိုက်နေသည့် တောက်လောင်သရဲကြီးမှာ သူ၏ အဖော်ဖြစ်သူ အဖြစ်ဆိုးနှင့် ကြုံတွေ့သွားရသည်ကို မျက်မြင်တွေ့လိုက်ရသဖြင့် အကြောက်လွန်သွားတော့သည်။ သူက ဟန်ပြတိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်ပြီး အဆိပ်ငွေ့ တိမ်တိုက်ကြီး တစ်ခုကို ဖန်တီးကာ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
ထိုသည်ကို မြင်လျှင် ကျိုကွမ်းက တောင်ပံခတ်၍ လေပြင်းများ ဖန်တီးကာ အဆိပ်ငွေ့များကို ခွဲလိုက်ပြီး အနောက်မှ ထိုးဆင်းကာ လိုက်လံ ဖမ်းဆီးတော့သည်။ မိစ္ဆာသခင် ဟုန်ယဲ့ကလည်း တစ်ချက် ဟောင်လိုက်ပြီး သူ၏ ခြေဖဝါးလေးဖက်အောက်တွင် လေပြင်းများ ဖန်တီးကာ အနီးကပ် လိုက်ပါသွား၏။
လရောင်အောက်တွင် ဖူရှောင်ကွမ်းက ငွေရောင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ထွက်ပြေးနေသော တောက်လောင်သရဲကြီး၏ အရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။ သူက လက်ချောင်းတစ်ချောင်းကို မြှောက်ကာ ကြိုးတစ်ချောင်းကို တီးခတ်လိုက်ရာ မိုးခြိမ်းသံတစ်ခု ဟိန်းထွက်လာပြီး အသံက စိတ်ကို ရိုက်ခတ်ကာ ဝိညာဉ်ကို ဆုတ်ဖြဲပစ်လိုက်၏။
မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တောက်လောင်သရဲကြီး၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး စူးရှစွာ အော်ဟစ်လိုက်သည်။ သူ၏ သရဲခန္ဓာကိုယ်က အက်ကွဲသွားပြီး အပေါက်များ ပြည့်နှက်သွား၏။
ဖူရှောင်ကွမ်းက ကြိုးကို ထပ်မံ တီးခတ်လိုက်ရာ မိုးခြိမ်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး တောက်လောင်သရဲကြီးမှာ သတိလစ်သွားတော့သည်။
ကျိုကွမ်းနှင့် ဟုန်ယဲ့တို့ ရောက်ရှိလာသောအခါ တိုက်ပွဲကို လျင်မြန်စွာ ဖြေရှင်းပြီး လရောင်ထဲမှ ထွက်လာသော ဖူရှောင်ကွမ်းကို ကြည့်၍ ကျေးဇူးတင်စကားဆိုပြီးနောက် သူတို့၏ ခံစားချက်များက ရှုပ်ထွေးသွားကြ၏။
ယွီမြစ်၏ လှိုင်းလုံးများက အရှေ့မှ လှိုင်းလုံးများကို တွန်းပို့နေကြသည်။ သူတို့ မိစ္ဆာသခင် ဖြစ်လာပြီး တစ်နှစ်အကြာတွင် လှိုင်းသစ်၏ ကျော်တက်ခြင်းကို ခံရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိပေ။
ကောင်းကင်နှင့် မြေကြီးတွင် နာမည်ချန်ရစ်နိုင်ပြီး ၁၀ ပေခွဲရှိသော မိုးကြိုးတိမ်တိုက်ကို ဖြတ်ကျော်နိုင်သည့် အင်းဆက်မိစ္ဆာတစ်ကောင်က သေချာပေါက် ထူးခြားနေရမည်ဖြစ်ကြောင်း သူတို့ ကြိုတင်သိရှိထားပြီး ဖြစ်သော်လည်း အမှန်တရားက မျက်စိရှေ့တွင် ရောက်လာပြီး မိစ္ဆာသခင် ရှောင်ကွမ်းက တူညီသော အဆင့်ရှိ သရဲကြီးတစ်ကောင်ကို ချေမှုန်းနေသည်ကို မြင်ရသောအခါ သူတို့မှာ အနည်းငယ် မနာလိုဖြစ်သွားခြင်းကို မတားဆီးနိုင်တော့ဘဲ ရိုသေမှုနှင့် ယူကျုံးမရဖြစ်မှု အချို့ကိုပါ ဖြစ်ပေါ်လာစေတော့၏။
ကံကောင်းစွာဖြင့် သူတို့ နှစ်ဦးစလုံးက ပွင့်လင်းသော စိတ်ထားရှိသည့် မိစ္ဆာများ ဖြစ်သည့်အပြင် အခြေအနေ၏ အရေးတကြီးဖြစ်မှုကိုလည်း သိရှိထားကြသည်။ ယခုက ခံစားချက်နုနယ်နေရန် အချိန်မဟုတ်သဖြင့် သူတို့က ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကြ၏။
"တာအိုမိတ်ဆွေက အချိန်ကိုက် ရောက်လာတာပဲ... ငါတို့ သခင်မလေးကို မြန်မြန် သွားကူညီရအောင်..."
ဖူရှောင်ကွမ်းက ခေါင်းညိတ်လိုက်သည်။ မိစ္ဆာသခင် နှစ်ပါးနှင့်အတူ သူက အရှေ့ဘက်သို့ ပြန်သွား၏။
သတိလစ်နေသော တောက်လောင်သရဲကြီးနှင့် ပတ်သက်၍မူ ၎င်းကို သိမ်းဆည်းရန် တခြားမိစ္ဆာများ သေချာပေါက် ရောက်လာပေလိမ့်မည်။
ယွီတောင်တန်း၏ မဟာမိစ္ဆာ နှစ်ပါးက အခြား မဟာမိစ္ဆာ တစ်ပါးကို ခေါ်ဆောင်ကာ အလျင်အမြန် ပြန်ရောက်လာသည်ကို မြင်သောအခါ ဓမ္မနယ်ပယ်၏ ပဉ္စမမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီးမှာ မယုံနိုင်အောင် ဖြစ်သွားတော့၏။
ဧကရီယွီလီ၏ ဓမ္မရုပ်ပွားတော်က ကျေနပ်အားရစွာ နှုတ်ခမ်းတွန့်လိုက်ပြီးနောက် ဖူရှောင်ကွမ်းကို တစ်ချက် ထပ်ကြည့်လိုက်သည်။ အခွင့်အရေး တစ်ခုကို ရှာတွေ့သောအခါ သူမက ခြေဗလာဖြင့် ပဉ္စမမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီး၏ ရင်ဘတ်ကို တက်နင်းလိုက်၏။
ထို့နောက် အားကုန်လွှဲ၍ တစ်ချက် နင်းလိုက်ရာ ပဉ္စမမြောက် ကောင်းကင်ဘုံမှ တောက်လောင်သရဲကြီး၏ ရင်ဘတ်တွင် တွင်းကြီးတစ်ခု ဖြစ်သွားပြီး စူးရှသော အော်ဟစ်သံနှင့်အတူ သူက အစိမ်းရောင် ဇာထီးဖြင့် ပိတ်လှောင်ထားသော နေရာထဲမှ ကန်ထုတ်ခံလိုက်ရတော့သည်။
ထိုစဉ် အေးစက်ပြီး ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဒီအတိုင်းကြီး ရပ်မနေကြနဲ့... ဒီသရဲကို သုံးပြီး နင်တို့ရဲ့ သိုင်းကွက်တွေကို လေ့ကျင့်ကြ..."
မိစ္ဆာသခင်မ ကျိုကွမ်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။
မိစ္ဆာသခင် ဟုန်ယဲ့ကတော့ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေ၏။
ဖူရှောင်ကွမ်းက ဇီသာကြိုးများပေါ်တွင် လက်ကို တင်ထားလိုက်ပြီး သူ၏ အကြည့်များက အေးစက်နေတော့သည်။
…
***