“နောက်ဆုံးတစ်ကြိမ် ငါမင်းကို ထပ်မေးမယ်.. အညံ့ခံမှာလား”
ကျန်းချန်က သေလုမျောပါးဖြစ်နေသည့် ဟင်းလင်းပြင် သားရဲဘုရင်ကို စူးစိုက်ကြည့်ကာ အေးစက်စက် မေးလိုက်သည်။
“ငါ ငါ အညံ့ခံပါတယ်.. ငါ့အညံ့ခံဖို့ အသင့်ပါပဲ”
သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သိရှိနေသည့် ဟင်းလင်းပြင် သားရဲဘုရင်သည် အဆုံးသတ်တွင် အသက်ဘေးမှ ချမ်းသာပေးရန် မတောင်းဆိုဘဲ မနေနိုင်တော့ပေ။
သူတို့ရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို ကြည့်ကာ ဝူမုနှင့် အခြားသော သိုင်းပညာ ကျင့်ကြံသူများသည် မှင်တက်သွားခဲ့ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် သားရဲဘုရင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ ဟင်းလင်းပြင် သားရဲဘုရင်ကို အညံ့ခံ တောင်းပန်လာသည်အထိ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ထိုသူသည် သူတို့၏ ဘိုးဘေးနှင့် အဆင့်တူ အစွမ်းထက်သော ကျင့်ကြံသူ ဆိုသည်မှာ သေချာသလောက်ပင်။
“ဟင်းလင်းပြင် သားရဲတွေအားလုံးကို မြောက်ပိုင်းနယ်မြေရဲ့အစွန်အဖျား ဒေသတွေဆီ ဆုတ်ခွာခိုင်းလိုက်.. ဒီနေ့ကနေစပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကကို လုံးဝ ရန်မပြုရဘူး.. မင်းကတော့ ငါ့နောက်ကို လိုက်ခဲ့ရမယ်”
ဟင်းလင်းပြင် သားရဲဘုရင်ကို အညံ့ခံစေပြီးနောက်တွင် ကျန်းချန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
မြောက်ပိုင်းနယ်မြေတွင် ဟင်းလင်းပြင် သားရဲဘုရင်ကို ယှဥ်ပြိုင်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူမရှိပေ။
ဟင်းလင်းပြင် သားရဲဘုရင်သာ မြောက်ပိုင်းနယ်မြေတွင် ဆက်ရှိနေမည် ဆိုလျှင် အမြဲတစေ ဘေးအန္တရာယ်တစ်ခု ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် ဟင်းလင်းပြင် သားရဲဘုရင်ကို အလယ်ပိုင်းနယ်မြေသို့ ခေါ်ဆောင်သွားရန် စီစဥ်ခဲ့သည်။
ဟင်းလင်းပြင် သားရဲဘုရင်၏ နတ်ဘုရင် နဝမအဆင့်နှင့်ပင် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်သည် နောင်လာမည့် အခြေအနေများကို ကိုင်တွယ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်၏။
ကျန်ရှိသော ဟင်းလင်းပြင် သားရဲများအတွက်မူ ကျန်းချန်သည် မြောက်ပိုင်းနယ်မြေ၏ အစွန်အဖျားတွင် နေထိုင်စေခဲ့ပြီး မြောက်ပိုင်းနယ်မြေတွင် တစ်စုံတစ်ရာ ထပ်မံ ဖြစ်ပွားခဲ့လျှင် ပထမဆုံး ခံစစ်စည်းအဖြစ် အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်းနယ်မြေသည် ထာဝရသက်ရှည်တောင်တန်း တည်ရှိသည့်နေရာ ဖြစ်သလို နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် တည်ရှိနေသာ နေရာလည်းဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် မြောက်ပိုင်းနယ်မြေတွင် မည်သည့်အမှားအယွင်းမျိုးကိုမှ အဖြစ်ခံနိုင်မည် မဟုတ်ပေ။
“ဟုတ်ကဲ့ပါ”
ဟင်းလင်းပြင်သားရဲဘုရင်က တရိုတသေ ပြန်လည် ဖြေကြားလိုက်ပြီး အောက်ဘက်ရှိ ဟင်းလင်းပြင်သားရဲများ ဆီသို့ တစ်ချက် ဟိန်းဟောက်လိုက်သည်။
မကြာမီမှာပင် အောက်ဘက်ရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများသည် မြောက်ဘက်အရပ် ဆီသို့ ဒီရေအလား အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြ၏။
“သခင်လေးကျန်းချန်.. မြောက်ပိုင်းနယ်မြေရဲ့အကျပ်အတည်းကို ဖြေရှင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
ဟင်းလင်းပြင် သားရဲပြဿနာကို ကျန်းချန်က ဖြေရှင်းပေးလိုက်သည်အား မြင်လျှင် ဝူမုသည် ရှေ့သို့ လှမ်းထွက်လာခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို အင်မော်တယ် ကျင့်ကြံခြင်း လောကက ဖိနှိပ်ထားစဥ်တွင်လည်း ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးပစ်နိုင်ရန် အကူအညီပေးခဲ့၏။
ယခုတစ်ကြိမ်တွင်လည်း ဟင်းလင်းပြင် သားရဲများ ရောက်ရှိလာချိန်တွင် အချိန်မီ ရောက်ရှိလာခဲ့ပြီး သူတို့အတွက် အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။
ဆိုရလျှင် ကျန်းချန်သာ မရှိခဲ့လျှင် မြောက်ပိုင်းနယ်မြေရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် ရှိလာလိမ့်မည် မဟုတ်ပေ။
“ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။
“ငါ မြောက်ပိုင်းနယ်မြေမှာ ရက်အနည်းငယ်လောက် နေဦးမယ်.. ဒီအချိန်အတွင်း မြောက်ပိုင်းနယ်မြေထဲမှာ တခြားခြိမ်းခြောက်မှုတွေ ရှိနေသေးလား ဆိုတာ အမြန်ဆုံး စုံစမ်းခိုင်းလိုက်ပါ.. ငါမသွားခင် ကိစ္စအားလုံးကို ဖြေရှင်းပေးခဲ့မယ်”
ယခုအခါတွင် ကောင်းကင်လမ်းစဥ်က ပြန်လည် နိုးထလာပြီး လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေမည်မှာ သေချာသည်။
သူ့အနေဖြင့် ဤတစ်ကြိမ် မြောက်ပိုင်းနယ်မြေမှ ထွက်ခွာသွားပြီးနောက်တွင် မည်သည့်အချိန်မှ ပြန်လာဖြစ်မည်မှန်း မသိနိုင်ပေ။
ထို့ကြောင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် မြောက်ပိုင်းနယ်မြေတွင် ရက်အနည်းငယ် ပိုမိုနေထိုင်ကာ ဝူမု အတွက် ပြဿနာများကို အပြီးတိုင် ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဝူမုက တရိုတသေ ပြန်လည် ဖြေကြားလိုက်ပြီး မြောက်ပိုင်းနယ်မြေ၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် မြောက်ပိုင်းနယ်မြေရှိ သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများကို ချက်ချင်းပင် ညွှန်ကြားလိုက်သည်။
ဆိုရလျှင် သူတို့သည် အကြိမ်တိုင်းတွင် ယခုတစ်ကြိမ် ကဲ့သို့ ကံကောင်းနိုင်မည် မဟုတ်သလို မြောက်ပိုင်းနယ်မြေသို့ သခင်လေး ကျန်းချန် ပြန်လာချိန်နှင့်လည်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပေလိမ့်မည်။
ကျန်းချန် ထွက်ခွာသွားပြီးနောက်တွင် ထိုကဲ့သို့သော ပြဿနာမျိုးနှင့် ထပ်မံ ကြုံတွေ့ရလျှင် အကျိုးဆက်မှာ အလွန်တရာ ဆိုးရွားသွားပေလိမ့်မည်။
ကျန်းချန်က ဟင်းလင်းပြင်သားရဲဘုရင်ကို အနိုင်ယူလိုက်သည့်အချိန်မှာပင် မြောက်ပိုင်းနယ်မြေ၏ တောင်ဘက်အစွန်ဆုံးရှိ တိတ်ဆိတ်သော တောင်တန်းတစ်ခုတွင် ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် လေထုထဲတွင် ပေပေါင်းရာချီ ကြီးမားသည့် နေရာလွတ် လှိုဏ်ခေါင်း တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုနေရာလွတ် လှိုင်ခေါင်း ထဲကနေ အင်မော်တယ် အရှိန်အဝါများ ပျံ့လွင့်လာခဲ့ရာ အောက်ဘက်ရှိ တောင်တန်းများပေါ်မှ သတ္တဝါ အားလုံးသည် မြေကြီးပေါ်တွင် ဝပ်ဆင်းကာ တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
အင်မော်တယ် အရှိန်အဝါများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားချိန်တွင် အနီရောင်ပုံရိပ် နှစ်ခုသည် နေရာလွတ် လှိုဏ်ခေါင်း ထဲကနေ ပျံသန်းကာ ထွက်ပေါ်လာခဲ့သည်။
ထိုအနီရောင်ပုံရိပ် နှစ်ခု၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းပြီး နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်တွင် ရှိသော ဝူကျန့်ထျန်း ထက်ပင် ပို၍ အစွမ်းထက်ပုံ ရ၏။
“တကယ့်ကို အားနည်းတဲ့ စကြဝဠာလေးပါလား.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အင်မော်တယ်လောကကနေ ထွက်ပြေးလာပြီးနောက်မှာ တကယ်ပဲ ဒီလို အမှိုက်စကြဝဠာထဲကို ဆင်းသက်လာခဲ့တာလား”
ဘယ်ဘက်မှ ပိန်ပါးပါး လူငယ်က ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“မှားနိုင်စရာမရှိဘူး.. ငါ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အရှိန်အဝါကို ခံစားနေရပြီ”
ညာဘက်မှ သိမ်းငှက်မျက်လုံး ကဲ့သို့ စူးရှသော မျက်လုံးကို ပိုင်ဆိုင်ထားသည့် အမျိုးသားက တစ်ခဏမျှ အာရုံခံကြည့်လိုက်ပြီးနောက်တွင် ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောလိုက်သည်။
သိမ်းငှက်မျက်လုံးပိုင်ရှင် အမျိုးသား၏ စကားကို ကြားလျှင် ပိန်ပါးပါး အမျိုးသားက အေးစက်စက် ပြောလိုက်သည်။
“ဒါဆိုရင်လည်း အမြန်ဆုံး ဖြေရှင်းပြီး အင်မော်တယ်လောကဆီ ပြန်ကြတာပေါ့.. ဒီလို အမှိုက်စကြဝဠာက ငါတို့လို လူတွေ နေရမဲ့နေရာမျိုး မဟုတ်ဘူး”
သိမ်းငှက်မျက်လုံးပိုင်ရှင် အမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟော်လင်း.. ငါတို့က ဒီစကြဝဠာမှာ အခြေအနေကို လာကြည့်ဖို့ပဲ အမိန့်ရထားတယ်.. မိုက်မိုက်ကန်းကန်းတွေ မလုပ်မိစေနဲ့”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဆိုသည်မှာ အင်မော်တယ်လောကမှာပင် နယ်မြေတစ်ခုကို အုပ်ချုပ်ထားနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ နည်းလမ်းဖြင့်သာဆိုလျှင် ကျဆုံးသွားခဲ့သည့်တိုင် ကျန်ရှိနေသော စွမ်းအားများကို သူတို့နှစ်ဦး ရင်ဆိုင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
“စိတ်မပူပါနဲ့.. ငါ့ရဲ့ အတိုင်းအတာကို ငါသိပြီးသားပါ”
စကားဆုံးသည်နှင့် ဟော်လင်းဟု အမည်ရသည့် ခပ်ပိန်ပိန် အမျိုးသား၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် သိမ်းငှက်မျက်လုံး ပိုင်ရှင် အမျိုးသားသည် သက်ပြင်းတစ်ချက် ချကာ ပိန်ပါးပါး အမျိုးသားနောက်သို့ အလျင်အမြန်ပင် လိုက်သွားခဲ့သည်။
----------------------
ကျန်းချန်နှင့် ပတ်သက်မှုကြောင့် ပိရှန်းမြို့မှ ရှမိသားစုသည် ထျန်းယန်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် အင်မော်တယ် ကျင့်ကြံခြင်းလောက ပျက်စီးသွားပြီးနောက်တွင် ပိရှန်းမြို့သည် မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
ထို့အပြင် ဟုန်ထျန်းယန်၏ အကူအညီဖြင့် ပိရှန်းမြို့စား ရှယီ၏ စွမ်းရည်သည် သန္ဓေဝိညာဥ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပိရှန်းမြို့သည် တောင်ဘက် အစွန်အဖျားရှိ ရှီဝမ်တောင်တန်းနှင့် အနီးဆုံးမြို့ ဖြစ်သည့် အလျောက် ရှယီသည် ရှီဝမ်တောင်တန်း အတွင်းမှ ဆန်းကြယ်သော တုန်ခါမှုများကို သဘာဝကျစွာပင် ခံစားမိခဲ့သည်။
“ချင်းမုန့်.. ရှီဝမ်တောင်တန်းမှာ တစ်ခုခု အပြောင်းအလဲကြီး ဖြစ်နေပြီထင်တယ်.. အားလုံးကို ပြင်ဆင်ခိုင်းပြီး ထျန်းယန်ဂိုဏ်းဆီ အချိန်မရွေး ဆုတ်ခွာဖို့ အသင့်ပြင်ထားပါ”
ရှယီက ပိရှန်းမြို့၏ တောင်ဘက် အရပ်သို့ လှမ်းကြည့်ရင်း သူ၏ နံဘေးမှ ရှချင်းမုန့်ကို လေးနက်စွာ ပြောလိုက်သည်။
အစောပိုင်းက ရှီဝမ်တောင်တန်းထဲကနေ ထွက်ပေါ်လာသည့် အရှိန်အဝါသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်သည့် ထျန်းယန်ဘိုးဘေးနှင့် နှိုင်းယှဥ်လျှင်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းနေခဲ့၏။
အကယ်၍ ထိုတောင်တန်းထဲတွင်သာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် ယင်းသည် သူတို့ ထျန်းယန်မြို့ငယ်လေး အနေဖြင့် ကိုင်တွယ်နေမည့်ကိစ္စ မဟုတ်သည်မှာ သေချာသလောက်ပင်။
ရှချင်းမုန့်က နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။
“အဖေ ဘာကိစ္စဖြစ်နေလို့လဲ”
ရှယီက စကားပြောရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး လေထုထဲကို ခေါင်းမော့၍ ကြည့်လိုက်သည်။
မကြာမီမှာပင် သူ၏ ဦးခေါင်းအထက်ရှိ ပေပေါင်းရာချီ ဝေးကွာသော လေထုထဲတွင် မည်သည့် အချိန်ကတည်းကပင် ရောက်နေမှန်း မသိရသည့် ပုံရိပ်နှစ်ခုကို ရှယီ တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ရှယီ၏ နှလုံးသားက အေးစက်သွားခဲ့၏။
ယခုအခါတွင် သူက သန္ဓေဝိညာအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်ရာ ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးပင် သူ၏ အနားသို့ သူမသိဘဲ ရောက်လာနိုင်စရာ အကြောင်း မရှိပေ။
အခန်း(၂၄၅၅)ပြီး၏။