အနှိုင်းမဲ့ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ဧရာမ အနက်ရောင်လက်သည်းကြီးပေါ်သို့ ပြင်းထန်စွာကျရောက်သွားခဲ့ရာ ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင် တုန်ခါမှုလှိုင်းများသည် ဟင်းလင်းပြင်မုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
“ခရက်.. ခရက်..”
ဟင်းလင်းပြင်သားရဲဘုရင်၏ လက်သည်းတိုက်ကွက်သည် အနှိုင်းမဲ့ ဓားအလင်းအောက်တွင် အဆက်မပြတ် ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
ဧရာမ အနက်ရောင်လက်သည်းကြီးကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေပြီးနောက်တွင် အနှိုင်းမဲ့ ဓားအလင်းသည် အရှိန်အဟုန် မရပ်တန့်သေးဘဲ ဟင်းလင်းပြင်သားရဲဘုရင်ထံသို့ တိုးဝင်သွားခဲ့သည်။
“ဒါ ဒါက ဘယ်လိုဓားသိုင်းမျိုးလဲဟ”
ဟင်းလင်းပြင် သားရဲဘုရင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ ဟင်းလင်းပြင် စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်လိုက်ရာ သူ၏ အလွန်ကြီးမားသော ခန္ဓာကိုယ်သည် ထိုအခိုက်အတန့်တွင် ရုတ်တရက် ပိုမို ကြီးမားလာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟင်းလင်းပြင် သားရဲဘုရင်၏ ခန္ဓာကိုယ်သည် အဆပေါင်းများစွာ ကြီးထွားလာခဲ့ပြီး ရှေးခေတ်ကာလမှ ပြန်လည် နိုးထလာသည့် အနှိုင်းမဲ့သားရဲကြီးတစ်ကောင် ကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
“ဟင်းလင်းပြင် စည်းတံဆိပ်”
ဟင်းလင်းပြင် သားရဲဘုရင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခွန်အားများကို အစွမ်းကုန်ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့်မြေကြီးကြားရှိ ဟင်းလင်းပြင်ထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင်စွမ်းအားများ ပေါက်ကွဲထွက်လာကြသည်။
ဟင်းလင်းပြင်သားရဲဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ထိုစွမ်းအားများသည် ၎င်း၏ ဦးခေါင်းအထက်တွင် တိုက်ရိုက်စုစည်းသွားခဲ့ပြီး ဧရာမ တောင်တစ်လုံး အရွယ်အစားရှိသည့် အနက်ရောင် စည်းတံဆိပ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုစည်းတံဆိပ်ကြီးပေါ်တွင် ဆန်းကြယ်သော အစီအရင် သင်္ကေတများစွာ လွှမ်းခြုံနေခဲ့သည်။
“လူသားကောင်လေး.. ဒါက မင်း ငါ့ကို ဖိအားပေးလို့ ဖြစ်လာရတာပဲ.. ဒီနေ့ ငါ ဘယ်လောက်ပဲ အဖိုးအခတချို့ ပေးဆပ်ရပါစေ မင်းကို သေချာပေါက် အဆုံးသတ်ပစ်မယ်”
ဧရာမ စည်းတံဆိပ်ကို ထုတ်ဖော်ပြီးနောက်တွင် ဟင်းလင်းပြင် သားရဲဘုရင်၏ ကြီးမားသော မျက်ဝန်းထဲတွင် ရက်စက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဟင်းလင်းပြင် သားရဲဘုရင်သည် သူ၏ လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ ပေပေါင်းသောင်းချီ အရွယ်အစားရှိသည့် ဧရာမ အနက်ရောင်စည်းတံဆိပ်ကြီးသည် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
ဧရာမ အနက်ရောင်စည်းတံဆိပ်ကြီးသည် အနှိုင်းမဲ့စွမ်းအားကို သယ်ဆောင်ကာ အင်မော်တယ် ခုတ်ပိုင်းခြင်း တိုက်ကွက်ကို ချေမှုန်းလိုက်ပြီး ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ယင်းအချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် လေထုအထက်ရှိ ဧရာမအနက်ရောင် စည်းတံဆိပ်ကြောင့် ပျက်စီးသွားတော့မည့်အလား ဖြစ်နေခဲ့သည်။
“ဟားဟား လူသားကောင်လေး.. ငါ့ကို ယှဥ်နိုင်ဖို့ မင်းအများကြီးနုပါသေးတယ်”
ကျန်းချန်က သူ၏ စည်းတံဆိပ်ဖြင့် သတ်ဖြတ်ခံရတော့မည်ကို မြင်လျှင် ဟင်းလင်းပြင် သားရဲဘုရင်သည် ရူးသွပ်စွာ ရယ်မောလိုက်သည်။
သူက ထာဝရဟင်းလင်းပြင်ထဲတွင် မွေးဖွားလာသည့် ဟင်းလင်းပြင် သားရဲတစ်ကောင်သာ ဖြစ်သော်လည်း သူ၏ ပင်ကိုဥာဏ်ရည်သည် သာမန်ထက် များစွာ သာလွန်ပြီး ပါရမီကလည်း အလွန်တရာ ထူးခြား၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သူက ထာဝရဟင်းလင်းပြင်ထဲတွင် ခရီးသွားလာနေသည့် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး ထိုပါရမီရှင်များထံမှ ထူးခြားသော နည်းစနစ် များစွာကို ရရှိခဲ့သည်။
ထိုနည်းစနစ်များမှ တစ်ဆင့် သူက ကိုယ်ပိုင် နည်းစနစ်တချို့ကို တီထွင်ခဲ့၏။
စင်စစ် ဤဟင်းလင်းပြင် စည်းတံဆိပ်နည်းစနစ်သည် သူတီထွင်ထားသည့် နည်းစနစ်ပင်။
သူ၏ လက်ရှိခွန်အားဖြင့် ဤတိုက်ကွက်ကို အသုံးပြုမည်ဆိုလျှင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် သတ်ဖြတ်ခံရလိမ့်မည်သာ။
ဆိုရလျှင် ထိုကောင်လေး မည်မျှပင် အစွမ်းထက်နေပါစေ၊ ထိုကောင်လေးအတွက် သေလမ်းတစ်လမ်းသာလျှင် ရှိတော့၏။
“သခင်လေး ကျန်းချန်”
လေထုထဲမှ အခြေအနေကို ခံစားမိလျှင် ဟင်းလင်းပြင်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသော ဝူမုသည် ထိတ်လန့်တကြား ရေရွတ်မိလိုက်သည်။
ကျန်းချန်သည် အစောပိုင်းတွင် နတ်ဘုရင်အဆင့် ဟင်းလင်းပြင်သားရဲ ဆယ်ကောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ ဖိအားကို များစွာ လျော့ပါးစေခဲ့သည်။
သူတို့က ဟင်းလင်းပြင် သားရဲများထက် အားနည်းသော်လည်း ထုံရှန်တောင်ကြား၏ မြေပြင်အနေအထား အသာစီးရမှုကို အသုံးချကာ ဟင်းလင်းပြင် သားရဲများ၏ တိုက်ခိုက်မှုကို ယာယီ တောင့်ခံထားနိုင်ကြ၏။
ထို့ကြောင့် နတ်ဘုရင် တတိယအဆင့်ထက် မနိမ့်သော ခွန်အားရှိသည့် ဟင်းလင်းပြင် သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေစဥ်မှာပင် ဝူမုသည် လေထုထဲရှိ ကျန်းချန်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ခြင်းပင်။
ကျန်းချန်၏ ခန္ဓာကိုယ်ကို ဧရာမ အနက်ရောင် စည်းတံဆိပ်က ချေမှုန်းတော့မည်အား မြင်လိုက်ရလျှင် သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
အကယ်၍ ကျန်းချန် ပင်လျှင် ဟင်းလင်းပြင် သားရဲဘုရင်၏ ပြိုင်ဘက်မဟုတ်ခဲ့လျှင် သူတို့အားလုံးသည် ယနေ့တွင် အမှန်တကယ် အဆုံးသတ်သွားပေလိမ့်မည်။
လေထုထဲရှိ ကျန်းချန်သည် လောကကြီးကိုပင် ဖိနှိပ်နိုင်လောက်သည့် ဧရာမ အနက်ရောင် စည်းတံဆိပ်ကြီးကို ကြည့်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် ဆန်းကြယ်သော ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ထိုဓားကွက်သည် ယခင် ထုတ်ဖော်လိုက်သော ဓားကွက်ထက် သုံးဆမျှ ပိုမို အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများနှင့်အတူ လေထုထဲရှိ ဧရာမအနက်ရောင် စည်းတံဆိပ်ကြီးကို ခုတ်ပိုင်းချလိုက်သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သူ့ကို လက်ဆင့်ကမ်းပေးခဲ့သော အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းတွင် အင်မော်တယ်များကို ခုတ်ပိုင်းခြင်း၊ အင်မော်တယ်များကို သုတ်သင်ခြင်းနှင့် အင်မော်တယ်များကို သတ်ဖြတ်ခြင်း ဟူ၍ စုစုပေါင်း ဓားကွက်သုံးကွက် ရှိသည်။
ထိုဓားကွက် သုံးကွက်စလုံးသည် တစ်ကွက်ထက် တစ်ကွက် ပိုမို၍ အစွမ်းထက်၏။
ယခုအခါတွင် သူက အလွန်တရာ အစွမ်းထက်သည့် ဟင်းလင်းပြင်သားရဲဘုရင်နှင့် ရင်ဆိုင်နေရသည် ဖြစ်၍ ဒုတိယမြောက်ဓားကွက် ဖြစ်သည့် အင်မော်တယ်များကို သုတ်သင်ခြင်း ဓားကွက်အား ထုတ်ဖော်လိုက်ခြင်းပင်။
ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် လေထုကို ဖြတ်ကျော်သွားခဲ့ပြီး ဦးခေါင်းအထက်ရှိ ဧရာမ အနက်ရောင် စည်းတံဆိပ်ကြီးကို ပဲပြားလှီးသကဲ့သို့ တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမအနက်ရောင် စည်းတံဆိပ်သည် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ ဟင်းလင်းပြင် စည်းတံဆိပ်ကို ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်သည်အား မြင်လျှင် ဟင်းလင်းပြင် သားရဲဘုရင်သည် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ ပုံရိပ်သည် ပေပေါင်းသောင်းချီ နေရာလွတ်ကို တိုက်ရိုက်ပင် ဖြတ်ကျော်သွားခဲ့ပြီး ဟင်းလင်းပြင် သားရဲဘုရင်၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။
သူ၏ အေးစက်စက် ရယ်မောသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။
“မင်းကများ ငါ့ကို သတ်ဖြတ်ချင်နေသေးတယ်.. မင်းမှာ အဲဒီလို အရည်အချင်း ရှိလို့လား”
ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးနောက်တွင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်ပြီး ရှေးဟောင်း ရွှေရောင်ဓားနှင့် ချက်ချင်းဆိုသလို ပေါင်းစပ်ကာ ဟင်းလင်းပြင် သားရဲဘုရင်ကို ခုတ်ပိုင်းလိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအားသည် မုန်တိုင်းတစ်ခုနှယ် ပေါက်ကွဲ ထွက်လာခဲ့ပြီး ဟင်းလင်းပြင်သားရဲဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ပြင်းထန်သော ဓားအရှိန်အဝါသည် ဟင်းလင်းပြင်သားရဲဘုရင်၏ ခန္ဓာကိုယ် အတွင်းသို့ တိုက်ရိုက်ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်တွင် ပျားအုံများကဲ့သို့ သွေးပေါက်များကို ဖြစ်ပေါ်စေခဲ့သည်။
အဆုံးသတ်တွင် ဟင်းလင်းပြင် သားရဲဘုရင်၏ ခန္ဓာကိုယ်သည် လေထုထဲကနေ ပြုတ်ကျသွားခဲ့ပြီး မိုင်ပေါင်း ထောင်ချီ အကွာအဝေးပေါ်ရှိ တောင်တစ်လုံး ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ကာ ထိုတောင်ကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေခဲ့သည်။
ကျန်းချန်က လေထဲကနေ ချက်ချင်းဆိုသလို ဆင်းသက်လာပြီး ဟင်းလင်းပြင် သားရဲဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် ဖိနင်းကာ အေးစက်စက် ရေရွတ်လိုက်သည်။
“ငါ့ကို အညံ့ခံမယ်ဆိုရင် မင်းအသက်ကို ချမ်းသားပေးမယ်”
ကျန်းချန်က ဟင်းလင်းပြင် သားရဲဘုရင်ကို အထက်စီးကနေ ငုံ့ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
မြောက်ပိုင်းနယ်မြေ အတွင်းသို့ ဝင်ရောက်လာသော ဟင်းလင်းပြင် သားရဲများကို သူ၏ ခြေထောက်အောက်ရှိ ဟင်းလင်းပြင် သားရဲဘုရင် တစ်ဦးတည်းကသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဟင်းလင်းပြင် သားရဲဘုရင်ကို သတ်လိုက်လျှင် မြောက်ပိုင်းနယ်မြေ အတွင်းရှိ ဟင်းလင်းပြင်သားရဲများသည် ထိန်းချုပ်မှု မဲ့သွားမည် ဖြစ်ပြီး သူတို့အတွက် အလွန်တရာ ကိုင်တွယ်ရခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
သူသာ ဟင်းလင်းပြင် သားရဲဘုရင်ကို အညံ့ခံစေခဲ့လျှင်မူ မြောက်ပိုင်းနယ်မြေ အတွင်းရှိ ဟင်းလင်းပြင်သားရဲများ၏ ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျသည့် လက်ရုံးတစ်ဦးကို ရရှိနိုင်မည် ဖြစ်ရာ ယင်းသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဟုပင် ဆိုရလိမ့်မည် မဟုတ်ပါလား။
ထိုသို့သော အကြောင်းကြောင့်ပင် ကျန်းချန်သည် ဟင်းလင်းပြင် သားရဲဘုရင်ကို သေလောက်သည်အထိ မထိခိုက်စေခြင်း ဖြစ်သည်။
“မင်းဆီမှာ အညံ့ခံရမှာလား.. အိပ်မက်သာ မက်နေလိုက်”
ဟင်းလင်းပြင် သားရဲဘုရင်က ကျန်းချန်၏ ခြေထောက်အောက်တွင် ရူးသွပ်စွာ ရုန်းကန်နေရင်း ပါးစပ်ကနေလည်း ဒေါသတကြီး ရေရွတ်လိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားမှ တောက်ပသော ဓားအလင်းများကို ထုတ်ဖော်ကာ ဟင်းလင်းပြင် သားရဲဘုရင်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များကို ဆက်တိုက်ဆိုသလို ပေးစွမ်းလိုက်သည်။
အကယ်၍ ဟင်းလင်းပြင် သားရဲဘုရင်သာ အလွန်တရာအစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်မထားခဲ့လျှင် အချိန်အတော်ကြာကတည်းကပင် သေဆုံးသွားလောက်ချေပြီ။
သို့သော်လည်း မည်မျှပင် အစွမ်းထက်စေကာမူ ကျန်းချန်၏ အဆက်မပြတ် နှိပ်စက်မှုအောက်တွင် အရိုးများ ကျိုးကြေပြီး သွေးများ အဆက်မပြတ် ထွက်ကာ သေလုမျောပါး အခြေအနေသို့ ဆိုက်ရောက်နေခဲ့သည်။
အခန်း(၂၄၅၄)ပြီး၏။