မီကျွင်းဖျင်အား ပြန်လွှတ်လိုက်ပြီးနောက် လော့ချန်သည် သူ၏ အလုပ်များလှသော နေ့စဉ်ဘဝထဲသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားပြန်သည်။
စားပွဲများ၊ ကုလားထိုင်များ၊ လက်ဖက်ရည်အိုးအစုံ၊ အထူးမှာယူထားသော ကြွေခွက်များ၊ မီးသွေးမီးဖိုများ….။
အရေးမပါဟု ထင်ရသော်လည်း မရှိမဖြစ်လိုအပ်သော ဤပစ္စည်းများကို သူ၏ စေ့စပ်သေချာသော စီစဉ်မှုအောက်တွင် တစ်ခုပြီးတစ်ခု ပြင်ဆင်ခဲ့သည်။
ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဖိုရှန်းဂိုဏ်းမှ သူ့အား ချထားပေးသော ကိုယ်ရံတော်များမှာ အတော်ပင် အသုံးတည့်လှသည်။ သူတို့သည် သက်တော်စောင့်တာဝန် သက်သက်မဟုတ်ဘဲ ကိစ္စအဝဝအတွက် ပြေးလွှားပေးခြင်း၊ ပစ္စည်းများ သယ်ယူပေးခြင်းနှင့် ပို့ဆောင်ရေးလုပ်ငန်းများကို ကိုင်တွယ်ပေးကြသည်။
သူတို့၏ အကူအညီကြောင့်လည်း ဆိုင်အတွက် ပြင်ဆင်မှုများမှာ အခက်အခဲမရှိ ချောမွေ့ခဲ့လေသည်။
နှိုင်းယှဉ်ကြည့်လျှင် သူရွေးချယ်ထားသော ဆိုင်တာဝန်ခံ ရာထူးနှင့် နို့လက်ဖက်ရည် ဖျော်စပ်သူအဖြစ် တာဝန်ယူရမည့် ဖုန်းရှမှာမူ ထိုအလုပ်ကြမ်းများတွင် ပါဝင်ရန် မလိုပေ။
သူမ၏ တာဝန်မှာ လော့ချန်၏ လျှို့ဝှက်နည်းအတိုင်း နို့လက်ဖက်ရည် ဖျော်စပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားရန်သာ ဖြစ်သည်။
ထို့အပြင် လော့ချန်သည် ကူချိုင်ယီထံမှ အကူအညီ တောင်းခံခဲ့သည်။ ကျင့်ကြံသူများသည် များသောအားဖြင့် ကျေးတောဆန်သော အလှတရားထက် ယဉ်ကျေးသိမ်မွေ့မှုကို ပိုမိုနှစ်သက်ကြသည်။ သေရည်သောက်သည်ဖြစ်စေ၊ လက်ဖက်ရည်သောက်သည်ဖြစ်စေ ခွက်ထဲထည့်၍ ပေးရုံနှင့် မလုံလောက်ဘဲ သပ်သပ်ရပ်ရပ်နှင့် အဆင့်အတန်းရှိရှိ တည်ခင်းရန် လိုအပ်သည်။
ဤသည်ကိုပင် ကဗျာဆန်မှုဟု ခေါ်ဆိုကြသည်။ ထိုသို့သော ကိန်းကြီးခန်းကြီးနိုင်မှုများကို ချမ်းသာကြွယ်ဝသည့် ကျင့်ကြံသူများကြားတွင် အများဆုံး တွေ့ရတတ်သည်။
ဥပမာအားဖြင့် အချို့လူများသည် အေးစိမ့်လှသော ဆောင်းရာသီကြီးတွင်ပင် ခေါက်ယပ်တောင်ကို တစ်ဖျတ်ဖျတ် ခတ်ကာ ကျော့ကျော့မော့မော့ ဟန်လုပ်နေတတ်ကြသည်။
ထျန်းရှန်းမျှော်စင်မှ ကျင့်ကြံသူများသည် ဤသဘောတရားကို ကောင်းစွာ နားလည်ကြပြီး၊ ကူချိုင်ယီသည်လည်း ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် အလိုအလျောက် တတ်မြောက်ထားပြီးသား ဖြစ်သည်။
လော့ချန်၏ တောင်းဆိုမှုကြောင့် သူမသည် ဆိုင်တွင်မျက်နှာပြရမည့် ဖုန်းရှအား ကနွဲ့ကလျ နေထိုင်မှုပုံစံ၊ ကိုယ်ဟန်အနေအထား၊ မျက်နှာအမူအရာနှင့် လက်ချောင်းလေးများ၏ နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများအထိ အသေးစိတ်သင်ပေးထားသည်။
နောက်ဆုံးတွင် လော့ချန်၏ ရှေ့၌ ရပ်နေသူမှာ အေးချမ်းတည်ငြိမ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ လက်ဖက်ရည်ဖျော်နေသော အမျိုးသမီးတစ်ဦး ဖြစ်လာသည်။
ကိုယ်လုံးကိုယ်ပေါက်နှင့် ကွက်တိကျလှသည့် ကျင့်ကြံသူဝတ်ရုံကြောင့် သူမ၏ လှပသော ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသည်။ ပုခုံးပေါ်တွင် ခြုံထားသည့် ရိုးရှင်းသော အဖြူရောင် ဝတ်ရုံပွလေးက မြင်ရသူတိုင်းအား ရွှေရင်အေးစေသည်။
ဆံပင်ကို အပေါ်သို့ မြှင့်၍ မြောင်ချန်းဟု ခေါ်သည့် တာအိုသီလရှင်တို့၏ ဆံထုံးပုံစံမျိုး ထုံးနှောင်ထားသည်။
ဖဲကြိုးနှစ်ခုအောက်တွင် ကျဆင်းနေသည့် ဆံနွယ်အချို့က သူမ၏ မျက်နှာကို ဝန်းရံထားပြီး၊ ထိုမျက်နှာလေးသည် မှင်သက်သွားစေလောက်အောင် မလှသော်လည်း တစိမ့်စိမ့်ကြည့်လာပါက စွဲမက်ဖွယ် ကောင်းလှပေသည်။
ဖုန်းရှသည် ပြင်ဆင်ထားသော ဖူကျူးသမင်နို့နှင့် ဆေးဖက်ဝင် စမ်းရေတို့ကို ကျွမ်းကျင်စွာ ရောစပ်လိုက်သောအခါ အငွေ့တထောင်းထောင်းထနေသော ဖူကျူးနို့လက်ဖက်ရည်တစ်ခွက် အောင်မြင်စွာ ထွက်ပေါ်လာသည်။
“အစ်ကိုကြီးချင်၊ မြည်းကြည့်ပါဦးလား”
ချင်းလျန်ချန်းက အမြန်ပင် လက်ကာပြလိုက်ပြီး “မလုပ်ပါနဲ့၊ အသေသာသတ်လိုက်ကွာ၊ ထပ် မသောက်ပါရစေနဲ့တော့၊ ဗိုက်တွေလဲတင်းနေပါပြီ” ဟု အတင်းငြင်းသည်။
“ထားလိုက်၊ ကျွန်တော့်ဘာသာပဲ မြည်းကြည့်မယ်” ဟု ဆိုကာ
လော့ချန် ကြွေခွက်ကို ယူလိုက်ပြီး သူ့သက်တော်စောင့် လုပ်ပေးထားသည့် ဝါးပိုက်အသစ်လေးနှင့် စုပ်သောက်လိုက်သည်။
ဖုန်းရှက သူ့အား စိုးရိမ်တကြီး ကြည့်နေပြီး၊ ချင်လျန်ချန်းကမူ ဟာသတစ်ခု ဖြစ်လာတော့မည်လားဟု စောင့်ကြည့်နေသည်။
အရှေ့ဘက် အဆောင်ခန်းထဲတွင်မူ တွမ်ဖုန်းတစ်ယောက် မှီထိုင်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေသည်။
လူတိုင်းအား အကြာကြီး စောင့်မနေစေဘဲ လော့ချန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ဝိုး…. ကောင်းတယ်၊ ကျွန်တော်ကိုယ်တိုင် ဖျော်တဲ့ အရသာနဲ့အတူတူပဲ”
ထိုစကားကို ကြားမှ ဖုန်းရှ သက်ပြင်းချနိုင်တော့သည်။
သူမသည် ကျပ်ထုပ်နေသော ဝတ်ရုံအား နေရခက်စွာ ဆွဲဆန့်ရင်း မေးလိုက်သည်။
“ဆိုင်ကို ဘယ်တော့ စဖွင့်မလဲ"
“မနက်ဖြန်ပဲ ဖွင့်မယ်၊ သေဒဏ်ကျ အကျဉ်းသားတွေနဲ့ မိစ္ဆာသားရဲတွေရဲ့တိုက်ပွဲရက် မဟုတ်လား၊ အဲဒီနေ့ဆို ဖောက်သည်တွေ အများကြီး ရမှာ သေချာတယ်” ဟု ဆိုကာ လော့ချန် ဆိုင်ဖွင့်မည့်အချိန်ကို အပြီးသတ် သတ်မှတ်လိုက်သည်။
“မနက်ဖြန်ထက် ကောင်းတဲ့နေ့ မရှိတော့ဘူး၊ စောစောဖွင့်လေ၊ စောစော အမြတ်ရလေပဲ….”
“နောက်တစ်ချက်မှာချင်တာက မမရှ အဲဒီအချိန်ကျရင် စကားကို တတ်နိုင်သမျှ နည်းနည်းပဲ ပြောပါ၊ နို့လက်ဖက်ရည် ဖျော်ဖို့နဲ့ ရောင်းဖို့ကိုပဲ အာရုံစိုက်လိုက်နော်"
ဖုန်းရှ အသာအယာ ခေါင်းညိတ်လိုက်သည်။ သူမ ကောင်းစွာ နားလည်သည်။ သူမ၏ အက်ကွဲနေသော အသံမှာ သူတို့ စေ့စေ့စပ်စပ် ဖန်တီးထားသည့် တင့်တယ်လှပသော ပုံရိပ်လွှာကို ပျက်စီးသွားစေနိုင်သည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်လေး ရှိနေဆဲပင်။
“ဒါက တကယ်ပဲ အဆင်ပြေပါ့မလား” ဟု စိုးရိမ်နေသော မျက်နှာလေးဖြင့် ဆိုလိုက်သည်။
“မပြေစရာဘာရှိလဲ၊ ကျွန်တော် အကုန်လုံးကို သေချာစီစဉ်ထားပြီးသား” ဟု လော့ချန် ယုံကြည်မှု အပြည့်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။
လော့ချန်၏ ယုံကြည်မှုကို မြင်သောအခါ အခြားသူများလည်း စိုးရိမ်စိတ် လျော့နည်းသွားကြသည်။
….
မနက်ခင်း အလင်းရောင် ခြံဝင်းထဲသို့ ကျရောက်လာသောအခါ ဖုန်းရှ၏ ရင်းနှီးပြီးသား အက်ကွဲကွဲ အသံမှာ အိမ်မကြီးထဲမှ ထွက်ပေါ်လာသည်။
“ရှောင်တွမ့်၊ ဒီနေ့ ငါတို့ အရမ်းအလုပ်ရှုပ်နိုင်တယ်၊ မင်းသောက်ဖို့ ဆေးကို အစ်မ ကျိုထားပြီးပြီ၊ နေ့လည်ကျရင် နွှေးသောက်လိုက်နော်၊ ဟုတ်ပြီလား”
ကုတင်ပေါ်တွင် လှဲလျောင်းနေသော တွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
မီရွှီရေခဲမြို့တော်ဟု အမည်ရသော ဆိုင်လေး ယနေ့ စတင်ဖွင့်လှစ်မည်ဟု သူ သိထားသည်။
ပိုင်ရှင်မှာ လော့ချန်ဖြစ်ပြီး ဆိုင်တာဝန်ခံမှာ ဖုန်းရှ ဖြစ်သည်။
ဆိုင်၏ အလုပ်ကိစ္စ အဝဝမှာ ဖုန်းရှ၏ ပုခုံးပေါ်တွင် ရှိနေသော်လည်း တွမ်ဖုန်းသည် သူမအတွက် ဝမ်းသာပီတိ ဖြစ်နေမိသည်။
သူမသည် ဒုက္ခများစွာကို အောင့်အည်း သည်းခံခဲ့ရသည်။ ယခုမူ သူမတွင် ဂုဏ်သိက္ခာရှိပြီး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် အလုပ်တစ်ခု ရရှိခဲ့လေပြီ။
သူ၏ အကြည့်မှာ ကုတင်ဘေးရှိ စိမ်းဖန့်ဖန့် ဆေးပုလင်းအလွတ် လေးဆီသို့ ရောက်သွားသည်။ သူ လက်ချောင်းများဖြင့် ထိုပုလင်းကို အသာအယာ ထိတွေ့လိုက်သည်။ သူ၏ ရင်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရသည်။
၎င်းမှာ ဆေးကြောင့်မဟုတ်ဘဲ ဤခြံဝင်းအတွင်းရှိ လူတိုင်းအား သံယောဇဥ်ကြီးရှာကာ တစ်နည်းမဟုတ်တစ်နည်း အခွင့်အလမ်း ဖန်တီးပေးလေ့ရှိသည့် လူတစ်ယောက်ကြောင့်ဖြစ်သည်။ ထိုသူမှာ လော့ချန် ဖြစ်သည်။
အရုဏ်တက်ချိန်တွင် ကျောက်ဖြူရင်ပြင် အထက် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းလေးများ ဖြာကျလာပြီး စျေးမြို့တော်မှာလည်း စတင် အသက်ဝင်လာတော့သည်။
ယွမ်ရှောင်ယွဲ့ အပါအဝင် ဈေးသည်များသည် ဆိုင်ခန်းများကို ကိုယ်စီ ပြင်ဆင်နေကြသည်။
အဆုံးအဖြတ်စင်မြင့်၏ ကျော်ကြားမှုနှင့်အတူ ကျောက်ဖြူရင်ပြင်တစ်ဝိုက်တွင် စီးပွားရေး လုပ်၍ ကောင်းလာသည်။
စိတ်ဝင်စားစရာ တိုက်ပွဲများ မရှိသည့်တိုင်အောင် ဈေးသည်များသည် ပုံမှန်အတိုင်း ဆိုင်ဖွင့်လေ့ရှိကြသည်။
တစ်ခါတစ်ရံတွင် ထိုဈေးသည်များသည် အနီးနားရှိ ပိတ်နေဆဲ ဆိုင်ခန်းများကို ကြည့်ကာ မိမိတို့ကိုယ်ပိုင် ဆိုင်ခန်းတစ်ခု ငှားနိုင်ရန် စိတ်ကူးယဉ်နေတတ်ကြသည်။
သို့သော် ယနေ့တွင် ထိုဈေးသည်များသည် ဆိုင်ခန်းငယ်လေးတစ်ခု စောစောစီးစီး ဖွင့်ထားသည်ကို သတိထားမိလိုက်ကြသည်။ ဆိုင်ရှေ့၏ တစ်ဖက်တစ်ချက်တွင် ထူးခြားသော ပန်းခြင်းများကို ချထားသည်။
“ဒါ ဆိုင်သစ်လား"
ဆိုင်အပေါ်ဘက်တွင် သစ်သားဆိုင်းဘုတ်တစ်ခု ရှိနေသည်။
“မီရွှီ ရေခဲမြို့တော်”
“အဲဒါက ဘာရောင်းတာလဲ"
ဈေးလေးထဲတွင် စပ်စုသံများ ပျံ့နှံ့နေစဉ် ယွမ်ရှောင်ယွဲ့မှာမူ တိတ်တိတ်လေး ရင်ခုန်နေသည်။
သူမသည် ယခင်က နို့လက်ဖက်ရည်ကို ရောင်းချရန် တာဝန်ပေးခြင်း ခံခဲ့ရဖူးသော်လည်း ထိုအချိန်က နို့လက်ဖက်ရည်မှာ အကြမ်းထည်သာ ဖြစ်ပြီး အရသာမှာလည်း စိတ်ပျက်စရာ ကောင်းခဲ့သည်။
‘ဒါပေမဲ့ အခုတော့...’
သူမသည် ဆိုင်၏ သပ်ရပ်လှပသော ပုံစံကို ကြည့်ရင်း တွေးလိုက်မိသည်။
‘အစ်ကိုကြီး လော့ချန်က နည်းလမ်းသစ်နဲ့ ဒီလောက်အထိ ခမ်းခမ်းနားနား စတင်လိုက်တာပဲ’
ဆိုင်မှာ ယဉ်ကျေးသိမ်မွေ့ပြီး အဆင့်အတန်းရှိကာ ဆွဲဆောင်မှု ရှိလှသည်။ ဤလုပ်ငန်း အောင်မြင်ပါစေဟု သူမ အလေးအနက် ဆုတောင်းနေမိသည်။
နေမြင့်လာသည်နှင့်အမျှ ကျောက်ဖြူရင်ပြင်အတွင်းသို့ ကျင့်ကြံသူများ ပိုမို ရောက်ရှိလာကြသည်။ အများစုမှာ ထိုဆိုင်သစ်ကို သိချင်စိတ်ဖြင့် ခဏရပ်ကြည့်ကြသော်လည်း ဘာရောင်းသည်ကို ရေးမထားသဖြင့် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။
ရုတ်တရက် ချိုသာသော တေးသံတစ်သံ ထွက်ပေါ်လာသည်။
“မီရွှီလှသွင် လာပါပြီရှင်….
ငွေမိုးမောင်းတော် ထွန်းလင်းသွင်နှင့်….
နှလုံးရင်ဝယ် ချစ်မီးလောင်ပြင်အသွင်….
ပုလဲသံချို သာယာတော်အရှင်….
နို့လက်ဖက်ရည် ချိုနွေးဖျော်စေသော် အရင်….”
လူတိုင်းမှာ ထိုထပ်တလဲလဲ ဖြစ်နေသော သီချင်းစာသားများကို နားထောင်ရင်း ခဏတာ ဆွံ့အသွားကြသည်။
သီချင်းသံစဉ်မှာ ရိုးရှင်းပြီး ကလေးကလားနိုင်လှသည်။ သို့သော် စည်းချက်မှာ မှတ်ရလွယ်လွန်းလှသဖြင့် မကြာမီမှာပင် လူအချို့မှာ ခပ်တိုးတိုး လိုက်ဆိုနေကြတော့သည်။
ထောင့်တစ်နေရာရှိ အရိပ်ထဲတွင် လော့ချန် ငြိမ်သက်စွာ ရပ်ကြည့်နေသည်။
ရတနာနန်းဆောင်မှ သူဝယ်ယူခဲ့သည့် ကောင်းကင်တေးသံဖန်လုံးမှာ အမှန်ပင် အစွမ်းထက်လှသည်။ ၎င်းတွင် ထျန်းရှန်းမျှော်စင်မှ မိန်းကလေး၏ သီဆိုမှုကို မှတ်တမ်းတင်ထားပြီး ဝိညာဉ်ကျောက်တုံးများဖြင့် အသက်သွင်းကာ အချိန်မရွေး ဖွင့်ထားနိုင်လေသည်။
သို့သော် ဤနည်းလမ်းတစ်ခုတည်းဖြင့် ဆိုင်အောင်မြင်ရန်မှာ မလုံလောက်ပေ။
သို့သော် လော့ချန်မှာ ဉာဏ်နီဉာဏ်နက်များသူ ဖြစ်သည်။
ဆိုင်ရှေ့တည့်တည့်ရှိ မယောင်မလည် ရပ်နေသော သူ့လူတစ်သိုက်ရှေ့သို့ လျှောက်သွားကာ အမှတ်မထင်တွေ့ဟန် ပြုလိုက်သည်။
“ဟာ၊ ကိုယ့်လူတို့ မတွေ့တာတောင်ကြာပြီ၊ မင်းတို့ကြည့်ရတာ အလုပ်ပင်ပန်းနေကြပုံပဲ” ဟု ဇာတ်တိုက်ထားသည့်အတိုင်း မေးလိုက်သည်။
ထန်ချွမ်က ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်။
“ဘယ်ကသာ၊ အခုတလော ဆေးမဖော်ရတာကြာပြီဆိုတော့ အားနေတာဗျ”
မီလီ၊ လော့အာဒူနှင့် ကျန်သူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။
လော့ချန် သူတို့အား စိုက်ကြည့်ကာ “ငါက ပင်ပန်းတယ်လို့ ပြောရင် ပင်ပန်းလိုက်လေ” ဟု အံကြိတ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ကဲ…. ပင်ပန်းနေကြတယ်ဆိုတော့ ဒီနေ့ အကုန်လုံးကို ဒကာခံမယ်ကွာ၊ မင်းတို့အားလုံးကို နို့လက်ဖက်ရည် တစ်ခွက်စီ တိုက်မယ် လာ.…” ဟု ဆိုလိုက်သည်။
အားလုံး၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များအောက်တွင် လော့ချန်သည် တစ်ယောက်လျှင် ဝိညာဉ်ကျောက် ၅ တုံးစီ ဝေပေးလိုက်ရာ စုစုပေါင်း တစ်ရာနီးပါး ရှိသွားသည်။
အားလုံး ဝမ်းသာသွားကြသည်။
‘ဒီနေ့ ဆေးဖော်ဆောင် ခေါင်းဆောင်က မထင်မှတ်ဘဲ ရက်ရောနေပါလား၊ ဝိညာဉ်ကျောက်တွေတောင် ပေးနေတာပဲ….’
“ကဲ... အခု မီရွှီ ရေခဲမြို့တော်ကို သွားပြီး နို့လက်ဖက်ရည် တစ်ခွက်စီ သွားဝယ်ကြ၊ တန်းစီပြီး ဝယ်ကြနော်၊ ဝယ်ပြီးရင် ရင်ပြင်ထဲမှာ သောက်ရင်းနဲ့ ဒီနို့လက်ဖက်ရည်က ဘယ်လောက်တောင် ကောင်းပြီး အရသာရှိလဲဆိုတာကို အကျယ်ကြီး ချီးကျူးကြ၊ ပြီးရင် ရင်ပြင်ကို တစ်ပတ်ပတ်၊ ပြီးရင် ပြန်လာပြီး ပြန်တန်းစီ၊ ငါပေးတဲ့ ဝိညာဉ်ကျောက်တွေ ကုန်တဲ့အထိ အဲဒီအတိုင်းပဲ လုပ်ကြ၊ နားလည်လား”
လူတိုင်း မှင်သက်သွားကြသည်။
ဪ... ဒီတိုင်းဆုချတာ မဟုတ်ဘူးပဲ။ သို့သော် လော့ချန် ဒကာခံသည်ဆိုမှတော့ သောက်ကြည့်ရမည်သာ။
ထို့အပြင် နို့လက်ဖက်ရည်မှာ တစ်ခွက်လျှင် ဝိညာဉ်ကျောက် တစ်တုံးတည်း ဖြစ်လေရာ ဈေးလည်းမဆိုးလှချေ။
ပုံမှန်အားဖြင့် ချီသန့်စင်အစောပိုင်းနှင့် အလယ်အဆင့် ကျင့်ကြံသူများသည် လက်ထဲတွင် ဝိညာဉ်ကျောက် အနည်းငယ်သာ ရှိတတ်ကြသည်။ ခေါင်းလောင်းရွှေအိုးရိပ်မြုံတွင် ညစာစားလျှင် ဝိညာဉ်ကျောက် ဆယ်ဂဏန်း၊ ရာဂဏန်း ကုန်သည်ဟု ကြားဖူးကြသော်လည်း သူတို့အတွက်မူ လက်လှမ်းမမီသော အရာများ ဖြစ်သည်။
ထိုသို့ မတတ်နိုင်သဖြင့် ရင်ပြင်ထဲရှိ နို့လက်ဖက်ရည် တစ်ခွက်ကို သောက်သုံးရခြင်းမှာလည်း သူတို့အတွက်မူ ဇိမ်တစ်ခုပင် ဖြစ်သည်။
မကြာမီမှာပင် မီရွှီရေခဲမြို့တော် ဆိုင်လေးရှေ့တွင် ပူပူညံညံနှင့် လူတန်းရှည်ကြီး ပေါ်လာတော့သည်။
ထိပ်ဆုံးတွင် တန်းစီနေသော ပထမဆုံး ဝယ်သူမှာ ထန်ချွမ် ဖြစ်သည်။
“အဟမ်း…. အဟမ်း…. ဆိုင်ရှင်အစ်မ၊ ဒီမှာ ဘာတွေ ရောင်းတာလဲဗျ”
ဖုန်းရှက သူ့အား တစ်ချက်ကြည့်လိုက်ပြီး ဆိုင်ရှေ့ရှိ သစ်သားဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။
ဆိုင်းဘုတ်ပေါ်တွင် “ဖူကျူးနို့လက်ဖက်ရည်၊ တစ်ခွက်လျှင် ဝိညာဉ်ကျောက် ၁ တုံး” ဟု ရေးထားသည်။
ထန်ချွမ် မဆိုင်းမတွပင် “တစ်ခွက် ပေးပါ” ဟု ဆိုကာ ဝိညာဉ်ကျောက် တစ်တုံး ပေးလိုက်သည်။
“အပူလား၊ အအေးလား"
“အပူပေါ့၊ ဒီလို ဆောင်းတွင်းကြီးမှာ ဘယ်သူက အအေးသောက်မှာလဲ"
ဖုန်းရှ ခေါင်းညိတ်လိုက်ပြီး နို့လက်ဖက်ရည်ကို စတင် ဖျော်စပ်တော့သည်။
ပျင်းနေသဖြင့် ထန်ချွမ် ပတ်ဝန်းကျင်အား လိုက်ကြည့်နေသည်။
သူ၏ အာရုံမှာ ပထမဆုံး ဆိုင်ရှင်မလေးဆီသို့ ရောက်သွားသည်။ သူမ၏ ထူးခြားလှသော ကိုယ်လုံးကိုယ်ပေါက်မှလွဲလျှင် အခြား သိသာထင်ရှားသောအရာ မရှိပေ။
ထို့နောက် သူ၏ အကြည့်မှာ ဆိုင်၏ နောက်ဘက်နံရံရှိ စာတန်းများဆီသို့ ရောက်သွားသည်။
“ဖူကျူးနို့လက်ဖက်ရည်ကို ပထမအဆင့် မိစ္ဆာသားရဲ ဖူကျူးသမင်ရဲ့ ထိပ်တန်းနို့နဲ့ ဖော်စပ်ထားပါတယ်။ လက်ဖက်ရွက်များကို အရှေ့ပိုင်းလွင်ပြင်ရှိ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်လက်ဖက်ပင်များမှ ရယူထားပြီး သေချာစွာ ပြုပြင်စီမံထားပါတယ်....”
ထန်ချွမ်မှာ ဖတ်ပြီးသည်နှင့် သူ၏ မျက်လုံးကို မယုံနိုင်စွာ ပွတ်ကြည့်လိုက်မိသည်။
ဒီလောက်အထိ ခမ်းနားတဲ့ နောက်ခံရှိတဲ့ အချိုရည်က ဘာလဲ….။
“မိစ္ဆာသားရဲနို့၊ အနှစ်တစ်ထောင် ဝိညာဉ်လက်ဖက်ရွက်၊ ရှေးဟောင်းလက်ဖက် နည်းစနစ်နဲ့ လက်ဖက်ရည်ပညာရှင် ကိုယ်တိုင် ဖော်စပ်ထားတာကို ဝိညာဉ်ကျောက် ၁ တုံးတည်းနဲ့ ရတာလား”
သူ အကြာကြီး မစဉ်းစားလိုက်ရမီမှာပင် အငွေ့တထောင်းထောင်းနှင့် ရနံ့သင်းပျံ့သော ကြွေခွက်လေးမှာ သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ထန်ချွမ်သည် ရင်ပြင်ဘက်သို့ လျှောက်သွားရင်း ခွက်ကလေးကို ကိုင်ထားရာ နွေးထွေးမှုကို ခံစားနေရသည်။ သူ တွန့်ဆုတ်စွာဖြင့် တစ်ငုံ သောက်လိုက်ရာ အရသာမှာ ထူးခြားလှသည်။
နို့၏ အီစိမ့်သော အရသာက သူ့အား ပထမဆုံး ဆွဲဆောင်လိုက်သည်။ ထို့နောက်တွင်မူ ပန်းရနံ့လေးကဲ့သို့ ချိုမြိန်သော အရသာမှာ လျှာပေါ်တွင် ကျန်ရစ်ခဲ့သည်။ နို့နှင့် လက်ဖက်ရည်၏ ပေါင်းစပ်မှုမှာ အလွန်ပင် ကျေနပ်စရာ ကောင်းပြီး အဆင့်အတန်းရှိလှသည်။
ထိုအချိန်တွင် သူ လော့ချန်၏ ညွှန်ကြားချက်ကို သတိရသွားသည်။
သူသည် လူအုပ်ဘက်သို့ လှည့်ကာ အသံကုန် အော်လိုက်သည်။
“ဒါက တကယ်ကို အရသာရှိတာပဲ….”
ဤအော်သံမှာ အနီးအနားရှိ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
ထန်ချွမ်သည် သရုပ်ဆောင်ကောင်းသူပီပီ ကျင့်ကြံသူအချို့၏ ရှေ့မှ မြောက်ကြွကြွ လျှောက်သွားရင်း အသံကျယ်ကျယ်ဖြင့် ကြော်ငြာပေးလိုက်သည်။
“ဒီလောက်ကောင်းတဲ့ ဝိညာဉ်လက်ဖက်ရည်ကို တစ်ခွက်မှ ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းတဲ့လား၊ အရမ်း တန်လွန်းတယ်၊ မနက်ဖြန်လည်း ငါ ထပ်လာဝယ်ဦးမယ်….”
ထန်ချွမ် ရင်ပြင်အစွန်သို့ ရောက်ချိန်တွင်မူ မီရွှီ ရေခဲမြို့တော် ဆိုင်ရှေ့တွင် မရင်းနှီးသည့် ကျင့်ကြံသူအချို့ တန်းစီနေကြပြီ ဖြစ်သည်။
လော့ချန်သည် အနားတွင် တိတ်ဆိတ်စွာ ရပ်လျက် တန်းစီနေသူများကို ကြည့်နေသည်။ သူ ထန်ချွမ်၏ ပုခုံးကို ပုတ်ကာ ပြုံးလိုက်သည်။
“တော်တယ်၊ ခဏနေရင် ပြန်သွားတန်းစီဦး"
လော့ချန်၏ ချီးကျူးမှုကို ရသဖြင့် ထန်ချွမ် ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။
သူသည် နို့လက်ဖက်ရည်အား ထပ်မံသောက်ကြည့်ရင်း ‘အအေးကရော ဘယ်လို အရသာရှိမလဲ’ ဟု စဉ်းစားနေမိသည်။
ထို့နောက် လော့ချန်သည် ဆေးဖော်ဆောင်မှ အခြားကျင့်ကြံသူများကိုလည်း ချီးကျူးကာ ဆက်လက် ကြိုးစားရန် တိုက်တွန်းလိုက်သည်။ ထို့နောက်တွင်မူ လူအုပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ ဖောက်သည်များ၏ တုံ့ပြန်မှုကို လေ့လာနေတော့သည်။
လူအုပ်ကြီး၏ တုံ့ပြန်မှုမှာလည်း ပွက်လောရိုက်နေသည်။
“ရှေးဟောင်း နည်းစနစ်အတိုင်းဆိုတော့ သားရဲနို့ရဲ့ ညှီနံ့က လုံးဝ မရှိဘဲ ပေါင်းစပ်မှုက ကွက်တိပဲဟ"
“ငါ နို့သောက်ခဲ့တာက... တော်တော်ကြာပြီ။ အခု အရသာက တကယ်ကို ထူးခြားတာပဲ”
“မင်း သတိထားမိလား? အဲဒီ ဆိုင်ရှင်မလေးရဲ့ လက်ဖက်ရည်ဖျော်တဲ့ အတတ်ပညာက အတော်လေး အဆင့်မြင့်တယ်နော်”
“တောက်၊ မင်းတို့က တကယ့် အနှစ်သာရကို သတိမထားမိကြဘူးပဲ။ ငါ့ရဲ့ အအေးနို့လက်ဖက်ရည်ခွက်ကို ကြည့်စမ်း၊ ဆိုင်ရှင်မလေးက ဒါကို ဘယ်လို အအေးခံပေးလဲ သိလား"
“မသိလိုက်ဘူး မဟုတ်လား၊ သူမက ထိပ်တန်းအဆင့် ရေခဲဝိညာဉ်ဓား ကို သုံးလိုက်တာကွ”
“ဟား... နို့လက်ဖက်ရည် ဖျော်ဖို့အတွက် အဆင့်မြင့် မှော်လက်နက်ကို သုံးတယ် ဟုတ်လား"
“အမှန်အတိုင်း ပြောရရင် အစကတော့ ကြော်ငြာတွေအတိုင်း မယုံခဲ့ဘူး။ ဒါပေမဲ့ သူမက ရေခဲဓားကို သုံးတာ မြင်တော့မှ ယုံသွားတော့တယ်။ ဒီလောက်အထိ စေ့စပ်သေချာတဲ့ နည်းလမ်းတွေ မရှိရင် ဒီလို ဝိညာဉ်လက်ဖက်ရည်မျိုး ဘယ်မှာ ရနိုင်မှာလဲ"
တုံ့ပြန်မှုများကို နားစွင့်ပြီးနောက်မှ လော့ချန် သက်ပြင်းချနိုင်တော့သည်။
လောလောဆယ်တွင် သူ၏ စီးပွားရေးနည်းဗျူဟာမှာ အောင်မြင်သည်ဟု ဆိုရပေမည်။ ကျင့်ကြံသူများသည် ချီစွမ်းအင်၊ ရှေးဟောင်းနည်းစနစ် သို့မဟုတ် လျှို့ဝှက်ပါဝင်ပစ္စည်းများ ပါဝင်သည်ဆိုလျှင် အလွန်နှစ်သက်ကြသည်။ အရည်အသွေးသာ ကောင်းမည်ဆိုပါက ထပ်လာကြမည်မှာ အသေအချာပင်။
အားလုံးထဲတွင် အကောင်းဆုံးအချက်မှာ အရင်းအနှီး အလွန်နည်းပါးခြင်းပင်။ သားရဲနို့မှာ ခယ်ယွဲ့လင်း၏ လျှော့ဈေးနှင့်ဆိုလျှင် တစ်လကို ဝိညာဉ်ကျောက် ၃၀၀ သာ ကုန်သည်။ ဝိညာဉ်လက်ဖက်ရွက်မှာလည်း သာမန် နှစ်တစ်ရာသက်တမ်းရှိ အပင်များမှ ဖြစ်သဖြင့် ဈေးသက်သာလှသည်။ ဆေးဖက်ဝင်ပစ္စည်းများကိုလည်း ဖုန်းရှ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများထံမှ ဈေးနှုန်းချိုသာစွာဖြင့် ရယူနိုင်သည်။
ဆိုင်ငှားခ၊ ကြော်ငြာခနှင့် လှပသော ကြွေခွက်များ၏ ကုန်ကျစရိတ်ကို နုတ်လိုက်လျှင်ပင် အမြတ်အစွန်းမှာ အလွန်ကြီးမားလှသည်။
“တစ်လဝင်ငွေကတော့ အတိအကျ မသိရသေးဘူး” ဟု လော့ချန် တွေးလိုက်သည်။
“ဒါပေမဲ့ စနစ်တကျ စီမံခန့်ခွဲမယ်ဆိုရင်တော့ ဘယ်လိုမှ အရှုံးမရှိနိုင်ဘူး"
စာရင်းအင်းများကို တွက်ချက်ပြီးနောက် လော့ချန် ထပ်မံ စဉ်းစားမနေတော့ပေ။
ဖုန်းရှသည် အတွေ့အကြုံရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ယွမ်ရှောင်ယွဲ့မှာလည်း အနားတွင် ကူညီပေးနေသဖြင့် ဆိုင်မှာ အဆင်ပြေပြေ လည်ပတ်နိုင်မည် ဖြစ်သည်။
ထို့အပြင် အလုပ်ထုတ်ခံထားရသော အမျိုးသမီးတစ်ဦး၏ အလုပ်အပေါ် ထားရှိသော စိတ်အားထက်သန်မှုမှာလည်း သာမန် ဝန်ထမ်းနှင့် မတူနိုင်ပေ။
လော့ချန် အေးအေးဆေးဆေးပင် ခြံဝင်းထဲသို့ လမ်းလျှောက် ပြန်လာသောအခါ ခြံဝင်းအတွင်းရှိ ကျောက်ကုလားထိုင်ပေါ်တွင် မျက်နှာပျက်ပျက်နှင့် ထိုင်စောင့်နေသည့် မီကျွင်းဖျင်ကို တွေ့လိုက်ရသည်။
သူမ၏ ရှေ့တွင်မူ တွမ်ဖုန်းမှာ မျက်နှာဖြူဖျော့ကာ အားနည်းနေသည့် ကြားမှ ဆေးကျိုရန် ကြိုးစားနေသည်။
“သူ နေမကောင်းတာကို မမြင်ဘူးလား၊ ခင်ဗျား ဘယ်လိုတောင် စာနာစိတ် မရှိရတာလဲ”
လော့ချန် အပြေးအလွှား သွားလိုက်ပြီး သူမအား လုံးဝ ဂရုမစိုက်ဘဲ ဆေးကျိုသည့် အလုပ်ကို လွှဲယူလိုက်သည်။
တွမ်ဖုန်းက သူ့အား ခေါင်းညိတ်ပြပြီး ခပ်တိုးတိုး ပြောသည်။
“ဒီအမျိုးသမီး မင်းကို စောင့်နေတာ ကြာပြီ"
လော့ချန် ခပ်တိုးတိုး ပြန်ထူးလိုက်ပြီး တွမ်ဖုန်းအား ဆေးတိုက်ကာ အခန်းထဲ ပြန်ပို့ပေးလိုက်သည်။
သူ အပြင်သို့ ထွက်လာသည်နှင့် မီကျွင်းဖျင် ချက်ချင်း ထရပ်လိုက်သည်။
“ရှင့် ကိစ္စတွေက ပြီးဦးမှာလား”
လော့ချန် သူမအား စောင်းကြည့်ကာ ပြုံးလိုက်သည်။
“ကျွန်တော်တို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေက မဟာတာအိုဆီ အမြဲ တက်လှမ်းနေရတာပဲ၊ အလုပ်တွေမှာ အဆုံးသတ်ရယ်လို့ ရှိလို့လား"
“ရှင်….”
မီကျွင်းဖျင် ဒေါသထွက်ရန် ပြင်လိုက်သော်လည်း စိတ်ကို ထိန်းလိုက်ကာ သူမ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။
သူမ၏ လက်ယမ်းလိုက်မှုနှင့်အတူ ထူးခြားသော မှော်သင်္ကေတများ ပါဝင်သည့် အလံငါးလက် ကျောက်စားပွဲပေါ်တွင် ပေါ်လာသည်။ သူမသည် ၎င်းတို့အား စားပွဲပေါ်သို့ အားဖြင့် ချလိုက်ပြီး အသံလွှင့်ကာ လှည့်ထွက်သွားတော့သည်။
“ဒါက အဖေ ရှင့်ကို ပေးခိုင်းလိုက်တဲ့ ချီစုဆုံဝင်္ကပါပဲ၊ သေသေချာချာ ဂရုစိုက်”
လော့ချန်၏ မျက်လုံးများ တောက်ပသွားတော့သည်။
ချီစုဆုံဝင်္ကပါ….။
ချီစုဆုံဝင်္ကပါ၏ နာမည်ကျော်ကြားမှုကို သူ ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို သွယ်ဝိုက်သောနည်းဖြင့် စုပ်ယူပြီး ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော မှော်လက်နက်တစ်ခု ဖြစ်သည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက်မူ အလွန် တန်ဖိုးရှိလှသည်။
လော့ချန် အလံများအား ဝမ်းသာအားရ ကောက်ယူလိုက်ပြီး ပါးစပ်နားရွက် ချိတ်မတတ် ပြုံးလျက် ပြောလိုက်သည်။
“စိတ်ချပါ၊ ငါ သေချာ ဂရုစိုက်လိုက်ပါ့မယ်”
***