“ဝိညာဉ်ကျောက်တုံး ၁၀၀ လား၊ အမလေးဗျာ... ဟူး...”
လော့ချန်သည် သူ၏လက်ထဲမှ သားရေစာပေါ်တွင် ရေးခြစ်ထားသော ဂဏန်းများကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ နို့လက်ဖက်ရည်ဆိုင် ဖွင့်ရမည့် ကုန်ကျစရိတ်ကို သူ အမှန်ပင် လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။
မုန့်ဆိုင်လေး တစ်ဆိုင် ဖွင့်ခြင်းနှင့် တကယ့် ဆိုင်ခန်းကြီးတစ်ခန်း ဖွင့်ခြင်းမှာ လုံးဝ ကွာခြားလှသည်။ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ နှိုင်းယှဉ်၍ပင် မရပေ။
ဂဏန်းများကို သေချာပြန်တွက်ကြည့်ပြီးနောက် အစောပိုင်း ရင်းနှီးမြှုပ်နှံမှုမှာ ဝိညာဉ်ကျောက် ၅၀၀ ထက် မနည်းကြောင်း သူ သိလိုက်ရသည်။
ဤသည်မှာလည်း ခယ်ယွဲ့လင်းအား ပေးရမည့် ပထမလနို့ဖိုးကို အကြောင်းပြချက်အမျိုးမျိုး ရှာကြံပြီး ဆိုင်းငံ့ထားနိုင်ခဲ့၍သာ ဖြစ်သည်။
မဟုတ်ပါက ကုန်ကျစရိတ်မှာ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျော်အထိပင် ထိုးတက်သွားနိုင်သည်။
လော့ချန်သည် သူ၏ လက်ထဲတွင် လက်ဖက်ရည်နံ့သာခဲလေး တစ်ခုကို ကိုင်ရင်း ထိုင်နေမိသည်။ ဤသည်မှာ သူ စမ်းသပ်ထုတ်လုပ်ထားသော လက်ဖက်ရည်နံ့ ထွက်သည့် အမွှေးတိုင်ခဲလေး ဖြစ်သည်။
“ဒါက... အရှုံးတော့ မပေါ်လောက်ပါဘူးနော်” ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း တုန်ရီနေသော သူ၏ အသံမှာ သူ မည်မျှ စိုးရိမ်နေသည်ကို ဖော်ပြနေတော့သည်။
သို့သော် သူ မသိလိုက်သည်မှာ ယခုအချိန်တွင် သူ့ထက် ပို၍ စိုးရိမ်ပူပန်နေသူ တစ်ဦး ရှိနေသည်ကိုပင်။
….
ခြံဝင်း၏ တစ်ဖက်ခြမ်း၊ အိမ်မကြီး၏ အိပ်ခန်းတံခါးမှာ တကျီကျီမြည်သံနှင့်အတူ ပွင့်ဟလာသည်။
ဖုန်းရှသည် သူမ၏ အင်္ကျီလက်စကို တင်းတင်းဆုပ်ကိုင်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ထွက်လာသည်။
“ဒီလိုဝတ်တာ တကယ်ပဲ အဆင်ပြေရဲ့လား” ဟု သူမ မဝံ့မရဲ အသံဖြင့် မေးလိုက်သည်။
ကူချိုင်ယီ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများမှာ နွေရာသီ ကောင်းကင်ယံကဲ့သို့ တောက်ပသွားသည်။
“ဘာလို့ အဆင်မပြေရမှာလဲ၊ မမရဲ့ ရုပ်ရည်နဲ့ဆိုရင် ကျင့်ကြံသူတွေက တစ်ချက်လောက် မြင်ရဖို့အတွက်ကို တန်းစီနေကြမှာ"
ပိုင်မေလင်းကမူ အံ့သြတကြီး မျက်လုံးအဝိုင်းသားဖြင့် “မမရှက ဒီလောက် လှမှန်း ကျွန်မ ဘာလို့ အရင်က သတိမထားမိခဲ့တာလဲ” ဟု အော်လိုက်သည်။
ဖုန်းရှက သူမအား မျက်စောင်းထိုးလိုက်ကာ ပါးပြင်များ နီမြန်းသွားပြီး နေရခက်နေသည်မှာ သိသာနေသည်။
ကူချိုင်ရီက အနားသို့ တိုးသွားပြီး ဝတ်စုံ၏ အနားသတ်ကို အသာအယာ ဆွဲဆန့်လိုက်ရင်း ဆိုသည်။
“ဒါက ကျွန်မရဲ့ အလုံခြုံဆုံး ဝတ်စုံနော်၊ မမရှရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းကို ပြည့်စုံလွန်းနေတာပဲ၊ ဒီဝတ်စုံတောင် နည်းနည်း ကျပ်နေသလိုပဲ၊ နောက်မှ ကျွန်မ နည်းနည်း ပြန်ပြင်ပေးမယ်”
“တကယ်ပဲ လိုလို့လား” ဖုန်းရှက သူမ၏ ရင်ဘတ်ကို လက်ဖြင့် အလိုအလျောက် ကာရင်း မေးလိုက်သည်။
“လိုတာပေါ့၊ ဝတ်စုံတင် မဟုတ်ဘူးနော်”
ကူချိုင်ရီက ပြတ်ပြတ်သားသား ပြန်ဖြေသည်။
“မမရှရဲ့ မျက်နှာကို ခြယ်သဖို့လဲလိုတယ်၊ မမရှက လှပေမယ့် မပြင်တော့ သိပ်မပေါ်ဘူးဖြစ် နေတာ၊ အဲဒါကို ညီမ အလှပြင်ပစ္စည်းတွေနဲ့ သေချာ ပြင်ပေးမယ်” ဟု ဆိုကာ သူမသည် ဖုန်းရှအား ကုလားထိုင်ဆီသို့ ဆွဲခေါ်သွားပြီး ကျွမ်းကျင်မြန်ဆန်စွာ ပြင်ဆင် ခြယ်သယ်ပေးနေတော့သည်။
“မျက်ခုံးကို ပုံဖော်ဖို့ လိုမယ်၊ မမရှက ဝိုင်းစက်စက် မျက်ခုံးပုံစံနဲ့ မလိုက်ဘူး၊ ဟင်း....ရှောင်လင်း၊ လာဦး၊ ကူဦး၊ အာ…. မဟုတ်တော့ဘူး၊ ထားလိုက်တော့… ငါ့ဘာသာပဲ လုပ်တော့မယ်”
ကူချိုင်ရီသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်ပင် ဆံပင်ပုံစံကို ပြင်ဆင်ပေးခြင်း၊ ပေါင်ဒါနှင့် ပါးနီ အနည်းငယ် ခြယ်သပေးခြင်း၊ ပြီးနောက် ငွေနားကပ် လှလှလေးတစ်စုံကိုပါ ဆင်မြန်းပေးလိုက်သည်။
“မမရှမှာ လက်ဝတ်ရတနာတွေလည်း လိုသေးတယ်၊ အဲဒါတွေ မပါရင် အရမ်း ရိုးလွန်းနေလိမ့်မယ်၊ ဒါပေမဲ့ မစိုးရိမ်နဲ့၊ ညီမတို့က အရမ်းကြီး မဟုတ်ဘဲ မမရဲ့ သဘာဝအလှကို ပေါ်လွင်အောင်ပဲ လုပ်မှာပါ၊ အော်... ပြီးတော့ ဒီဖိနပ်တွေလား၊ ဒါတွေက အလုပ်လုပ်တဲ့ ဖိနပ်တွေ မဟုတ်လား၊ မနက်ဖြန်ကျရင် ဖိနပ်အသစ် နှစ်ရံ သွားဝယ်ကြမယ်၊ ဝိညာဉ်ကျောက်တောင် မလိုပါဘူး၊ ရွှေဒင်္ဂါး ဒါမှမဟုတ် ငွေဒင်္ဂါးနဲ့ပဲ ဝယ်လို့ရတယ်”
ဖုန်းရှသည် ဤအလှပြင်ခြင်း ဂယက်ကြားတွင် ရှက်ရမလို၊ အံ့သြရမလိုနှင့် ငြိမ်သက်စွာ ထိုင်နေမိသည်။ အားလုံး ပြီးသွားသောအခါ ကူချိုင်ရီက နောက်သို့ ဆုတ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“ဟယ်၊ အရမ်းလှသွားပြီ၊ လုံးဝပြည့်စုံတယ်၊ ဒါကို သဘာဝကျကျ အလှပြင်နည်းလို့ ခေါ်တယ်၊ ကြည့်လိုက်ရင်တော့ ဘာမှ မပြင်ထားသလိုပဲ၊ ဒါပေမဲ့ သေချာကြည့်ရင် အသေးစိတ်ကို ပြင်ထားတာလေ”
ဖုန်းရှ မျက်တောင်ခတ်လိုက်သည်။
သဘာဝအလှ…. သေချာပြင်ထားတာ…။
ဤကဲ့သို့သော သူမနှင့်စိမ်းနေသည့် စကားလုံးများကြောင့် အံ့ဩကာ ဇဝေဇဝါ ဖြစ်သွားရသည်။ သို့သော် သူမ၏ ဘဝမှာ တာဟဲစျေးမြို့တော်ရှိ တောက်ပနေသော တင့်တယ်လှပသည့် အမျိုးသမီးများ၏ ဘဝနှင့် လုံးဝ မတူခဲ့သဖြင့် သူမ မသိခြင်းမှာ ထူးခြားသည်ဟု မဆိုနိုင်ပေ။
သူမသည် အင်အားမရှိ၊ နောက်ခံမိသားစု အသိုင်းအဝိုင်းမရှိသည့် နုံအအ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအဖြစ် စတင်ခဲ့ရသူ ဖြစ်သည်။ ရုပ်ရည်မှာလည်း အများတကာထက် ထူး၍ မလှပသလို လက်မှုပညာ၌လည်း မကျွမ်းကျင်သဖြင့် နောက်ဆုံးတွင် ဆေးပေါင်းတစ်ထောင်ခန်းမ၌ ဆေးစမ်းသပ်သူအဖြစ် အလုပ်ဝင်ခဲ့ရသည်။
ထိုအလုပ်ကြောင့် သူမ အတွင်းဒဏ်ရာများနှင့် အသံအိုး ပျက်စီးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆိုင်ရှင်လျိုကဲ့သို့ ကြင်နာတတ်သူနှင့် တွေ့ခဲ့သဖြင့် သူမသည် ဆေးစမ်းသပ်သူအဖြစ်မှ ဆေးပစ္စည်းများ စီမံခန့်ခွဲသူအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ရခဲ့သည်။
ထိုနှစ်များမှာ အမှန်ပင် ခက်ခဲကြမ်းတမ်းခဲ့လေသည်။ ဝမ်းရေးကို ဦးစားပေးနေရသဖြင့် အလှအပအကြောင်း တွေးရန်လည်း အချိန်မရှိပေ။
သူမ ခြိုးခြိုးခြံခြံ နေခဲ့ရသည်။ ဈေးသက်သာသော ဝတ်ရုံများကိုသာဝတ်ကာ မျက်နှာကိုလည်း မခြယ်သဘဲ နေထိုင်သွားလာခဲ့သည်။ သူမ၏ အိမ်မှာ ခြံဝင်း၏ အစွန်ဆုံးရှိ အသေးဆုံး အခန်းလေးသာ ဖြစ်သည်။ ထို့ထက်ပိုကောင်းသောနေရာကိုလည်း သူမ ဈေးမတတ်နိုင်ခဲ့ပေ။
သို့သော် သူမနှင့် အရာရာ ဆန့်ကျင်ဘက်ဖြစ်သော လှပကျော့ရှင်းသည့် အသွက်မလေး နှစ်ယောက်နှင့် ခင်မင်သွားရသည်။ ထိုမိန်းမလှလေးများ ဖြစ်ကြသော ကူချိုင်ရီနှင့် ပိုင်မေလင်းတို့သည် သူမထက် အရာရာတွင် ပိုသိ ပိုတတ် ကြသည်။
ထို့ကြောင့် ယခုအခါ သူမသည် ရုပ်သေးရုပ်လေးတစ်ရုပ်လို ထိုင်နေပြီး သူတို့ လုပ်သမျှကိုသာ ငြိမ်ခံနေလိုက်တော့သည်။
‘ဖြစ်သမျှအကြောင်း အကောင်းပဲ’ ဟုသာ တွေးလိုက်တော့သည်။
စိုးရိမ်နေ၍လည်း အပိုပင်။ ဤအလုပ်လေးတွင် အဆင်ပြေပြေလေးလုပ်နိုင်ပါက အနည်းဆုံးတော့ စားဝတ်နေရေးအတွက် တွေးပူစရာ သိပ်မလိုတော့ ဟု ဖုန်းရှ စိတ်ထဲမှ တွေးကာ သက်ပြင်းချလိုက်ရင်း အားတင်းလိုက်သည်။
ထိုသို့ တွေးငေးကောင်းနေဆဲ ရုတ်တရက်ကြေးမှန်ထဲသို့ ကြည့်လိုက်မိရာ သူမ အံ့အားသင့်သွားရသည်။
“အို၊ ငါက ငါထင်သလောက်လည်း ရုပ်မဆိုးပါလား” ဟု သူမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရေရွတ်လိုက်မိသည်။
ဒုန်း…. ဒုန်း…. ဒုန်း….
မနက်စောစောစီးစီး အခန်းတံခါးကို ခပ်ပြင်းပြင်းထုနေသော အသံသည် ခြံဝင်းအတွင်း၌ ဟိန်းထွက်လာခဲ့သည်။
“လော့ချန်၊ ရှင် အထဲမှာ ရှိတာ ကျွန်မ သိတယ်နော်၊ တံခါးဖွင့်စမ်း”
မနက်စောစောစီးစီး လော့ချန်၏ တံခါးကို တစ်စုံတစ်ယောက်က လာထုနေခြင်း ဖြစ်သည်။
အထဲတွင်မူ လော့ချန်သည် မအိမလည်မျက်နှာထားနှင့် စောစောစီးစီး မည်သူလာနှောက် ယှက်လေသနည်းဟု တွေးကာ အိပ်ရာမှ ထလာသည်။ သူ တံခါးဆီသို့ လျှောက်သွားကာ ဂျက်ကို ဖွင့်လိုက်ပြီး အပြင်မှာ ရပ်နေသူအား စကားမပြောဘဲ စိုက်ကြည့်လိုက်သည်။
သူတွေ့လိုက်ရသည်ကား ခါးထောက်လျက် သာယာလှသော နံနက်ခင်းနှင့်မလိုက်အောင် ဒေါသထွက်နေသည့် မီကျွင်းဖျင် ဖြစ်သည်။
လော့ချန် သမ်းဝါးရင်း “ဘာလာလုပ်တာလဲ၊ အိပ်ယာနိုးနိုးချင်း အရမ်းလွမ်းလာလို့ တကူးတက လာရှာတာလား” ဟု ရွဲ့မေးလိုက်သည်။
သူ့စကားမှာ ဝသီအရ စနောက် ကျီစယ်ခြင်း ဖြစ်သော်လည်း မီကျွင်းဖျင်၏ မျက်နှာမှာမူ ချက်ချင်းပင် နီမြန်းသွားတော့သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး “ဟာ… ရှက်သွားတာပဲ၊ ကျွန်တော်က တကယ်ပြောတာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“အဟမ်း…. အဟမ်း....”
မီကျွင်းဖျင်က ချောင်းဟန့်ကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ ထို့နောက် လက်ပိုက်လိုက်ပြီး အေးသက်သော လေသံနှင့် ပြောလိုက်သည်။
“ရှင် ဆေးဖော်ဆောင်ကို မလာတာ ဘယ်လောက်တောင် ကြာပြီလဲ၊ အဲ့ဒါတောင် ဘာလို့ ကျွန်မ ဒီကို ရောက်နေရတာလဲလို့ မေးဝံ့သေးတယ်ပေါ့လေ”
“ဪ…. အဲဒါလား”
လော့ချန် တံခါးဘောင်ကို မှီလိုက်ပြီး ခပ်အေးအေးပင် သမ်းဝေရင်း ပြောလိုက်သည်။
“အိမ်မှာ လုပ်စရာတွေ များနေလို့လေ၊ ထွက်လို့ မရသေးဘူး"
"ဘာတွေ လုပ်စရာ ရှိလို့လဲ၊ ကျိုးယွမ်လီက ရှင် တစ်နေ့ကုန် ဘာမှမလုပ်ပဲ ဟိုပြေးဒီပြေး လုပ်နေတာပဲလို့ ပြောပြီးပြီ၊ မနေ့ကဆိုရင် ရှင် တစ်နေ့ခင်းလုံး အော်ဟစ်နေလို့ ဆူပူ နှောင့်ယှက်တယ်ဆိုပြီး တိုင်ခံထားရသေးတယ်မလား"
နှောင့်ယှက်သည်ဟူသော စကားကို ကြားသောအခါ လော့ချန် အနည်းငယ် နေရခက်သွားသည်။
မနေ့ကဖြစ်ရပ်မှာ ဤသို့ဖြစ်သည်။ လော့ချန်တစ်ယောက် ကောင်းကင်တေးသံဆောင်မှ ဆွဲဆောင်မှုရှိသော အနုပညာရှင်မလေး တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် စီးပွားရေးအရ အသံနေအသံထားများကို စမ်းသပ်နေခြင်း ဖြစ်သည်၊
သို့သော် တစ်စုံတစ်ယောက်က အနုပညာကို နားမလည်ဘဲ စွန်းရှို့ထံသို့ တိုက်ရိုက်သွားတိုင်ကာ လော့ချန်တစ်ယောက် ကျင့်ကြံမှုကို နှောင့်ယှက်နေပါသည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
လုံးဝ အဓိပ္ပာယ်မရှိသည့် ကိစ္စပင်။
“ကျွန်မ ပြောပြမယ် ကျောက်စိမ်းအမြုတေဆေးလုံး တွေက အရမ်း ရောင်းကောင်းနေတာ၊ ပြီးခဲ့တဲ့လက အရန်ရှိတာတွေလည်း နောက်ရက်အနည်းငယ်ဆို ကုန်တော့မှာ၊ ရှင် ဆေးဖော်ဆောင်ကို ပြန်မလာရင် ကျွန်မအဖေတော့ တကယ် ဒေါသထွက်တော့မှာပဲ”
လော့ချန် မျက်လုံးလှန်ပြလိုက်သည်။
“ခင်ဗျားအဖေ ဒေါသထွက်ရင် သူ့ဘာသာသူ လာအော်ခိုင်းလိုက်၊ ကျွန်တော်တော့ အခုလောလောဆယ် မြို့တွင်းပိုင်းကနေ ဘယ်မှ မသွားနိုင်ဘူး”
ထိုသို့ ပြောပြီးနောက် သူ အိမ်ထဲသို့ ပြန်ဝင်ကာ တံခါးကို ဝုန်းကနဲ ပိတ်လိုက်တော့သည်။
သူသည် လောကကြီး၏ ကိစ္စအဝဝကို တံခါးအပြင်တွင် ထားခဲ့ပြီး အခန်းထဲတွင်သာ တစ်သက်လုံး နေတော့မည့်ပုံစံ ပေါက်နေသည်။
မီကျွင်းဖျင် ကြောင်အမ်းအမ်းနှင့် ကျန်ရစ်ခဲ့သည်။ သူမ တံခါးကို စိုက်ကြည့်နေမိပြီး တစ်ခုခုကို အော်ဟစ်ချင်သော်လည်း စကားလုံးများ ပျောက်ရှနေသည်။
သူမ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
“အံ့ဩပါ့ဟယ်…. မယုံနိုင်စရာပဲ”
ထို့နောက် အခန်းစုတ်ကို နောက်ဆုံးတစ်ချက် စိုက်ကြည့်လိုက်ပြီး ခြေလှမ်းကျဲကျဲနှင့် ထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သည်မှာ ငပျင်း လော့ချန်နှင့် မနက်ခင်း နှင်းများပေါ်မှ မီကျွင်းဖျင်၏ ဖိနပ်ခြေရာ များသာဖြစ်လေတော့သည်။
ဖိုရှန်းဂိုဏ်းတွင် ဖြစ်သည်....။
ခြံဝင်းတစ်ခု အလယ်တွင် မီရှုဟွာသည် တိတ်ဆိတ်စွာ ထိုင်နေပြီး နောက်ဆုံးထွက် စာရင်းဇယားများကို အေးအေးဆေးဆေး ဖတ်ရှုနေသည်။
မီကျွင်းဖျင်ကမူ သူမ၏ တိုင်တန်းမှုများကို စွပ်စွဲချက်တစ်ဝက်၊ မကျေနပ်ချက်တစ်ဝက်နှင့် ပြောပြနေသည်။
ခဏအကြာတွင်မူ မီရှုဟွာ စာအုပ်ကို ပိတ်၍ ဘေး၌ ချလိုက်သည်။ သူ့၏ မျက်နှာထားမှာ ခန့်မှန်း၍ မရပေ။
“လော့ချန်က တစ်ယောက်ယောက် သူ့ကို လုပ်ကြံမှာကို စိုးရိမ်နေတုန်းပဲပေါ” ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဟမ်”
မီကျွင်းဖျင် ကြောင်သွားသည်။ ဤစကားကို ကြားလိုက်ရသဖြင့် သူမ လုံးဝ အံ့သြသွားခြင်း ဖြစ်သည်။
မီရှုဟွာ သူမကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူသည် သူ၏ သမီးကြီးအပေါ်တွင် မျှော်လင့်ချက် အနည်းငယ်သာ ထားလေသည်။ အကြောင်းမှာ သူမသည် ငွေကြေးစီမံခန့်ခွဲသည့် နေရာတွင် အရည်အချင်း အနည်းငယ် ရှိသော်လည်း ကျန်သည့်နေရာတွင်မူ သိပ်အားမကိုးရပေ။
ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျကာ သမီးဖြစ်သူ မီလီအား မွေးဖွားခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း လုံးဝ စွန့်လွှတ်ခဲ့သည်။
စိတ်သဘောထား သေးသိမ်ပြီး ဖိုရှန်းဂိုဏ်းဝင်များအတွက် ရည်ရွယ်သည့် အကျိုးခံစားခွင့်များကိုလည်း ခေါင်းပုံဖြတ်လေ့ရှိသဖြင့် လက်အောက်ငယ်သားများ၏ မကျေမနပ်ဖြစ်ခြင်းကို ခံနေရသူလည်း ဖြစ်သည်။
အဓိကမှာ သူမသည် အဖေဖြစ်သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါကို အသုံးချကာ အခြားသူများအား ဗိုလ်ကျလေ့ရှိသည်။
မီရှုဟွာ အနေဖြင့် နောက်အနှစ်တစ်ရာအတွင်း ရွှေအမြုတေ အဆင့်သို့ မရောက်နိုင်ခဲ့လျှင်၊ သို့မဟုတ် မီမိသားစုမှ နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မပေါ်ထွက်လာခဲ့လျှင် သူမ အနာဂတ်အတွက်စိုးရိမ်စရာ ဖြစ်သည်။
အမှန်စင်စစ် မီရှုဟွာ ထိုသို့ စဉ်းစားနေရန်ပင် မလိုပေ။ သူမ၏ အရည်အချင်းအရ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် မဖြစ်နိုင်သဖြင့် နောက်အနှစ်တစ်ရာဆိုလျှင် သူ့ထက်ပင် အရင် သေဆုံးသွားနိုင်သည်။
သူ နေရာမှ ထကာ အပြင်သို့ ထွက်လိုက်သည်။ မီကျွင်းဖျင် နောက်မှ အမြန် လိုက်လာသည်။
“စိမ်းလဲ့မှော်ရုံတောထဲက ခြုံခိုတိုက်ခိုက်ခံရမှုမှာ ငါတို့ လော့ချန်ကို သင့်တော်တဲ့ ရှင်းလင်းချက် တစ်ခုမှ မပေးခဲ့ရသေးဘူး၊ နှင်းကြာပန်းဈေးမြို့တော်က လူသတ်သမားတွေက အရမ်းကို ရုတ်တရက်ကြီး ရောက်လာခဲ့တာ၊ လော့ချန်ရဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ပုံစံကို ကြည့်ပြီး အထင်မသေးနဲ့၊ အမှန်တော့ သူက တခြားသူတွေထက် အများကြီး ပိုပြီး အကင်းပါးတယ်"
မီရှုဟွာက တည်ငြိမ်သော အသံနှင့် ပြောသည်။
မီကျွင်းဖျင် ဇဝေဇဝါ ဖြစ်သွားသည်။
"အဲ့ကောင်လား အကင်းပါးတာ…."
မီရှုဟွာ သက်ပြင်းချရင်း ပြောသည်။
"အကင်းပါးတာထက် နေတတ်တယ်လို့ ပြောရမယ်၊ သူ့ထက် အင်အားကြီးတဲ့သူတွေနဲ့ ဆက်ဆံရင် ရိုသေတယ်၊ ရွယ်တူတွေနဲ့ဆိုရင် နွေးထွေးပြီး လိမ္မာပါးနပ်တယ်၊ လက်အောက်ငယ်သားတွေနဲ့ ဆိုရင်တော့ မျှတပြီး ရက်ရောတတ်သေးတယ်”
မီကျွင်းဖျင် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ပြန်ပိတ်လိုက်သည်။
လော့ချန်သည် သူမအပေါ်တွင်မူ တစ်ခါမျှ နှိမ့်ချခဲ့ခြင်း မရှိပေ။ ပြောရလျှင် ဒေါသထွက်စရာ ကောင်းလောက်အောင်ပင် မထီမဲ့မြင်ပြု နေခဲ့ခြင်း ဖြစ်သည်။
မီရှုဟွာသည် အိမ်ဝင်းအတွင်း ကျဆင်းနေသော နှင်းပွင့်လေးများကို ငေးကြည့်ရင်း ဆက်ပြောသည်။
“ပြီးတော့ တိုက်ခိုက်ရေးမှာလည်း သူက လူတွေ ထင်သလို ငကြောက် မဟုတ်ဘူး၊ အဲဒါနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ အဲဒီနေ့က စိမ်းလဲ့မှော်ရုံတောထဲမှာ လူတိုင်းက ငါ သူ့ကို ကယ်ခဲ့တယ်လို့ ထင်နေကြတာ၊ ဒါပေမဲ့ ငါ မရောက်ခင်မှာတင် သူက ရန်သူ နှစ်ယောက်ကို သတ်ခဲ့ပြီးပြီ၊ ကျန်တဲ့သူတွေကို လိုက်ဖမ်းဖို့အတွက်လည်း အင်အား ရှိနေသေးတယ်၊ ငါကိုယ်တိုင် လုဟွိုက်ပင်းကို စစ်မေးခဲ့တယ်…."
မီရှုဟွာ ဆက်ပြောသည်။
“သူက တိုက်ပွဲအကြောင်းကို သုံးကြိမ်တိုင်တိုင် ပြန်ပြောပြခဲ့တယ်၊ လော့ချန်က သူ၏ အရှိန်ကို သုံးပြီး အကွာအဝေးကို ထိန်းတယ်၊ အားနည်းဟန်ဆောင်ပြီး သူတို့ကို တောအုပ်ထဲ ဆွဲခေါ်သွားတယ်၊ အဲဒီမှာ သူက ဓားကွက်တွေနဲ့ ထောင်ချောက်တွေကို ကြိုတင်ပြင်ဆင်ထားပြီးသား၊ သူ သုံးတဲ့ မှော်အတတ်တွေက မြန်တယ်၊ တိကျတယ်၊ ပြီးတော့ ဘယ်ကမှန်း မသိတဲ့ မှော်အတတ်တွေ ဖြစ်နေတယ်….”
“ဒါတင် မဟုတ်ဘူး၊ သူ့မှာ တိုက်ခိုက်ရေး အစီအစဉ် အတိအကျ ရှိတယ်၊ သူက အသန်မာဆုံးဖြစ်တဲ့ လုဟွိုက်ပင်းကို အရင် ထောင်ဖမ်းတယ်၊ ပြီးတော့ အားအနည်းဆုံးလူကို ချက်ချင်း အပြတ်ရှင်းတယ်၊ ရန်သူက တိုက်ကွက်ဖော်ရင်လည်း သူက လေးရောင်ခြယ်ဆေးအိုးကို သုံးပြီး အဆင့်မြင့် မှော်လက်နက်ကို တားဆီးဖို့ ကြိုတင်ပြင်ဆင်ထားပြီးသား”
“ဒဏ်ရာရနေတဲ့ ရန်သူကို လိုက်ဖမ်းနေတဲ့ အချိန်မှာတောင် သူက လုံးဝ သတိမလွတ်ဘဲ လေးရောင်ခြယ်ဆေးအိုးရဲ့ ခံစစ်ကို အမြဲ အသင့်ပြင်ထားခဲ့တာ"
ဖခင်ဖြစ်သူ၏ စကားများကြောင့် မီကျွင်းဖျင်၏ စိတ်များမှာ ဝေဝါးသွားတော့သည်။ ရုတ်တရက် မေးခွန်းတစ်ခု သူမ၏ နားထဲသို့ ရောက်လာသည်။
“တကယ်လို့ မင်းသာ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ သုံးယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရရင်.... ဖျင်အား မင်း အဲဒီလောက်အထိ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ့မလား"
မီကျွင်းဖျင် စိတ်ပျက်စွာ ပြုံးလိုက်ပြီး စကားဝိုင်းမှာ ခဏ တိတ်ဆိတ်သွားသည်။
ထို့နောက် မီရှုဟွာ ဆက်ပြောသည်။
“သူက လူတွေနဲ့ ဆက်ဆံရာမှာ အရမ်းတော်တယ်၊ အသက်လုတိုက်ပွဲတွေမှာလည်း အကြံကောင်းတယ်၊ ဘယ်အချိန်မှာ ရှေ့တိုးရမယ် နောက်ဆုတ်ရမယ်ဆိုတာကိုလည်း ကောင်းကောင်း သိတယ်၊ သူက ငါ သူ့အပေါ် ဘယ်လောက်အထိ သည်းခံနိုင်တယ်ဆိုတာကို သိလို့ ငါ့ဆီကနေ အကျိုးအမြတ်တွေ ခဏခဏ တောင်းတယ်၊ ဒါပေမဲ့ တောင်းတိုင်း ငါပေးနိုင် ချေရှိတာထက်ပိုမတောင်းဖူးဘူး….”
“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီလောက်အကင်းပါးပီး ညှိရဲတဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူမျိုး ဖေဖေတော့ သိပ်မတွေ့ဖူးဘူး”
လော့ချန်သည် လျှော့တွက်၍ ရသောသူ မဟုတ်မှန်း မီကျွင်းဖျင် သဘောပေါက်သွားသည်။
သူမကိုယ်တိုင်ပင်လျှင် မီရှုဟွာ၏ သမီးအရင်း ဖြစ်နေသော်လည်း လော့ချန်ရှေ့တွင် သတိထား ဆက်ဆံနေရသည်။
လော့ချန်သည် မီရှုဟွာနှင့် ဤမျှအထိ သဟဇာတဖြစ်ဖြစ် ဆက်ဆံနိုင်သည်ကို သူမ ယခင်က သတိမထားမိခဲ့သော်လည်း အမှန်စင်စစ် ထိုအရာမှာ အံ့သြစရာ ကောင်းလှသည်။
"လော့ချန်လို ငပါးက ဖေဖေ့ဘက်က အကျိုးလိုလို့ ညောင်ရေလောင်းမှန်း သိနေမှာပဲ၊ သူ့ကိုပေးကမ်းရတာတွေကလည်း ကျောက်စိမ်းအမြုတေဆေးလုံးက ရတဲ့ အမြတ်တွေနဲ့ ယှဉ်ရင် ဘာမှမပြော မလောက်ပါဘူး….”
“ဒါပေမဲ့ ဒီတစ်ခေါက် ဓားပြတွေရန်ကို သူတော်တော်ကြောက်သွားပုံပဲ၊ အဲဒီတုန်းက ဖေဖေ ဘာလို့ သူ့ကို ကာကွယ်ဖို့ ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်ကို ချက်ချင်း လွှတ်ပေးခဲ့တယ်လို့ ထင်လဲ….”
မီရှုဟွာ မေးခွန်းထုတ်၍ ကိုယ့်ဘာသာ ဆက်ပြောသည်။
"ဒါပေမဲ့ သူကတော့ ခုထိလန့်နေတဲ့ပုံပဲ….”
မီကျွင်းဖျင် တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလိုက်သည်။
"သမီးတို့ဘက်က လုပ်ပေးလို့ရသမျှ အကုန် လုပ်ပေးပြီးပြီလေ ဖေဖေရယ်၊ ရှန်းရှု ဆိုတဲ့ကောင်ကို လိုက်ဖမ်းဖို့ နှင်းကြာပန်းဈေးမြို့တော်ကို လူလွှတ်ထားတယ်၊ ပြီးတော့ တာကျန်းဂိုဏ်းက ကောင်းထင်ယွမ်ကိုလည်း တောက်ပစမ်းရေစျေးမြို့တော်ဘက်ကို ပို့လိုက်ပြီလေ"
“ဟူး….”
မီရှုဟွာ၏ သက်ပြင်းချသံမှာ ရှည်လျားပြီး လေးလံလှသဖြင့် မီကျွင်းဖျင်မှာ အတန်ငယ် သိမ်ငယ်သွားသည်။
"တစ်ခါတစ်လေကျရင် လုံခြုံမှုကို အပြည့်အဝ အာမခံ ပေးတာထက် အမြတ်များများ ဖို့ပေးထားတာက ပိုကောင်းတယ် သမီး"
ထို့နောက် မီရှုဟွာက ခပ်တည်တည်မျက်နှာထားဖြင့် ဆက်ပြောလေသည်။
“လော့ချန်ဘက်က တစ်ခုခု တောင်းဆိုလာရင် ငါ ပေးလိုက်မယ်”
“ဒါနဲ့ အရင်လက အဆုံးအဖြတ်စင်မြင့်မှာ မီစီဖန် တစ်ယောက် တွမ်မိသားစုက အပယ်ခံလူဆီမှာ ရှုံးနိမ့်ခဲ့တယ် မဟုတ်လား၊ သူ့ဆီက ချီစုဆုံဝင်္ကပါကို သွားယူပြီး လော့ချန်ဆီကို ကိုယ်တိုင် သွားပေးလိုက်ပါ၊ ပြီးတော့ သူ့ရဲ့ နေ့စဉ် ဆေးဖော်စပ်တဲ့ အလုပ်တွေက ကျင့်ကြံခြင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလို့ လက်ဆောင်အဖြစ် ပေးတာလို့ ကြည့်ကောင်းအောင်ပြော"
မီကျွင်းဖျင်မှာ ဆွံ့အသွားတော့သည်။ မီရှုဟွာ ထွက်သွားသည့်တိုင်အောင် သူမ သတိမဝင်နိုင်သေးပေ။
မီမိသားစုတွင် ချီစုဆုံဝင်္ကပါ နှစ်ခုသာ ရှိခြင်းဖြစ်သည်။ အကြီးစားတစ်ခုကိုမူ မီရှုဟွာ အမြဲ အသုံးပြုလေ့ရှိသည်။ အသေးစားတစ်ခုကိုမူ များသောအားဖြင့် မိသားစုထဲမှ အရည်အချင်းအရှိဆုံး လူငယ်များအတွက် သီးသန့်ထားခြင်း ဖြစ်သည်။
သူမကိုယ်တိုင်လည်း သုံးခဲ့ဖူးသလို သူမ၏ တတိယညီမလည်း သုံးခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် မီမိသားစု၏ ဒုတိယမျိုးဆက်မှာ အားကိုးလောက်သူ မရှိသဖြင့် ယခုအခါ ထိုချီစုဆုံဝင်္ကပါကို တတိယမျိုးဆက်များက အဓိက သုံးစွဲနေကြခြင်း ဖြစ်သည်။
သို့သော် ယခုမူ သူတို့၏ဖခင်သည် သွေးမတော်သားမစပ်ဖြစ်သော ကပ်ပါးကောင်လော့ချန်အား မိသားစု၏ အဖိုးတန်အမွေအနှစ်ကိုပင် လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်နေလေပြီ။
***