“မီကျွင်းဖျင်ကို ကျွန်တော် ဘယ်လိုမြင်လဲ ဟုတ်လား”
လော့ချန်၏ ပထမဆုံး တုံ့ပြန်မှုမှာ ကြောင်အသွားခြင်းပင်။
‘ဘာလို့ ဒီမိန်းမအကြောင်း ရုတ်တရက်ကြီး ထမေးရတာလဲ’ ဟု သူ တွေးလိုက်မိသည်။
စီကုန်းရှို့ကျားကမူ လော့ချန်အား အကဲခတ်ရင်း စိုက်ကြည့်နေသည်။ သူသည် တာဝန်တစ်ခုဖြင့် လာခြင်းဖြစ်ပြီး လော့ချန်၏ စိတ်ရင်းအမှန်ကို သိရန် လိုအပ်သည်။
ထို့နောက် လော့ချန်၏ အကြည့်များ တစ်မျိုးတစ်မည် ထူးခြားပြောင်းလဲလာသည်ကို သူ သတိပြုမိလိုက်သည်။
လော့ချန် သူ့အား ‘ကျွန်တော် နားလည်ပါတယ်ဗျာ’ ဟူသော ကိုယ်ချင်းစာသလို အကြည့်နှင့် ကြည့်နေခြင်းဖြစ်သည်။
ရုတ်တရက်….
“အကြီးအကဲစီကုန်း…. ကျွန်တော် ခင်ဗျားကို နားလည်တယ်”
“ငါ့ကို နားလည်တယ် ဟုတ်လား”
“ဟုတ်တာပေါ့…. မတစ်ထောင် တစ်ကောင်ဖွား ဆိုသလို တန်ဖိုးရှိရှိ မွေးဖွားလာတဲ့ ယောက်ျားကောင်းတစ်ယောက်ဟာ သူတစ်ပါးလက်အောက်မှာ ကြာရှည် ငုံ့ခံမနေသင့်ဘူးလေ”
“အကြီးအကဲ စီကုန်းရဲ့ ကျင့်ကြံခြင်းအဆင့် ပြီးတော့ ဗဟုသုတကြွယ်ကြွယ် နဲ့ ဖော်ရွေပျူငှာတဲ့ အမူအကျင့်တွေကြောင့် အကုန်လုံးက လေးစားနေပြီးသားပဲ၊ ဂိုဏ်းအတွက်လည်း နှစ်တွေအများကြီး လုပ်ပေးပြီးပြီ၊ အခု အသက်အရွယ်လေးရလာတဲ့အချိန်မှာမှ ဒီ ဆေးဖော်ဆောင်လေးထဲမှာ တောက်တိုမယ်ရ တာဝန်ခံလေး ဝင်လုပ်ခိုင်းတာ ဒါစော်ကားလိုက်သလိုပဲ ဟုတ်တယ်မလား….”
လော့ချန် လေသံကို မြှင့်ကာ ဆက်ပြောသည်။
“အမှန်အတိုင်းပြောရရင် ဆေးဖော်ခန်းမခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် မကြည့်ရက်ဘူးဗျာ၊ စိတ်ချ၊ မီကျွင်းဖျင်ကို ဂိုဏ်းထဲက ဖြုတ်ချပြီး ခင်ဗျား သူ့နေရာလိုချင်တယ်ဆိုရင် ကျွန်တော် အပြည့်အဝ ထောက်ခံပေးမယ်”
‘ဟ မဟုတ်ဘူးလေ၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ’
စီကုန်းရှို့ကျား တစ်ယောက် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လော့ချန်၏ ရှေ့ပိုင်းစကားများက စီကုန်းရှို့ကျားအား ရင်ထဲထိကာ မျက်ရည်ပင် ဝဲစေခဲ့သည်။ သို့သော် နောက်ဆုံး ပြောလိုက်သည့် စကားကမူ သူ့အား လုံးဝ အံ့အားသင့် ဆွံ့အသွားစေသည်။
လော့ချန် အားရပါးရ ဆက်ပြောနေပြန်သည်။
“မီကျွင်းဖျင်က မိန်းမတစ်ယောက်အနေနဲ့ ကောင်းကွက်ဆ်ိုလို့ ဆံပင်သာ ရှည်တာ၊ အမြင်ကျဉ်းလွန်းတယ်၊ စိတ်ထားကလည်း သေးသိမ်ပြီး လူတကာကိုလိုက် ဗိုလ်ကျချင်နေတာ၊ ဂိုဏ်းထဲက ညီအစ်ကိုတွေက စိတ်ကုန်နေတာ ကြာပြီ၊ သူ့အဖေ မျက်နှာကြောင့်သာမဟုတ်ရင်ဗျာ….”
“ထားပါတော့..... အဲ့ဒါကလည်း အရေးမကြီးပါဘူး၊ ဖိုရှန်းဂိုဏ်းဟာ ကျွန်တော်တို့ အားလုံးပိုင်တာပဲလေ၊ ဒါက တစ်ကိုယ်တော်ကျင့်ကြံသူတွေစုစည်းနေတဲ့ မဟာမိတ်အဖွဲ့ကြီးလေ၊ သူ့လို အရည်အချင်းလည်းမရှိ၊ အသုံးမကျတဲ့မိန်းမက ခန်းမခေါင်းဆောင်နေရာနဲ့ လုံးဝမတန်ဘူး၊ ကဲဗျာ…. ခင်ဗျား သူ့နေရာကို ယူဖို့ သေချာပေါက်ကို ကူညီပေးမယ်….”
“တော်ပြီ၊ တော်ပြီ…. တောင်းပန်ပါတယ်ကွာ၊ နောက်ထပ် တစ်ခွန်းမှ မပြောပါနဲ့တော့”
စီကုန်းရှို့ကျားသည် မျက်နှာအပျက်ပျက်နှင့် လော့ချန်၏ ပါးစပ်ကို အပြေးအလွှား လှမ်းပိတ်လိုက်ရသည်။
‘ဘာတွေဖြစ်ကုန်တာလဲဟ’ ဟု စီကုန်းရှို့ကျား တွေးလိုက်မိသည်။
သို့သော် လော့ချန်ကမူ မရပ်သေး။ မီးလောင်ရာလေပင့်ရမည့် အခွင့်အရေးကို သူ လက်လွတ်မခံနိုင်ပေ။
ကံဆိုးသည်မှာ တစ်ဖက်လူသည် သူ့လေသံအတိုင်း လိုက်မလာခြင်းဖြစ်သည်။
“မဟုတ်ဘူး.... ငါ မေးတာက မင်းအနေနဲ့ မီကျွင်းဖျင်ကို ဘယ်လိုမြင်လဲလို့ မေးတာ”
စီကုန်းရှို့ကျားက အံကြိတ်ကာ တိုက်ရိုက်ပင် မေးချလိုက်တော့သည်။
“ငါ ဆိုလိုတာကကွာ မင်းနဲ့ သူနဲ့သာ တာအိုကျင့်ကြံဖော် လင်မယားတွေ ဖြစ်လာမယ်ဆိုရင်….”
ယခုတစ်ကြိမ်တွင်မူ အဘိုးကြီး၏ ပါးစပ်ကို ပြန်ပိတ်ရမည့်သူမှာ လော့ချန် ဖြစ်သွားလေသည်။
“နေဦးဗျ၊ ကျွန်တော်က ကျွန်တော့်ထက် အသက်ကြီးတဲ့ မိန်းမတွေကို မကြိုက်ဘူး”
စီကုန်းရှို့ကျား ကြောင်အသွားသည်။
‘အသက်လား၊ ငါတို့က ကျင့်ကြံသူတွေလေ၊ သက်တမ်းတိုတယ် ဆိုရင်တောင် တစ်ရာ နှစ်ရာ၊ ရှည်ရင် တစ်ထောင်ကျော်အထိ ရှိတာပဲ၊ အသက်က ဘာဆိုင်လို့လဲ’
စီကုန်းရှို့ကျား ဆက်ပြောလိုက်သည်။
“အသက်က ပြဿနာမဟုတ်ပါဘူး လော့လေးရာ၊ ငါ့ကို ယုံစမ်းပါ၊ ငါက အတွေ့အကြုံရှိပြီးသား၊ မင်းက….”
လော့ချန် စကားဖြတ်ပြောလိုက်သည်။
“ဒီလောက်တောင်ဖြစ်နေတာ ခင်ဗျား ယူလိုက်ပေါ့ဗျ”
ထိုစကားတစ်ခွန်းက စီကုန်းရှို့ကျားအား ဆွံ့အသွားစေသည်။
ယခုမှ လော့ချန် သဘောပေါက်သွားသည်။ ဤသည်မှာ မီရှုဟွာမှ လာရောက် အကဲစမ်းခိုင်းခြင်း ဖြစ်ပေလိမ့်မည်။
လေးလေးနက်နက် စဉ်းစားကြည့်လျှင် အကြောင်းရင်းမှာ ကျောက်စိမ်းအမြုတေ ဆေးလုံးကြောင့်ဖြစ်လိမ့်မည်။
ယခင်က သူသည် အဆင့်နိမ့် ဆေးလုံးများကိုသာ ဖော်စပ်ခဲ့သဖြင့် မီရှုဟွာ၏ သူ့အပေါ် တန်ဖိုးထားမှုမှာ ထိုမျှ မမြင့်မားခဲ့ပေ။
တစ်ခါကဆိုလျှင် မီရှုဟွာအား မွေးစားအဖေအဖြစ် အသိအမှတ်ပြုလိုကြောင်း လော့ချန် စ နောက်ခဲ့ဖူးသော်လည်း မီရှုဟွာ လျစ်လျူရှုခဲ့သည်။
အကြောင်းမှာ အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရသည်မှာ အလွန်ခက်ခဲသော အလုပ် မဟုတ်သောကြောင့် ဖြစ်သည်။
ဆယ်စုနှစ်အနည်းငယ် အချိန်ပေးပြီး ဆေးဖော်ဆောင်အား ကောင်းကောင်း ပျိုးထောင်လျှင် အဆင့်နိမ့်ဆေးလုံး ဖော်နိုင်သူအချို့ကို မီရှုဟွာ မွေးထုတ်ပေးနိုင်သည်။
သို့သော် အဆင့်လတ် ဆေးလုံးမှာမူ ထိုမျှ မလွယ်ကူတော့ပေ။ မီရှုဟွာတွင် အဆင့်လတ်ဆေးလုံး ဖော်စပ်နိုင်သည့် ပါရမီရှင်များအား မွေးထုတ်နိုင်ရန် ယုံကြည်ချက် မရှိပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ဖိအားပေးခံနေရသဖြင့် မီရှုဟွာသည် ထိုကိစ္စများကို ကိုယ်တိုင် မကိုင်တွယ်နိုင်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် လော့ချန်၏ အရေးပါမှုမှာ ပိုမို ထင်ရှားလာသည်။
အရေးပါသူ ဆိုသည်ထက် အစားထိုးမရသူဟု ပြောရပေမည်။
ထို့ကြောင့် မီရှုဟွာသည် လော့ချန်အား မိမိ၏ မိသားစုနှင့် ခိုင်မြဲစွာ ချည်နှောင်ထားရန် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဟောင်းကြီးကို အသုံးပြုလိုသည်။
သို့သော် ခက်သည်မှာ လော့ချန် စိုးစိမျှ စိတ်မဝင်စားခြင်း ဖြစ်သည်။
သူသည် အကျိုးအမြတ် ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အတူတကွ ကြီးပွားခြင်းကိုသာ ပိုနှစ်သက်သည်။
ဤသို့ စီစဉ်ထားသော အိမ်ထောင်ရေးနောက်တွင် သူရရှိမည့်အရာမှာ မီမိသားစု၏ ပိုင်ဆိုင်မှု အချို့သာဖြစ်ပြီး ထိုအရာများမှာ လော့ချန် ယခုပင် ရရှိနေသည့် အရာများဖြစ်သည်။
ဥပမာ ချီစုဆုံဝင်္ကပါ ကဲ့သို့သော မှော်လက်နက်များ ဖြစ်သည်။
သေချာနှိုင်းယှဉ်ကြည့်လျှင် လက်ထပ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးမှာ အလွန်နည်းပါးလှသည်။
ထိုအိမ်ထောင်ရေးသည် မီရှုဟွာနှင့် မီမိသားစုကိုသာ အကျိုးပြုမည်ဖြစ်ပြီး လော့ချန်အတွက်မူ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် စီကုန်းရှို့ကျားတစ်ယောက် စိတ်ပျက်လက်ပျက် ပြန်သွားရသည်။
မီရှုဟွာအား အသေးစိတ် ပြန်သတင်းပို့သောအခါ မီရှုဟွာ လက်ကာပြလျက် ထိုကိစ္စကို ခေါင်းထဲမထည့်တော့ရန် အချက်ပြလိုက်သည်။ အမှန်စင်စစ် ထိုအရာမှာ အသေးစား စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။
လော့ချန်၏ ငြင်းဆိုမှုက သူတို့နှစ်ဦး၏ ဆက်ဆံရေးအပေါ် မထိခိုက်စေခဲ့ပေ။
ကျောက်စိမ်းအမြုတေဆေးလုံးများ မှန်မှန်ထွက်ရှိနေသရွေ့ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မိသားစုဝင်များကဲ့သို့ပင် ရင်းနှီးနေဦးမည်ဖြစ်သည်။
….
တစ်လအကြာ၊ ဆေးဖော်ဆောင်၏ အခန်းထဲတွင်….။
လူတစ်စုသည် မီရှုဟွာနှင့်အတူ ဆေးလုံးများ ရေတွက်နေကြသည်။
“အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး - ပုလင်း ၃၀၀”
“အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး - ပုလင်း ၁၀၀”
ထိုအရေအတွက်ကို ကြားသောအခါ စီကုန်းရှို့ကျားမှာ သိသိသာသာ စိတ်အေးသွားပြီး ကူချိုင်ယီလည်း အလားတူ ဝမ်းသာသွားသည်။
ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်လျှင် အဆင့်လတ်ဆေးလုံး ပုလင်း ၂၀ လျော့နည်းသွားသော်လည်း ကျဆင်းမှုမှာ မသိသာလှပေ။ အဓိကမှာ လော့ချန်သည် ဆေးဖော်ဆောင်သို့ လာရောက်ကာ ဆေးမဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
မီရှုဟွာသည် အရေအတွက်ကို ကြားပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မင်းတို့အားလုံး အရမ်း တော်ကြပါတယ်၊ အထူးသဖြင့် လော့ချန်ပေါ့၊ မင်းရဲ့ ဆေးဖော်တဲ့ အရည်အချင်းက အတော်လေး တည်ငြိမ်နေပြီ"
တစ်ဖက်တွင်မူ လော့ချန်သည် ဝိညာဉ်ကျောက်တုံးများအား ပျော်ရွှင်စွာ ရေတွက်နေသည်။
ဤသည်မှာ မီရှုဟွာ ယူဆောင်လာပေးသော ယခင်လအတွက် လော့ချန်၏ အမြတ်ဝေစုများ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၁၃၀၀ မှာ မနည်းလှသော ပမာဏဖြစ်သည်။ ယခုရှိနေသော စုဆောင်းငွေနှင့် ပေါင်းလိုက်လျှင် လော့ချန်၏ လက်ကျန်ငွေမှာ ဝိညာဉ်ကျောက် ၂၅၀၀ အထိ ပြန်တက်လာပြီ ဖြစ်သည်။ ထို့အပြင် ချန်ယွဲ့ မုန့်ဆိုင် နှင့် မီရွှီ ရေခဲမြို့တော် တို့မှ လစဉ်ဝင်ငွေများကိုလည်း စာရင်း မရှင်းရသေးပေ။
စာရင်းများ မပြတ်သေးသော်လည်း ရောင်းအားနှင့် ကုန်ကြမ်းအချက်အလက်များအရ လော့ချန် အမြတ်ကို ခန့်မှန်းနိုင်သည်။
စာရင်းရှင်းပြီးပါက သူ၏ စုဆောင်းငွေမှာ ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်ကျောက် ၃၀၀၀ ကျော်လွန်သွားတော့မည် ဖြစ်သည်။
သို့သော် လွန်ခဲ့သောလအတွင်း သူ၏ အသုံးစရိတ်မှာလည်း မနည်းလှပေ။ မြူသန့်စင်ဆေးလုံး၊ စိတ်ငြိမ်အမွှေးတိုင်များ ဝယ်ယူရာတွင် ဝိညာဉ်ကျောက် အမြောက်အမြား သုံးခဲ့ရသည်။
ထို့အပြင် နို့လက်ဖက်ရည်ဆိုင် တစ်ခုတည်းအတွက် ဝိညာဉ်ကျောက် ၆၀၀၊ ၇၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့ရသေးသည်။
အတိုချုပ်ပြောရလျှင် ဝိညာဉ်ကျောက် တစ်တုံးချင်းစီကို အကျိုးရှိစွာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။
မီရှုဟွာ၏ ချီးကျူးမှုကို ကြားသောအခါ လော့ချန် ရှက်ပြုံး ပြုံးလိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်များ၊ မြူသန့်စင်ဆေးလုံး လေးပုလင်းနှင့် စိတ်ငြိမ် အမွှေးတိုင် တစ်ဗူးအား သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
လက်နှစ်ဖက်ကို ပွတ်သပ်ရင်း လော့ချန်သည် မီရှုဟွာ စိတ်ကြည်လင်နေခိုက် ကျင့်ကြံမှုဆိုင်ရာ အခက်အခဲအချို့ကို အခွင့်ကောင်းယူ မေးမြန်းလိုက်သည်။
“ချီစွမ်းအင် သန့်စင်တဲ့ အကြောင်းကို သိချင်တာလား”
မီရှုဟွာသည် သူ၏ မုတ်ဆိတ်ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်ပြီး ဝိညာဉ်အာရုံဖြင့် လော့ချန်အား စစ်ဆေးကာ ချီသန့်စင် အဆင့် ၇ တွင် ရှိနေသေးသည်ကို အတည်ပြုလိုက်သည်။
သူ ပြုံးလျက် ပြောလိုက်သည်။
“ချီသန့်စင် နောက်ဆုံးအဆင့်တွေမှာ ချီစွမ်းအင်ကို သန့်စင်တာဟာ အလျင်စလို လုပ်လို့ရတဲ့အရာ မဟုတ်ဘူး၊ အလွယ်လမ်းမလိုက်နဲ့၊ ဒါက အချိန်ပေးပြီး တစိုက်မတ်မတ် ကြိုးစားရမယ့် ကိစ္စပဲ”
“တကယ်လား၊ ဘာဖြတ်လမ်းမှ မရှိဘူးလား" ဟု လော့ချန် လက်မလျှော့ဘဲ ထပ်မေးလိုက်သည်။
သူ၏ ကျင့်ကြံမှုမှာ တစ်နေ့ထက်တစ်နေ့ သိသိသာသာ တိုးတက်နေသော်လည်း၊ ချီသန့်စင်မှုပိုင်းသို့ ရောက်လာသောအခါ တိုးတက်မှု အလွန်နည်းပါးနေသည်။
နောက်ဘက် တောင်ကုန်းများတွင် မှော်အတတ်များ လေ့ကျင့်နေစဉ် ဤပြဿနာအား သူ ရံဖန်ရံခါ သတိပြုမိတတ်သည်။
အခြေခံမှော်အတတ် တစ်ခုတည်းကိုပင် ကျိုးယွမ်လီသည် သန့်စင်သော ချီစွမ်းအင် အနည်းငယ်ဖြင့် အားစိုက်စရာမလိုဘဲ အသုံးပြုနိုင်သော်လည်း သူကမူ တူညီသော အာနိသင် ရရှိရန်အတွက် ချီစွမ်းအား အမြောက်အမြားကို အဆက်မပြတ် ထည့်သွင်းနေရသည်။
မှော်အတတ် ထုတ်ဖော်မှု အရှိန် မြန်သော်လည်း လက်တွေ့ စွမ်းပကားမှာမူ သိသိသာသာ ကွဲပြားခြင်း မရှိပေ။
ကွာခြားချက်မှာ သူတို့၏ ချီစွမ်းအင် သန့်စင်မှု၌ ရှိနေသည်။ သူ၏ ချီစွမ်းအားမှာ အလွန် ပါးလွှာပြီး မတည်ငြိမ်ပေ။
ဖြစ်နိုင်သည်မှာ သူသည် ကျင့်ကြံရန်အတွက် ဆေးလုံးများကို အလွန်အကျွံ အားကိုးခဲ့သောကြောင့် ဖြစ်နိုင်သည်။ လော့ချန်၏ စုစုပေါင်း ချီစွမ်းအား ပမာဏမှာ အဆင့်တူသမားများထက် များစွာ သာလွန်သော်လည်း၊ သူ၏ မှော်အတတ်များမှာ စွမ်းအင် ပိုမို ကုန်ဆုံးစေသည်။
လော့ချန်၏ မပြတ်သော မေးမြန်းမှုကြောင့် မီရှုဟွာ ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။
“နည်းလမ်းတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့ မင်း အခုချက်ချင်း သုံးလို့ရမယ့် အရာတော့ မဟုတ်ဘူး ထင်တယ်”
“ဗျာ ပြောပါ ဂိုဏ်းချုပ်မီရယ်”
မီရှုဟွာ လော့ချန်အား ကြည့်ကာ စကားလုံးတစ်လုံးတည်းကိုသာ ပြောလိုက်သည်။
“ကျင့်စဉ်”
ထို့နောက် သူ ဆက်လက် ရှင်းပြသည်။
“ချီသန့်စင် အဆင့်အားလုံးအတွက် ကျင့်စဉ်တွေ၊ အထူးသဖြင့် နောက်ဆုံးအဆင့် ကျင့်စဉ်တွေမှာ ချီစွမ်းအင်ကို သန့်စင်ပေးတဲ့ အာနိသင် အချို့ရှိတယ်၊ ဒါပေမဲ့ အဲ့ဒီအာနိသင်ဟာ ကျင့်စဉ်ရဲ့ အဆင့်အတန်း အပေါ်မှာ မူတည်တယ်၊ မင်း ကျင့်ကြံနေတဲ့ နွေဦးကျင့်စဉ် ဆိုတာ ဆေးဘုရင်ဂိုဏ်း ကနေ ဆင်းသက်လာတာလေ”
သူ ခေါင်းယမ်းလိုက်ကာ ဆက်လိုက်သည်။
“ဒဏ္ဍာရီအရ နွေဦးကျင့်စဉ်က ဆေးဘုရင်ဂိုဏ်းရဲ့ ထာဝရနုပျိုစိမ်းလန်းကျမ်းကနေ ခွဲထွက်လာတာ၊ အဲ့ဒါက အဆက်မပြတ် ရှင်သန်ခြင်းဆိုတဲ့ ဂုဏ်သတ္တိကိုပဲ အမွေရခဲ့တာ၊ ထာဝရနုပျိုလန်းဆန်းတဲ့ ဂုဏ်သတ္တိကိုတော့ မရခဲ့ဘူး….”
“အဲ့ဒီလန်းဆန်းတဲ့ ဂုဏ်သတ္တိဟာ ချီစွမ်းအင်ကို အလွန်သန့်စင်စေတယ်၊ တစ်ခါ တစ်ဖက်ကမ်းခတ် တတ်မြောက် သွားပြီဆိုရင် ချီစွမ်းအင်ဟာ သဘာဝတရားလို လန်းဆန်းစိမ်းစိုလာပြီး အသက်ကြီးတဲ့အထိ နုပျိုမှုကို ထိန်းသိမ်းထားနိုင်လောက်အောင် သန့်စင်သွားတတ်တာ”
ဤရှင်းပြချက်ကို နားထောင်ပြီးနောက် လော့ချန်မှာ စိတ်ပျက်အားလျော့သွားသည်။
သူသည် အခြေခံကျင့်စဉ်တွင် ပိတ်မိနေပြီဖြစ်သည်။ ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ ချီစွမ်းအင် သန့်စင်ရန် ပိုကောင်းသော အခြားကျင့်စဉ်တစ်ခုသို့ ပြောင်းလဲရန်ဆိုသည်မှာ မလွယ်ကူတော့ချေ။
မီရှုဟွာ၏ နောက်ထပ်စကားများက ကျနေသော မျှော်လင့်ချက်အားလုံးကို ထပ်မံ ရိုက်ချိုးလိုက်ပြန်သည်။
“တကယ်တော့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ လက်လှမ်းမီနိုင်တဲ့ ကျင့်စဉ်တွေ၊ ဒါမှမဟုတ် စျေးမြို့တော်မှာ တွေ့ရလေ့ရှိတဲ့ ကျင့်စဉ်တွေက ဂိုဏ်းကြီးတွေက အများပြည်သူဆီ မဖြန့်ဝေခင် အကြိမ်ကြိမ် ရိုးရှင်းအောင် ပြုလုပ်ထားတဲ့ အရာတွေပဲ၊ အဲဒီ ရိုးရှင်းအောင် လုပ်ထားတဲ့ ကျင့်စဉ်တွေထဲမှာ သူတို့ရဲ့ အဓိက ဝိသေသတွေက လုံးဝ ပါမလာတော့ဘူး”
လော့ချန် ကြောင်အသွားသည်။
“ဒါဆို ကျွန်တော်တို့ တစ်ကိုယ်တော် ကျင့်ကြံသူတွေက အခြေခံအုတ်မြစ် တည်ဆောက်ပြီးသွားရင် အခြေခံကျင့်စဉ် ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ"
မီရှုဟွာ ရယ်မောလိုက်သည်။
“ဘယ်နည်း ရှိဦးမှာလဲကွာ…. မှောင်ခိုစျေးမြို့တော်မှာ ရှာမလား၊ လေလံပွဲမှာ ဝယ်မလား၊ ဒါမှမဟုတ် နယ်မြေအသစ်တွေ ထဲမှာ သွားရှာမလားပဲပေါ့"
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ အဲ့ဒီနည်းနဲ့ ရတဲ့ကျင့်စဉ်က ကိုယ့်ရဲ့ ဝိညာဉ်အမြစ်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ မဟုတ်လား”
လော့ချန် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ မီရှုဟွာ အားပေးစကား ဆိုလိုက်သည်။
“တကယ်တော့ မင်း သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး၊ ချီစွမ်းအင် သန့်စင်တာဟာ ချီသန့်စင် နောက်ဆုံးအဆင့် တစ်လျှောက်လုံး တဖြည်းဖြည်းချင်း လုပ်ဆောင်သွားရတဲ့အရာပါ၊ ဂိုဏ်းကြီးတွေက တပည့်တွေပဲ အဆင့်နှောင်းပိုင်း ရောက်တာနဲ့ ချက်ချင်း သန့်စင်တာကို စလုပ်ကြတာ၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေကတော့ အဆင့် ၉ ရောက်တဲ့အထိ ခေါင်းထဲ ထည့်နေစရာမလိုပါဘူးကွာ၊ ကျင့်စဉ်ကောင်းကောင်း မရှိရင်တောင် နေ့တိုင်း ပုံမှန် လေ့ကျင့်ပေးနေမယ်ဆိုရင် ချီစွမ်းအင်က နောက်ဆုံးတော့ သန့်စင်လာမှာပါပဲ"
အခြေအနေ အများစုတွင် အဆင့်တူသူချင်း တိုက်ခိုက်ရာ၌ ချီစွမ်းအင် သန့်စင်မှုမှာ ထူးပြီး သက်ရောက်မှု မရှိပေ။
အကြောင်းမှာ ကျင့်ကြံသူအများစုသည် တိုက်ခိုက်ရန်အတွက် မှော်လက်နက်များကိုသာ အားကိုးကြသောကြောင့် ဖြစ်သည်။
လက်နက်အား ထိန်းချုပ်ရန် ချီစွမ်းအင် လုံလုံလောက်လောက် ရှိနေသရွေ့ ချီစွမ်းအင် သန့်စင်ခြင်း ရှိ၊ မရှိမှာ အရေးမကြီးလှပေ။
သို့သော် လော့ချန်အတွက်မူ မတူညီပေ။ သူသည် မှော်အတတ်သုံး၍ တိုက်ခိုက်ခြင်းတွင် အလွန်တော်သူ ဖြစ်သည်။
ထို့အပြင် မီရှုဟွာ ပေးထားသော ကျောက်စိမ်းစာလိပ်မှတစ်ဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး အပြင်၊ ကျင့်ကြံသူတစ်ဦး၏ ချီစွမ်းအား သန့်စင်မှုမှာ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန်အတွက် အဓိက သော့ချက်ဖြစ်ကြောင်း သူညသိထားသည်။
ထို့ကြောင့်သာ သူသည် ချီသန့်စင် အဆင့် ၇ ရောက်ကတည်းက ထိုကိစ္စကို စိုးရိမ်နေခြင်း ဖြစ်သည်။
သို့သော် မီရှုဟွာပင်လျှင် သူ့အား အကူအညီများစွာ မပေးနိုင်ပေ။
“တကယ်လို့ တခြားနည်းလမ်းတွေ မရှိတော့ရင်လည်း ရှေ့နှစ် လေလံပွဲကို စောင့်ပြီးတော့ ဝိညာဉ်ဆေးနန်းဆောင်ရဲ့ စာရင်းကို ကြည့်လိုက်ပေါ့”
ထိုစကားကြားသောအခါ “ဟင်….” ဟူသော အံ့ဩသံနှင့်အတူ လော့ချန် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်လေသည်။
***