“အင်မော်တယ်လက်နက်ပါလား”
ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ကျောက်တိုင်ဖြင့် ဟော်ယောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ဟော်လင်းသည် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
“ထွက်ပြေးမှဖြစ်မယ်”
ဟော်လင်းသည် သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိတ်လန့်နေသော ငှက်တစ်ကောင် ကဲ့သို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
အင်မော်တယ်လက်နက်သည် အလွန်တရာ အစွမ်းထက်သောလက်နက် ဖြစ်သည်။
အင်မော်တယ်လက်နက်ထဲတွင် အမြင့်မြတ်ဆုံး အင်မော်တယ်စွမ်းအားများ ကိန်းအောင်းနေ၍ မဟာယာနအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ ခုခံနိုင်စွမ်း မရှိပေ။
သူက ယခုအခါတွင် ဒဏ်ရာ အပြင်းအထန် ရရှိထားသည်ကို မဆိုနှင့်၊ အထွတ်အထိပ် အခြေအနေတွင် ရှိနေစေကာမူ အင်မော်တယ်လက်နက်၏ စွမ်းအားကို ရင်ဆိုင်ရန် ခဲယဥ်းလိမ့်မည် ဖြစ်၏။
“မင်းထွက်ပြေးနိုင်မယ် ထင်နေလား.. ဒီနေရာကို ရောက်လာမှတော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထာဝရထားခဲ့ရလိမ့်မယ်”
ကျန်းချန်၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
သူက အင်မော်တယ်ကျောက်တိုင်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်ကာ ထွက်ပြေးသွားသော ဟော်လင်းကို သတ်ဖြတ်ရန် စေလွှတ်လိုက်သည်။
ဟော်လင်းသည် အင်မော်တယ်လောကမှ လာခြင်း ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ပတ်သက်၍ ရောက်ရှိလာခြင်းဖြစ်သည်။
ယင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူတို့နတ်ဘုရားနယ်မြေတွင် ရောက်ရှိနေပြီဟု အင်မော်တယ်လောကတွင် ခန့်မှန်းမိသူများ ရှိနေပြီ ဖြစ်မှန်း သက်သေပြရန် လုံလောက်နေခဲ့၏။
အကယ်၍ ထိုလူကိုသာ ထွက်ပြေးခွင့် ပေးလိုက်လျှင် ထိုလူ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်များသည် ဤနေရာ၏ အခြေအနေကို သိသွားကြလိမ့်မည် ဖြစ်ပြီး နတ်ဘုရားနယ်မြေသို့ ပို၍ အစွမ်းထက်သော သူများကို စေလွှတ်လာပေလိမ့်မည်။
အင်မော်တယ်လောကမှ အစွမ်းထက် ကျင့်ကြံသူများသာ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့လျှင် ယင်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်သည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကပ်ဘေးတစ်ခုကို ဖြစ်လာစေလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် မည်သည့် အဖိုးအခပင် ပေးဆပ်ရပါစေ၊ ကျန်းချန်သည် ထိုလူကို ယနေ့တွင် သေချာပေါက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
“ဝုန်း.. ဝုန်း..”
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် အင်မော်တယ်ကျောက်တိုင်ကနေ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကြီးမားသော နေရာလွတ် အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုနေရာလွတ် အက်ကွဲကြောင်းသည် ကျန်းချန်၏ရှေ့ကနေ ဟော်လင်း ရှိရာ နေရာဆီ လျင်မြန်စွာ ဆန့်ထွက်သွားခဲ့ပြီး ဟော်လင်းနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင်ကို ဝါးမျိုပစ်လိုက်၏။
ထိုအခိုက်အတန့်တွင် နေရာလွတ် အက်ကွဲကြောင်းထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းစောင့်နေလိုက်.. ငါတို့ မီးလျှံအင်မော်တယ်ဘုရင် မျိုးနွယ်စုက မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာမဟုတ်ဘူး”
ကျန်းချန်က ဟော်လင်း ဝါးမျိုခံလိုက်ရသည့် နေရာကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
သူ၏ စိတ်နှလုံးက အလွန်တရာပင် လေးလံနေခဲ့၏။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည် နိုးထလာပြီးနောက်တွင် နယ်မြေအားလုံး ပေါင်းစည်းပြီး တစ်သားတည်း ဖြစ်သွားခဲ့ရာ ထာဝရဟင်းလင်းပြင်ထဲမှ ဟင်းလင်းပြင် သားရဲများသည် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာကြပြီး ကြီးမားသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် ယခင်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ဖူးသည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည်လည်း တစ်ကျော့ပြန် ရောက်ရှိလာနိုင်ခြေ အလွန်များနေခဲ့၏။
ယခုအခါတွင် စကြဝဠာ၏ အရင်းအမြစ် ဖြစ်သော အင်မော်တယ်လောကသည်ပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ တည်ရှိမှုကြောင့် နတ်ဘုရားနယ်မြေသို့ လူများ စေလွှတ်လာခဲ့ချေပြီ။
ယနေ့ခေတ် နတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် ပြဿနာများစွာနှင့် ရင်ဆိုင်နေရ၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများနှင့် အင်မော်တယ်လောကမှ လူများ အနေဖြင့် နတ်ဘုရားနယ်မြေသို့ နောက်ကျမှ ရောက်လာစေရန်နှင့် နတ်ဘုရားနယ်မြေ လျင်မြန်စွာ တိုးတက်လာရန် အတွက် အချိန်အနည်းငယ် ရစေရန်သာ ကျန်းချန် ဆုတောင်းနေမိသည်။
သို့မဟုတ်လျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် ၎င်းတို့ကို ရင်ဆိုင်နိုင်ရန်မှာ အမှန်တကယ်ပင် ခဲယဥ်းပေလိမ့်မည်။
အင်မော်တယ်လောကမှ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်နှစ်ဦးကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် မြောက်ပိုင်းနယ်မြေတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီး ထပ်မံ၍ ခြိမ်းခြောက်မှု မရှိတော့ကြောင်း အတည်ပြုပြီးနောက်မှသာ ဟင်းလင်းပြင် သားရဲဘုရင်နှင့်အတူ အလယ်ပိုင်းဒေသသို့ ပြန်လာခဲ့သည်။
---------------------
ကျန်းချန်က လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရောက်ရှိပြီးနောက်တွင် သူ့ဖခင် ကျန်းဝူရနှင့် သွားရောက် တွေ့ဆုံကာ နတ်ဘုရားနယ်မြေ၏ လက်ရှိ အခြေအနေကို မေးမြန်းခဲ့သည်။
နတ်ဘုရားနယ်မြေတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် ထာဝရဟင်းလင်းပြင်မှ ဟင်းလင်းပြင်သားရဲများသည် နတ်ကုန်းမြေတိုက်သို့ အဆက်မပြတ် ဝင်ရောက်လာခဲ့ကြသည်။
ယခုအခါတွင် အလယ်ပိုင်းနယ်မြေသည် ဟင်းလင်းပြင် သားရဲများ၏ တိုက်ခိုက်မှုကို မခံရသေးသော်လည်း အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများကမူ ဟင်းလင်းပြင် သားရဲများ ပေါ်ထွက်လာမှုကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေခဲ့သည်။
လနတ်နန်းတော်၏ သခင်မ မင်ယွဲ့ရှင်းသည် လနတ်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ အနောက်ပိုင်းနယ်မြေသို့ စစ်ကူ သွားရောက်နေခဲ့၏။
ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်လည်း အစွမ်းထက် ကျင့်ကြံသူများကို ကိုယ်စီ ဦးဆောင်ကာ အရှေ့ပိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်မြေသို့ စစ်ကူပေးရန် သွားရောက်ခဲ့ကြသည်။
သို့သော်လည်း ထာဝရဟင်းလင်းပြင်ထဲတွင် နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိရသည့် ဟင်းလင်းပြင်သားရဲလှိုင်း၏ အင်အားသည် အလွန်တရာပင် ကြီးမားနေခဲ့သည်။
လက်ရှိတွင် နတ်ဘုရားနယ်မြေသည် အသာစီး ရရန် ခက်ခဲနေဆဲပင်။
လနတ်နန်းတော် သခင်မ မင်ယွဲ့ရှင်း ရှိနေသော အနောက်ပိုင်းနယ်မြေက လွဲ၍ အရှေ့ပိုင်းနှင့် တောင်ပိုင်းနယ်မြေ၏ အခြေအနေသည် အလွန်တရာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။
အထူးသဖြင့် ဝူကျန့်ထျန်းတို့ စစ်ကူ သွားရောက်ခဲ့သော တောင်ပိုင်းနယ်မြေသည် ဟင်းလင်းပြင် သားရဲများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် ကျဆုံးခဲ့ရသည်။
ကျန်းချန်က အခြေအနေများကို သိရှိပြီးနောက်တွင် သူ၏ လက်အောက်ခံ ဖြစ်သည့် ဟင်းလင်းပြင်သားရဲဘုရင်နှင့် အတူ အရှေ့ပိုင်းနယ်မြေသို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။
နတ်ကုန်းမြေတိုက်၏ အရှေ့ပိုင်းနယ်မြေသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ယခင်တစ်ကြိမ် ကျူးကျော်ခဲ့စဥ်ကတည်းကပင် ကြီးမားသော ထိခိုက်မှုများ ရှိခဲ့သည်။
ထိုကျူးကျော်မှုအတွင်း ဝိညာဥ်နန်းတော် ဖျက်ဆီးခံလိုက်ရပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း နှင့် ကျီမျိုးနွယ်စု တို့သည် အရှေ့ပိုင်းနယ်မြေကနေ အလယ်ပိုင်း နယ်မြေသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
ထို့ကြောင့် အရှေ့ပိုင်းနယ်မြေတွင် ဟောင်ထျန်းဓားဂိုဏ်းနှင့် ချင်းလွမ်မျိုးနွယ်စုတို့သာ ကျန်ရှိတော့၏။
အရှေ့ပိုင်းနယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု ကျူးကျော်စဥ်ကထက် ဆယ်ဆကျော် ပိုမို အင်အားကြီးမားသော ဟင်းလင်းပြင် သားရဲများနှင့် ရင်ဆိုင်ရ၍ မည်သို့မှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ရက်အနည်းငယ် အတွင်းမှာပင် အရှေ့ပိုင်းနယ်မြေ၏ သုံးပုံနှစ်ပုံခန့်သည် ဟင်းလင်းပြင် သားရဲများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဝူကျန့်ထျန်းက အလယ်ပိုင်းနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများနှင့်အတူ အချိန်မီရောက်ရှိလာခဲ့၍ အခြေအနေက အနည်းငယ် တည်ငြိမ်သွားခဲ့၏။
သို့သော်လည်း အရှေ့ပိုင်းနယ်မြေတွင် ပေါ်လာခဲ့သော ဟင်းလင်းပြင် သားရဲများသည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့သည်။
ရှင်းလင်းစွာ ဆိုရလျှင် ဝူကျန့်ထျန်းတို့ ရောက်ရှိလာသည့်တိုင် ဟင်းလင်းပြင် သားရဲများကို အသာစီး မယူနိုင်ခဲ့ဘဲ ဟင်းလင်းပြင် သားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားခဲ့ရသည်။
ရလဒ်အနေဖြင့် အခြေအနေက ပို၍ပင် စိုးရိမ်စရာ ကောင်းလာခဲ့၏။
ချင်းလွမ်မျိုးနွယ်စု၏ အစည်းအဝေးခန်းမ ထဲတွင် ဝူကျန့်ထျန်းနှင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ စုဝေးနေခဲ့ကြသည်။
ဤနေရာရှိ ပတ်ဝန်းကျင်နှင့် လေထုသည် အလွန်တရာပင် လေးလံနေပုံရ၏။
“စီနီယာဝူ.. သိပ်မကြာခင်မှာ ဟင်းလင်းပြင်သားရဲတွေက ချင်းလွမ်မျိုးနွယ်စုကို တိုက်ခိုက်လာတော့မယ်.. ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် သူတို့ကို ယှဥ်နိုင်ဖို့ ခဲယဥ်းမှာတောင် စိုးရိမ်မိတယ်”
ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရင်၏ မျက်နှာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ယခင်တစ်ကြိမ် ကျူးကျော်မှုတွင် သူတို့သည် အလွန်ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီးမှသာ အဆုံးသတ်တွင် ဟင်းလင်းပြင်နတ်ဆိုးများကို တွန်းလှန်နိုင်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တွန်းလှန်ပြီး ပြန်လည်နာလန်ထူရန် အချိန်မရသေးမီမှာပင် ဟင်းလင်းပြင်သားရဲများက တစ်ဖန်ကျူးကျော်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထို့အပြင် ယခုတစ်ကြိမ်အခြေအနေသည် ယခင်တစ်ကြိမ်ထက်ပင် ပို၍ ပြင်းထန်နေခဲ့သည်။
အနည်းငယ်မျှ ပေါ့ဆမိလျှင်ပင် အရှေ့ပိုင်းနယ်မြေ တစ်ခုလုံး လုံးဝ ပျက်စီးသွားနိုင်ခြေ ရှိနေခဲ့သည်။
“ဟုတ်တယ် စီနီယာဝူ.. ဟင်းလင်းပြင်သားရဲတွေရဲ့ အင်အားက အရမ်းကို ကြီးမားလွန်းတယ်.. ငါတို့ အလယ်ပိုင်းနယ်မြေဆီကနေ စစ်ကူတောင်းမှ ဖြစ်မယ်.. ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင်တော့ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေသလို ဖြစ်နေမှာပဲ”
အရှေ့ပိုင်းနယ်မြေမှ နတ်ဘုရင် တချို့ကလည်း ထိုစကားကို ထောက်ခံခဲ့ကြသည်။
ဤအချိန်တွင် ဝူကျန့်ထျန်းသည် မျက်မှောင်ခပ်တင်းတင်းကြုတ်နေခဲ့သည်။
ဝူကျန့်ထျန်းသည် နတ်ကုန်းမြေတိုက်၏ လက်ရှိအခြေအနေကို အလွန်ရှင်းလင်းစွာ သိရှိထားခဲ့သည်။
ယခုအခါတွင် အလယ်ပိုင်းနယ်မြေရှိ အင်အားစုများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကို အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများသို့ စစ်ကူစေလွှတ်ထား၏။
သို့သော်လည်း ဟင်းလင်းပြင် သားရဲများ၏ ပြင်းထန်သော ထိုးစစ်နှင့် ရင်ဆိုင်ရသောအခါတွင် ဝူကျန့်ထျန်း ပင်လျှင် မည်သို့မျှ မတတ်နိုင်သလို ခံစားနေရသည်။
သူတို့၏ လက်ရှိအင်အားနှင့် ဟင်းလင်းပြင် သားရဲများကြားမှ ကွာခြားချက်သည် အလွန်တရာပင် ကြီးမားလွန်းနေခဲ့သည်။
လက်ရှိအချိန်တွင် တစ်ခုတည်းသော နည်းလမ်းမှာ အရှေ့ပိုင်းနယ်မြေကို စွန့်လွှတ်ပြီး အလယ်ပိုင်းနယ်မြေသို့ ဆုတ်ခွာရန်ပင် ဖြစ်၏။
အကယ်၍ သူတို့သာ ဟင်းလင်းပြင် သားရဲများနှင့် ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် တစ်ခုတည်းသောရလဒ်မှာ တပ်ဖွဲ့တစ်ခုလုံး အစုလိုက် အပြုံလိုက် သေကြေပျက်စီးသွားရန်သာ ရှိပေတော့သည်။
ဝူကျန့်ထျန်းက ဆုတ်ခွာရန် အမိန့်ပေးတော့မည့် ဆဲဆဲမှာပင် ပြင်းထန်သော သားရဲဟိန်းဟောက်သံကြီး တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သားရဲဟိန်းဟောက်သံကို ကြားလိုက်ရလျှင် ဝူကျန့်ထျန်းနှင့်အခြားသူများသည် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားကြပြီး အသံလာရာ အရပ်ဆီသို့ ကြည့်လိုက်ကြ၏။
ဟင်းလင်းပြင်သားရဲများသည် သူတို့ကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ချေပြီ။
အခန်း(၂၄၆၀)ပြီး၏။