“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဟော်လင်း၏ ခန္ဓာကိုယ်သည် မီတာထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ဟော်လင်းက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရ၏။
သူ၏မျက်နှာတစ်ခုလုံးက အလွန်တရာပင် ဖြူဖျော့နေခဲ့သည်။
မကြာမီမှာပင် ဟော်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန် အစောပိုင်းက အသုံးပြုခဲ့သော ဓားကွက်သည် အင်မော်တယ်တံခါးကို ဖွင့်၍ အင်မော်တယ်လောကမှ အင်မော်တယ်တစ်ဦး၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဟော်လင်းကို ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ ထိုပုံရိပ်ယောင်တွင် အသိစိတ်ရှိနေခြင်း ဖြစ်ပြီး မီးလျှံ အင်မော်တယ်ဘုရင်၏ မျိုးဆက်မှန်း သူ့ကို တစ်ချက်ကြည့်ရုံနှင့်ပင် သိမြင်နိုင်ခဲ့ခြင်းပင်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အင်မော်တယ်လောကတွင်ပင် သာမန်လူ တစ်ဦး မဟုတ်နိုင်ပေ။
သူ့ရှေ့မှ လူသည် အင်မော်တယ်လောကရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရွေးချယ်ထားသော အမွေဆက်ခံသူ ဖြစ်နိုင်ပါသလော။
သို့ဆိုလျှင် အင်မော်တယ် လောကရှိ ပုဂ္ဂိုလ်ကြီး၏ အမွေဆက်ခံသူသည် အင်မော်တယ်များပင် မွေးဖွားရန် ခက်ခဲသော အမှိုက်စကြဝဠာထဲတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။
ယခုအခါတွင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။
ယင်းမှာ ထိုကောင်လေးတွင် ဤလောကသို့ ရောက်ရှိလာခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ် အမွေအနှစ် ရှိနေခြင်းပင်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကရှိ နံပါတ်တစ် အင်မော်တယ်ဘုရင် ဖြစ်ပြီး အင်မော်တယ်ဧကရာဇ် အဆင့်နှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်သည်။
ထို့ကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သော အမွေအနှစ်သည် အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်များ အတွက်ပင် အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့၏။
ယင်းအတွက်ကြောင့်လည်း မီးလျှံ အင်မော်တယ်ဘုရင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သဲလွန်စကို အမြဲမပြတ် လိုက်လံစုံစမ်းခဲ့ခြင်း ဖြစ်ပြီး ကုန်ကျစရိတ် အမြောက်အများ အကုန်အကျခံကာ ဤစကြဝဠာသို့ သူတို့ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ယခု ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ် သဲလွန်စကို မျက်မြင်တွေ့နေရပြီ ဖြစ်ရာ ဟော်လင်း အနေဖြင့် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါအံ့နည်း။
“ဟော်ယောင်.. သူ့ကို အခုချက်ချင်းသတ်လိုက်”
ဟော်လင်း၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး နံဘေးရှိ သိမ်းငှက်မျက်လုံးနှင့် အမျိုးသားကို အလျင်အမြန် ပြောလိုက်သည်။
သူက အစောပိုင်းတွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သဖြင့် ခန္ဓာကိုယ်တွင် ခွန်အား မရှိတော့ပေ။
ထို့အပြင် ကျန်းချန်၏ နောက်ဆုံးဓားချက်ကြောင့် သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ဆက်လက် တိုက်ခိုက်နိုင်စွမ်းလည်း မရှိတော့ချေ။
သူ၏ လက်ရှိ အခြေအနေက ဆိုးရွားသော်လည်း တစ်ဖက်မှ ကောင်လေး၏ အခြေအနေကလည်း သူနှင့် သိပ်မကွာပေ။
သို့သော်လည်း သူ၏ နံဘေးရှိ ဟော်ယောင်ကမူ အင်အားအပြည့်အဝ ရှိနေဆဲ ဖြစ်၏။
အင်အားအရ ဆိုလျှင် ဟော်ယောင်သည် သူ့ထက် အနည်းငယ်သာ နိမ့်ကျသူ ဖြစ်သည်။
ဟော်ယောင်၏ အင်အားဖြင့်သာ ဆိုလျှင် ယခုအချိန်တွင် တစ်ဖက်မှ ကောင်လေးကို ကိုင်တွယ်ရန်မှာ အလွန်တရာလွယ်ကူလှသည် မဟုတ်ပါလော။
“ဟော်လင်း.. ငါ့အမြင်တော့ ဒီကိစ္စကို မေ့လိုက်တာ ပိုကောင်းမယ် ထင်တယ်”
ဟော်ယောင်က ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
တစ်ဖက်မှ ကောင်လေးသည် ဤကဲ့သို့ စကြဝဠာထဲတွင် ဤအဆင့်အထိ ကြီးထွားလာနိုင်ပုံ ထောက်လျှင် သာမန်လူ တစ်ဦး သေချာပေါက် မဖြစ်နိုင်ပေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အင်မော်တယ်လောကမှပင် အလွန်တရာ ရှားပါးသည့် ပါရမီရှင်များ ဖြစ်ကြ၏။
ယင်းအပြင် ထိုကောင်လေးသည် ဟော်လင်းနှင့် တိုက်ခိုက်ရာတွင် အလွန်တရာ အစွမ်းထက်သော အင်မော်တယ်ဓားသိုင်းများကို အသုံးပြုခဲ့သည်။
ထို့ကြောင့် ထိုကောင်လေး၏ နောက်ကွယ်တွင် ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ပါး သေချာပေါက် ရှိနေလိမ့်မည်ဟု ဟော်ယောင် ခပ်ရေးရေး ခံစားမိခဲ့သည်။
အထူးသဖြင့် နောက်ဆုံးဓားကွက်သည် အင်မော်တယ်တံခါးကို ဖွင့်လှစ်ကာ အင်မော်တယ်ပုံရိပ်ကိုပင် ဆင့်ခေါ်နိုင်ခဲ့သည် မဟုတ်ပါလော။
ထိုအင်မော်တယ်ပုံရိပ်သည် သူတို့၏ နောက်ခံကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ရုံသာမက သူ့ကိုယ်သူလည်း ဧကရာဇ်ဟု သုံးနှုန်းခဲ့သည်။
သိထားရမည့်အချက်မှာ အင်မော်တယ်လောကတွင် အဆင့်အတန်း ခွဲခြားမှုသည် အလွန်တရာပင် ပြင်းထန်လှပြီး လူတိုင်းသည် ဧကရာဇ်ဟု သုံးနှုန်း၍ မရပေ။
ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်များ၏ အထက်တွင် ရှိသော အင်မော်တယ်ဧကရာဇ် သာလျှင် ဧကရာဇ်ဟု သုံးနှုန်းပိုင်ခွင့် ရှိသည်။
တစ်နည်းဆိုရလျှင် ထိုကောင်လေး အင်မော်တယ်တံခါးကိုဖွင့်၍ ဆင့်ခေါ်လိုက်သော ပုံရိပ်သည် ဒဏ္ဍာရီလာ အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်နိုင်ခြေ အလွန်များ၏။
အင်မော်တယ်ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနိုင်သည့် ပုဂ္ဂိုလ်မျိုးကို သူတို့၏ ဆရာ ဖြစ်သည့် မီးလျှံ အင်တယ်ဘုရင် ပင်လျှင် အနည်းငယ် ကြောက်ရွံ့ရပေလိမ့်မည် မဟုတ်ပါလော။
ယနေ့တွင် သူတို့သာ ထိုကောင်လေးကို အမှန်တကယ် သတ်ဖြတ်ပြီး ထိုကောင်လေး၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကြီးကို ဒေါသထွက်စေခဲ့လျှင် မီးလျှံအင်မော်တယ် မျိုးနွယ်စုတစ်ခုလုံး အတွက် ဘေးအန္တရာယ်များ သယ်ဆောင်လာနိုင်ပေသည်။
ဟော်ယောင်၏ စကားကိုကြားလျှင် ဟော်လင်း၏ မျက်နှာက သုန်မှုန်သွားခဲ့သည်။
“ဟော်ယောင်.. ဒီကိစ္စမှာ အရာအားလုံးကို စီမံခန့်ခွဲဖို့ ဆရာက ငါ့ကို တာဝန်ပေးထားတယ် ဆိုတာ မင်းမမေ့နဲ့.. ဒီကောင်လေးကို အခုချက်ချင်း သတ်ဖို့ ငါမင်းကို အမိန့်ပေးတယ်”
ဟော်ယောင်က မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း အဆုံးသတ်တွင် ရှေ့သို့ ခြေလှမ်းလိုက်ရာ ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“မိတ်ဆွေ.. ငါတို့ နှစ်ယောက် ဒီကိုလာတာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ သဲလွန်စကို ရှာဖွေဖို့ သက်သက်ပါပဲ.. မင်းသာ အမှန်အတိုင်း ပြောပြမယ်ဆိုရင် မင်းကို ရန်မပြုဘူးလို့ ငါတို့ ကတိပေးတယ်”
“ငါထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို မသိဘူး.. သိလည်း ပြောစရာ ဘာအကြောင်းမှ မရှိဘူး”
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. မင်းတို့ သိထားရမှာက နတ်ဘုရားနယ်မြေ ဆိုတာ မင်းတို့တွေ စိတ်ကြိုက်ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး.. အခုချက်ချင်း ငါ့ရှေ့က ထွက်သွားမယ် ဆိုရင် မင်းတို့ရဲ့ အသက်ကို ကယ်တင်ဖို့ အချိန်မီသေးတယ်”
“မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
ဟော်ယောင်က အေးစက်စက် ရေရွတ်လိုက်ပြီး အဆုံးမဲ့မီးလျှံများ ဝန်းရံနေသော လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
သူက ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
အစောပိုင်းက ဟော်လင်းနှင့် တိုက်ပွဲတွင် ကျန်းချန်၏ ခန္ဓာကိုယ်ရှိ ခွန်အားများသည် ကုန်ဆုံးသွားခဲ့၍ ယခုအခါတွင် ကျန်းချန်သည် အားနည်းသော အချိန်ကာလကို ရောက်ရှိနေခဲ့သည်။
သူ၏ လက်ရှိ အခြေအနေဖြင့် အင်အားအပြည့်အဝ ရှိသော ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရာတွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိခဲ့ပေ။
“မင်းရဲ့ ပါရမီက အနှိုင်းမဲ့ ဖြစ်နေပေမဲ့လည်း မင်းရဲ့ လက်ရှိ အခြေအနေအရတော့ မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး”
ဟော်ယောင်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့အမွေအနှစ်က ထာဝရသက်ရှည်တောင်တန်းထဲမှာ ရှိနေလောက်တယ်.. အဲဒီအမွေအနှစ်ကို ကူရှာပေးမယ်ဆိုရင် မင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါကတိပေးတယ်”
“အိပ်မက်သာ မက်နေလိုက်”
ကျန်းချန်၏ မျက်ဝန်းထဲတွင် ပြင်းထန်သော ဒေါသရိပ်များ လင်းလက်သွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ် အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်တိုင် တစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။
“အင်မော်တယ်ကျောက်တိုင်.. အခုအချိန်မှတော့ ငါ မင်းကိုပဲ အားကိုးရတော့မယ်.. မင်းသာ မင်းရဲ့ အစွမ်းကို မပြဘူးဆိုရင် ဒီနေ့ ငါဒီနေရာမှာပဲ အဆုံးသတ်ရတော့မယ် ထင်တယ်”
ကျန်းချန်က သူ၏ လက်ဖဝါးပေါ်မှ အင်မော်တယ်ကျောက်တိုင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်ရန်ပင် ခက်ခဲလှသည် ဖြစ်ရာ ဟော်ယောင်နှင့် ယှဥ်ပြိုင်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
လက်ရှိအချိန်တွင် သူ့အနေဖြင့် ထိုက်ချင်းဘိုးဘေးနှင့် ရင်ဆိုင်ရစဥ်ကကဲ့သို့ အင်မော်တယ်ကျောက်တိုင်က သူ့ဘာသာ အင်အားများကို ပေါက်ကွဲစေနိုင်မှသာ ဤအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
“ဧကရာဇ်ရှချင်းက မင်းလို အားနည်းတဲ့ကောင်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး.. အကြောင်းကိစ္စ တချို့ကြောင့် ငါ့ဘာသာ လှုပ်ရှားမယ်ဆိုရင် မင်းအတွက် ပိုပြီး ဒုက္ခဖြစ်စေလိမ့်မယ်.. ဒါက ငါမင်းကို နောက်ဆုံးအကြိမ် ကူညီပေးတာပဲ...နောက်ဆိုရင်တော့ မင်းဘာသာမင်းပဲ အားကိုးရလိမ့်မယ်”
ထိုအခိုက်အတန့်တွင် အနည်းငယ် စိတ်ပျက်စွာ ရေရွတ်လိုက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။
မကြာမီမှာပင် သူ၏ လက်ဖဝါးပေါ်မှ အင်မော်တယ်ကျောက်တိုင်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်စွမ်းရှိသော နတ်ဘုရား ကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဟော်ယောင်ထံ တိုးဝင်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တားမြစ်ခံလိုက်ရသည့်နှယ် ဖြစ်သွားခဲ့ပြီး ဟင်းလင်ပြင် တစ်ခုလုံးအေးခဲသွားခဲ့သည်။
ထိုအချိန်တွင် ဟောင်ယောင်သည် လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။
သူက သူ့ထံသို့ တဖြည်းဖြည်း ချဥ်းကပ်လာသော နတ်ဘုရားကျောက်တိုင်ကြီးကို ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
“မသတ်ပါနဲ့”
ဟော်ယောင်၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ်ကျောက်တိုင်ပေါ်မှ အင်မော်တယ် အလင်းတန်းများ အောက်တွင် နစ်မြုပ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟောင်ယောင်၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်သည် ပေပေါင်းတစ်သောင်း မြင့်မားသည့် နတ်ဘုရား ကျောက်တိုင်အောက်တွင် မည်သည့် အစအနမှ မကျန်ရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ဤသို့ဖြင့် အင်မော်တယ်လောကမှ ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင် တစ်ဦးသည် အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့တော့သည်။
အခန်း(၂၄၅၉)ပြီး၏။