ဆေးဖော်ဆောင်၏ လေးလံလှသော တံခါးချပ်ကြီးများမှာ အဟောင်းသား ပွင့်နေလေသည်။
အတွင်းဘက်၌မူ ဆေးလုံးထိန်းသိမ်းသူများသည် သစ်သားလင်ဗန်းများကိုယ်စီဖြင့် ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်။
စောစောစီးစီး ရောက်နှင့်နေသော ကူချိုင်ယီက ထိုသူများအား စေ့စပ် ကြီးကြပ်နေပြီး၊ အသစ်စက်စက် ထွက်ရှိလာသော ဆေးလုံးများကို စစ်ဆေးကာ သိုလှောင်ရန် ပြင်ဆင်နေသည်။
“အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး ၈၇ လုံးနဲ့ အဆင့်လတ် ၃၅ လုံး၊ အားလုံးကို ဆေးသိုလှောင်ခန်းထဲ ပို့လိုက်ပါ"
စာရင်းများအား စစ်ဆေးအတည်ပြုပြီးနောက် လော့ချန်သည် တောင်ကျစမ်းရေ တသွင်သွင် စီးဝင်နေသော ကျောက်ရေကန်ငယ်လေးတွင် သူ၏လက်များကို စိတ်အေးလက်အေး ဆေးကြောလိုက်သည်။
ကူချိုင်ယီက အနားသို့ ခပ်သွက်သွက် လျှောက်လာကာ လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
“ရှင် ဒီနေ့ မြို့ထဲက အိမ်ကို ပြန်ဦးမှာလား"
လော့ချန် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။
“မပြန်တော့ဘူး၊ အနားယူထားတာလည်း ရက်အတော်ကြာပြီ ဆိုတော့ အလုပ်လေး ဘာလေး ပြန်လုပ်ချင်နေပြီ၊ ဒီည ဒီမှာပဲ သောင်တင်ပြီး ဆေးကျမ်းတချို့ ပြန်ဖတ်ရင်း စိတ်ထဲမှာ ပေါ်လာတဲ့ စိတ်ကူးအသစ်တွေကို လက်တွေ့စမ်းကြည့်မလို့”
ထိုစကားကို ကြားသော် ကူချိုင်ယီလည်း ထပ်မမေးတော့ပေ။ သူမကိုယ်တိုင်မှာမူ ရက်ဆက်ဆိုသလို အရာရာကို ခေါင်းမဖော်နိုင်အောင် ကြီးကြပ်ပေးခဲ့ရသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ရာ၊ အိမ်ပြန်၍ အနားယူရန်သာ အမြန်ပြင်ဆင်တော့သည်။
လော့ချန်သည် ဆေးဖော်ဆောင် အပြင်ဘက်ရှိ ကမ်းပါးစွန်းသို့ ထွက်လာကာ မှိုင်းပြာနေသော တောင်တန်းကြီးများကို ငေးကြည့်နေမိသည်။ သို့သော် သူ၏ အာရုံမှာ ပြင်ပလောကတွင် ရှိမနေဘဲ မျက်စိရှေ့ ပေါ်လာသော အခြေအနေပြကြေးမုံပြင် ပေါ်၌သာ နစ်ဝင်နေခဲ့သည်။
“အဆင့်နိမ့်နဲ့ အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အမြောက်အမြား ဖော်စပ်နေတာက ငါ့ရဲ့ ကျွမ်းကျင်မှု တိုးတက်မှုကို တော်တော် နှေးကွေးသွားစေတာပဲ….”
လော့ချန်သည် အခြေအနေပြကြေးမုံပြင်၏ ထူးခြားချက်များကို အတော်လေး နားလည်ထားပြီး ဖြစ်သည်။ အဆင့်တစ်ခုစီတွင် သက်ဆိုင်ရာ အဆင့်ရှိသော ဆေးလုံးများကို ဖော်စပ်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ကျွမ်းကျင်မှုမှာ တိုးတက်လာမည် မဟုတ်ပေ။
အခြေခံအဆင့်နှင့် တတ်မြောက်အဆင့်များအတွက် အဆင့်နိမ့်ဆေးလုံးများကို အာရုံစိုက်ရသည်။ ကျွမ်းကျင်အဆင့် နှင့် ပြီးပြည့်စုံ အဆင့်များအတွက် အဆင့်လတ်ဆေးလုံး အမြောက်အမြား လိုအပ်သည်။ ပါရမီရှင်အဆင့် ရောက်ရန်နှင့် ၎င်းမှ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန်အတွက် အဆင့်မြင့်ဆေးလုံး ငါးရာခိုင်နှုန်းကို ဖော်စပ်ရမည် ဖြစ်သည်။
ဤသည်မှာ အလွန်ပင် လက်တွေ့ကျကာ ယုတ္တိတန်လှသော လမ်းစဉ်ပင်ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် ဆေးလုံးတစ်မျိုးတည်းအား အဆင့်မြင့်အဆင့်ဖြင့် ရာနှင့်ချီ၍ တည်ငြိမ်စွာ ဖော်စပ်နိုင်ခြင်းမှာ ထိပ်သီးဆေးဖော်ဆရာ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရရန် လုံလောက်လှသည်။ အထူးအဆင့် ဆေးလုံးများမှာမူ ထူးခြားသော ကံကောင်းမှုနှင့် ကျွမ်းကျင်မှုတို့ ပေါင်းစပ်မှသာ ရရှိနိုင်သော ရတနာများ ဖြစ်ကြသည်။
အမှန်စင်စစ် လော့ချန်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော မှော်အာဟာရဆေးလုံးများအား ဖော်စပ်ကြည့်ခဲ့ပြီး ဖြစ်သည်။
အထူးအဆင့် မှော်အာဟာရဆေးလုံး ဖြစ်ပေါ်လာနိုင်စွမ်းမှာ ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ သာမန်ဆေးဆရာများအတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်နိုင်သော ရာခိုင်နှုန်းတစ်ခုပင်။
လော့ချန်သည် သက်ပြင်းတစ်ချက် ချရင်း ထိုကိစ္စကို ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
လောလောဆယ်တွင် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများမှာ မီရှုဟွာအား ကျေနပ်အောင် ထားရန် လုံလောက်ပေသည်။
သူကိုယ်တိုင် သိမ်းဆည်းထားသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများမှာလည်း သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအတွက် လုံလောက်သည်ထက် ပိုနေပေသည်။
ပါရမီရှင် အဆင့်မှာပင် ကာလရှည်ကြာ ရပ်တန့်နေသော အံ့ဖွယ်တစ်သောင်း ဆေးလုံးသာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက အထူးအဆင့်မှာ မည်သို့သော အာနိသင်များ ရှိမည်ကို သူ စိတ်ကူးကြည့်နေမိသည်။
“မိတ်ဆွေကျန်းဝမ် ကတော့ အဲဒီဆေးလုံးကို ငါ့ထက်တောင် ပိုပြီး မျှော်လင့်တောင့်တနေမှာပဲ၊'
လော့ချန် ခပ်တိုးတိုး ရယ်မောရင်း အတွေးများကို ဘေးချိတ်ကာ လခြမ်းတောင်ကြား၏ လှပသော မြင်ကွင်းကို ကြည့်ရှုနေလိုက်သည်။
တာဝန်ပြီးဆုံးသွားသော ကျင့်ကြံသူများသည် ကျန်ရှိနေသော နေဝင်ရိုးရီ အလင်းရောင်ကို အသုံးချကာ၊ လေဟုန်စီး၍လည်းကောင်း၊ မှော်ယဉ်ပျံများကို စီးနင်း၍လည်းကောင်း အုပ်စုလိုက် ထွက်ခွာသွားကြသည်။
သူ စောင့်ကြည့်နေစဉ်မှာပင် ကူချိုင်ယီသည် အလုပ် ပြီးစီးသွားသော မုရုံချင်းလျန် နှင့် အတူ အိမ်ပြန်သွားသည်။
မကြာမီအချိန်အတွင်းမှာပင် စည်ကားခဲ့သော လခြမ်းတောင်ကြား၌ အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူ အနည်းငယ်သာ ကင်းစောင့်ရန် ကျန်ရစ်တော့သည်။
ထိုသူအားလုံးမှာ ပေါ်တင် စောင့်နေခြင်း မဟုတ်ပေ။ အချို့မှာ အရိပ်ထဲတွင် ပုန်းကွယ်နေကြပြီး၊ အချို့မှာ ပတ်ဝန်းကျင်ကို ကင်းလှည့်နေကာ၊ အချို့မှာမူ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များအား အချိန်မရွေး အလှည့် လဲလှယ်ပေးနိုင်ရန် တိတ်ဆိတ်စွာ အနားယူနေကြသည်။
“မီရှုဟွာက လခြမ်းတောင်ကြားကို အရင်ကထက် ပိုပြီးတော့ အရေးစိုက်လာတာပဲ” ဟု လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ယခင်ကထက် ပိုမို တင်းကျပ်လာသော လုံခြုံရေးကို သတိထားမိသဖြင့် လော့ချန် စိတ်အေးသွားသည်။ သူသည် ကျောက်အိမ်ထဲသို့ ပြန်ဝင်ကာ ပထမအဆင့် ရေလှိုင်းအစီအရင်အား အသက်သွင်း၍ အိမ်ကို ကာကွယ်လိုက်သည်။
ထို့နောက် ကြမ်းပြင်ကို ဖွင့်ကာ ကျယ်ပြန့်လှသော သတ္တုတွင်း လိုဏ်ဂူထဲသို့ ဆင်းသွားတော့သည်။
သူ၏ မှတ်ဉာဏ်အတိုင်း အောက်ဘက်သို့ ဆက်ဆင်းသွားရာ မကြာမီမှာပင် ဝိညာဉ်ကြောလိုဏ်ဂူ အထက်သို့ ရောက်ရှိသွားသည်။ သူ ချက်ချင်း မဆင်းသေးဘဲ သိုလှောင်အိတ်ထဲမှ အစီအရင် အလံများကို ထုတ်လိုက်သည်။
အလံများအား ပတ်ပတ်လည်တွင် ချထားပြီး ဝိညာဉ်ကျောက်များ လုံလောက်စွာ ထည့်ပေးပြီးနောက်မှ လော့ချန် သက်ပြင်းချနိုင်တော့သည်။
လုဟွိုက်ပင်း၏ သိုလှောင်အိတ်မှ ရရှိခဲ့သော ဤပထမအဆင့် အစီအရင် အလံများမှာ ချီစွမ်းအား လှုပ်ခတ်မှုများကို ဖုံးကွယ်ရန်အတွက်သာ ရည်ရွယ်သည်။
လိုဏ်ဂူ၏ ချီစွမ်းအင်များ ယိုစိမ့်ထွက်လာမှုကို လုံးဝဥဿုံ မတားဆီးနိုင်သေးသော်လည်း၊ ဤနေရာအား မျက်စိတစ်ဆုံး ဖုံးကွယ်ထားနိုင်ခြင်းမှာ အလွန်ကောင်းမွန်သော ခြေလှမ်းတစ်ခုပင် ဖြစ်သည်။
မီရှုဟွာကိုယ်တိုင် ဆေးဖော်ဆောင်သို့ လာရောက်၍ သူ၏ ဝိညာဉ်အာရုံကို သုံးလျှင်ပင် ဤဝိညာဉ်ကြောလိုဏ်ဂူအား ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဟု သူ ယုံကြည်ထားသည်။
အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံမှာ အရာရာကို ထိုးဖောက်မြင်နိုင်သည် မဟုတ်ပေ။ ထို့အပြင် တောင်တန်းများ၊ မြေကြီး၊ ရေစီးကြောင်းများနှင့် အခြားသော အဟန့်အတားများကြောင့် အာရုံခံနိုင်စွမ်း လျော့ကျသွားနိုင်ပေသည်။
ယခုအခါ ချီဖုံးကွယ်အစီအရင် ရှိနေပြီဖြစ်ရာ ဝိညာဉ်ကြောလိုဏ်ဂူမှာ လုံးဝ လုံခြုံသွားပြီဟု သတ်မှတ်နိုင်ပေသည်။
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ပြီး လိုဏ်ဂူထဲသို့ ဆင်းလိုက်သည်။
“အင်းလေ သူ ဒီနေရာကို ရှာတွေ့သွားရင်တောင် ဒီလို ဝိညာဉ်ကြော အခက်လေးကို ဂရုစိုက်မှာ မဟုတ်ပါဘူး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ဆိုရင် ပထမအဆင့် ဝိညာဉ်ကြောမကြီးတောင်မှ ကျင့်ကြံဖို့အတွက် မလုံလောက်ချင်ဘူးလေ၊ ဒီလို ကိုင်းဖျားကိုင်းနားလေးတွေကို သူ အာရုံထဲထည့်နေမှာ မဟုတ်ဘူး….”
ပထမဦးစွာ လော့ချန်သည် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုအား ထုတ်ယူကာ အနှစ်သာရမွေးမြူရည် ဖော်စပ်လိုက်သည်။ ထို့နောက် မီးသွေးများအား ဖယ်ရှားလိုက်သည်။
သူ အသက်ကို ပြင်းပြင်းရှူကာ ချီစုဆုံးအစီအရင် အလံများကို ထုတ်လိုက်ပြီး အစိမ်းရောင်အလံကို အာရုံစိုက်လိုက်သည်။ သူ ထိန်းချုပ်မှော်အတတ်ကို သုံးလိုက်ရာ အလံမှာ တုန်ခါသွားပြီး အလယ်ဗဟိုတွင် အခြေချသွားသည်။
ဤသို့ ပြုပြင်လိုက်ခြင်းက အစီအရင်အား သစ်သားဓာတ် ချီစွမ်းအင်များကိုသာ စုပ်ယူရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ပြီး ၎င်းမှာ သူ၏ နွေဦးကျင့်စဉ်အတွက် အကောင်းဆုံး ဖြစ်သည်။
လော့ချန် အမွှေးတိုင်ထွန်းညှိကာ၊ ဆေးရည်ဖြင့် ရေချိုးပြီးနောက် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ပြင်းထန်သော ကျင့်ကြံမှုကို စတင်လိုက်တော့သည်။
….
တစ်ညလုံး ကျင့်ကြံပြီးနောက် လော့ချန်သည် ဆေးအိုးနှင့် အစီအရင် အလံများကို သိမ်းဆည်းကာ လိုဏ်ဂူထဲမှ ပြန်ထွက်လာသည်။
'ချီစုဆုံဝင်္ကပါလေးက တကယ့်ကို နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ၊ အကျိုးကျေးဇူးက အံ့မခန်းပဲ၊' ဟု သူ တွေးလိုက်မိသည်။
ဆေးလုံးများ၏ အကူအညီကို ထည့်မတွက်လျှင်ပင် နွေဦးကျင့်စဉ်၏ ချီစွမ်းအားကို စုပ်ယူပြီး ပြောင်းလဲနိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့သည်။
ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်သည် ဝိညာဉ်အမြစ် သုံးခုရှိသော ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှု စွမ်းရည်နှင့် ညီမျှသည်။ ၎င်းမှာ ဝိညာဉ်အမြစ် ငါးခုရှိသော ကျင့်ကြံသူထက် လေးဆခန့် ပိုမို မြန်ဆန်သည်။ ဝိညာဉ်ကြောလိုဏ်ဂူ၏ အားဖြည့်မှုနှင့်ဆိုလျှင် သူ၏ စွမ်းရည်မှာ နောက်ထပ် တစ်ဆ တိုးလာပြီး ပုံမှန်ထက် ငါးဆအထိ ရောက်ရှိသွားသည်။
မနေ့ည ချီစုဆုံဝင်္ကပါအား အသုံးပြုပြီးနောက်၌မူ သူ၏ စွမ်းရည်မှာ သုံးဆ ထပ်တိုးလာပြီး ယခုအခါ ရှစ်ဆအထိ မြင့်သော ကျင့်ကြံမှု စွမ်းရည်ကို ရရှိနေပြီ ဖြစ်သည်။
ရှစ်ဆသော စွမ်းရည်မှာ ဝိညာဉ်အမြစ် နှစ်ခု ရှိသော ကျင့်ကြံသူတစ်ဦး၏ စွမ်းရည်နှင့် တူညီသည် သို့မဟုတ် နီးစပ်သည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။
ကျင့်ကြံခြင်းလောကတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒဏ္ဍာရီများစွာ ရှိနေသည်။ သို့သော်လည်း ထိုဒဏ္ဍာရီ အများစုမှာ အတွေ့အကြုံများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ကောင်းကင်ဝိညာဉ်အမြစ် ရှိသော ကျင့်ကြံသူများသည် ဆေးလုံးများ မသုံးဘဲ ဆယ်နှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်ဟု မှတ်တမ်းများ ရှိသည်။
ဝိညာဉ်အမြစ် နှစ်ခုရှိသော ကျင့်ကြံသူတစ်ဦးအတွက်မူ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အနှစ်နှစ်ဆယ်မှ သုံးဆယ်ခန့် ကြာတတ်သည်ဟု ဆိုကြသည်။ ရှစ်ဆသော ကျင့်ကြံမှု စွမ်းရည်မှာ ထိုအချိန်ကာလနှင့် ကွက်တိ ကျနေသည်။
ဤကောက်ချက်ကို ရရှိပြီးနောက် လော့ချန်တစ်ယောက် သူ၏ ကျင့်ကြံမှုနှင့် ပတ်သက်၍ စိတ်လေးလံနေရာမှ သက်သာရာ ရသွားတော့သည်။
ယခင်က ငါးဆသော စွမ်းရည်နှင့်ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အနည်းဆုံး အနှစ်ငါးဆယ်မှ ခြောက်ဆယ်ခန့် ကြာလိမ့်မည် ဖြစ်သည်။ သို့သော် သူ၏ သက်တမ်းမှာ ထူးဆန်းစွာပင် ယခင်ဘဝကအတိုင်း ၇၅ နှစ်မှာတင် ရပ်တန့်နေသည်။
အနှစ်ငါးဆယ်၊ ခြောက်ဆယ် ကြာပြီးနောက်တွင် သူသည် အဘိုးအိုတစ်ယောက် ဖြစ်နေမည်ဖြစ်ရာ အခြေခံအုတ်မြစ် တည်ဆောက်ရန်အတွက် ခွန်အား ရှိတော့မည် မဟုတ်ပေ။
သို့သော် ယခု ချီစုဆုံဝင်္ကပါ၏ အကူအညီဖြင့် ထိုအချိန်ကာလမှာ အနှစ်သုံးဆယ်အောက်သို့ လျော့ကျသွားပြီ ဖြစ်သည်။
ထိုအချိန်ကျလျှင် သူသည် အသက်ငါးဆယ်ကျော်သာ ရှိဦးမည် ဖြစ်သည်။ ၎င်းမှာ ဘဝ၏ အကောင်းဆုံး အချိန်ဖြစ်ပြီး အသက်ဓာတ်နှင့် ခွန်အားများ ပြည့်ဝနေမည်ဖြစ်ရာ အခြေခံအုတ်မြစ် တည်ဆောက်ရန်အတွက် လုံလောက်သော အင်အား ရှိနေမည် ဖြစ်သည်။
ထို့အပြင် ဤတွက်ချက်မှုအားလုံးမှာ ဆေးလုံးများနှင့် အခြားသော အထောက်အကူပစ္စည်းများကို ထည့်မတွက်ထားခြင်း ဖြစ်သည်။
အကယ်၍ ထိုအရာများကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက ကြာမြင့်ချိန်မှာ သိသိသာသာ လျော့နည်းသွားဦးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ချီစွမ်းအင်အား ကိုယ်တိုင် ပြုပြင်စုပ်ယူခြင်းမှာ အာရုံစူးစိုက်ထားသော ဆေးလုံးများကို သောက်သုံးခြင်း၏ ထိရောက်မှုကို မည်သို့မျှ မမီနိုင်ပေ။
“မီရှုဟွာကတော့ ငါ့အပေါ် တကယ်ကို ကောင်းရှာသားပဲ” ဟု လော့ချန်တစ်ယောက် အပေါ်သို့ တက်လာရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ ထွက်ခွာခါနီးတွင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးလှသော လိုဏ်ခေါင်းလမ်းကြောင်းများကို ကြည့်လိုက်သည်။ ယခင် သူတွေးခဲ့ဖူးသော အတွေးတစ်ခုမှာ ပြန်လည် ပေါ်ပေါက်လာပြန်သည်။
‘တခြားတစ်ဖက်ကိုထွက်နိုင်တဲ့ နောက်ထပ် ထွက်ပေါက်တစ်ခု တူးဖို့ တကယ်ပဲ ဖြစ်နိုင်မလား’
ထိုအတွေးနှင့်အတူ လော့ချန်သည် သင်းခွေချပ် ရုပ်သေးရုပ်လေးကို ထုတ်ယူလိုက်ပြီး သူ၏ ထူးကဲသော မှတ်ဉာဏ်ကို အသုံးချကာ လပြည့်ညတောင်တန်းဘက်သို့ မျက်နှာမူထားသော လိုဏ်ခေါင်းတစ်ခုဆီသို့ စေလွှတ်လိုက်သည်။
“ဆေးဖော်ခန်းမခေါင်းဆောင် ဒီနေ့တော်တော်ပျော်နေပုံ ပဲနော်"
ထန်ချွမ်တစ်ယောက် ဖားလိုသော လေသံဖြင့် အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။
“ဟာ... ဟုတ်လို့လား" ဟု လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလျက် ပြန်ထူးလိုက်သည်။
သူသည် အမှန်တကယ်ပင် စိတ်အခြေအနေ ကောင်းနေခြင်း ဖြစ်သည်။
တိုးတက်လာသော ကျင့်ကြံမှုနှုန်းက သူ့အား အခြေခံအုတ်မြစ်တည်ဆောက်နိုင်မည့် မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့စေခဲ့သည်။
မနက်ပိုင်း သတ္တုတွင်းအား စူးစမ်းရှာဖွေနေစဉ်အတွင်း လော့ချန်သည် ယခင်က တူးဖော်ထားသော ကျဉ်းမြောင်းသည့် လိုဏ်ဂူတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။
ထိုလိုဏ်ဂူမှာ လူတစ်ယောက်သာ ဖြတ်သွားနိုင်လောက်အောင် ကျဉ်းမြောင်းလှသည်။
အခြားလမ်းကြောင်းများနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် ဤလိုဏ်ဂူမှာ လပြည့်ညတောင်တန်းနှင့် အနီးဆုံး ဖြစ်သည်ကို လော့ချန် သတိပြုမိလိုက်သည်။
အကယ်၍ သူသာ နေ့စဉ် အချိန်အနည်းငယ်ပေးပြီး တူးမည်ဆိုပါက၊ နောက်ဆုံးတွင် ထိုလျှို့ဝှက်ဥမင်လမ်းသည် ပြင်ပလောကနှင့် တိုက်ရိုက်ဆက်သော ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်ပေသည်။
ထိုအချိန်ကျလျှင် လခြမ်းတောင်ကြားသို့ မည်သည့်အစွမ်းထက် ကျင့်ကြံသူ သို့မဟုတ် မိစ္ဆာသားရဲပင် လာရောက်ပါစေ၊ သူ အေးအေးလူလူ ထွက်ပြေးနိုင်မည် ဖြစ်သည်။
ကျင့်ကြံခြင်းရော၊ ဘေးကင်းရာ ထွက်ပေါက်ပါ မျှော်လင့်ချက်များ ရှိလာပြီဖြစ်သဖြင့် သူ၏ စိတ်မှာ ပျော်ရွှင်ကြည်လင်နေတော့သည်။
ထန်ချွမ်ကို ကြည့်ရင်း လော့ချန် ရုတ်တရက် ဆိုလိုက်သည်။
“မင်းဦးလေး ကျန်းဝမ်က ငါ့ကို အံ့ဖွယ်တစ်သောင်းဆေးလုံး ဘယ်တော့ဖော်ပေးမလဲလို့ ခဏခဏ လာမေးနေတာ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ၊ ဂိုဏ်းချုပ်က ငါ့ကို ကျောက်စိမ်းအမြုတေ ဆေးလုံးတွေပဲ အာရုံစိုက်ဖော်ခိုင်းထားတာလေ၊ ငါ့မှာ သူ့အတွက် အံ့ဖွယ်တစ်သောင်း ဆေးလုံးဖော်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ"
ထန်ချွမ် ခေါင်းညိတ်ပြလိုက်သော်လည်း လော့ချန် ဤကိစ္စအား အဘယ်ကြောင့် ထုတ်ပြောသည်ကိုမူ ဇဝေဇဝါ ဖြစ်နေသည်။
လော့ချန် နောက်ထပ်ပြောလိုက်သော စကားကမူ သူ၏ အမူအရာကို ရုတ်ချည်း ပြောင်းလဲသွားစေတော့သည်။
“မီလီနဲ့ လော့အာဒူတို့က မှော်အာဟာရဆေးလုံး ဖော်တာကို တတ်မြောက်သွားကြပြီ၊ မင်းကတော့ တစ်နေကုန် ဆေးပင်ပုံတွေနားမှာပဲ ဝဲလည်နေတာ၊ အဲ့လိုလုပ်နေလို့ ဘာမှ ထူးခြားမလာဘူး၊ အဲ့တော့ အံ့ဖွယ်တစ်သောင်းဆေးလုံးကို ငါ့အစား မင်းပဲ ဖော်စပ်ကြည့်ပါလား"
“ဗျာ”
ထန်ချွမ် ဆွံ့အသွားသည်။
“ဘာဗျာလဲ"
လော့ချန် သူ့အား ဆေးဖော်စပ်ခန်းထဲသို့ ဆွဲခေါ်သွားကာ တိမ်စုပ်ဆေးအိုးအား ညွှန်ပြလျက် ဆိုသည်။
“ငါ့မှာ အချိန်ရှိတုန်း မင်းကို တစ်ခု၊ နှစ်ခုလောက် သင်ပေးထားမယ်”
ထို့နောက် သူ မီလီနှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့လည်း ကြည့်လို့ရတယ်နော်၊ စိတ်ဝင်စားရင် ဘယ်သူမဆို စမ်းကြည့်လို့ ရပါတယ်”
***