“ဆေးဘုရင်ဂိုဏ်းဆိုတာ အရှေ့ပိုင်းလွင်ပြင်ရဲ့ နယ်မြေ ၃၆ ခုလုံးမှာ ဆေးဖော်ပညာနဲ့ ပတ်သက်ရင် အထွတ်အထိပ် ရောက်နေတဲ့ ဂိုဏ်းကြီးပဲ”
“အဆင့်မြင့် နတ်ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ ဆေးနတ်ဘုရားတစ်ပါး ထွန်းကားခဲ့ဖူးတဲ့ မင်ယွမ်ဂိုဏ်းကိုတော့ သူတို့ မမီနိုင်သေးပေမဲ့၊ အခြေခံဆေးလုံးတွေ ဖော်စပ်တဲ့ နေရာမှာတော့ သူတို့ရဲ့ လက်ရာက အနုစိတ်ဆုံးပဲ”
“ဝေးဝေးမကြည့်နဲ့၊ ဒီအရှေ့ဖျား နယ်မြေ ၆ ခုထဲမှာပဲ ကြည့်၊ ဆေးလုံးနဲ့ ပတ်သက်သမျှ အရာအားလုံးက ဆေးဘုရင်ဂိုဏ်းရဲ့ လက်တံတွေနဲ့ မကင်းဘူး….”
“ကျင့်ကြံခြင်း လမ်းစဉ်မှာ အသုံးပြုတဲ့ ဘယ်ဆေးလုံးမဆို ဆေးဘုရင်ဂိုဏ်းနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတာချည်းပဲ”
လော့ချန်၏ မျှော်လင့်တကြီး အကြည့်ကို ကြည့်ရင်း မီရှုဟွာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ပြီးတော့ ချီစွမ်းအား သန့်စင်ဖို့အတွက် သူတို့မှာ အထူးဖော်စပ်ထားတဲ့ ဆေးလုံးတစ်မျိုး ရှိတယ်၊ အဲဒါကတော့ ချီသန့်စင်ဆေးလုံး ပဲ"
“ဒီဆေးလုံးကို အဆင့်တစ်ကနေ အဆင့်သုံးအထိ သတ်မှတ်ထားပြီး ချီသန့်စင်၊ အခြေခံတည်ဆောက်ခြင်းနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက် သင့်တော်တယ်”
“ဒါပေမဲ့ ဂိုဏ်းသားတွေရဲ့ ကျင့်စဉ်တွေမှာ ချီစွမ်းအား သန့်စင်တဲ့ အာနိသင်တွေ ပါဝင်ပြီးသား ဖြစ်လို့ ဒီဆေးလုံးက အရောင်းသိပ်မသွက်ဘူး၊ ဆေးဘုရင်ဂိုဏ်းက ဒါကို အရှေ့ပိုင်းလွင်ပြင် ပြင်ပကိုပဲ အဓိက တင်ပို့ရောင်းချတယ်”
“ပြီးခဲ့တဲ့ လေလံပွဲမှာဆိုရင် သူတို့ ဒီဆေးလုံးကို စာရင်းထဲတောင် ထည့်မထားခဲ့ဘူး”
“ဒါပေမဲ့ ငါမှတ်မိသလောက်တော့ တစ်ခါက ဝိညာဉ်ဆေးနန်းဆောင်ကနေ ဒုတိယအဆင့် ချီသန့်စင်ဆေးလုံး ငါးပုလင်းကို လေလံတင်ခဲ့ဖူးတယ်”
“ဖြစ်နိုင်ချေရှိတာကတော့ နောက်နှစ်လေလံပွဲကျရင် သူတို့ ဒါမျိုးထပ်ပြီး လေလံတင်လာနိုင်တာပဲ”
“ကျွန်တော်က ဒုတိယအဆင့် ချီသန့်စင်ဆေးလုံးတွေကို သုံးလို့ရပါ့မလား" ဟု လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါတော့ မတိုက်တွန်းချင်ဘူး”
မီရှုဟွာ ပြန်ဖြေသည်။
“မင်းအနေနဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပထမအဆင့် ချီသန့်စင်ဆေးလုံးတွေ ပါလာဖို့ပဲ ဆုတောင်းရမှာပဲ”
လော့ချန်၏ စိတ်အခြေအနေ ပိုမိုတက်ကြွလာသည်ကို မြင်သောအခါ မီရှုဟွာ ပြုံးလိုက်မိသည်။
သူကိုယ်တိုင်လည်း စိတ်ပေါ့ပါးသွားရသည်။
မည်သို့ပင်ဆိုစေ သူ၏ အဖိုးတန် ဆေးဖော်ဆရာလေး စိတ်ဓာတ်ကျနေပါက ဆေးဖော်စပ်သည့်အလုပ် ထိခိုက်မည်ကို စိုးရိမ်လှသည်။
“ဒါနဲ့ စကားမစပ်....” ဟု သူ ထပ်လောင်းပြောလိုက်သည်။
“မင်းကို လုပ်ကြံခဲ့တဲ့ ရှန်းရှုနဲ့ ပတ်သက်တဲ့ သဲလွန်စတချို့ ငါ ရှာတွေ့ထားတယ်၊ အချိန်တန်ရင် မင်းအတွက် ဖြေရှင်းချက်တစ်ခု ရစေရမယ်”
မီရှုဟွာတစ်ယောက် မပြန်ခင် လော့ချန်အတွက် ဤသတင်းကောင်းကို ပါးသွားခဲ့သည်။
မိမိအား ပြောင်ပြောင်တင်းတင်း သတ်ရန် ကြိုးစားခဲ့သည့် ရန်သူတစ်ဦး ပုန်းအောင်းနေသေးသရွေ့ လော့ချန် အမြဲ စိတ်မလုံခြုံမှု ခံစားနေရမည်ဖြစ်သည်။
တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးသည် တောနက်ထဲတွင် လုံးဝ ပျောက်ကွယ်မသွားသရွေ့ တစ်နေ့နေ့တွင်တော့ ပြန်ပေါ်လာမည်သာ ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူများအတွက်မူ ဤအချက်မှာ ပို၍မှန်ကန်လှသည်။
အဆင့်မြင့်မိစ္ဆာသားရဲများ ပြည့်နှက်နေသော တောနက်များနှင့် နွံတောကြီးများထဲတွင် သူတို့ မရှင်သန်နိုင်ကြပေ။ ဂိုဏ်းကြီးများကလည်း သူတို့အား လက်အောက်ခံအဖြစ်ပင် အလွယ်တကူ လက်ခံမည်မဟုတ်ချေ။
လူ့လောကထဲကို ပြန်သွား၍ ကာမဂုဏ်အာရုံများဖြင့် အချိန်ဖြုန်းနေရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
ဈေးမြို့တော်ထဲတွင် အချိန်ဖြုန်းရင်း အသက်အရွယ်ကြီးရင့်ကာ အားအင်ကုန်ခမ်းနေသည့် ကျင့်ကြံသူများက အဘယ်ကြောင့် လူ့လောကသို့ ပြန်၍ စည်းစိမ်မခံစားဘဲ ပင်ပန်းစွာ ရုန်းကန်နေကြရသည်ကို လော့ချန် တွေးတောမိဖူးသည်။
နောက်ပိုင်းတွင် ဝမ်ယွမ်ကိုယ်တိုင် သူ့အား ရှင်းပြခဲ့သည်။
“ကျင့်ကြံသူတွေက လူ့လောကထဲမှာ ကြာကြာ မနေနိုင်ကြဘူးကွ”
“အဲဒါ ဒီလောကရဲ့ စည်းကမ်းလို့ ပြောလို့ရသလို သဘာဝ နိယာမတစ်ခုလည်း ဖြစ်တယ်ကွ”
ထိုအကြောင်းပြချက်၏ နောက်ကွယ်မှ အမှန်တရားကိုမူ ဝမ်ယွမ် အကျယ်တဝင့် ရှင်းမပြခဲ့ပေ။
ကျင့်ကြံသူများသည် လူ့လောကတွင် ကြာကြာမနေနိုင်ကြောင်းသာ သူ အခိုင်အမာ ပြောခဲ့သည်။
ထို့ကြောင့် ရှန်းရှု တစ်လကျော်အကြာတွင် လူလုံးပြလာခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
အမှန်စင်စစ် သူသည် လော့ချန် မျှော်လင့်ထားသည်ထက် ပိုကြာအောင် ပုန်းနေနိုင်ခဲ့ခြင်း ဖြစ်သည်။
မီရှုဟွာသာ ထိုလူအား လက်စတုံးပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ ယခုချက်ချင်း မဖြစ်နိုင်သေးလျှင်လည်း သိပ်အရေးမကြီးပေ။ ထိုလူသည် နှင်းကြာပန်းစျေးမြို့တော်ထဲတွင် လှုပ်ရှားနေကြောင်း သိရရုံနှင့်ပင် လော့ချန်အတွက် စိတ်အေးရပေပြီ။
မီရှုဟွာ ထွက်သွားပြီးနောက် တစ်နေ့တာ အလုပ်ကိစ္စများမှာလည်း ပြီးဆုံးလုနီးပြီဖြစ်သည်။
ဆေးဖက်ဝင်ပစ္စည်းများ ဖြည့်တင်းခြင်းနှင့် ဆေးအိုး သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများသာ ကျန်တော့သည်။
ထိုအလုပ်များအား ကူချိုင်ယီ ကိုင်တွယ်မည်ဖြစ်သဖြင့် လော့ချန် စိတ်ပူနေရန် မလိုပေ။
ခဏတာ စကားပြောပြီးနောက် လော့ချန်သည် ကိုယ်ရံတော်များ ခြံရံလျက် အတွင်းမြို့ထဲသို့ ပြန်လာခဲ့သည်။
အချိန်စောနေသေးသဖြင့် ကျောက်ဖြူရင်ပြင်ဘက်သို့ ခေတ္တ ဝင်လိုက်သည်။
ယွမ်ရှောင်ယွဲ့က သူ့အား နှုတ်ဆက်ပြီး ယခင်လအတွက် စာရင်းရှင်းရန် ခဏနေ အိမ်လိုက်ခဲ့မည်ဟု ဆိုလိုက်သည်။
နို့လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ လော့ချန် အတော်လေး အံ့အားသင့်သွားရသည်။
“အစ်ကိုတွမ်.... ဒီမှာ ဘာလုပ်နေတာလဲ"
အဟွတ်... အဟွတ်…
တွမ်ဖုန်း အသာအယာ ချောင်းဆိုးလိုက်သည်။
တစ်လကျော်ကြာ ဆေးကုသမှု ခံယူပြီးနောက် သူ၏ ဒဏ်ရာများမှာ အတော်အတန် သက်သာနေပြီ ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေသော အအေးဓာတ်နှင့် အတွင်းကလီစာများ ပျက်စီးမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအချို့ ကျန်ရစ်နေခဲ့သည်။ ရံဖန်ရံခါတွင် သူ ချောင်းဆိုးတတ်သည်။
“ငါ အခု အများကြီး သက်သာနေပါပြီ” ဟု တွမ်ဖုန်းက ဆိုသည်။
“ဒါကြောင့် လမ်းလျှောက်ရင်းနဲ့ အစ်မရှကို အကူအညီပေးဖို့ လာခဲ့တာပါ”
“သြော်…. ကောင်းတာပေါ့၊ ဒါပေမဲ့ လာကူလို့ဆိုပြီး ဝိညာဉ်ကျောက်တုံး တစ်တုံးမှ ပေးမှာမဟုတ်ဘူးနော်"
တွမ်ဖုန်းက ဂရုမစိုက်ကြောင်း ပုခုံးတွန့် ပြလိုက်သည်။
ထိုစဉ် ဖုန်းရှက ဘေးတံခါးမှ ထွက်လာပြီး ဆိုသည်။
“ခဏလေးပါနော်၊ လက်စသတ်စရာလေးတွေ ကျန်သေးလို့”
“အေးဆေး လုပ်ပါမမရှ၊ လုပ်စရာရှိတာ ဆက်လုပ်၊ ကျွန်တော် ဟိုနားဒီနား ခဏ လျှောက်ပတ်လိုက်ဦးမယ်”
ပျင်းပျင်းရှိလာသည်နှင့် လော့ချန်သည် ကျောက်ဖြူရင်ပြင် တစ်ဖက်ခြမ်းသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
ကျောက်စိမ်းပြားကြီး၏ ပတ်ဝန်းကျင်တွင် အဆောက်အအုံ မြင့်မြင့်ကြီးများ ပေါ်ထွက်နေပြီ ဖြစ်သည်။ မှတ်ပုံတင်ဌာနများ၊ လောင်းကစားရုံများနှင့် အရက်ဆိုင်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ဖီးနစ်ကျတောင် အဆုံးအဖြတ်စင်မြင့် အတွက် ရည်ရွယ်ထားသော ဆိုင်များမှာလည်း ပုံဖော်နေပြီ ဖြစ်သည်။
လော့ချန် ကျောက်စိမ်းပြားကြီးကို မော့ကြည့်လိုက်ရာ၊ နောက်တစ်နေ့အတွက် တိုက်ပွဲစာရင်းများသာမက သီးခြား အဆင့်သတ်မှတ်ချက် တစ်ခုကိုပါ ပြသထားသည်။
အပေါ်ဆုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် သတ်မှတ်ချက် ရှိသည်။
သို့သော် ထိုစာရင်းတွင် ကျင့်ကြံသူ အနည်းငယ်၏ နာမည်သာ ရှိပြီး လော့ချန် သိသော တစ်ဦးတည်းသော နာမည်မှာ နန်ကုန်းကျင်း ဖြစ်သည်။
လော့ချန်သည် နို့ထွက်ပစ္စည်းအတွက် ကုန်ကြမ်း ရှာဖွေနေစဉ်က ထိုနာမည်ကို စတင် သိရှိခဲ့ခြင်း ဖြစ်သည်။ နန်ကုန်းမိသားစုသည် ဖူကျူးသမင်အုပ်ကို မွေးမြူထားကြောင်း သူ သိခဲ့ရသည်။
ထိုအသေးစိတ် အချက်အလက်လေးကြောင့် သူ ထိုမိသားစု၏ နောက်ခံကို ပိုမို စူးစမ်းခဲ့ခြင်း ဖြစ်သည်။
“အဆင့် ၃ ဟုတ်လား၊ သူ ဘယ်သူ့ကို ရှုံးခဲ့တာလဲ”
လော့ချန်က ခေါင်းယမ်းလိုက်ပြီး ချီသန့်စင် အဆင့် စာရင်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အပေါ်ဆုံးမှ လူမှာလည်း နန်ကုန်းမျိုးရိုးပင် ဖြစ်သည်။
‘နန်ကုန်းချင်၊ ချီသန့်စင်အဆင့် ၉’
နတ်မျက်စိမှော်အတတ်ကို အသုံးပြုလိုက်သောအခါ နန်ကုန်းချင်၏ အမည်ဘေးတွင် သူ၏ တိုက်ပွဲမှတ်တမ်းများ ပေါ်လာသည်။ မှတ်တမ်းများအရ သူသည် အချို့ကို အနိုင်ရပြီး အချို့ကို ရှုံးနိမ့်ခဲ့ဖူးကာ တွမ်ဖုန်း၏ အမည်ကိုလည်း ထိုမှတ်တမ်းများထဲတွင် တွေ့လိုက်ရသည်။
တွမ်ဖုန်းနှင့် နန်ကုန်းချင်တို့သည် နှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ကြိမ်စီ အနိုင်ရထားကြသည်။
သူ၏ အကြည့်များ နံပါတ် ၉ သို့ ရောက်သွားသောအခါမှ တွမ်ဖုန်း၏ အမည်ကို တွေ့လိုက်ရသည်။
ပြီးခဲ့သည့်လက သူသည် အဆင့် ၃ အတွင်းသို့ ဝင်ရန် အသည်းအသန် တိုက်ခိုက်ခဲ့ရသော်လည်း ဒဏ်ရာကုသနေရသည့် တစ်လအတွင်းမှာပင် အဆင့် ၉ သို့ ပြန်လည် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
“တောက်.... ဒီလက်ရည်စမ်းပွဲရဲ့ အဆင့်လုပွဲက တကယ့်ကို ပြင်းထန်တာပဲ၊ ငါသာ ဝင်ပြိုင်ရင် ဘယ်အဆင့် ရမလဲ မသိဘူး”
လတ်တလောတွင် လော့ချန်သည် သူ့လက်ထဲရှိ မှော်လက်နက်များနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
တိုက်စစ်အတွက် သူသည် မီးတောက်လှံ၊ ဝိညာဉ်ဖျက်သံမှို နှင့် စိမ်းမြရတနာဓား တို့ကို သုံးနိုင်သည်။ ခံစစ်အတွက်မူ လေးရောင်ခြယ်ဆေးအိုး နှင့် ထိပ်တန်းအဆင့် မှော်ဝတ်ရုံတို့ကို အားကိုးနိုင်သည်။
ပျံသန်းရန်အတွက် နှင်းလျှောပျဉ်ပြား မှာ လုံလောက်သော်လည်း အကောင်းဆုံးတော့ မဟုတ်ပေ။ လျင်မြန်စွာ လှုပ်ရှားရန်အတွက်မူ တိမ်နင်းဖိနပ် နှင့်အတူ လေခွင်းမှော်အတတ် နှင့် လေလွင့်ခြေလှမ်း မှော်အတတ်တို့ကို သုံးနိုင်သည်။
ထို့အပြင် ဝိညာဉ်ညည်းတွဲခေါင်းလောင်း နှင့် အသုံးမလိုတော့သော ကျောက်စိမ်းအနှစ်စေ့ ထောင်ချီလည်း ရှိနေသေးသည်။
ဤသည်မှာ မှော်လက်နက် မျှသာရှိသေးသည်။
‘ဒါပေမဲ့ ငါ့မှာ တခြား ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တဲ့ အတွေ့အကြုံ မရှိသေးဘူး’ ဟု လော့ချန် တွေးလိုက်သည်။
‘အဆုံးအဖြတ်စင်မြင့်လို ကျဉ်းမြောင်းတဲ့ နေရာမှာဆိုရင် ငါ့ရဲ့ နည်းဗျူဟာတွေက တစ်ကြိမ် နှစ်ကြိမ် သုံးပြီးတာနဲ့ အပယ်ခံရနိုင်တယ်"
‘ငါ့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကို မြှင့်တင်ဖို့အတွက် အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကို သွားပြီး စိန်ခေါ်ကြည့်ရရင် ကောင်းမလား'
ခဏမျှ သူ စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသည်။
ချီသန့်စင် နောက်ဆုံးအဆင့် တိုက်ပွဲများတွင် ပါဝင်ရန်အတွက် မှော်လက်နက် တစ်ခုအား အပေါင်အဖြစ် ထားရသည်။ လော့ချန်တွင် မသုံးရသေးသော အဆင့်နိမ့် မှော်လက်နက် အချို့ ရှိနေသဖြင့် ထိုကိစ္စမှာ ပြဿနာ မဟုတ်ပေ။
အတွေ့အကြုံ မရှိဘဲ ကျင့်ကြံနေရုံမျှနှင့် မလုံလောက်မှန်း လော့ချန် ကောင်းစွာ သိသည်။ သူ မည်မျှပင် ချမ်းသာပါစေ၊ ရန်သူနှင့် တွေ့သည့်အခါ ရှုံးနိမ့်သွားပါက သူ ပိုင်ဆိုင်သမျှ အားလုံး အလုခံရမည်သာ ဖြစ်သည်။
ကံကောင်း၍ အသက်ရှင်ကျန်ခဲ့လျှင်ပင် မိမိ၏ အချိန်အကြာကြီး ကြိုးစားစုဆောင်းမှုအားလုံးမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
မိမိ၏ လမ်းစဉ်ကို ကာကွယ်ရန်အတွက် တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်မှာ မရှိမဖြစ် လိုအပ်သည်။
လေ့ကျင့်ရန်အတွက် မိစ္ဆာသားရဲများကို သူ ရှာဖွေသော်လည်း အမှန်စင်စစ် ပထမအဆင့် မိစ္ဆာသားရဲများမှာ ဉာဏ်ရည်မရှိကြပေ။ ခွန်အားကြီးသော သားရဲများပင်လျှင် ဗီဇအရသာ တိုက်ခိုက်ကြသည်။
တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရာတွင် လူသားကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်းကသာ ပိုမို မြန်ဆန်သော နည်းလမ်း ဖြစ်သည်။
ထို့အပြင် မီရှုဟွာ ပြောခဲ့သလို တိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်လေ့ရှိသော ကျင့်ကြံသူများသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူများထက် ပိုမို သန့်စင်သော ချီစွမ်းအားကို ရရှိတတ်ကြသည်။ တိုက်ခိုက်ခြင်းမှာ ချီစွမ်းအား သန့်စင်ရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည်မှာ သိသာလှသည်။
သို့သော် လောလောဆယ်တွင်မူ အချိန်ရအောင် အရင် စီစဥ်ရပေမည်။ ပြီးမှသာ ထိုအစီအစဉ်အား လော့ချန် ပြန်လည် စဉ်းစားမည်ဖြစ်သည်။
အဆင့်သတ်မှတ်ချက်များကို ခဏမျှ ကြည့်ပြီးနောက် လော့ချန်သည် အလုပ်သိမ်းပြီးသော ရှောင်ယွဲ့၊ ဖုန်းရှတို့နှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ပြန်ရောက်သောအခါ သူတို့ တစ်ဦးချင်းစီနှင့် ယခင်လအတွက် စာရင်းရှင်းလိုက်သည်။
ချန်ယွဲ့ မုန့်ဆိုင်မှ ပုံမှန် ဝင်ငွေအဖြစ် ဝိညာဉ်ကျောက် ၆၀၀ ခန့် ရရှိသည်။ လော့ချန်သည် ရှောင်ယွဲ့အား သူမ၏ ဝေစုအဖြစ် ဝိညာဉ်ကျောက် ၆၀ ပေးလိုက်ရာ သူမ ပျော်ရွှင်စွာဖြင့် အိမ်ပြန်သွားသည်။
နို့လက်ဖက်ရည်ဆိုင်၏ ရလဒ်မှာမူ လော့ချန်အား အံ့အားသင့်စေခဲ့သည်။
ပထမဆုံးလမှာပင် ဆိုင်၏ စုစုပေါင်းဝင်ငွေမှာ ဝိညာဉ်ကျောက် ၅၀၀ ကျော် ရရှိခဲ့သည်။ ကုန်ကြမ်းနှင့် အိမ်ငှားခ အသုံးစရိတ် ဝိညာဉ်ကျောက် ၁၀၀ ကျော်ကို နုတ်လိုက်ပါက ၄၀၀ ခန့် ကျန်ရှိသည်။
လော့ချန်သည် သူ့အတွက် ၃၃၀ သိမ်းလိုက်ပြီး ကျန်ရှိသော ဝိညာဉ်ကျောက် ၇၀ အား ဖုန်းရှထံ ပေးလိုက်သည်။
“ဒီလောက်တောင်အများကြီးပေးတာလား” ဖုန်းရှ အံ့အားသင့်သွားသည်။
လော့ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “သိပ်မများပါဘူးဗျာ၊ အခြေခံလစာက မမရှ ဆေးပေါင်းတစ်ထောင်ခန်းမမှာ လုပ်တုန်းကအတိုင်းပဲ၊ အပို ကျောက်တုံး ၂၀ ကတော့ အမြတ်ဝေစုပါ” ဟု ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဖုန်းရှသည် ချီသန့်စင် အဆင့် ၇ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးအား တစ်လလျှင် ဝိညာဉ်ကျောက် ၇၀ ဖြင့် ငှားရခြင်းမှာ အလွန်ပင် တန်လှသည်။
လော့ချန် ကျေနပ်မိသည်။
“နောင်ကျရင် ဆိုင်က ပိုပြီး အရောင်းသွက်လာမှာပါ၊ အဲဒီအခါ မမရှလည်း ဝိညာဉ်ကျောက်တွေ ပိုရလာမှာပါ"
ဖုန်းရှသည် ဝိညာဉ်ကျောက်များအား ဝမ်းသာအားရ လက်ခံလိုက်သည်။ သူမသည် ဝိညာဉ်ကျောက်များကို လက်ဖြင့် ပွတ်သပ်ရင်း ခဏ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
“ဆိုင်ကလေ တစ်ခါတစ်လေကျရင် လူအရမ်းကျတော့ အစ်မ တစ်ယောက်တည်း လက်မလည်တော့ဘူး၊ မဟုတ်ရင် ဒီထက်တောင် ပိုရဦးမှာ"
“ကျွန်တော် နားလည်ပါတယ်၊ အရင်ကပြောဖူးသလို နည်းနည်းအသားကျသွားပြီဆိုရင် နောက်တစ်ယောက်လောက် ထပ်ငှားကြတာပေါ့" ဟု လော့ချန် တွေးတွေးဆဆ ပြောလိုက်သည်။
“ရှောင်တွမ်ဆိုရင်ရော…. လော့လေး ဘယ်လိုမြင်လဲဟင်”
တွမ်ဖုန်း၏ အမည်ကို ကြားလိုက်ရသဖြင့် လော့ချန် ခဏမျှ မှင်သက်သွားသည်။
ဖုန်းရှ သက်ပြင်းချလိုက်သည်။
“သူ ဒဏ်ရာပျောက်ပြီပဲ ထားပါဦး၊ စင်မြင့်ပေါ်မှာ ထပ်ပြီး အသက်နဲ့ရင်းပြီး တိုက်နေမယ့်အစား၊ ဒီမှာပဲ ဘေးကင်းကင်းနဲ့ နို့လက်ဖက်ရည် ရောင်းနေရင် ပိုမကောင်းဘူးလား….”
‘“ဒီခြံဝင်းထဲက အိမ်နီးနားချင်းတွေက အချိန်ကြာလာရင် တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားကြတာပဲ၊ ရှောင်တွမ်က အေးတိအေးစက် နိုင်လှပေမဲ့ တကယ်တော့ လူကောင်းလေးပါ၊ သူ တိုက်ခိုက်ရင်း သေသွားမှာကို အစ်မ မမြင်ချင်ဘူး”
လော့ချန် စိတ်ထဲမှ ‘ဒီအစ်မတော့ မရိုးတော့ဘူး’ ဟု ကျိတ်တွေးလိုက်မိသည်။
သို့သော် သူ ထုတ်မပြောခဲ့ပေ။ ထိုအစား သူ ပြုံးကာ ပြောလိုက်သည်။
“တွမ်ဖုန်းသာ ဝင်လုပ်ချင်ရင် ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ သူကိုတော့ မမရှလို အမြတ်ဝေစု ပေးမှာ မဟုတ်ဘူးနော်၊ ပုံမှန် လစာ ဝိညာဉ်ကျောက် ၅၀ ပဲ ပေးနိုင်မယ်”
“၅၀ ဆိုတာ တော်တော်လေးကို များနေပါပြီ၊ သေချာ စုသွားရင် သူ မှော်လက်နက် ပြင်တဲ့ဆိုင်လေးတောင် ဖွင့်လို့ရသေးတယ်၊ သူက အဲ့ဒီဘက်မှာ တော်တော်လေး ကျွမ်းကျင်တာ"
ဖုန်းရှက အားတက်သရော ထပ်လောင်းပြောဆိုသည်။
….
သို့သော် နောက်တစ်နေ့ လော့ချန် အလုပ်မသွားမီမှာပင် တွမ်ဖုန်းတစ်ယောက် ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်ဟု သိရသည်။
“ကျွန်တော် ဒဏ်ရာမပျောက်ခင်အထိတော့ အစ်မရှကို ဆိုင်မှာ လာကူပေးပါ့မယ်၊ ဒါပေမဲ့ ကျွန်တော်ကို ဘာမှ ပေးစရာမလိုပါဘူး၊ ဒဏ်ရာပျောက်သွားတာနဲ့ အဆုံးအဖြတ်စင်မြင့်ကိုပဲ ပြန်သွားမှာ၊ အခုက ခဏ နားနေဖို့ လိုနေသေးလို့”
ဤသည်မှာ တန်းဖုန်း၏ အဖြေပင်။
ဖုန်းရှက သူ့အား အတင်းအကျပ် မလုပ်ခိုင်းနိုင်သလို လော့ချန် ဘက်မှလည်း အလကားလာကူပေးမည့်သူကို ကန့်ကွက်စရာ မရှိပေ။
လော့ချန် မြို့ပြင်သို့ ထွက်လာစဉ် အတွေးတစ်ခု ဝင်လာသည်။
တွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင် လှုပ်ခတ်မှုမှာ ယခင်နှင့် သိပ်မထူးခြားလှသော်လည်း၊ ဒဏ်ရာများ ကျက်လာသည်နှင့်အမျှ သူသည် ယခင်ထက် ပိုမိုအားကောင်းလာပုံပေါ်နေသည်။
‘သူက တိုက်ပွဲတွေကို အသုံးချပြီး ချီသန့်စင် နောက်ဆုံးအဆင့်ရဲ့ ချီစွမ်းအားကို သန့်စင်နေတာလား’
ထိုယူဆချက်မှာ အတော် ဖြစ်နိုင်ချေရှိသည်။
‘တကယ်လို့ အဲဒါသာ အမှန်ဆိုရင်... ငါလည်း အချိန်နည်းနည်းဖယ်ပြီး အဆုံးအဖြတ်စင်မြင့်ပေါ် တက်ကြည့်ရမလား...’
***