ထာဝရသက်ရှည်တောင်တန်း၏ မြောက်ဘက်ရှိ ထုံရှန်းတောင်ကြား အဝင်ဝတွင် ဝူမိသားစု၏ သခင်လေး ဝူမု ဦးဆောင်သော နတ်ဘုရင်များနှင့် နယ်မြေနတ်ဘုရားထောင်ပေါင်းများစွာသည် လေးနက်သော မျက်နှာအမူအရာများဖြင့် ရပ်နေခဲ့ကြသည်။
သူတို့က ထုံရှန်းတောင်ကြား၏ အဝင်ဝကနေ မိုင်ပေါင်းထောင်ချီ အဝေးတွင်ရှိသည့် နေရာတစ်ခု ဆီသို့ စိုက်ကြည့်နေခဲ့ကြ၏။
ထိုနေရာတွင် ကျိုင်းကောင် အုပ်ကြီး ကဲ့သို့ မရေမတွက်နိုင်အောင် များပြားလှသည့် အနက်ရောင် အရိပ် အများအပြား ရှိနေခဲ့သည်။
ထိုအနက်ရောင် အရိပ်များသည် ထာဝရဟင်းလင်းပြင်တွင် မူလက နေထိုင်ခဲ့ကြသည့် ဟင်းလင်းပြင်သားရဲများပင် ဖြစ်သည်။
ဝူမု ဦးဆောင်သော ကျင့်ကြံသူများသည် ဟင်းလင်းပြင်သားရဲများကို စိုးရိမ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ထင်ဟပ်နေခဲ့၏။
“သခင်လေးဝူမု.. ဟင်းလင်းပြင်သားရဲ အင်အားက အရမ်းကိုကြီးမားလွန်းတယ်.. ကျွန်တော်တို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဘယ်လိုမှ မခုခံနိုင်လောက်ဘူး ထင်တယ်”
နတ်ဘုရင် အဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
မကြာသေးခင်က လောကကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည့် အတွက် မြောက်ပိုင်းနယ်မြေမှ သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများသည် အတော်လေးတိုးတက်လာခဲ့ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ဆယ်ယောက်ထက် မနည်း ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း သူတို့ရှေ့တွင် စုဝေးနေသည့် ဟင်းလင်းပြင်သားရဲများ ထဲတွင် အနည်းဆုံး အကောင်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်သည် နတ်ဘုရင်နှင့်ပင် ယှဥ်နိုင်လောက်သည်အထိ သန်မာနေခဲ့ကြ၏။
အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသည့် နဂါးနက်ပုံသဏ္ဌာန် ဟင်းလင်းပြင် သားရဲဘုရင်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာပင် အားကောင်းနေခဲ့သည်။
နဂါးနက် ပုံသဏ္ဌာန် ရှိသည့် ဟင်းလင်းပြင် သားရဲဘုရင်ကို မြင်လျှင် နတ်ဘုရင် အဋ္ဌမအဆင့်ရှိ ဝူမိသားစုမှ အကြီးအကဲပင် မသိစိတ်ကနေ တုန်လှုပ်သွားခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖြစ်တည်မှုမျိုးသည် သူတို့၏ ဘိုးဘေး ဝူကျန့်ထျန်းနှင့် ယှဥ်နိုင်လောက်သည့် ဖြစ်တည်မှုမျိုး ဖြစ်လိမ့်မည်ကို စိုးရိမ်နေခဲ့ကြသည်။
ဝူမုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“မခုခံနိုင်လည်း ခုခံရမှာပဲ.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. ဟင်းလင်းပြင် သားရဲတွေကို ထာဝရသက်ရှည်တောင်တန်းကနေ မကျော်ဖြတ်နိုင်အောင် တားဆီးရမယ်”
ထာဝရသက်ရှည်တောင်တန်းသည် ဟင်းလင်းပြင် သားရဲများကို တားဆီးရန်အတွက် သူတို့၏ သဘာဝ အတားအဆီး တစ်ခု ဖြစ်သည်။
အကယ်၍ သူတို့သာ ဤနေရာတွင် ဟင်းလင်းပြင်သားရဲများကို မတားဆီးနိုင်လျှင် ထိုသားရဲများသည် ထုံရှန်းတောင်ကြားကို ဖြတ်ကျော်ပြီး ထာဝရသက်ရှည်တောင်တန်း၏ တောင်ဘက်ဒေသထဲကို ဝင်ရောက်သွားသည်နှင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် သူတို့အတွက် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။
“ဂရား..”
ဝူမုနှင့် တခြားသူများ စကားပြောဆိုနေစဥ်မှာပင် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ဟင်းလင်းပြင် သားရဲဘုရင်သည် ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
သူ၏ ဟိန်းဟောက်သံ အဆုံးသတ်သည်နှင့် သူ၏ နောက်မှ ဟင်းလင်းပြင် သားရဲများသည် ဧကရာဇ်၏ အမိန့်ကို ရလိုက်သည့်အတိုင်း ကျိုင်းကောင် အုပ်ကြီးများ နယ်စပ်ကို ဖြတ်ကျော်လာ သကဲ့သို့ ထုံရှန်းတောင်ကြား၏ ဝင်ပေါက်ဆီ အုံနှင့်ကျင်းနှင့် တိုးဝင်လာခဲ့ကြသည်။
“သတ်ကြ”
ထိုမြင်ကွင်းကို မြင်လျှင် ဝူမုသည် ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး အစွမ်းထက် ကျင့်ကြံသူ အများအပြားကို ဦးဆောင်ကာ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် ဟင်းလင်းပြင် သားရဲများကို စတင် တိုက်ခိုက်လိုက်သည်။
အစပိုင်းတွင် ဝူမုတို့ လူစုသည် ထုံရှန်းတောင်ကြား၏ မြေပြင်အနေအထား အားသာချက်ကို အသုံးချပြီး ဟင်းလင်းပြင်သားရဲများ၏ ထိုးစစ်ကို ခုခံနိုင်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင် သားရဲများ၏ အရေအတွက်သည် အလွန်တရာပင် များပြားလွန်းလှ၏။
ဝူမုတို့က ဟင်းလင်းပြင် သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်တိုင်းတွင် နောက်ထပ် သားရဲတစ်ကောင်ပြီး တစ်ကောင် တိုးဝင်လာခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဝူမုတို့ လူစုသည် အင်အားချင်း မမျှတော့ဘဲ ဖိအားဒဏ်ကို ခံစားလာကြရ၏။
အားနည်းသော နယ်မြေနတ်ဘုရား တချို့ ဆိုလျှင် ဟင်းလင်းပြင် သားရဲနှစ်ကောင် သုံးကောင်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ မကျန် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။
ဝူမုက လျှို့ဝှက်နည်းစနစ်ကို အစွမ်းကုန် အသုံးပြုကာ ခွန်အား မြှင့်တင်လိုက်ပြီး နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင် သားရဲနှစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်သည်။
သူက သတ်၍ မကုန်နိုင်သည့် ဟင်းလင်းပြင် သားရဲများကို ဖြူဖျော့နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဟင်းလင်းပြင် သားရဲလှိုင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
သူတို့ သိုင်းပညာကျင့်ကြံခြင်း အင်အားစုများ၏ ခွန်အားဖြင့်ပင် ဟင်းလင်းပြင် သားရဲလှိုင်းကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
“ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက ဒီကပ်ဘေးကို ရှောင်လွှဲလို့ မရနိုင်တော့ဘူး ထင်ပါရဲ့”
ဝူမုက ကြေကွဲစွာ ပြောလိုက်သည်။
ယခင်က အင်မော်တယ် ကျင့်ကြံခြင်းလောကသည် မြောက်ပိုင်းနယ်မြေတွင် ထွန်းကားလာခဲ့ပြီး သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဖိနှိပ်ခဲ့သော်လည်း အဆုံးသတ်တွင် သူတို့သည် ချေမှုန်းနိုင်ခဲ့ကြ၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဟင်းလင်းပြင်သားရဲများ၏ တိုက်ခိုက်မှုကို သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အမှန်တကယ် မကိုင်တွယ်နိုင်တော့ပေ။
ဝူမု စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေစဥ်မှာပင် နတ်ဘုရင် တတိယအဆင့်ထက် မနိမ့်သည့် ဟင်းလင်းပြင် သားရဲတစ်ကောင်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ဝူမုထံ တိုးဝင်လာခဲ့သည်။
ဝူမု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ထိုဟင်းလင်းပြင် သားရဲကို ခုခံရန် ပြင်လိုက်စဥ်မှာပင် သူ၏ ဦးခေါင်း အထက်၌ ရွှေရောင်ဓားအလင်း တစ်ခု လင်းလက်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် သူ့ကို တိုက်ခိုက်လာသည့် ဟင်းလင်းပြင်သားရဲသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းနေရာကနေ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး “ဝုန်းခနဲ” ဟူသောအသံနှင့် အတူ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
“ဒါက..”
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ဝူမု မှင်တက်သွားခဲ့၏။
မကြာမီမှာပင် သူက မသိစိတ်ကနေ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုအခါ သူနှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုသည် ထုံရှန်းတောင်ကြားထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။
“သခင်လေး ကျန်းချန်”
သူ၏မြင်ကွင်းထဲတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ဝူမု၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းထဲတွင် အဆုံးသတ်၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
မြောက်ပိုင်းနယ်မြေကို စိုးမိုးထားသည့် အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ရင်ဆိုင်ရစဥ်တွင် သူ့ရှေ့မှ သခင်လေးကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် အခြေအနေများကို ပြောင်းလဲပေးခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ကူညီပေးခဲ့သည်။
ယခု ကျန်းချန် ရောက်ရှိလာပြီ ဖြစ်ရာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ပြီး ဟင်းလင်းပြင်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံနိုင်တော့မည်ဟု သူ တွေးမိလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဆန်းကြယ်သော ရွှေရောင်ဓားအလင်းများသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင်သားရဲများ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
ရွှေရောင်ဓားအလင်းများသည် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ပင်။
ဓားချက်တိုင်းသည် ဟင်းလင်းပြင် သားရဲများကို သတ်ဖြတ်နိုင်ခဲ့၏။
တစ်ခဏအတွင်းမှာပင် ရွှေရောင်ဓားအလင်း အောက်၌ ဟင်းလင်းပြင်သားရဲ ဆယ်ကောင်ထက် မနည်း ကျဆုံးသွားခဲ့သည်။
ကျန်းချန်က သူ၏ လက်ရုံးတပည့်များ ဖြစ်သည့် ဟင်းလင်းပြင်သားရဲ ဆယ်ကောင်ကျော်ကို အလွယ်တကူသတ်ဖြတ်လိုက်သည်အား မြင်လျှင် ခေါင်းဆောင်ဖြစ်သည့် ဟင်းလင်းပြင် သားရဲဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဟင်းလင်းပြင် သားရဲဘုရင်သည် မိုင်ပေါင်းများစွာ အကွာအဝေးကို တစ်ခဏတွင်း ကျော်ဖြတ်သွားခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ပုံရိပ်သည် လေထုထဲကနေ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ဟင်းလင်းပြင် သားရဲဘုရင်သည်လည်း အနည်းငယ် တုန်ယင်သွားခဲ့ပြီ လေထုထဲမှာပင် ပေပေါင်းရာချီ နောက်ပြန် လွင့်စင်သွားခဲ့၏။
ဟင်းလင်းပြင် သားရဲဘုရင်သည် သူ၏ ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသည့် မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။
“လူသား.. မင်းက ငါ့ရဲ့ လူတွေကို သတ်ရဲတယ်လား.. ဒီနေ့ ငါမင်းရဲ့အလောင်းကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်မယ်”
ကျန်းချန်က ဟင်းလင်းပြင်သားရဲကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ.. မင်းတို့ ဟင်းလင်းပြင်သားရဲတွေ အတွက် နေစရာနေရာ မရှိတော့ဘူး.. တကယ်လို့ မင်းတို့သာ အေးအေးဆေးဆေး နေမယ်ဆိုရင် မင်းတို့အတွက် နေစရာနေရာပေးဖို့ ငါစဥ်းစားပေးမယ်”
“လူသားကောင်လေး.. ငါ့ကို လေလုံးထွားမနေနဲ့.. မင်းလို မလောက်လေး မလောက်စားကများ ငါဒီနယ်မြေကို သိမ်းပိုက်မှာ တားချင်နေတာလား.. စိတ်ကူးယဥ်မနေနဲ့”
ဟင်းလင်းပြင်သားရဲဘုရင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် ဟင်းလင်းပြင်စွမ်းအားများကို ထုတ်ဖော်၍ မရေမတွက်နိုင်သော ဟင်းလင်းပြင်ဓားများ အဖြစ် ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ အကြည့်က လေးနက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားလမ်းစဥ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ပြန်လည် ရင်ဆိုင်လိုက်သည်။
လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး မည်သည့်ဘက်ကမှ အသာစီးမရခဲ့ပေ။
သူ့ရှေ့မှ ဟင်းလင်းပြင် သားရဲဘုရင်သည် နတ်ဘုရင်နဝမအဆင့်နှင့် ယှဥ်နိုင်သည့် အသန်မာဆုံး သားရဲဘုရင် ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ဝူကျန့်ထျန်းထက်ပင် သိပ်မနိမ့်ပေ။
သူ၏ လက်ရှိခွန်အားဖြင့်ပင် အစွမ်းကုန် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
အခန်း(၂၄၅၂)ပြီး၏။