"ဒီအရောအနှောမျိုးရိုးဗီဇတွေက ကျွန်တော်တို့အပေါ် ဘယ်လိုသက်ရောက်နိုင်တာလဲ"
ချိုးကုံရုံက လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ "သက်ရောက်မှုက အတော်လေး ကြီးတယ်"
"မင်း အစွမ်းနိုးထတာ မအောင်မြင်တဲ့ ဘီလူးတွေကို မြင်ဖူးမှာပေါ့"
"မြင်ဖူးတယ်"
"အရမ်း ကြောက်စရာကောင်းတယ် မဟုတ်လား... သူတို့ ဘာကြောင့် ရူးသွပ်သွားရလဲဆိုတာကို မင်း သိလား"
လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားသည့် အမူအရာ ထွက်ပေါ်လာသည်။
"အရောအနှောမျိုးရိုးဗီဇတွေရဲ့ သက်ရောက်မှုကြောင့်လား"
ချိုးကုံရုံက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုတ်တယ်... မင်းလည်း အစွမ်းပိုင်ရှင်ပဲလေ... အစွမ်းတွေ နိုးထလာတဲ့အချိန်မှာ ဦးနှောက်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မရေမတွက်နိုင်တဲ့ အသံတွေ... မရေမတွက်နိုင်တဲ့ အတွေးတွေ... မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ် အကြွင်းအကျန်တွေ... မင်းရဲ့ ခေါင်းကို ပေါက်ကွဲထွက်သွားစေမယ့်... မင်းရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်မျိုးကို မင်းလည်း နက်နက်ရှိုင်းရှိုင်း ခံစားဖူးမှာပေါ့"
လင်းယွမ် "..."
ချိုးကုံရုံက လင်းယွမ်သူ့ကို စကားမပြောသည်ကို မြင်သောအခါ သူကသာ ဆက်ပြောလိုက်သည်။
"အဲ့ဒီ အတွေးမှားတွေ... တီးတိုးပြောသံတွေ... အကြွင်းအကျန်တွေ အားလုံးက အရောအနှောမျိုးရိုးဗီဇတွေရဲ့ နှောင့်ယှက်မှုတွေပဲ... သူတို့က အရောအနှောမျိုးရိုးဗီဇအဖြစ် ကျဆင်းသွားတာကို သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး... ဒါကြောင့် မင်း နိုးထလာတဲ့အချိန်မှာ သူတို့ ရှိနေကြောင်းကို မင်းဆီကို အရူးအမူး ရိုက်သွင်းပြီး သူတို့ကို ရွေးချယ်စေဖို့ မျှော်လင့်ကြတာပဲ"
"မရေမတွက်နိုင်တဲ့ မျိုးရိုးဗီဇ အချက်အလက်တွေက မင်းရဲ့ ဦးနှောက်ထဲကို ဝင်ရောက်လာတဲ့အခါ တချို့လူတွေက တောင့်ခံနိုင်ပြီး အစွမ်းတွေကို အောင်မြင်စွာ နိုးထလာနိုင်ခဲ့တယ်"
"တချို့လူတွေကတော့ တောင့်မခံနိုင်ဘဲ အသိစိတ် လုံးဝ ပြိုကွဲသွားပြီး... ဒီမျိုးရိုးဗီဇ အကြွင်းအကျန်တွေရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတယ်... အဲ့ဒီအခါ အသက်ဝင်နေတဲ့ အလောင်းကောင်တွေလို ဖြစ်သွားပြီး ဒီမျိုးရိုးဗီဇတွေရဲ့ ဗီဇစိတ်အတိုင်း... တခြားမျိုးရိုးဗီဇတွေကို အရူးအမူး လိုက်လံ အမဲလိုက်ကြတော့တာပဲ"
"တခြားမျိုးရိုးဗီဇတွေကို အမဲလိုက်တယ်"
"လူတွေကို စားစုပ်ယူတာကို ပြောတာ"
ချိုးကုံရုံက ပြောလိုက်သည်။ "တကယ်တော့... ငါတို့က အပြင်က အသွေးအသားတွေကို စားစုပ်ယူပြီး... ငါတို့ လိုအပ်တဲ့ မျိုးရိုးဗီဇတွေကို စုပ်ယူတဲ့အခါမှာ... မလွဲမသွေပဲ အမျိုးမျိုးသော အရောအနှောမျိုးရိုးဗီဇတွေကိုပါ စုပ်ယူမိနေကြတယ်"
"ဒီအရောအနှောမျိုးရိုးဗီဇတွေကလည်း ငါတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေကြတယ်"
"မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းရမယ့် အချိန်ရောက်လာတဲ့အခါ... ဒီအရောအနှောမျိုးရိုးဗီဇတွေက ကြောက်စရာကောင်းတဲ့ ခွန်အားတွေကို တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်ပြီး... ငါတို့ရဲ့ အသိစိတ်ကို သက်ရောက်စေတယ်"
"ဒီလို အခြေအနေမျိုးမှာ လူအများစုက... အရောအနှောမျိုးရိုးဗီဇတွေရဲ့ နှောင့်ယှက်မှုကို ခံရပြီး... မျိုးရိုးဗီဇမျိုးစေ့ကို အောင်မြင်အောင် မစုစည်းနိုင်ကြတော့ဘူး... ဒါကြောင့် ဘီလူးတွေအဖြစ်တောင် ပြောင်းလဲသွားတတ်ကြတယ်"
"ဒီလို အချိန်မျိုးမှာဆိုရင်... များသောအားဖြင့် အဓိက အရည်အသွေးက... အမှတ် ၅၀ နား ကပ်နေတဲ့ အစွမ်းပိုင်ရှင်တွေက... နိုးထဖို့ အောင်မြင်နိုင်ခြေ ပိုများတယ်"
"ဘာလို့လဲဆိုတော့... အဓိက အရည်အသွေးက အမှတ် ၅၀ ပြည့်သွားတယ်ဆိုတာ... မင်း ခန္ဓာကိုယ်ထဲက အဓိက မျိုးရိုးဗီဇက... အမြင့်ဆုံး အတိုင်းအတာကို ရောက်ရှိသွားပြီ ဖြစ်လို့... အရောအနှောမျိုးရိုးဗီဇတွေရဲ့ သက်ရောက်မှုကို ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြနေလို့ပဲ"
"သာမန်အားဖြင့်... အဓိက အရည်အသွေး အမှတ် ၅၀ ရှိတဲ့ အစွမ်းပိုင်ရှင်တွေက... ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ကြတယ်"
"ရာခိုင်နှုန်း အပြည့် မဟုတ်ဘူးလား" လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။
ချိုးကုံရုံက မျက်စောင်းထိုးလိုက်သည်။ "ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်း အပြည့် ဖြစ်နိုင်မှာလဲ... အရောအနှောမျိုးရိုးဗီဇတွေက... အလှပြထားတယ်လို့ မင်း ထင်နေတာလား"
"အဓိက အရည်အသွေး အမှတ် ၅၀ မပြည့်ရင်တော့... တစ်မှတ် လျော့သွားတာနဲ့ အောင်မြင်နိုင်ခြေက ဆယ်ရာခိုင်နှုန်း ကျဆင်းသွားမှာပဲ"
"လေးဆယ့်ငါးမှတ် ဆိုတာက အနိမ့်ဆုံး သတ်မှတ်ချက်ပဲ... တကယ်လို့ လေးဆယ့်ငါးမှတ် မပြည့်ဘူးဆိုရင်... အောင်မြင်နိုင်ခြေက ငါးဆယ်ရာခိုင်နှုန်းတောင် မရှိတော့ဘူး... ဒီလို အခြေအနေမျိုးမှာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းမယ်ဆိုရင် သေချာပေါက် ကျရှုံးမှာပဲ"
"အင်းပေါ့... အရောအနှောမျိုးရိုးဗီဇတွေရဲ့ သက်ရောက်မှုက အလွန် နက်ရှိုင်းတယ်... မျိုးရိုးဗီဇမျိုးစေ့ကို နိုးထလာခဲ့ရင်တောင် သူတို့က ဒီအတိုင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"
"ဒီအရောအနှောမျိုးရိုးဗီဇတွေက... မင်း ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး... အမြဲတမ်း တည်ရှိနေမှာ"
"မင်းက အဓိက မျိုးရိုးဗီဇကို အဆက်မပြတ် ဆင့်ကဲပြောင်းလဲအောင်လုပ်ပြီး... အဓိက မျိုးရိုးဗီဇကနေ မျိုးရိုးဗီဇမြေပုံဖွဲ့စည်းနိုင်မှ... ဒီအရောအနှောမျိုးရိုးဗီဇတွေကို လုံးဝ ဖိနှိပ်နိုင်ပြီး တကယ့်ကို အစွမ်းထက်လာနိုင်မှာ"
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး အစောပိုင်းက စိုးရိမ်ပူပန်မှုများ ဘယ်ကလာသလဲဆိုတာကို သူ ရုတ်တရက် နားလည်သွားသည်။
"သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသွေးအသားကို စားတာက... အဓိက အရည်အသွေးအတွက် လိုအပ်တဲ့ မျိုးရိုးဗီဇ အပိုင်းအစတွေကို... အလျင်အမြန် တိုးလာစေနိုင်ပေမယ့်... အရောအနှောမျိုးရိုးဗီဇ အရေအတွက်ကိုလည်း အတူတူ တိုးလာစေမှာပဲ"
"ဒါကြောင့် ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်... ငါ အဲ့ဒီ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသွေးအသားကို မစားသင့်ဘူး... သူတို့က ငါ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေကို ညစ်ညမ်းစေရုံပဲ ရှိမှာ"
"ငါ့မှာ စနစ် ရှိတယ်... စနစ်ကနေတစ်ဆင့် အမှတ်တွေကို အဆက်မပြတ် ပေါင်းထည့်ပြီး အလျင်အမြန် တိုးတက်နိုင်တယ်"
"ဒီလိုဆိုရင် အဆင့်တက်မြန်ရုံတင်မဟုတ်ဘူး... အရောအနှောမျိုးရိုးဗီဇတွေရဲ့ သက်ရောက်မှုကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး"
"အမမေ... ဆုန့်ဝမ်တို့မှာလည်း ငါ ဖန်တီးထားတဲ့ မျိုးရိုးဗီဇ နိုးထခြင်း ကျင့်စဉ် ရှိတယ်... သန္ဓေပြောင်း သတ္တဝါတွေကို စားစရာ မလိုဘဲ သူတို့ရဲ့ ကိုယ်ပိုင် အဓိက မျိုးရိုးဗီဇကိုလည်း ကြီးထွားလာစေနိုင်တယ်"
"အရောအနှောမျိုးရိုးဗီဇတွေက သူတို့အပေါ် သက်ရောက်မှု အရမ်း နည်းလိမ့်မယ်... ဒီလိုဆိုရင် သူတို့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်မယ့် အောင်မြင်နိုင်ခြေက ပိုမြင့်သွားပြီ"
"တစ်ခုတည်းသော အားနည်းချက်က... မျိုးရိုးဗီဇ လက်ဆင့်ကမ်း သတင်းအချက်အလက်တွေပဲ"
"အခြား သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွင်းက မျိုးရိုးဗီဇတွေ စုပ်ယူတာကို အားမကိုးဘူးဆိုရင်... ကိုယ့်ရဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေကို မဖြည့်ဆည်းနိုင်ဘဲ... မျိုးရိုးဗီဇ အချက်အလက်တွေကိုလည်း မရနိုင်တော့ဘူး"
"ကောင်းကွက်ဆိုးကွက်တွေကတော့ ရှိကြတာပဲ... ဘယ်လို ရွေးချယ်မလဲ ဆိုတာပေါ်ပဲ မူတည်တယ်"
လင်းယွမ်၏ အတွေးများက လက်ခနဲ ဖြစ်သွားပြီး ဤအထဲမှ အကျိုးအပြစ်များကို နားလည်သွားပြီ ဖြစ်သည်။
မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက်တွေနဲ့ ပတ်သက်ရင်တော့ ဘာမှ မတတ်နိုင်တော့ပေ။
"အချိန်တန်ရင် လက်ဆင့်ကမ်း အချက်အလက်တွေက... တခြား အစွမ်းပိုင်ရှင်တွေဆီကနေ သေချာပေါက် ပျံ့နှံ့လာမှာပဲ"
"မရရင် ဖမ်းပြီး အတင်းအကျပ် မေးလိုက်ရုံပဲ"
ဤလက်ဆင့်ကမ်း အချက်အလက်များသည် အခြေခံအားဖြင့် မျိုးရိုးဗီဇမျိုးစေ့၊ ဆင့်ကဲပြောင်းလဲမည့် လမ်းကြောင်း၊ ကိုယ်ပိုင် လိုအပ်ချက်များ စသည့် အမျိုးအစားများ ဖြစ်ပြီး သက်ဆိုင်ရာ အစွမ်းများနှင့်လည်း ပတ်သက်နိုင်ပေသည်။
အစွမ်းများနှင့် ပတ်သက်၍ ပြောရခက်လှသည် မဟုတ်ပေ။ သင်္ကေတ အရိုးများမှတစ်ဆင့် သက်ဆိုင်ရာ အစွမ်းများကို သင်ယူနိုင်လျှင် ရပြီ ဖြစ်သည်။
မျိုးရိုးဗီဇမျိုးစေ့ကဲ့သို့သော ဆင့်ကဲပြောင်းလဲမည့် လမ်းကြောင်းပေါ်ရှိ အဓိက အချက်အလက်များသည် အများအားဖြင့် တူညီနိုင်ပြီး အခြား အစွမ်းပိုင်ရှင်များထံမှ ရယူနိုင်ပေသည်။
ယေဘုယျအားဖြင့် အရောအနှောမျိုးရိုးဗီဇများမှာ သဘာဝအားဖြင့် နည်းလေ ကောင်းလေပင် ဖြစ်သည်။ အချို့သော မျိုးရိုးဗီဇ အချက်အလက်များအတွက် အရောအနှောမျိုးရိုးဗီဇများကို စားသုံးခြင်းသည် အကျိုးမရှိဘဲ အနစ်နာခံရာ ရောက်ပေလိမ့်မည်။
သူက အချက်တစ်ချက်ကို ရုတ်တရက် သတိရသွားပြီး ချိုးကုံရုံကို မေးလိုက်သည်။ "မျိုးရိုးဗီဇကို သန့်စင်တဲ့ နည်းလမ်း မရှိဘူးလား... ကျွန်တော်တို့ လိုအပ်တဲ့ မျိုးရိုးဗီဇကို သန့်စင်လိုက်မယ်ဆိုရင် အရောအနှောမျိုးရိုးဗီဇတွေရဲ့ သက်ရောက်မှုကို အနိမ့်ဆုံး အတိုင်းအတာအထိ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ချိုးကုံရုံက အံ့အားသင့်သွားပြီး ခေါင်းခါယမ်းလိုက်သည်။ "ဒီလို နည်းလမ်းမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး... တကယ်လို့ ဒီလို နည်းလမ်းမျိုးသာ ရှိခဲ့ရင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေက နေရာအနှံ့ အပြည့် ဖြစ်နေလောက်ပြီ"
"မြေမိခင်ဂိုဏ်းက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေကို ကြည့်လေ... သူတို့ လူအရေအတွက်က အဲ့ဒီလောက် များနေတာကို မကြည့်နဲ့... တကယ်တော့ အဲဒါတွေ အားလုံးက လူ့အသက်တွေနဲ့ ရင်းပြီး ထွက်လာကြတာပဲ"
"မြေမိခင်ဂိုဏ်းက လူတွေက... အဓိက အရည်အသွေး အမှတ် ၅၀ ပြည့်တဲ့အထိ တကယ် စောင့်ပြီးမှ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းကြတာ ရှားတယ်"
"အများစုက ၄၅မှတ် ပြည့်တာနဲ့... မျိုးရိုးဗီဇမျိုးစေ့ စုစည်းဖို့ အတင်းအကျပ် တိုက်တွန်းခံရတာပဲ"
"ဒီလို ဖြစ်နေတာလား" လင်းယွမ်က ချက်ချင်းပင် အံ့သြသွားသည်။
သူက မြေမိခင်ဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များနှင့် တိုက်ခိုက်ခဲ့စဉ်က ဤမျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များအကြားတွင် အစွမ်းနည်းခြင်း များခြင်း ကွာဟချက်က အလွန် ကြီးမားနေသည်ကို သိသိသာသာ ခံစားခဲ့ရသည်မှာ မဆန်းတော့ပေ။
အရင်က ဟယ်ကျွင်းနှင့် တိုက်ခိုက်ခဲ့သော မြေမိခင်ဂိုဏ်း၏ အစွမ်းပိုင်ရှင်သည် ဟယ်ကျွင်းနှင့် အကြိတ်အနယ် တိုက်ခိုက်နိုင်လုနီးပါး ဖြစ်ပြီး တစ်ဖက်လူ၏ အဓိက အရည်အသွေးမှာ သူ့ထက် မနိမ့်ကျနိုင်ကြောင်းကိုပင် လင်းယွမ် ခံစားမိခဲ့သည်။
"သူတို့က ကျေနပ်တယ်ပေါ့" လင်းယွမ်က သံသယဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
မိမိ၏ အဓိက အရည်အသွေးကို ၄၅မှတ် အထက်အထိ မနည်း ကျင့်ကြံထားရသော မည်သူမဆို ဤကဲ့သို့ အခြားသူများ၏ အတင်းအကျပ် အဆင့်တက်ခိုင်းခြင်းကို မည်သူက လိုလားမည်နည်း။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကို လင်းယွမ်အပေါ်တွင်သာ ထားမည်ဆိုပါက လင်းယွမ်ကိုယ်တိုင်လည်း သေချာပေါက် သဘောတူမည် မဟုတ်ပေ။
ချိုးကုံရုံက ချက်ချင်း လှောင်ရယ်လိုက်သည်။ "အဲ့ဒီလူတွေက ရိုက်သွင်းခံထားရတာပဲ... ဘာ မကျေနပ်စရာ ရှိမှာလဲ"
"ပိုအရေးကြီးတာက မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက်တွေကို အဓိက အရည်အသွေး အမှတ် ၅၀ ပြည့်မှ သိနိုင်မှာ"
"မြေမိခင်ဂိုဏ်းက အဲ့လိုသတင်းတွေကို ဖုံးကွယ်ထားသရွေ့... သာမန် ဂိုဏ်းဝင်တွေက ဒီအချက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ဟဟ... မင်းတောင် ငါနဲ့ မတွေ့ခဲ့ရင် ဒါတွေကို သိနိုင်မှာ မဟုတ်ဘူး" ချိုးကုံရုံက ဟက်ခနဲ ရယ်ရင်း ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ယနေ့ သူသာ ချိုးကုံရုံနှင့် မတွေ့ခဲ့ပါက မြေမိခင်ဂိုဏ်းနှင့် ရေခဲချပ်ဝတ်စစ်သည် အားလုံးကို ဖမ်းမိခဲ့လျှင်တောင် ဤအရေးကြီးသော သတင်းများကို မေးမြန်းနိုင်မည် မဟုတ်ပေ။
"ခင်ဗျား ပြောပုံအရဆိုရင် ဂိုဏ်းကြီး သုံးဂိုဏ်းနဲ့ စစ်တပ်ရဲ့ အထက်လူကြီးတွေ အားလုံး သိကြမှာပေါ့"
"သေချာပေါက် သိတာပေါ့... သိရုံတင် မကဘူး... သာမန် အစွမ်းပိုင်ရှင်တွေ သိသွားမှာကို တားဆီးဖို့ သူတို့က သတင်းတွေကို တမင်သက်သက် ပိတ်ဆို့ထားကြတာ"
"ဒီကမ္ဘာပေါ်မှာ အကြောက်ရဆုံးက... သတင်းအချက်အလက်တွေကို လက်ဝါးကြီးအုပ်ထားတာပဲ"
"ဒီအင်အားစုတွေက နယ်မြေချဲ့ထွင်ဖို့ အလောတကြီး ဖြစ်နေကြတော့... ဂိုဏ်းဝင်တွေကို အစွမ်းတွေ အထွတ်အထိပ် ရောက်အောင် ဖြည်းဖြည်းချင်း တူးဖော်ပြီး... အဓိက အရည်အသွေး အမှတ် ငါးဆယ်အထိ အဆင့်တက်ဖို့ အချိန်ပေးမှာ မဟုတ်ဘူး"
"အများအားဖြင့် အမှတ် လေးဆယ့်ငါး ရောက်တာနဲ့ ချက်ချင်း အဆင့်တက်ခိုင်းကြတာပဲ"
"ပြီးတော့ ဒီထက်ဆိုးတာတွေလည်း ရှိသေးတယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်က မနေနိုင်ဘဲ ဘေးတိုက် ကြည့်လိုက်သည်။ "ဒီထက်ဆိုးတာ"
ဤအချိန်တွင် သူတို့နှစ်ယောက်သည် အစောပိုင်းက လင်းယွမ် တူးဖော်ထားသော ရေခဲလွှာဆီသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အထဲတွင် လင်းယွမ် အကုန်အစင် မယူသွားရသေးသော သွေးရေခဲ အနည်းငယ် ကျန်ရှိနေသေးသည်။
ချိုးကုံရုံက ဤနေရာတွင် တူးဖော်ထားသော တွင်းကြီးကို ကြည့်ကာ မနေနိုင်ဘဲ အံ့သြတကြီး ပြောလိုက်သည်။ "မင်း သွေးရေခဲတွေ ဘယ်လောက်တောင် ယူသွားတာလဲ"
လင်းယွမ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောဘဲ ဤသို့သာ ပြောလိုက်သည်။ "ကျွန်တော့်ကို နှစ်မိနစ်လောက် စောင့်... ဒီနည်းနည်းကျန်နေတာကို အကုန် ယူလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် လင်းယွမ်က ဤသွေးရေခဲများကို ပစ္စည်းသိုလှောင်ခန်းထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်သည်။
ချိုးကုံရုံက ထိုမြင်ကွင်းကို မြင်သောအခါ ငြိမ်မနေတော့ဘဲ သူ၏ ကြိန်နှုန်းမြင့်တူကြီးကို ထုတ်ကာ ကူညီပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက ပြောလိုက်သည်။ "ပိုဆိုးတဲ့ နည်းလမ်းကတော့... အဓိက အရည်အသွေး အမှတ် ၄၅ အထက် ရောက်နေတဲ့ အစွမ်းပိုင်ရှင်တွေကို... မျိုးမတူတဲ့ အရည်အသွေးရှိတဲ့ မျိုးရိုးဗီဇမျိုးစေ့ကို တိုက်ရိုက် စုပ်ယူခိုင်းပြီး... အရည်အသွေး အစွမ်းတွေကို ပြောင်းလဲဖို့ အတင်းအကျပ် ခိုင်းစေတာပဲ"
"ဘာ"
ဤတစ်ကြိမ်တွင်တော့ လင်းယွမ်ပင် အံ့အားသင့်သွားပြီး ချိုးကုံရုံဘက်သို့ လှည့်ကာ မနေနိုင်ဘဲ ကြည့်လိုက်သည်။
"အရည်အသွေးချင်း မကိုက်ရင်တောင် မျိုးရိုးဗီဇမျိုးစေ့ကို စုပ်ယူလို့ရတာလား"
ချိုးကုံရုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သေချာပေါက် ရတာပေါ့... ဒါပေမဲ့ ဒီလို နည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ဘာမှ မကွာဘူး... အောင်မြင်အောင် စုစည်းဖို့ဆိုတာ တော်တော်လေး ခက်ခဲတယ်"
"အောင်မြင်သွားရင်တောင် ဒီအစွမ်းပိုင်ရှင်ရဲ့ အစွမ်းအစက... တခြား ပုံမှန် မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေထက် အများကြီး နိမ့်ကျနေမှာပဲ"
"ဘာလို့လဲဆိုတော့ သူက မျိုးမတူတဲ့ အရည်အသွေး မျိုးရိုးဗီဇမျိုးစေ့ကို အားကိုးပြီး အဆင့်တက်သွားလို့ပဲ... အဓိက အရည်အသွေးက အမှတ် ၅၀ အတားအဆီးကို ချိုးဖျက်နိုင်ပေမယ့် ခန္ဓာကိုယ်ထဲက အရောအနှောမျိုးရိုးဗီဇတွေ ရုတ်တရက် တိုးလာပြီး ခွန်အား နှစ်ခုက ခန္ဓာကိုယ်ထဲမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလို့ ခွန်အားတွေ အများကြီး လျော့ကျသွားပြီး အစောကြီး သေသွားနိုင်တယ်"
(ရှင်းပြရရင် မီးဓာတ်အစွမ်းပိုင်ရှင်ကို မြေဓာတ်မျိုးရိုးဗီဇမျိုးစေ့ အတင်းမျိုချစေပြီးစုပ်ယူခိုင်းတာပါ၊ မီးဓာတ်အစွမ်းပိုင်ရှင်ရဲ့ကိုယ်မှာ မီးဓာတ်မျိုးရိုးဗီဇက အားကြီးနေတာထုံးစံပါပဲ။ ဒါပေမဲ့သူက အမျိုးအစားမတူတဲ့ မြေဓာတ်မျိုးစေ့ကိုစုပ်ယူလိုက်တော့ သူ့ခန္ဓာကိုယ်ထဲက အရောအနှောမျိုးရိုးဗီဇတွေထဲက မြေဓာတ်မျိုးရိုးဗီဇက ချက်ချင်းအားကောင်းလာပြီး ပင်မဓာတ်ဖြစ်တဲ့ မီးဓာတ်နဲ့တိုက်ခိုက်ပါတယ်။ ဒါကြောင့်သူက မြေဓာတ်မျိုးရိုးဗီဇမျိုးစေ့ကြောင့် မြေဓာတ်အစွမ်းပိုင်ရှင်ဖြစ်သွားပေမယ့် အားကြီးနေတဲ့မီးဓာတ်က တစ်ချိန်လုံးတိုက်ခိုက်နေတဲ့အတွက် မြေဓာတ်ကိုအပြည့်အဝမသုံးနိုင်ဘဲ တစ်ခြားသာမန်မျိုးရိုးဗီဇမျိုးစေ့အဆင့်တွေထက် အများကြီးပျော့ညံ့နေမှာပါ)
အရင်က ဦးနှောက်ရေကန်ထဲတွင် တွေ့ခဲ့ရသော ချန်ကျဲ့မင်ဟုခေါ်သည့် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်ကို လင်းယွမ် ရုတ်တရက် သတိရသွားသည်။
ထိုစဉ်က တစ်ဖက်လူနှင့် တိုက်ခိုက်ခဲ့စဉ်တွင် တစ်ဖက်လူ၏ အရည်အသွေးသည် အမှတ် ၅၀ ကို ချိုးဖျက်နိုင်ခဲ့သော်လည်း စွမ်းရည်များက အလွန် ညံ့ဖျင်းနေပြီး အစွမ်းထက်သည့် တိုက်ကွက်များပင် မရှိကြောင်းကို လင်းယွမ် ခံစားခဲ့ရသည်။
အကြောင်းပြချက်အရဆိုလျှင် မြေမိခင်ဂိုဏ်း၏ မျိုးရိုးဗီဇမျိုးစေ့သည် မြေဓာတ်နှင့် သက်ဆိုင်နိုင်ခြေ များသည်ဖြစ်ရာ ရေအရည်အသွေး မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တစ်ယောက် မည်သို့ ရှိနေနိုင်မည်နည်း။
ဤလူသည် ချိုးကုံရုံ ပြောပြသော ဤကဲ့သို့သော မျိုးရိုးဗီဇမျိုးစေ့ လူများထဲမှ တစ်ယောက် ဖြစ်နေနိုင်မလား။
ဤအချိန်တွင် ချိုးကုံရုံက ထပ်ပြောလိုက်သည်။ "မြူခိုးမြို့တော် ရေပေါ်ကျွန်းပေါ်မှာ လူအရေအတွက် မနည်းပေမယ့် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် နှစ်ယောက်ပဲ ရှိရတဲ့ အကြောင်းရင်းကို အခု မင်း သိပြီလား"
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်းပင် နားလည်သွားသည်။ "မြူခိုးမြို့တော် သခင်ရဲ့ လက်ထဲမှာ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ပဲ ရှိတော့... ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေကိုပဲ ပျိုးထောင်နိုင်တယ်လို့ ခင်ဗျား ပြောချင်တာလား"
"ဟားဟား... သေချာတာပေါ့... ဒါပေမဲ့ ချန်ယွင်တောက်က ဂိုဏ်းကြီး သုံးဂိုဏ်းနဲ့ စစ်တပ်လိုမျိုး အရမ်း ရက်စက်တဲ့ပုံမပေါ်ဘူး... တခြား အရည်အသွေး အစွမ်းပိုင်ရှင်တွေကို ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုပ်ယူဖို့ အတင်းအကျပ် ခိုင်းပြီး မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် အများအပြားကို ပျိုးထောင်တာမျိုး လုပ်ချင်တဲ့ပုံမရဘူး"
"သူ့ရဲ့ ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့ကို ကြည့်လေ... အထက်ပိုင်းက လူတွေအားလုံးနီးပါးက ရေခဲအရည်အသွေး အစွမ်းပိုင်ရှင်တွေကိုချည်းပဲ လက်ခံထားကြတာ"
"တခြားလူတွေက ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း မြို့ထဲမှာပဲ ရိုးရိုးသားသား နေကြရမှာပဲ"
"အရင်တုန်းက ဒါတွေကို ငါ မသိဘူး... နောက်ကျ ဒီရေပေါ်ကျွန်း အလောင်းကောင်ကြီးထဲကို ရောက်တော့... ငါ့ရဲ့ အဓိက အရည်အသွေးက အမှတ် ၅၀ ကို မတော်တဆ ချိုးဖျက်သွားပြီး မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက်တွေကို ရလိုက်တော့မှ ဒီအကြောင်းရင်းတွေကို နားလည်လာခဲ့တာ"
လင်းယွမ်၏ ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး ချိုးကုံရုံကို ထပ်ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင်လည်း အနည်းငယ် လေးစားသွားမိသည်။
ဒီအဘိုးကြီးက ရက်စက်တဲ့ လူတစ်ယောက်ပဲ။
အဆင့်တက်ဖို့အတွက် ရေခဲတူးဖော်သည့် အလုပ်သမားအဖွဲ့ထဲသို့ ဝင်ရောက်ကာ မြေအောက်သို့ ခိုးဝင်ပြီး အဓိက အရည်အသွေး အမှတ် ၅၀ ရှိသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်အထိ အသက်ရှင်လျက် တောင့်ခံနိုင်ခဲ့သည်။
ဒါကြောင့်မှသာ မျိုးရိုးဗီဇအတွင်းရှိ လက်ဆင့်ကမ်း အချက်အလက်များကို ရရှိခဲ့ပြီး ဤအရာများကို နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။ "ဒါဆိုရင် ခင်ဗျားက အခု သွေးရေခဲတွေကို တူးပြီး ဘာလုပ်မလို့လဲ... ခင်ဗျားက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်လေ... သွေးရေခဲတွေကို တူးပြီး ရေခဲအရည်အသွေး မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်နိုင်ရင်တောင် ခင်ဗျား စုပ်ယူလို့ မရဘူး မဟုတ်လား"
ချိုးကုံရုံက ချက်ချင်း ရယ်မောလိုက်သည်။ "ငါစုပ်ယူလို့ မရပေမဲ့ အပြင်ယူသွားပြီး အရောင်းအဝယ် လုပ်လို့ ရတယ်လေ"
"ဒီကမ္ဘာမှာ ရေထဲမျောနေတဲ့ အလောင်းကောင်ကြီးက ဒီတစ်ကောင်တည်း မဟုတ်နိုင်ဘူး... ပိရမစ်စနစ်လူလိမ်ခေါင်းဆောင် မာရွေ့ရဲ့ ပါးစပ်ကနေ ကြားသိရတာတော့ ကွမ်ဖူဘက်က ဂိုဏ်းကြီး သုံးဂိုဏ်း တိုးတက်လာရတဲ့ အကြောင်းရင်းက ရေပေါ်ကျွန်း အလောင်းကောင်ကြီးကို ရလိုက်လို့ပဲတဲ့"
"ရေပေါ်ကျွန်း အလောင်းကောင်ကြီးပေါ်မှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ရှိရုံတင်မကဘူး... သူ့ရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ သွေးတွေနဲ့ စုစည်းထားတဲ့ ပုံဆောင်ခဲတွေလည်း ကျန်ရစ်နေသေးတယ်"
"ဒီပုံဆောင်ခဲတွေ အားလုံးကနေ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်နိုင်တယ်... ဒါကြောင့် သူတို့မှာ မျိုးရိုးဗီဇမျိုးစေ့တွေက မရှားဘဲ လူကရှားနေကြတာ"
"အဓိက ရှားနေတာက အရည်အသွေး အမှတ် ၄၅ အထက်ကို ရောက်နိုင်တဲ့ အစွမ်းပိုင်ရှင်တွေပဲ"
"ဒါကြောင့် ကွမ်ဖူမှာဆို တကယ်တော့ မျိုးရိုးဗီဇမျိုးစေ့ အများအပြားကို ခိုးထုတ်ပြီး အရောင်းအဝယ်တောင် လုပ်နေကြပြီ"
"ကွမ်ဖူခရိုင်ကမှ လင်ကျန်းမြို့ရဲ့ အစွမ်းတွေ အဖွံ့ဖြိုးဆုံး နေရာဆိုပြီး မာရွေ့က ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့တာ"
"အဲ့ဒီနေရာကမှ လင်ကျန်းမြို့ အစွမ်းပိုင်ရှင်တွေရဲ့ အနာဂတ်ပဲ"
လင်းယွမ်သည် သူပြောသော ဤစကားများကို နားထောင်ပြီးနောက် ပါးစပ်မှ မပြောသော်လည်း ရင်ထဲတွင် သဘောတူမိသည်။
သူ လက်ရှိ သိရှိထားသော အခြေအနေများအရ ကွမ်ဖူခရိုင်၏ အစွမ်း ဖွံ့ဖြိုးတိုးတက်မှုသည် အခြားသော နေရာဒေသများထက် တကယ်ပင် သာလွန်နေပြီ ဖြစ်သည်။
ကွမ်ဖူမှ လူများနှင့် ဂိုဏ်းကြီး သုံးဂိုဏ်းကို စတင် ထိတွေ့ခဲ့စဉ်က သူတို့၏ အစွမ်းနည်းလမ်းများကြောင့် လင်းယွမ်မှာ အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသည်။
သင်္ကေတ အစီအရင်ကြီးပဲ ဖြစ်ဖြစ်၊ မျိုးရိုးဗီဇမျိုးစေ့ပဲ ဖြစ်ဖြစ် သို့မဟုတ် အခြားသော အစွမ်း အသုံးပြုမှုတွေပဲ ဖြစ်ဖြစ်။
အားလုံးက သူ့ကို အမြင်ကျယ်စေခဲ့သည်။
လီဟုန်ကျန်းက အမေရိကန်နိုင်ငံ၏ ခေတ်မီမြို့ထဲကို ပထမဆုံးအကြိမ် ခြေချမိသလိုမျိုး တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ထိုက်ယန်တောင်၏ တိုးတက်မှုသည် ကွမ်ဖူနှင့် အလွန် ကွာဟလှသည်။
ဤအရာများအားလုံး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ကွမ်ဖူ၏ မြေမျက်နှာပြင် မြင့်မားမှုကြောင့် ရေကြီးမှုက ၎င်းတို့ကို ချက်ချင်း ရေမလွှမ်းမိုးနိုင်ဘဲ အစွမ်းများကို လေ့လာစူးစမ်းရန် အချိန်အလုံအလောက် ရရှိခဲ့ခြင်းကြောင့်ဘဲ မဟုတ်ပေ။
ကွမ်ဖူခရိုင်သည် ရေကြီးမှုကြီး မဖြစ်ပွားမီကတည်းက နာမည်ကြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် ဖြစ်ခဲ့သောကြောင့် ပို၍ ဖြစ်နိုင်သည်။
ဤနေရာတွင် စီးပွားရေး လုပ်ငန်းသုံး စက်ရုံအလုပ်ရုံ အများအပြား တည်ရှိနေပြီး အခြားဒေသမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကလည်း လင်ကျန်းမြို့ လူဦးရေ၏ ဆယ်ပုံတစ်ပုံနီးပါးကို နေရာယူထားကြသည်။
လူဦးရေ အကျိုးခံစားခွင့်သည် ကမ္ဘာပျက်ကပ်တွင်လည်း တူညီစွာ အကျိုးသက်ရောက်မှု ရှိသည်။
စက်ရုံ အများအပြား ရှိနေခြင်းက သူတို့၏ ကုန်ထုတ်လုပ်မှု စက်ကိရိယာများနှင့် စက်မှုလုပ်ငန်း ကွင်းဆက်များ ပြည့်စုံနေကြောင်းကို ဖော်ပြနေသည်။
ကွမ်ဖူ စစ်တပ်၏ တည်ရှိမှုက ကွမ်ဖူခရိုင်ကို ကျားအတောင်ပန်တပ်သကဲ့သို့ ပိုမို အင်အားကြီးမားစေသဖြင့် ထိုဘက်မှ လျင်မြန်သော တိုးတက်မှုများသည် လူကို အံ့အားသင့်စေသော်လည်း ယုတ္တိရှိလှသည်။
ထိုက်ယန်တောင် တည်ရှိရာ မြို့သစ်ကို ပြန်ကြည့်မည်ဆိုလျှင် ထိုနေရာသည် လွန်ခဲ့သော နှစ်နှစ်ကမှ စတင် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်ပြီး သွားလာရေး အဆင်မပြေသည့်အပြင် လူဦးရေမှာလည်း သိပ်မများလှပေ။
ရေကြီးမှုကြီး ရောက်လာသောအခါ ၎င်း၏ မြေမျက်နှာပြင် နိမ့်ကျမှု အားနည်းချက်ကို လုံးဝ ဖော်ပြလိုက်ပြီး ပထမဆုံးလတွင်ပင် ရေဘေးအန္တရာယ်ထဲသို့ ကျရောက်သွားခဲ့သည်။
ထို့အပြင် သန္ဓေပြောင်းစွမ်းအင်များ ပြည့်နှက်နေမှုကြောင့် ရေဒီယို၊ အင်တာနက် လိုင်းစသည့် ခေတ်မီ စက်ကိရိယာများအားလုံး အသုံးမဝင်တော့ပေ။
ထိုက်ယန်တောင်သည် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်လုနီးပါး ဖြစ်သွားပြီး လူများသည် အဆောက်အအုံထဲမှပင် ထွက်မလာနိုင်ကြရာ အစွမ်းများကို လေ့လာစူးစမ်းရန် ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။
ထို့ကြောင့် ထိုက်ယန်တောင်၏ နောက်ကျကျန်ရစ်မှုသည် နားလည်ပေး၍ ရနိုင်ပေသည်။
ထို့အပြင် လင်းယွမ် ခန့်မှန်းထားသည်မှာ ထိုက်ယန်တောင် တစ်ခုတည်းသာ မဟုတ်ဘဲ မြေမျက်နှာပြင် နိမ့်ကျသော ဒေသအားလုံးတွင်လည်း ထိုသို့ပင် ဖြစ်လောက်ပေသည်။
မြေမျက်နှာပြင် ပိုမြင့်သော နေရာများတွင် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပိုရှိလောက်မည်ဟု ထင်ရသည်။
"ငါတို့နိုင်ငံရဲ့ အနောက်မြောက်ဘက်ကမှ အမြင့်ဆုံး နေရာပဲ... အဲ့ဒီဘက်မှာ ဘယ်လိုတွေ တိုးတက်နေပြီလဲ မသိဘူး"
လင်းယွမ်၏ ရင်ထဲတွင် ရုတ်တရက် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤကမ္ဘာကြီးသည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သတင်းအချက်အလက် ပြတ်တောက်နေသဖြင့် အခြားဒေသများ၏ တိုးတက်မှု အခြေအနေကို သူ လုံးဝ မသိနိုင်ခြင်းသာ ဖြစ်သည်။
ဆက်ရန်...
***