ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ထုံရှန်းတောင်ကြားကနေ ထွက်ခွာကာ ထာဝရသက်ရှည်တောင်တန်း၏ တောင်ဘက်အရပ်ဆီသို့ အလျင်အမြန်ပင် ဦးတည်ခဲ့သည်။
ထုံရှန်တောင်ကြားမှ ထွက်ခွာပြီး သိပ်အဝေးကြီး မသွားရသေးမီမှာပင် ရင်းနှီးသော အရှိန်အဝါတစ်ခုက သူ့ထံသို့ လျင်မြန်စွာ ချဥ်းကပ်လာသည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။
ခဏအကြာတွင် ဟုန်ထျန်းယန်၏ ပုံရိပ်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
သို့သော်လည်း ဟုန်ထျန်းယန်နှင့် အတူ သန်မာသောအရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်နှစ်ခုကိုပါ တွေ့လိုက်ရသည်။
ဟုန်ထျန်းယန်၏ အမူအရာကို ကြည့်၍ ဟုန်ထျန်းယန်သည် ထိုနှစ်ယောက်၏ အကျဥ်းသား ဖြစ်နေသည်မှာ ထင်ရှားနေခဲ့သည်။
ထိုနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ လူငယ်နှစ်ယောက်သည် အလွန်တရာပင် သန်မာလွန်းနေခဲ့၏။
သူ၏ လက်ရှိခွန်အားဖြင့်ပင် ထိုနှစ်ယောက်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိနေခဲ့သည်။
ဆိုရလျှင် သူ့ရှေ့မှ လူငယ်နှစ်ယောက်သည် အနည်းဆုံး ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်နိုင်၏။
ထိုက်ချင်းဘိုးဘေးနှင့် နှိုင်းယှဥ်လျှင်ပင် ထိုနှစ်ယောက်က ပို၍ သာလွန်နေမည်ကို သူစိုးရိမ်မိသည်။
“ဒီမြောက်ပိုင်းနယ်မြေမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာတဲ့ အင်မော်တယ် ကျင့်ကြံသူတွေ ရှိနေရတာလဲ”
ကျန်းချန်က အံ့အားသင့်နေခဲ့သည်။
ထိုနှစ်ယောက်၏ အသက်အရွယ်က သူနှင့် မတိမ်းမယိမ်း ဖြစ်ပုံရသော်လည်း ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေသည်မှာ တကယ်ကို မယုံနိုင်စရာပင်။
အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရှိ ထိပ်တန်းပါရမီရှင်များ ပင်လျှင် သူ့ရှေ့မှ လူနှစ်ယောက်နှင့် နှိုင်းယှဥ်ရန် အလွန်တရာပင် အလှမ်းဝေး၏။
ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်မျိုးသည် ဤမြောက်ပိုင်းနယ်မြေတွင် မည်ကဲ့သို့ မွေးဖွားလာပါသနည်း။
ထို့အပြင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းနှင့် အဆုံးအဖြတ်တိုက်ပွဲဝင်ခဲ့စဥ်တွင် ထိုနှစ်ယောက်သည် အဘယ်ကြောင့် သူတို့ရှေ့၌ ပေါ်မလာခဲ့ကြပါသနည်း။
အကယ်၍သာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကို ထိုနှစ်ယောက်က ကူညီခဲ့မည် ဆိုလျှင် သူနှင့် ဝူကျန့်ထျန်း တို့သည် သေချာပေါက် ရှုံးနိမ့်သွားနိုင်ပေသည်။
သို့မဟုတ်လျှင် သူ့ရှေ့မှ လူနှစ်ယောက်သည် မြောက်ပိုင်းနယ်မြေမှ မဟုတ်ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီမှ ရောက်လာကြခြင်း ဖြစ်နိုင်ပါသလော။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်၏ စိတ်နှလုံးထဲတွင် အလွန်တရာ လေးလံသွားခဲ့သည်။
အကယ်၍ ထိုနှစ်ယောက်သာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အမှန်တကယ်လာခဲ့ခြင်း ဖြစ်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် မကြာမီမှာပင် နတ်ကုန်းမြေတိုက်သို့ ထပ်မံ ရောက်ရှိလာတော့မည်ကို စိုးရိမ်ရ၏။
ယင်းမှာ နတ်ဘုရားနယ်မြေ၏ အခြေအနေကို ပို၍ပင် ဆိုးရွားလာစေရန် ဖန်တီးလိုက်သကဲ့သို့ပင် မဟုတ်ပါလော။
“သခင်ကြီး”
ကျန်းချန်ကို မြင်လိုက်ရလျှင် ဟုန်ထျန်းယန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်နှင့် အတူ ခရီးထွက်ခဲ့စဥ်က ကျန်းချန်သည် ထိပ်တန်း ကျင့်ကြံသူများကို ကြက်သတ်သကဲ့သို့ သတ်ဖြတ်ခဲ့မှန်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ဟုန်ထျန်းယန်သည် သူသခင်ကြီး၏ အင်အား မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို အလွန် ရှင်းလင်းစွာ သိရှိထားခဲ့၏။
သူ့ရှေ့မှ လူနှစ်ယောက်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ကျန်းချန်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
ကျန်းချန်က ဟုန်ထျန်းယန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်စဥ်မှာပင် အထက်စီးဆန်သော အေးစက်စက် စကားသံ တစ်သံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
“မင်းက ဒီလူ့ဆီမှာ ဓားစွမ်းအား ချန်ထားရစ်ခဲ့တဲ့လူလား”
ကျန်းချန်က ပိန်ပါးပါး အမျိုးသားကို ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ဟုတ်တယ် ဓားစွမ်းအားကို ချန်ထားရစ်ခဲ့တဲ့လူက ငါပဲ.. မင်းတို့နှစ်ယောက်က ငါတို့ နတ်ဘုရားနယ်မြေက မဟုတ်ဘူးမလား”
“ဟမ့်.. ငါတို့က မင်းတို့လို အမှိုက်စကြဝဠာထဲက လူတွေ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ပိန်ပါးပါး အမျိုးသားက မထီမဲ့မြင် ပြုံးလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
“မင်းတို့ဆီမှာ ထာဝရသက်ရှည်တောင်လို့ ခေါ်တဲ့ တောင်တစ်တောင်ရှိတယ်လို့ ငါကြားထားတယ်.. မင်းအနေနဲ့ ထာဝရသက်ရှည်တောင် အကြောင်းကို သိမယ်လို့ ငါထင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ လူနှစ်ယောက်သည် နတ်ဘုရားနယ်မြေကို ယခင်က ကျူးကျော်ခဲ့ဖူးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများ ဖြစ်လိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအခါတွင် သူမျှော်လင့်ထားသည်ထက်ပင် လုံးဝကို ကျော်လွန်နေခဲ့၏။
စင်စစ် ထိုနှစ်ယောက်သည် ထာဝရသက်ရှည်တောင်တန်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
ထာဝရသက်ရှည်တောင်တန်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ၎င်း၏ မြင့်မြတ်သော စွမ်းအားများဖြင့် အင်မော်တယ်လောကကနေ နတ်ဘုရားနယ်မြေသို့ ရွှေ့ပြောင်းလာခဲ့သော တောင်တန်း ဖြစ်၏။
သို့ဆိုလျှင် သူ့ရှေ့မှ လူနှစ်ယောက်သည် အင်မော်တယ်လောကမှ လူများ ဖြစ်နိုင်ပါသလော။
“ထာဝရသက်ရှည်တောင်က ငါတို့ နတ်ဘုရားနယ်မြေရဲ့ အထွတ်အထိပ် တောင်တစ်တောင်ပဲ.. ဒဏ္ဍာရီတွေ အရတော့ အင်မော်တယ် ဖြစ်လာနိုင်မဲ့ အခွင့်အရေးရှိတဲ့ နေရာပေါ့.. ဒါပေမဲ့ ထာဝရသက်ရှည်တောင်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတော့ ငါလည်း အဲဒီတောင် အကြောင်းကို အများကြီး မသိဘူး”
ကျန်းချန်က ထိုသို့ ပြောလိုက်ပြီးနောက်တွင် ထိုနှစ်ဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။
“ဒါနဲ့ နေပါဦး.. မင်းတို့နှစ်ယောက်က ထာဝရသက်ရှည်တောင်တန်းကို ဘာဖြစ်လို့ ရှာနေတာလဲ ဆိုတာ သိလို့ရမလား”
“ငါတို့ဘာသာ ဘာအတွက်ပဲရှာရှာ မင်းသိဖို့ မလိုဘူး”
ပိန်ပါးပါး အမျိုးသားက စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းမသေချင်ဘူးဆိုရင် ထာဝရသက်ရှည်တောင်တန်းနဲ့ ပတ်သက်ပြီး မင်းသိထားတဲ့ အချက်အလက်တွေကို တစ်လုံးမကျန် ပြောပြစမ်း”
ပိန်ပါးပါး အမျိုးသား၏ အထက်စီးဆန်သော စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့သည်။
“တကယ်လို့ ငါက မပြောဘူး ဆိုရင်ရော”
ထာဝရသက်ရှည်တောင်တန်းကို ရှာနေသည့် ထိုနှစ်ယောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် ရောက်လာခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
ထို့အပြင် ထိုနှစ်ယောက်၏ အရှိန်အဝါသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အလွန်ပင် ကွဲပြားနေခဲ့၏။
ယင်းကြောင့် ထိုနှစ်ယောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် မိတ်ဆွေမဟုတ်ဘဲ ရန်သူများ ဆိုသည်မှာ ထင်ရှားနေခဲ့၏။
သို့ဖြစ်ရာ ကျန်းချန် အနေဖြင့် သူ့ရှေ့မှ လူနှစ်ယောက်ကို ထာဝရသက်ရှည်တောင်တန်း ထဲသို့ အလွယ်တကူ ခြေချခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
“အေးအေးဆေးဆေး ပြောနေတာကို နားမထောင်ချင်ဘူးကိုး”
ထိုစကားကို ပြောပြီးနောက်တွင် ပိန်ပါးပါး အမျိုးသား၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
ပိန်ပါးပါးအမျိုးသားက ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သောအနှစ်သာရ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ထိုအနှစ်သာရ စွမ်းအားများသည် မီးလျှံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် ချက်ချင်းဆိုသလို အနီရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်သည် ဆယ်ဆခန့် မြင့်တက်သွားခဲ့သည်။
တိုတောင်းသော အချိန်အတွင်းမှာပင် ဟင်းလင်းပြင်ရှိ မီတာတစ်သောင်း ဧရိယာသည် မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အပူရှိန်ကြောင့် အရာအားလုံးသည် ဘာမှ မကျန်ရှိတော့သည် အထိ အရည်ပျော်သွားတော့မည့် အလား ဖြစ်နေခဲ့၏။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင် ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ရေငတ်လာသလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိုင်းစွမ်းအား လည်ပတ်မှုသည်ပင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
“သိပ်ကိုအံ့ဩဖို့ ကောင်းတဲ့ မီးစွမ်းအားပါလား”
ပိန်ပါးပါး အမျိုးသားထံမှ ထွက်ပေါ်လာသည့် စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ပိန်ပါးပါး အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည် သူခန့်မှန်းထားသည့် အတိုင်းပင် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ချေပြီ။
ယင်းအပြင် ထိုလူသည် နောက်ခံ သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်များတွင် ထိုက်ချင်းဘိုးဘေးထက် ပို၍ သာလွန်နေခဲ့၏။
ဆိုရလျှင် သူ့ရှေ့မှ လူသည် သူရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်များထဲတွင် အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်သည်မှာ သေချာသလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ လက်ချောင်းများကို ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဓားအလင်းက ဟင်းလင်းပြင်ကို ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု အဖြစ် ဖြတ်တောက်သွားခဲ့သည်။
အက်ကွဲကြောင်းတွင် မမြင်နိုင်သော စွမ်းရည် ရှိပုံရပြီး ပိန်ပါးပါး အမျိုးသားထံမှ ထွက်ပေါ်လာသည့် ပူပြင်းသော စွမ်းအားများကို သီးခြား ခွဲထုတ်လိုက်၏။
ယင်းအခိုက်အတန့်တွင် ကောင်းကင်ယံထက်၌ ဆန်းကြယ်သော မီးကွင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်နှင့် ပိန်ပါးပါး အမျိုးသားကို ဗဟိုပြု၍ ဟင်းလင်းပြင် တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။
တစ်ဖက်တွင် မီးလျှံများ ရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်မူ တည်ငြိမ်အေးချမ်းသော စွမ်းအင်လှိုင်းများ ရှိနေခဲ့၏။
“မင်းက အတော် အစွမ်းအစရှိတာပဲ.. ဒီလို အမှိုက်စကြဝဠာကနေ မင်းလို ပါရမီရှင်တစ်ယောက်ကို မွေးဖွားလာနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကို အနည်းငယ် အံ့ဩသွားစေတာတော့ အမှန်ပဲ.. ဒါပေမဲ့ မင်းရဲ့အင်အားလောက်နဲ့ ငါ့ကို စိန်ခေါ်ဖို့က အရည်အချင်း မပြည့်မီသေးဘူး”
ပိန်ပါးပါး အမျိုးသားက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ ဟင်းလင်းပြင်ရှိ မီးလျှံစွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် ရူးသွပ်စွာ စုစည်းလာခဲ့ပြီး အဆုံးသတ်၌ လက်ရာမြောက်သော မီးကြာပန်းတစ်ပွင့် အဖြစ် ပြောင်းလဲသွားခဲ့သည်။
မီးကြာပန်း ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးကြားရှိ ပူပြင်းသော အရှိန်အဝါသည် ရုတ်တရက် နှစ်ဆခန့် မြင့်တက်သွားခဲ့သည်။
“သွားစမ်း”
ပိန်ပါးပါး အမျိုးသားက ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မီးကြာပန်းကို ကျန်းချန်ထံ ပစ်လွှတ်လိုက်သည်။
အခန်း(၂၄၅၇)ပြီး၏။