တိတ်ဆိတ်ငြိမ်သက်ပြီး ဆေးရနံ့သင်းပျံ့နေသော အခန်းထဲတွင် တွမ်ဖုန်းသည် ကြွေပန်းကန်လုံးအလွတ်လေးကို အသာအယာ ပြန်ချလိုက်သည်။
နွေးထွေးသော ခံစားမှုတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းမှ စတင်ဖြာထွက်လာပြီး ရေလှိုင်းလေးများကဲ့သို့ ပျံ့နှံ့သွားကာ အရိုးထဲအထိ စွဲကပ်နေသော အအေးဓာတ်များကို မောင်းထုတ်ပေးနေသည်။
တစ်ချိန်က သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားမရအောင် ချုပ်နှောင်ထားခဲ့သော အေးခဲနေသည့် စွမ်းအင်များမှာ တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်သည်။
သူ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး ဘေးနားရှိ အိတ်ငယ်လေးကို ဖွင့်လိုက်သည်။
ဖူး….
တောက်ပသော အလင်းရောင်နှင့်အတူ လှပသော အမွှေးအတောင်များရှိသည့် တောကြက်ကြီးတစ်ကောင် ပေါ်လာသည်။
၎င်း၏ အမွှေးအတောင်များမှာ နီရဲပြီး ရွှေရောင်သန်းနေကာ ပထမအဆင့် မိစ္ဆာသားရဲဖြစ်သော ယန်ဝူကြက်၏ အမှတ်အသားအတိုင်း တဖိတ်ဖိတ် တောက်ပနေပေသည်။
၎င်းမှာ အပြင်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ပုံမှန်ရှိနေကျ နတ်ဘုရားဆန်သော အရှိန်အဝါများ ကင်းမဲ့လျက် တွမ်ဖုန်း၏ဘေးတွင် ပျော့ခွေစွာ လဲလျောင်းသွားလေတော့သည်။
ထိုအခြင်းအရာကို မြင်သော် တွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူသည် ဤအတောအတွင်း ဒဏ်ရာများကို ကုသနေရသဖြင့် ဤပထမအဆင့် ယန်ဝူကြက်အား အစာကျွေးရန် မစွမ်းသာခဲ့ပေ။ အကယ်၍သာ နောက်ထပ် အချိန်အနည်းငယ်လောက် အစာမစားရတော့ပါက ၎င်းမှာ ငတ်ပြတ်ပြီး သေဆုံးသွားနိုင်ပေသည်။
သူသည် သိုလှောင်အိတ်ထဲမှ အနံ့သင်းပျံ့ပြီး အသက်ဓာတ်များ တဖျတ်ဖျတ်လက်နေသည့် ဝိညာဉ်ဆန်တစ်ဆုပ်ကို ထုတ်ပေးလိုက်သည်။ ယန်ဝူကြက်မှာ ချက်ချင်းပင် အားတက်သွားကာ အငမ်းမရ ထိုးဆိတ်စားတော့သည်။
တွမ်ဖုန်းက မှော်အတတ်စကားလုံးအချို့ကို ရွတ်ဆိုလိုက်ရာ ယန်ဝူကြက်မှာလည်း အသံပြု၍ ပြန်လည် တုံ့ပြန်သည်။
ထိုအခါမှ တွမ်ဖုန်းလည်း စိတ်ချကာ တွေဝေမနေတော့ဘဲ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ သူ၏ ကျင့်စဉ်ကို လည်ပတ်စေလိုက်သည်။
ယန်ဝူကြက်မှာ ဝိညာဉ်ဆန်များကို ထိုးဆိတ်နေရင်း ဘေးနားမှ သတိရှိရှိ စောင့်ကြပ်ပေးနေသည်။
လော့ချန် ပေးခဲ့သည့် စွမ်းအားကြောပြုပြင်ဆေးရည် ပုလင်းငယ်ကြောင့် သူ၏ သွေးကြောဒဏ်ရာများမှာ အတော်အတန် သက်သာသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော အအေးဓာတ်အကြွင်းအကျန်များကိုမူ ဆေးရည်သောက်ရုံနှင့် မဖယ်ရှားနိုင်သေးပေ။ ထိုအအေးဓာတ်များကို အမြန်ဆုံး နှင်ထုတ်နိုင်ရန် ချီစွမ်းအားကို အသုံးပြုရမည်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်နိုင်မှသာ သူ၏ အရိုးများနှင့် အတွင်းအင်္ဂါများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
သို့သော် ကျင့်စဉ်အား ခဏမျှ လည်ပတ်ပြီးနောက် တွမ်ဖုန်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။
“ဘာလို့ အပြင်က ချီစွမ်းအင်တွေက ဒီလောက်တောင် နည်းနေရတာလဲ"
….
ထိုအချိန်၌ မနီးမဝေးရှိ အခြားအခန်းတစ်ခန်းထဲတွင်မူ လော့ချန်သည် တောက်ပနေသော အလင်းတန်းများ ထွက်ပေါ်နေသည့် အစီအရင်တစ်ခု၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ထိုင်နေသည်။
“ဒါက ချီစုဆုံဝင်္ကပါပေါ့လေ”
လော့ချန်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ လန်းဆန်းမှုကို ခံစားလိုက်သည်။
သူ၏ ဘေးပတ်ပတ်လည်ရှိ အလံငါးလက်ကို ကြည့်ရင်း လော့ချန် အတွေးထဲ နစ်ဝင်သွားသည်။
ဤ ချီစုဆုံဝင်္ကပါ အသေးစားလေးအား အသက်သွင်းသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းသည်။ အလံတစ်ခုစီ၏ အောက်ခြေတွင် ဝိညာဉ်ကျောက် တစ်တုံးစီ ထည့်ပေးရန်သာ လိုအပ်ပြီး ဆယ်ကြိမ်ခန့် အသုံးပြုနိုင်သည်။
အသက်သွင်းလိုက်သည်နှင့် အလံများသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို အလိုအလျောက် စုပ်ယူပြီး အလယ်ဗဟိုသို့ စုစည်းပေးသည်။
ဤနေရာတွင် ကျင့်ကြံပါက အားစိုက်မှု တစ်ဝက်ဖြင့် အကျိုးကျေးဇူး နှစ်ဆ ရရှိနိုင်မည် ဖြစ်သည်။
သို့သော် မြို့တွင်းပိုင်းရှိ ချီစွမ်းအင် အများစုမှာ ဂိုဏ်းအင်အားစုများ၏ စုပ်ယူခြင်း ခံထားရသဖြင့် ဤအစီအရင်လေးဖြင့် သူတို့အား မယှဉ်နိုင်ပေ။
ဂိုဏ်းကြီးများ၏ ချီစုဆုံဝင်္ကပါများမှာ မီရှုဟွာ သူ့အား ပေးထားသော အရာထက် များစွာ သာလွန်မည်မှာ အသေအချာပင်။
ယခုလေးတင် စမ်းသပ်ကြည့်ရသလောက် လော့ချန်သည် သူ၏ပတ်ပတ်လည်ရှိ ချီစွမ်းအင်သိပ်သည်းဆမှာ အများဆုံး ၃ ပုံ၊ ၄ ပုံခန့်သာ တိုးလာသည်ဟု ခံစားရသည်။
သို့သော် ဤအစီအရင်၏ အခြားစွမ်းဆောင်ချက်တစ်ခုက လော့ချန်အား စိတ်ဝင်စားစေသည်။
“ချီစွမ်းအင်ကို ယင်နဲ့ယန် ဆိုပြီး ခွဲခြားထားသလို ဓာတ်ကြီးငါးပါးနဲ့လည်း သက်ဆိုင်နေတယ်၊ ဒီချီစုဆုံဝင်္ကပါကို ဆွဲငင်မှော်အတတ်နဲ့ အလံတစ်ခုကို ဗဟိုပြုပြီး အသက်သွင်းမယ်ဆိုရင်ရော၊ ဒါပေမဲ့ သူက သတ်မှတ်ထားတဲ့ ဓာတ်သဘာဝရှိတဲ့ ချီစွမ်းအင်တွေကိုပဲ စုပ်ယူနိုင်တာလေ….”
“ငါ့ရဲ့ ပင်ကိုယ်ကျင့်စဉ်က နွေဦး ကျင့်စဉ် ဆိုတော့ သစ်သားဓာတ်နဲ့ သက်ဆိုင်နေတာ….”
“တကယ်လို့ ငါက ချီစွမ်းအင် ပေါများတဲ့နေရာမှာ ရှိနေပြီး ဒီအစီအရင်ကို သုံးပြီး သစ်သားဓာတ် ချီစွမ်းအင် အမြောက်အမြားကို ပြောင်းလဲနိုင်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှု ရလဒ်တွေက တကယ်ကို အံ့မခန်း ဖြစ်လာမှာပဲ”
ထိုကဲ့သို့ ချီစွမ်းအင် ပေါများသော နေရာတစ်ခုကို လော့ချန် သိထားသည်။
ထိုနေရာမှာ လခြမ်းတောင်ကြားအောက်ရှိ ဝိညာဉ်ကြောလိုဏ်ဂူပင် ဖြစ်သည်။ ၎င်းမှာ ဖီးနစ်ကျတောင်မှ ဆင်းသက်လာသော ပထမအဆင့် ဝိညာဉ်ကြော၏ အခက်အလက်တစ်ခု ဖြစ်သဖြင့် လော့ချန်၏ နေ့စဉ် ကျင့်ကြံမှုအတွက် လုံလောက်လှသည်။ အကယ်၍ ထိုနေရာတွင် ချီစုဆုံဝင်္ကပါကိုပါ ထပ်ထည့်လိုက်မည်ဆိုလျှင်…။
ထိုနေ့ညနေခင်း၌ ဖုန်းရှသည် စိတ်လှုပ်ရှားစွာဖြင့် ဝင်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။
သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေပြီး လက်ထဲတွင်လည်း ဝိညာဉ်ကျောက်တုံးများကြောင့် တချောက်ချောက်မြည်နေသော အိတ်ငယ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူမသည် ဝတ်ရုံကိုပင် မချွတ်အားဘဲ လော့ချန်အား လိုက်ရှာတော့သည်။
“လော့ချန်ရေ ဒါက ဒီနေ့ရတဲ့ ဝင်ငွေလေ” ဟု သူမ မျက်ဝန်းများ တဖျတ်ဖျတ်လက်လျက် အားတက်သရော ပြောလိုက်သည်။
“စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂၀၀ တောင် ရတာသိလား လော့ချန်ရယ်၊ ဒီဆိုင်က ဒီလောက်တောင် အမြတ်ထွက်လိမ့်မယ်လို့ မထင်ထားဘူး”
အစရှိသည်ဖြင့် တရစပ်ပြောနေတော့သည်။ သူမ၏ ပါးပြင်လေးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။
သို့သော်လည်း လော့ချန်ကမူ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“အရမ်းကြီး ဝမ်းမသာနဲ့ဦး၊ အဲဒီဖောက်သည်တွေထဲက တချို့က ကျွန်တော် ဇာတ်တိုက်ပီး ဝယ်ခိုင်းထားတာ”
ဖုန်းရှ၏ အပြုံးမှာ အနည်းငယ် ပျက်သွားသည်။
“မီရွှီ ရေခဲမြို့တော်ကို လူမှန်မှန်ဝင်ပြီဆိုရင် သူတို့ကို ရပ်လိုက်တော့မှာ၊ သူတို့အတွက် ကုန်ထားတဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀ ကို နှုတ်လိုက်ရင် ဒီနေ့အတွက် တကယ်ဝင်တာက တစ်ရာပဲ ရှိသေးတယ်၊ ပြီးတော့ ဒီနေ့ လူများနေတာက အဆုံးအဖြတ်စင်မြင့်မှာ ပွဲကောင်းတစ်ပွဲ ရှိနေလို့လည်းပါတယ်၊ ဒီလိုမျိုး နေ့တိုင်း ရှိနေမှာ မဟုတ်ဘူး”
ဖုန်းရှ ငြိမ်ကျသွားသည်။ သို့သော် လက်တွေ့အခြေအနေကို သိရှိသွားသည့်တိုင်အောင် သူမ အတော်လေး ပျော်ရွှင်နေဆဲပင်။
လော့ချန် ဝိညာဉ်ကျောက် ၁၀၀ ကို ယူလိုက်ပြီး ကျန်ရှိသည်များကို ဖုန်းရှထံ ပြန်ပေးလိုက်သည်။
“အခုကစပြီး ဆိုင်ဝင်ငွေကို လအလိုက် ရှင်းကြမယ်၊ လက်ဖက်ခြောက်၊ သားရဲနို့နဲ့ တခြား လိုအပ်တဲ့ ကုန်ကြမ်းတွေ ရှာဖွေပေးပို့တာကို ကျွန်တော် တာဝန်ယူမယ်၊ မမရှကတော့ ဆိုင်လည်ပတ်ရေးကိုပဲ အာရုံစိုက်ပေးပါ၊ မမရှကိုပဲ ဒုက္ခပေးရတော့မယ်ဗျာ”
ဖုန်းရှက ခေါင်းကို အမြန်ခါလိုက်ပြီး လေးနက်သော အမူအရာဖြင့် ဆိုသည်။
“ဒုက္ခမဟုတ်ပါဘူး၊ အစ်မလည်း ဝိညာဉ်ကျောက်တွေ ရနေတာပဲလေ”
သို့သော်လည်း သူမ၏ လေသံမှာ အဆုံးသတ်တွင် နူးညံ့သွားပြီး သူမ၏ မျက်ဝန်းများမှာ ကျေးဇူးတင်ရုံထက်ပိုသော ခံစားချက်တို့ဖြင့် တောက်ပနေသည်။ သူမ နှုတ်မှ မပြောသော်လည်း အဓိပ္ပာယ်မှာ ထင်ရှားလှသည်။
လော့ချန်သည် သူမအား ခိုနားရာနေရာ၊ တာဝန်တစ်ခုနှင့် အနာဂတ်တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လော့ချန်မှာမူ ထိုအောင်မြင်မှုတွင် သာယာမနေခဲ့ပေ။
မီရွှီ ရေခဲမြို့တော်မှာ အစောပိုင်းတွင် လူကြိုက်များသော်လည်း ၎င်းမှာ ချန်ယွဲ့ မုန့်ဆိုင်လိုပင် အရန် စီးပွားရေးတစ်ခုသာ ဖြစ်သည်။ စမ်းသပ်မှုတစ်ခုထက် မပိုပေ။
လော့ချန်၏ နှလုံးသားမှာ ဆေးဖော်စပ်ခြင်းနှင့်သာ ဆက်နွယ်နေသည်။ ဆေးဖော်စပ်ခြင်းမှ ရရှိသော အဆမတန် များပြားသည့် အမြတ်အစွန်းများနှင့် နှိုင်းယှဉ်လျှင် မုန့်ဆိုင်ဖြစ်စေ၊ နို့လက်ဖက်ရည်ဆိုင်ဖြစ်စေ အားလုံးမှာ သေးငယ်လှသည်။
ထို့ကြောင့် လော့ချန်သည် ဖုန်းရှအား လစဉ် လစာအပြင် ဆိုင်အမြတ်၏ ငါးရာခိုင်နှုန်းကိုပါ ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ များပြားလှသည် မဟုတ်သော်လည်း သူမအား စိတ်အားထက်သန်စေရန်နှင့် ဆိုင်ကို ကိုယ်ပိုင်ဆိုင်ကဲ့သို့ သဘောထားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“ဒါဆို ဒါတွေကိုကော ဘယ်လိုလုပ်မလဲ"
ဖုန်းရှသည် သူမ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းသုံးခုကို ထုတ်ရင်း မေးလိုက်သည်။
ကြွေအိုးတစ်လုံး၊ ဖန်လုံးတစ်လုံးနှင့် ရေခဲဓာတ်ရှိသော ပျံသန်းဓား တစ်စင်း။
၎င်းတို့မှာ သမုဒ္ဒရာမြှုပ်အိုး၊ ကောင်းကင်တေးသံဖန်လုံး နှင့် ထိပ်တန်းအဆင့် ရေခဲဓား တို့ဖြစ်သည်။
လော့ချန် တွေဝေမနေဘဲ ပြောလိုက်သည်။
“ဒါတွေက မမရှအတွက်ပဲ၊ ဆိုင်ရဲ့ လည်ပတ်မှုမှာလည်း ဒါတွေကိုပဲ သုံးသွားရမှာလေ၊ မမရှ မီးလုံးမှော်အတတ်ကို ခဏခဏ သုံးနေရတာ သက်သာအောင်လို့ ပစ္စည်းတွေကို အပူပေးနိုင်တဲ့ မှော်ပစ္စည်းတစ်မျိုးလည်း ကျွန်တော် ရှာပေးပါဦးမယ်”
နို့လက်ဖက်ရည် တစ်ခွက်စီအား နွှေးရန် မီးလုံးမှော်အတတ်ကို သုံးရခြင်းမှာ ချီစွမ်းအားကို ကုန်ဆုံးစေသည်။ အအေးဖျော်ရည်များအတွက် ရေခဲဓားကို သုံးရာတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ထို့ကြောင့်သာ လော့ချန်သည် ဖုန်းရှအား အမြတ်ခွဲဝေပေးခြင်း ဖြစ်သည်။ အကယ်၍ ဝင်ငွေနည်းပါက ချီစွမ်းအား ကုန်ဆုံးမှုမှာ ရေရှည်အတွက် မကိုက်နိုင်ပေ။
လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒီနို့လက်ဖက်ရည် လုပ်ငန်း အောင်မြင်လာရင် နောက်ပိုင်း လူတွေထပ်ငှားကြတာပေါ့၊ အဲဒီအချိန်ကျရင်…. ကျွန်တော့် မမရှက တကယ့် ဆိုင်ရှင်မကြီး ဖြစ်လာမှာပေါ့”
ဖုန်းရှမှာ ထိုမထင်မှတ်ထားသော ရာထူးတိုးပေးမှုကြောင့် ကြောင်သွားသော်လည်း၊ မကြာမီမှာပင် ခေါင်းညိတ်ပြကာ သူမ၏ နှုတ်ခမ်းထက်တွင် ပြတ်သားသော အပြုံးလေးတစ်ခု ပေါ်လာသည်။
သူတို့သည် ဆိုင်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ ရောင်းချမှု အစီအစဉ်များ၊ ဖောက်သည်များ၏ တုံ့ပြန်မှုနှင့် ကုန်ပစ္စည်း စာရင်းများကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံး လော့ချန် ညွှန်ကြားချက် တစ်ခု ပေးလိုက်သည်။
“ကျောက်စိမ်းအိုး ဓားနန်းဆောင်က ကျင့်ကြံသူတွေဆီကိုလည်း နို့လက်ဖက်ရည်တွေ မကြာမကြာ ပို့ပေးဖို့ မမေ့နဲ့ဦးနော်”
ဖုန်းရှက ခေါင်းလေးစောင်းလျက် မေးသည်။
“သူတို့က မကြိုက်ရင်တောင်မှလား"
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ဘာသာ သောက်သောက်၊ မသောက်သောက် အရေးမကြီးဘူး၊ အရေးကြီးတာက ကျွန်တော်တို့ဘက်က ပို့ပေးဖို့ပဲ”
ဖုန်းရှက နားလည်သွားဟန်ဖြင့် ပြုံးလိုက်မိသည်။
နောက်တစ်နေ့၊ မိုးသောက်ယံအချိန်တွင် ဖြစ်သည်….။
မြို့တံခါးဝတွင် လော့ချန် အဆင်သင့် ဖြစ်နေလေပြီ။
အဆင့်မြင့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ အမှတ်အသားဖြစ်သော မြေခွေးသားမွေးဝတ်ရုံကို ထပ်မံခြုံထားရာ အလွန်ပင် ခန့်ညားထည်ဝါပြီး တည်ငြိမ်သော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။ ဆံပင်ရှည်များအား သေသပ်စွာ စည်းနှောင်ထားပြီး မျက်ဝန်းများမှာ စူးရှနေသည်။
လော့ချန်သည် ကိုယ်ရံတော် နှစ်ဦးနှင့်အတူ လခြမ်းတောင်ကြား ဆီသို့ ထွက်ခွာလာခဲ့သည်။
သူတို့သည် တိမ်တိုက်များအကြား ငှက်မွေးလေးများအလား အေးအေးလူလူ ပျံသန်းနေကြသည်။ လော့ချန်သည် ဘေးရှိ ကိုယ်ရံတော်တစ်ဦးအား ကြည့်ကာ မေးလိုက်သည်။
“လျိုချန်း အခြေအနေ ဘယ်လိုလဲ”
သူ၏ ဘေးတွင် ပျံသန်းနေသော ကျိုးယွမ်လီက ချက်ချင်းပင် “သူ ဒဏ်ရာတွေ အတော်သက်သာနေပါပြီ၊ မကြာခင်မှာ တာဝန် ပြန်ထမ်းဆောင်နိုင်တော့မှာပါ” ဟု လေသံနှိမ့်၍ ပြန်ပြောသည်။
ထို့နောက် လော့ချန် ပတ်ဝန်းကျင်အား သတိရှိရှိ လိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် ကျိုးယွမ်လီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ရှေ့ကနေ ကင်းထောက်နေပါတယ်၊ အနောက်ဘက်မှာလည်း တုန်းဖန်းလျန်ကို ထားထားပါတယ်….”
လော့ချန် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အဖွဲ့မှာ ပိုမို ထက်မြက်ပြီး နိုးကြားလာကြပြီ ဖြစ်သည်။ လူတိုင်းက သူတို့၏ တာဝန်ကို သိကြပြီး ပညာရှင်ဆန်ဆန် လုပ်ကိုင်လာကြသည်။
ကျိုးယွမ်လီက ဆက်ပြောသည်။
“နောက်ပြီးတော့ ဒီတစ်ခါမှာ ဂိုဏ်းချုပ်မီက ကျွန်တော်တို့ကို အဆင့်မြင့် မှော်လက်နက်တစ်ခု ထုတ်ပေးလိုက်ပါတယ်၊ အဲဒါက ချီစွမ်းအား လှုပ်ခတ်မှုတွေကို အဝေးကြီးကနေ ထောက်လှမ်းနိုင်တယ်လေ”
ထိုအချက်က လော့ချန်အား လုံးဝ စိတ်အေးသွားစေသည်။
‘မီရှုဟွာကတော့ ငါ့အပေါ် တကယ်ကို ရင်းနှီးမြှုပ်နှံထားတာပဲ’ ဟု လော့ချန် ပြုံးရင်း တွေးလိုက်သည်။
မကြာမီ သူတို့အဖွဲ့ လခြမ်းတောင်ကြားသို့ ရောက်ရှိလာကြသည်။
မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ကိုယ်ရံတော်အချို့မှာ တောင်ကြား၏ အမှောင်အရိပ်များထဲသို့ ခွဲထွက်သွားကာ ပတ်ဝန်းကျင်အား တိတ်ဆိတ်စွာ စောင့်ကြပ်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် တောင်ကြားအတွင်းမှ လူတစ်စု ထွက်လာကြသည်။ သူတို့ထဲတွင် ခန့်ညားတည်ငြိမ်သော ချွီဟန်ချန်းနှင့် မီလီတို့ ပါလာသည်။
လော့ချန် အချိန်ဆွဲမနေဘဲ ညွှန်ကြားလိုက်သည်။
“ကဲ... ကျောက်စိမ်းအမြုတေဆေးလုံး ဖော်ဖို့ စပြင်ကြစို့၊ အားလုံး အလုပ်စလုပ်ကြ”
ထိုအမိန့်သံနှင့်အတူ လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။ ခါတိုင်း ဆေးနွှေးရင်း အိပ်ငိုက်နေတတ်သော ဆေးဖော်ဆောင် လက်ထောက်များပင်လျှင် ပုလင်းများ ဆေးကြောခြင်းနှင့် ကိရိယာများ ပြင်ဆင်ခြင်းတို့ဖြင့် အလုပ်ရှုပ်သွားကြသည်။
လော့ချန်သည် ပြန်လည် သက်ဝင်လှုပ်ရှားလာသော ဆေးဖော်ဆောင်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကာလရှည်ကြာ ကျရှုံးမှုများနှင့် အရင်းအနှီးအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီးနောက်တွင် ကျောက်စိမ်းအမြုတေဆေးလုံး၏ အကျိုးကျေးဇူးများမှာ နောက်ဆုံးတွင် သိသာထင်ရှားလာခဲ့ပြီ ဖြစ်သည်။
သူ၏ လက်ရှိ ပါရမီရှင် အဆင့် ကျွမ်းကျင်မှုဖြင့်ဆိုလျှင် အဆင့်နိမ့်နှင့် အဆင့်လတ် ဆေးလုံးများကို ဖော်စပ်ရသည်မှာ အလွန်လွယ်ကူလှသည်။
အဆင့်မြင့် ဆေးလုံးများအတွက်ပင်လျှင် သူ အာရုံစိုက်မည်ဆိုပါက ငါးဆယ်ရာခိုင်နှုန်းခန့် အောင်မြင်နိုင်ခြေ ရှိသည်။
ရုန်းကန်ခဲ့ရသော ဆေးဖော်ဆောင်မှာ အသီးအပွင့်များ ခူးဆွတ်ရမည့် အချိန်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ မီရှုဟွာတစ်ယောက် လော့ချန်အား သားအရင်းသဖွယ် ချော့မြှူနေရသည်မှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။
အမှန်စင်စစ် ဤအရှိန်အဝါကြောင့်သာ လော့ချန် ယုံကြည်မှုအပြည့်ဖြင့် လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ သူ တောင်းဆိုစရာပင် မလိုဘဲ မီရှုဟွာက သူ့အား ချီစုဆုံဝင်္ကပါ ပေးခဲ့ပြီး သူ၏ လုံခြုံရေးကိုလည်း တိုးမြှင့်ပေးခဲ့သည်။
လော့ချန်သည် ဆေးဖော်ခန်းထဲသို့ ဝင်ကာ လေးရောင်ခြယ်ဆေးအိုးအား ချရင်း တွေးလိုက်မိသည်။
‘တစ်ဂိုဏ်းလုံးမှာ မီရှုဟွာ တန်ဖိုးအထားဆုံးလူက မီကျွင်းဖျင်ပြီးရင် ငါပဲ ဖြစ်လိမ့်မယ်၊ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ အိမ်မက်မက်နေတဲ့ မီရှုဟွာလို လူမျိုးအတွက်တော့ သူ့မိသားစုဝင်တွေ ထက်တောင် အခုအချိန်မှာ ငါ့ကို တန်ဖိုးထားရင်ထားနေမှာ'
***