ကျန်းချန်က နတ်ဘုရင် နဝမအဆင့်နှင့်ပင် ယှဥ်နိုင်သည့် ဟင်းလင်းပြင် သားရဲဘုရင်နှင့် ရင်ဆိုင်ရာတွင် မပေါ့ဆဝံ့ပေ။
သူက လူသားဧကရာဇ် စည်းတံဆိပ် ဖြစ်သည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
ရုတ်တရက် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်သားရဲဘုရင် ထံသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
“ဒီလို လှည့်ကွက်လောက်နဲ့များ ငါနဲ့ ယှဥ်ချင်သေးတယ်”
အနက်ရောင် လေးထောင်တုံး စည်းတံဆိပ်ကို မြင်လျှင် ဟင်းလင်းပြင် သားရဲဘုရင်သည် မထီမဲ့မြင် ပြုံးကာ ရေရွတ်လိုက်သည်။
သူက အနည်းငယ်မျှပင် ရှောင်တိမ်းခြင်း မရှိဘဲ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားများကို လှုံ့ဆော်ကာ သူ၏ ကြီးမားသော လက်သည်းများဖြင့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် အဖျက်စွမ်းအင် လှိုင်းလုံးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ဟင်းလင်းပြင် သားရဲဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်သည်ပင် အနည်းငယ် တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် သားရဲဘုရင်၏ မျက်ဝန်းများသည် ပို၍ပင် လေးနက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် သားရဲဘုရင်သည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ ကျန်းချန်၏ အနားတွင် ပေါ်လာခဲ့သည်။
ထို့နောက် သူက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် လက်သည်းကုတ်ချက်ဖြင့် ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်၏။
ဟင်းလင်းပြင် သားရဲဘုရင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ကာ လူသားဧကရာဇ်စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ် ဖြစ်သည့် ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
လေထုထဲတွင် လူသားနှင့် သားရဲ တို့သည် အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြသည်။
သူတို့ နှစ်ဦး ထိပ်တိုက် တွေ့ဆုံသည့် အခါတိုင်းတွင် ကောင်းကင်နှင့်မြေကြီးကိုပင် ပျက်စီးစေလောက်မည့် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် လေထုထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး အာကာပြင်များကိုပင် ပြိုကျသွားစေခဲ့သည်။
“ဆုတ်ကြ”
လေထုထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းကို ခံစားမိလျှင် ဝူမု၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ လူများကို ထုံရှန်းတောင်ကြား အတွင်းသို့ လျင်မြန်စွာ ဆုတ်ခွာစေခဲ့သည်။
ထာဝရသက်ရှည်တောင်တန်း ထဲတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချမှတ်ထားသည့် ကန့်သတ်မှော်စွမ်းအားများ ရှိနေသဖြင့် ဝူမုတို့သည် ကျန်းချန်တို့ တိုက်ပွဲ၏ ရိုက်ခတ်မှုကို ခံစားရမည် မဟုတ်ပေ။
သို့သော်လည်း ဆန့်ကျင်ဘက်မှ ဟင်းလင်းပြင်သားရဲများကမူ ထိုမျှအထိ ကံမကောင်းကြပေ။
ရှောင်တိမ်းရန် အချိန်မရလိုက်သော ခွန်အားနည်းသည့် ဟင်းလင်းပြင် သားရဲအချို့သည် အဖျက်စွမ်းအင် မုန်တိုင်း ရိုက်ခတ်မှုအောက်တွင် ချက်ချင်းဆိုသလို သွေးမြူများ အဖြစ် ပြောင်းလဲသွားခဲ့ပြီး လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
လေထုထဲတွင် ပုံရိပ်နှစ်ခုသည် အဆက်မပြတ် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့သည်။
အဆုံးသတ်တွင် ပုံရိပ်နှစ်ခုစလုံးသည် ပေပေါင်းရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။
“လူသားကောင်လေး.. ငါမင်းကို အထင်သေးခဲ့မိတယ်.. မင်းက နတ်ဘုရင် သတ္တမအဆင့်လောက်နဲ့ ဒီလောက်အထိ တိုက်ခိုက်ရေး စွမ်းရည် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဟင်းလင်းပြင် သားရဲဘုရင်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်ပြီးနောက်တွင် အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ အနက်ရောင် ချပ်ဝတ်တန်ဆာသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် လေးနက်သော အမူအရာများ ရှိနေခဲ့သည်။
ကျန်းချန်သည်လည်း ထို့အတူပင် ဟင်းလင်းပြင်သားရဲဘုရင်၏ စွမ်းရည်ကို အံ့အားသင့်နေခဲ့၏။
သူ့ရှေ့မှ ဟင်းလင်းပြင်သားရဲဘုရင်သည် အလွန်တရာပင် အင်အားကြီးမားပြီး သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ လက်ရှိခွန်အားဖြင့် သူ့ရှေ့မှ ဟင်းလင်းပြင် သားရဲဘုရင်ကို မကြောက်ရွံ့သော်လည်း ၎င်းကို အနိုင်ယူရန်မှာမူ လွယ်ကူသောကိစ္စ မဟုတ်ချေ။
“လူသားကောင်လေး.. မင်းက အရမ်းအစွမ်းထက်ပေမဲ့ ငါ့ကို ဟန့်တားထားရုံလောက်ပဲ တတ်နိုင်လိမ့်မယ်”
ဟင်းလင်းပြင် သားရဲဘုရင်က အောက်ဘက်ရှိ ထုံရှန်းတောင်ကြားကို လှမ်းကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းငါ့ကို ဟန့်တားထားနိုင်တော့ရော ဘာထူးသွားမှာမို့လဲ.. ငါကိုယ်တိုင် ဝင်မတိုက်ရင်တောင် မင်းတို့ လူသားတွေက ငါ့ရဲ့ ဟင်းလင်းပြင်သားရဲတွေကို ခုခံနိုင်မှာ မဟုတ်ဘူး”
အစောပိုင်းတွင် ကျန်းချန်သည် ဟင်းလင်းပြင် သားရဲများစွာကို သတ်ဖြတ်ခဲ့သော်လည်း အရေအတွက်အရ ဖြစ်စေ၊ အရည်အသွေးအရ ဖြစ်စေ သူတို့ ဟင်းလင်းပြင်သားရဲများသည် လူသားများထက် လုံးဝ အသာစီးရနေခဲ့သည်။
“မင်းကို ငါက ဟန့်တားထားနိုင်ရုံပဲ ဟုတ် မဟုတ် မင်း မကြာခင် သိရမှာပါ”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
သူ၏ ဦးခေါင်းအထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ကြယ်စွမ်းအားများသည် ဧရာမ ဂလက်စီဓားကြီး အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင် သားရဲဘုရင်ထံ ကျဆင်းလာခဲ့သည်။
“ဂရား..”
ကျန်းချန်က ထပ်မံ၍ တိုက်ခိုက်လာသည်ကို မြင်လျှင် ဟင်းလင်းပြင် သားရဲဘုရင်သည် ကြောက်မက်ဖွယ်ရာကောင်းသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး အောက်ဘက်ရှိ ဟင်းလင်းပြင် သားရဲများကို ထုံရှန်းတောင်ကြား ထဲသို့ ဝင်တိုက်ရန် အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် သားရဲဘုရင်သည် ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်ပြီး အနက်ရောင်စွမ်းအား တစ်ခုကို မှုတ်ထုတ်လိုက်ရာ ထိုစွမ်းအားသည် ဟင်းလင်းပြင်လှောင်အိမ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ထံသို့ ကျဆင်းလာသည့် ဧရာမ ဂလက်စီဓားကြီးကို တင်းကြပ်စွာ ပိတ်နှောင်လိုက်သည်။
ထို့နောက်တွင် ဟင်းလင်းပြင်လှောင်အိမ် ထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော ဝါးမျိုခြင်း စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမ ဂလက်စီဓားကြီးကို ဘာမှ မကျန်ရှိတော့သည်အထိ တိုက်ရိုက်ပင် ဝါးမျိုလိုက်သည်။
“လူသားကောင်လေး.. ဒီအဆင့်လောက်နဲ့တော့ ငါ့ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး.. ဒီတစ်ခေါက် ငါ့ရဲ့အလှည့်ပဲ.. ငါ့ရဲ့တိုက်ကွက်တစ်ကွက်ကို ခံယူကြည့်လိုက်”
ဟင်းလင်းပြင်သားရဲဘုရင်က မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်ပြီး အလွန်ရှုပ်ထွေးသော လက်ဟန်များကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြုလုပ်လိုက်ရာ မိုင်ပေါင်းထောင်ချီ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ရုတ်တရက် စုစည်းလာခဲ့သည်။
ထိုစွမ်းအားများသည် ဟင်းလင်းပြင် သားရဲဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ဧရာမ အနက်ရောင် လက်သည်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဧရာမ အနက်ရောင် လက်သည်းကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့၏။
အဝေးမှ ကြည့်လျှင် ဧရာမ လက်သည်းကြီးသည် ရှေးဟောင်းနတ်ဆိုးဘုရင်၏ လက်သည်းများကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေသလိုပင်။
“ဟင်းလင်းပြင် ဖျက်စီးခြင်း လက်သည်းတိုက်ကွက်”
ဟင်းလင်းပြင်သားရဲဘုရင်က ကျန်းချန်ကို မထီမဲ့မြင် စိုက်ကြည့်လိုက်ပြီး ဧရာမ လက်သည်းဖြင့် တိုက်ခိုက်လိုက်သည်။
ရုတ်တရက် ကျယ်လောင်သောအသံ ထွက်ပေါ်လာခဲ့ပြီး ဧရာမလက်သည်းကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးစေနိုင်လောက်သည့် ဟင်းလင်းပြင် တုန်ခါမှုလှိုင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ ကျန်းချန်ကို ဖိနှိပ်ရန် တိုးဝင်လာခဲ့သည်။
ဧရာမ လက်သည်းကြီး ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ နေရာလွတ်များသည် အဆက်မပြတ် ပြိုကျနေခဲ့သည်။
လေထုထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင်မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ပြီး လောကတစ်ခုလုံးကို ပရမ်းပတာ အခြေအနေသို့ ရောက်ရှိစေတော့မည့်အလား ဖြစ်နေခဲ့သည်။
“ဒီ ဟင်းလင်းပြင် သားရဲဘုရင်က ဒီလို ထူးခြားတဲ့ နည်းစနစ်ကိုတောင် တတ်မြောက်ထားပါလား”
ဟင်းလင်းပြင် သားရဲဘုရင် ထုတ်ဖော်လိုက်သည့် တိုက်ကွက်ကို ကြည့်ပြီး ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနဂါးကမ္ဘာမှ ထွက်ခွာပြီး ထာဝရဟင်းလင်းပြင်နှင့် ထိတွေ့စဥ်ကတည်းကပင် ကျန်းချန်သည် ဟင်းလင်းပြင် သားရဲများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။
သူသိထားသလောက် ဆိုလျှင် ထာဝရဟင်းလင်းပြင်ထဲရှိ ဟင်းလင်းပြင် သားရဲအများစုသည် ရုန့်ရင်းသော ခွန်အားဖြင့်သာ တိုက်ခိုက်နိုင်ကြသည်။
ထို့အပြင် ထာဝရဟင်းလင်းပြင်တွင် သူတွေ့ရှိခဲ့သည့် ဟင်းလင်းပြင် သားရဲ ခေါင်းဆောင်တချို့သည်ပင် နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်ရုံမျှသာ ရှိသည်။
ဆိုရလျှင် သူ့ရှေ့မှ ဟင်းလင်းပြင် သားရဲဘုရင်သည် ၎င်းတို့နှင့် သိသိသာသာပင် ကွဲပြားနေခဲ့၏။
ထို ဟင်းလင်းပြင် သားရဲဘုရင် ထုတ်ဖော်လိုက်သော လက်သည်း တိုက်ကွက်သည် နတ်ဘုရားနယ်မြေရှိ နတ်ဘုရင်အဆင့် နည်းစနစ်ထက် မနိမ့်ကျပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူက ဟင်းလင်းပြင် သားရဲဘုရင်နှင့် ရင်ဆိုင်ရာတွင် လုံးဝ မပေါ့ဆဝံ့တော့ပေ။
ထိုခဏဝယ် သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားပေါ်တွင် တောက်ပသော ဓားစွမ်းအင်များသည် ရုတ်တရက် စုစည်းလာခဲ့ပြီး စူးရှသော ရွှေရောင်အလင်းတန်းတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှေရောင်ဓားအလင်းသည် ပေပေါင်းသောင်းချီ ကြီးမားသော ရွှေရောင်အလင်းစက်ဝန်း အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်နေမင်းကြီး တစ်စင်းနှယ် ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ အသွင်အပြင်သည် အင်မော်တယ် တစ်ဦးကဲ့သို့ပင်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ဓားကွက်တစ်ကွက်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး သူ၏ ပါးစပ်ကနေ စကားလုံးတချို့ကို အေးစက်စက် ရေရွတ်လိုက်သည်။
“အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း”
ကျန်းချန်၏ စကားဆုံးသည်နှင့် ရွှေရောင်နေမင်းကြီးသည် ရွှေရောင် ဧရာမဓားကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော ဧရာမ အနက်ရောင် လက်သည်းကြီးကို ခုတ်ပိုင်းပစ်လိုက်သည်။
ထိုခဏတွင် လောကကြီးက အရောင်မှိန်သွားပြီး အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ သတ္တဝါ အားလုံးသည် ယင်းအခိုက်အတန့်တွင် မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့ကို လက်ဆင့်ကမ်းပေးခဲ့သည့် ပြိုင်ဘက်ကင်း အင်မော်တယ်ဓားသိုင်း ဖြစ်သည်။
သူသာ ထိုဓားသိုင်း၏ အထွတ်အထိပ် စွမ်းရည်ကိုသာ ထုတ်ဖော်နိုင်လျှင် အင်မော်တယ်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပုံရသည်။
အခန်း(၂၄၅၃)ပြီး၏။