“မင်းက ဒီမြို့ရဲ့ မြို့စားလား”
ထိုပုံရိပ်နှစ်ခုက ရှယီကို ကြည့်လိုက်ပြီး အေးစက်စက်မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်က ပိရှန်းမြို့စား ရှယီပါ.. လူကြီးမင်းတို့ နှစ်ယောက် ပိရှန်းမြို့ကို ဘာကိစ္စနဲ့ ရောက်လာသလဲ ဆိုတာ သိပါရစေ”
ရှယီက သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေထဲမှ လူနှစ်ယောက်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်သည်။
သူ့ရှေ့မှ လူနှစ်ယောက်၏ အရှိန်အဝါသည် သူတို့နှင့် အလွန် ဆင်တူ၏။
ထို့ကြောင့် ထိုနှစ်ယောက်သည် အင်မော်တယ် ကျင့်ကြံသူများ ဖြစ်နိုင်ပြီး အနည်းဆုံး လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကိုပင် ရောက်ရှိနေလောက်ပြီဟု သူထင်မြင်မိသည်။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောက ပျက်စီးသွားကတည်းကပင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ အလွန်တရာ နည်းပါးသွားခဲ့ပြီ ဖြစ်ရာ ထိုနှစ်ယောက်သည် မည်သည့်နေရာကနေ ရောက်ရှိလာပါသနည်း။
“မစိုးရိမ်ပါနဲ့.. ငါတို့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး.. မင်းဆီမှာ သတင်းတချို့ လာမေးတာပါ”
သိမ်းငှက်မျက်လုံးနှင့် အမျိုးသားက အေးစက်စက် ပြောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်လို့ ခေါ်တဲ့ လူတစ်ယောက် အကြောင်း မင်းကြားဖူးလား”
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်.. ဟုတ်လား”
ရှယီက ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ လူကြီးမင်းတို့.. ကျွန်တော် ဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး”
“ဘာမှမသိဘူးဆိုမှတော့ မင်းရဲ့အသက်ကို ချန်ထားပေးလို့လည်း အလကားပဲ”
ပိန်ပါးပါး အမျိုးသားက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ရာ ရှယီနှင့် ရှချင်းမုန့်တို့သည် ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။
သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူနှစ်ယောက်သည် အလွန်ပင် အစွမ်းထက်ပြီး သူအနေဖြင့် ခုခံနိုင်စွမ်း လုံးဝမရှိလောက်အောင် စွမ်းအားကြီးမား၏။
“ပိရှန်းမြို့မှာ ဘယ်သူလာပြီး ရမ်းကားနေတာလဲ”
ပိန်ပါးပါး အမျိုးသားက သတ်ဖြတ်လိုသောစိတ်များ ပြည့်နှက်နေသည့် အချိန်မှာပင် ဒေါသတကြီး ကြုံးဝါးသံ တစ်သံသည် ပိရှန်းမြို့၏ အပြင်ဘက်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် တောက်ပသော နေမင်းကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံး လင်းလက်နေသော ပုံရိပ် တစ်ခုသည် အဝေးကနေ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ပြီး ပိရှန်းမြို့၏ အထက်တွင် ပေါ်လာခဲ့သည်။
ရောက်ရှိလာသူမှာ တခြားသူ မဟုတ်ဘဲ ထျန်းယန်ဂိုဏ်းမှ ဘိုးဘေး ဟုန်ထျန်းယန်ပင် ဖြစ်သည်။
ကျန်းချန်ကို အညံ့ခံပြီးကတည်းကပင် ဟုန်ထျန်းယန်သည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် သန္ဓေဝိညာဥ် အဆင့်ကနေ ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပြီး လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
“ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ပုရွက်ဆိတ်လေးက ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြရဲတယ်လား.. ကြည့်ရတာ အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ပုံပဲ”
ပိန်ပါးပါး အမျိုးသားက ဟုန်ထျန်းယန်ကို မထီမဲ့မြင်ကြည့်လိုက်ပြီးနောက်တွင် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ဟုန်ထျန်းယန်ကို တိုက်ခိုက်လိုက်သည်။
“လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများလား”
ပိန်ပါးပါး အမျိုးသား၏ လက်ဝါးရိုက်ချက်က အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ခံစားမိလျှင် ဟုန်ထျန်းယန်၏ မျက်နှာ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
သူက တုံ့ဆိုင်းမနေခဲ့ဘဲ ကျန်းချန် သူ့ကို ပေးထားသည့် ကျောက်စိမ်း တံဆိပ်ပြားကို လျင်မြန်စွာ ထုတ်ယူကာ ချိုးဖဲ့လိုက်သည်။
ထိုအခါ ကျောက်စိမ်းတံဆိပ်ပြားကနေ တောက်ပသော ရွှေရောင်ဓားအလင်း ထွက်ပေါ်လာခဲ့ပြီး ပိန်ပါးပါး အမျိုးသား၏ လက်ဝါးရိုက်ချက် စွမ်းအားကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်သည်။
ထို့နောက်တွင် ရွှေရောင်ဓားအလင်းသည် မရပ်တန့်သေးဘဲ ပိန်ပါးပါး အမျိုးသားထံ ဆက်လက် တိုးဝင်သွားခဲ့သည်။
ပိန်ပါးပါး အမျိုးသားက အံ့အားသင့်သွားခဲ့ပြီး သူ၏ လက်ချောင်းထိပ်ကနေ ဆန်းကြယ်သော မီးတောက် တစ်ခုကို ထုတ်ဖော်ကာ ရွှေရောင်ဓားအလင်းကို မျက်စိတစ်မှိတ်အတွင်း လောင်ကျွမ်းစေလိုက်၏။
သူက ဟုန်ထျန်းယန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းကို ဒီအဆောင်လက်ဖွဲ့ ပေးထားတဲ့လူက အတော်အစွမ်းအစရှိတာပဲ.. အဲဒီလူကို ငါနဲ့ လာတွေ့ခိုင်းလိုက်”
သူ့ရှေ့မှ့လူ ထုတ်သုံးလိုက်သည့် ဓားစွမ်းအားသည် အတော်လေး ကောင်းမွန်ပြီး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ထိုဓားစွမ်းအား၏ ပိုင်ရှင်သည် အနည်းဆုံး ကပ်ဘေးအဆင့် ကျင့်ကြံသူ ဖြစ်နိုင်၏။
ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ဤလောကတွင် အသန်မာဆုံးလူ ဖြစ်နိုင်လောက်ပြီး ဤလောက၏ အခြေအနေကို သာမန်လူများထက် ပို၍ သိထားလောက်သည်။
ထို့ကြောင့် သူတို့သာ ထိုဓားစွမ်းအား၏ ပိုင်ရှင်ကို ရှာတွေ့နိုင်လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အကြောင်းကို စုံစမ်းနိုင်လိမ့်မည် မဟုတ်ပါလား။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန် ချန်ထားပေးခဲ့သည့် ဓားစွမ်းအားကို ထုတ်သုံးခဲ့သော်လည်း ပိန်ပါးပါး အမျိုးသား၏ အသာအယာ တုံ့ပြန်မှုအောက်တွင် ချေမှုန်းခံလိုက်ရသည်ကို မြင်လျှင် ဟုန်ထျန်းယန်သည် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားခဲ့၏။
ကျန်းချန်က သူ့ကို ကျောက်စိမ်းတံဆိပ်ပြား သုံးခု ပေးစဥ်တွင် တံဆိပ်ပြားထဲတွင် စည်းခတ်ထားသော ဓားစွမ်းအားများသည် ကပ်ဘေးအဆင့်အောက်တွင် အနှိုင်းမဲ့စွမ်းရည် ရှိပြီး လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှ ပိန်ပါးပါး အမျိုးသားသည် ကျန်းချန်၏ ဓားစွမ်းအားကို အလွယ်တကူပင် ချေမှုန်းပစ်နိုင်ခဲ့၏။
တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ ပိန်ပါးပါး အမျိုးသားသည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါး ဖြစ်သည်မှာ သေချာသလောက်ပင်။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ပျက်စီးသွားပြီးကတည်းကပင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ အားလုံးသည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သို့ဆိုလျှင် ဤကပ်ဘေးအဆင့် ကျင့်ကြံသူသည် မည်သည့်နေရာကနေ ထွက်ပေါ်လာပါသနည်း။
“ငါ့ရဲ့ သည်းခံနိုင်စွမ်းကို စိန်မခေါ်စမ်းနဲ့.. ဒီဓားစွမ်းအားရဲ့ပိုင်ရှင်ကို ငါ့ဆီ ချက်ချင်း လာတွေ့ခိုင်းလိုက်.. မဟုတ်ရင်တော့ ဒီမြို့က လူတွေ အကုန်လုံးကို ငါသတ်ပစ်မယ်”
ဟုန်ထျန်းယန် အံ့ဩ ထိတ်လန့်နေစဥ်မှာပင် ပိန်ပါးပါးအမျိုးသားထံမှ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရလျှင် ဟုန်ထျန်းယန်၏ စိတ်နှလုံးသည် အေးစက်သွားခဲ့သည်။
အကယ်၍ ကျန်းချန်သာ ယနေ့တွင် ပေါ်မလာခဲ့လျှင် ထိုလူသည် ပိရှန်းမြို့ တစ်မြို့လုံးကို အမှန်တကယ် သတ်ဖြတ်ပစ်နိုင်လောက်၏။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးပြီးကတည်းကပင် ကျန်းချန်သည် တစ်ခါမှ ပေါ်ထွက်မလာခဲ့ပေ။
ကျန်းချန် ယခု မည်သည့်နေရာတွင် ရှိနေမှန်းပင် ဟုန်ထျန်းယန်က မသိသည်ဖြစ်ရာ ကျန်းချန်ကို မည်ကဲ့သို့ ခေါ်ရပါမည်နည်း။
“သခင်ကြီးက ထာဝရသက်ရှည်တောင်တန်းထဲမှာ ရှိနေတာပါ.. ကျွန်တော့်မှာ သခင်ကြီးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းမရှိပါဘူး.. သခင်ကြီးနဲ့ တွေ့ချင်ရင်တော့ ထာဝရသက်ရှည်တောင်တန်းကို လိုက်သွားမှပဲ ဖြစ်လိမ့်မယ်”
ဟုန်ထျန်းယန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
သူ့ရှေ့မှ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်နှစ်ယောက်သည် သူလက်လှမ်းမမီနိုင်သည့် အဆင့်တွင် ရှိနေခဲ့သည်။
အခြေအနေက ဤအခြေအနေထိ ရောက်ရှိလာပြီဖြစ်ရာ ထိုနှစ်ယောက်ကို ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ လမ်းပြ ခေါ်သွားရန် သူဆုံးဖြတ်လိုက်သည်။
သို့မှသာလျှင် ယာယီအားဖြင့် ပိရှန်းမြို့မှ လူများသည် အသက်ချမ်းသာရာ ရပေလိမ့်မည် မဟုတ်ပါလော။
“ထာဝရသက်ရှည်တောင်တန်း ဟုတ်လား”
ဟုန်ထျန်းယန်၏ စကားကိုကြားလျှင် အမျိုးသားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ လင်းလက်သွားခဲ့၏။
ဤထာဝရသက်ရှည် တောင်တန်းသည် ဤစကြဝဠာကို ရောက်လာခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် နီးစပ်သော ပတ်သက် ဆက်နွှယ်မှုရှိနေရန် အလွန်များ၏။
ပိန်ပါးပါး အမျိုးသားက ဟုန်ထျန်းယန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ကို ထာဝရသက်ရှည်တောင်တန်းဆီ အခုချက်ချင်းခေါ်သွားပေးစမ်း”
ဟုန်ထျန်းယန်သည် သွားများကို အံကြိတ်လိုက်ပြီး ထိုနှစ်ယောက်ကို ထာဝရသက်ရှည်တောင်တန်း ရှိရာ အရပ် ဆီသို့ ခေါ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထုံရှန်တောင်ကြားတွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ကျန်းချန်သည် တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိလိုက်ပြီး မှိတ်ထားသော သူ၏ မျက်လုံးများကို ချက်ချင်းဆိုသလို ဖွင့်လိုက်၏။
“ဟုန်ထျန်းယန်က ငါချန်ထားပေးခဲ့တဲ့ ဓားစွမ်းအားကို အသုံးပြုလိုက်တာလား”
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောက ပျက်စီးသွားပြီးကတည်းကပင် တောင်ပိုင်းရှိ အင်မော်တယ် ကျင့်ကြံသူအားလုံးသည် ဟုန်ထျန်းယန်၏ ဦးဆောင်မှုအောက်တွင် သိုင်းပညာ ကျင့်ကြံခြင်း လောကကို အညံ့ခံခဲ့ကြသည်။
သူ ဤတစ်ခေါက် မြောက်ပိုင်းနယ်မြေကို လာစဥ်က တောင်ပိုင်းကို ဖြတ်သန်းလာခဲ့သော်လည်း မည်သည့် ထူးခြားမှုမှ မတွေ့ခဲ့ရပေ။
သို့သော်လည်း ယခုအခါတွင် ဟုန်ထျန်းယန်သည် သူချန်ထားပေးခဲ့သည့် ဓားစွမ်းအားကိုပင် အသုံးပြုလိုက်ရသည် ဖြစ်ရာ ဟုန်ထျန်းယန်သည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသည်မှာ သေချာသလောက်ပင်။
ကြည့်ရသည်မှာ တောင်ပိုင်းတွင် အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေပုံရ၏။
“သခင်လေး ကျန်းချန်”
ထိုအချိန်မှာပင် ဝူမုသည် ကျန်းချန် ဆီသို့ အလောတကြီး ပြေးလာခဲ့သည်။
ကျန်းချန်က ဝူမုကို ကြည့်ကာ ပြောလိုက်၏။
“တောင်ပိုင်းမှာ တစ်ခုခု ဖြစ်နေလို့လား”
“သခင်လေးကျန်းချန်က အရာရာကို သိနေတာပဲ”
ဝူမုက ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် လျင်မြန်စွာ ပြောလိုက်သည်။
“တောင်ပိုင်းမှာ နေထိုင်တဲ့ နတ်ဘုရင်တစ်ပါး ဆီကနေ ရှီဝမ်တောင်တန်းထဲမှာ ကပ်ဘေးအဆင့် အရှိန်အဝါကို ခံစားရတယ်လို့ သတင်းရတယ်”
“ကပ်ဘေးအဆင့် ကျင့်ကြံသူလား”
ကျန်းချန် အနည်းငယ် မှင်တက်သွားခဲ့သည်။
တောင်ပိုင်းရှိ ရှီဝမ်တောင်တန်းထဲတွင် ဇာတ်မြှုပ် နေထိုင်နေသည့် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ရှိနေသေးပါသလော။
အခန်း(၂၄၅၆)ပြီး၏။