လခြမ်းတောင်ကြားတစ်ခုလုံးသည် အုံ့မှိုင်းနေသော ကောင်းကင်ယံမှ ကျဆင်းလာသော နှင်းမှုန်များအောက်ဝယ် ဆိတ်ငြိမ်ခြင်း၌ နစ်မြုပ်နေတော့သည်။
ထိုအချိန်တွင် နွေးထွေးလှသော ဆေးဖော်ဆောင်အတွင်း၌မူ စိတ်ကြည်လင်အေးချမ်းစေသည့် ဝိညာဉ်လက်ဖက်ရည်နံ့များ ပျံ့လွင့်နေသည်။
လော့ချန်သည် သူထိုင်နေကျနေရာတွင် ထိုင်ရင်း စာအုပ်အထူကြီးတစ်အုပ်ကို ကိုင်ကာ အာရုံစိုက်ဖတ်ရှုနေသည်။ ထိုအခိုက် သူ့နောက်မှ ရင်းနှီးလှသော ခြေသံများနှင့်အတူ သက်ပြင်းချသံ အရှည်ကြီး ထွက်ပေါ်လာသည်။ သို့သော် သူ၏ အကြည့်များမှာမူ စာမျက်နှာပေါ်မှ ခွာမသွားခဲ့ပေ။
“ထပ်ပြီး ပျက်စီးသွားပြန်ပြီလား” ဟု သူ ခေါင်းမဖော်ဘဲ အသာအယာ မေးလိုက်သည်။
“ဟုတ်ကဲ့ခင်ဗျာ” ဟု ထန်ချွမ်က အားငယ်သောအသံဖြင့် ခပ်တိုးတိုး ပြန်ဖြေသည်။
ထိုဆေးဖော်စပ်သူ လူငယ်လေးသည် တံခါးဝတွင် အားအင်မရှိသလို ငေါင်စင်းစင်း မတ်တပ်ရပ်လျက်၊ စိတ်ပျက်အားငယ်နေသည်။ သူ့ပုံစံမှာ ပုခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ထမ်းပိုးထားရသူနှင့် တူလှသည်။
သူ စိတ်ဓာတ်ကျနေခြင်းမှာ အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်ရန် မအောင်မြင်ခြင်းကြောင့် တစ်ကြောင်း၊ သူ၏ နိမ့်ပါးသော ကျင့်ကြံမှုအဆင့်ကြောင့် ဆေးဖော်စပ်စဉ် ချီစွမ်းအား အလွန်အမင်း ကုန်ဆုံးသွားခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။
“ကျရှုံးတယ်ဆိုတာ အောင်မြင်ခြင်းရဲ့ အစပါပဲကွာ" ဟု လော့ချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလိုက်သည်။
“ဘယ်ဆေးလုံးမဆို၊ အထူးသဖြင့် အရေးကြီးတဲ့ ဆေးလုံးမျိုးဆိုရင် အကြိမ်ရာနဲ့ ချီ၊ ထောင်နဲ့ချီ ကျရှုံးပြီးမှပဲ အောင်မြင်မှုဆိုတာ ရလာတာမျိုး”
ထန်ချွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
ထိုနှစ်သိမ့်စကားများသည် တစ်နည်းအားဖြင့် သူ့အား ပို၍ပင် စိတ်မကောင်းဖြစ်စေသည်။
လော့ချန် သူ့အား ယုံကြည်စိတ်ချစွာဖြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုကို ဦးဆောင်ခိုင်းသည့်အတွက် သူ၏ပါရမီကို သက်သေပြရန် အခွင့်အရေးဟု သူ ထင်ခဲ့မိသည်။
သို့သော် တစ်လလုံးလုံး အဆက်မပြတ် ကျရှုံးခဲ့ပြီးနောက်၊ အကောင်းဆုံးရလဒ်မှာပင် တစ်ဝက်တစ်ပျက်ဆေးလုံးသာ ဖြစ်နေသဖြင့် ‘ငါက တကယ်ပဲ ဒီလမ်းစဉ်နဲ့ မသင့်တော်တာလား’ ဟု သူ သံသယဝင်နေမိတော့သည်။
သူသည် အေးဆေးတည်ငြိမ်စွာ စာဖတ်နေသော လော့ချန်အား ကြည့်လိုက်မိသည်။
လော့ချန်သည် တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် ခရီးစတင်ခဲ့သူဖြစ်သည်။
ဂိုဏ်းမရှိ၊ ဆရာမရှိ၊ ထောက်ပံ့ပေးမည့် အရင်းအမြစ်လည်း မရှိခဲ့ပေ။ ဆေးပင်တိုင်း၊ မှော်လက်နက်တိုင်းနှင့် အခွင့်အလမ်းတိုင်းကို သူကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ရယူခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း လော့ချန်သည် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်ရုံသာမက၊ အရည်အသွေးမြင့်မားသော ဆေးလုံးများကိုပါ ဖော်စပ်နိုင်ခဲ့သည်။
သူနှင့်နှိုင်းယှဉ်လျှင် ထန်ချွမ်သည် မိမိကိုယ်ကို လုံးဝ အသုံးမကျသူဟု ခံစားရသည်။ သူ၏ ဆေးဖော်စပ်ခြင်း ပါရမီကိုပင် သံသယဝင်လာမိတော့သည်။
‘ခေါင်းဆောင်က တကယ့်ကို နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်တဲ့ ဆေးဖော်ပါရမီရှင်ပဲ ဖြစ်ရမယ်၊ မဟုတ်ရင် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ’ ဟု ထန်ချွမ် တွေးနေမိသည်။
သူ ထွက်သွားခါနီး လော့ချန်ဖတ်နေသော စာအုပ်၏ မျက်နှာဖုံးကို လှမ်းမြင်လိုက်ရသည်။
တာဟဲစျေးမြို့တော် ပါရမီရှင်များ မှတ်တမ်း….။
“ဟင်…. ခေါင်းဆောင်လော့ အဆုံးအဖြတ်စင်မြင့်က တိုက်ပွဲတွေကို စိတ်ဝင်စားလို့လား" ဟု ထန်ချွမ် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
လော့ချန် ခပ်တိုးတိုးဖြင့် “နည်းနည်းပါ” ဟု ဆိုသည်။
ဤစာအုပ်အား သူသည် တာဟဲစျေးမြို့တော်၏ အရာခပ်သိမ်းသိသူဟု မိမိကိုယ်ကို အမည်ပေးထားသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးထံမှ ကျောက်ဖြူရင်ပြင်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုစာအုပ်ထဲတွင် တာဟဲစျေးမြို့တော်၏ ပါရမီရှင်ထူးချွန်သူများ စာရင်းမှ ကျင့်ကြံသူအများအပြား၏ တိုက်ပွဲမှတ်တမ်းများနှင့် နည်းစနစ်များ ပါဝင်သည်။
ထန်ချွမ် ရယ်မောလိုက်ပြီး “ဒီလို တစ်ဆင့်စကားတစ်ဆင့်နား ပုံပြင်တွေက အမြဲတမ်း ပိုပိုသာသာတွေ ထည့်ရေးထားတာပါဗျာ....” ဟု ဆိုသည်။
“ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကိုဆိုရင် အနိုင်မတိုက်နိုင်တဲ့ နတ်ဘုရားတွေလို ရေးကြသလို၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတွေကိုဆိုရင် လက်တစ်ချက် ခါလိုက်ရုံနဲ့ တောင်တွေကို ပြိုလဲစေနိုင်တယ်လို့ ရေးကြတာလေ….”
ယခုတစ်ကြိမ်တွင်မူ လော့ချန် ခေါင်းမော့ကြည့်လိုက်သည်။
ထန်ချွမ်က ပြုံးရင်း “သူတို့ ဘယ်လို တိုက်ခိုက်သလဲဆိုတာ တကယ် သိချင်ရင်တော့ ကျွန်တော့်ဦးလေး ကျန်းဝမ်ကို မေးတာ ပိုကောင်းပါလိမ့်မယ်” ဟု ထပ်ပြောလိုက်သည်။
လော့ချန်၏ မျက်ဝန်းများ တောက်ပသွားသည်။
‘ဟုတ်သားပဲ၊ ငါ့မိတ်ဆွေကြီးကျန်းဝမ် ကိုယ်တိုင်က အဲ့မှာ တိုက်ခိုက်ခဲ့ဖူးတာပဲ၊ သောက်ပိုတွေ ရေးထားတဲ့ ကောလာဟလတွေကို ဘာလို့ ဖတ်နေဦးမှာလဲ’ ဟု တွေးကာ ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။
….
ငါးရက်အကြာတွင်….။
ဖီးနစ်ကျတောင်သို့ လော့ချန်သည် ကျန်းဝမ်နှင့်အတူ ရောက်ရှိလာခဲ့သည်။
မိန်းကလေးလှလေး တစ်ယောက်လည်း သူတို့နှင့်အတူ ပါလာသေးသည်။
သူမသည် အလွန်နုပျိုချောမောလှသည်။ မျက်ဝန်းလေးများမှာ ကံ့ကော်ပွင့်လေးများကဲ့သို့ တောက်ပနေပြီး၊ သူမ ပြုံးလိုက်လျှင် ဆောင်းတွင်း၌ နေရောင်ခြည်လေး ဖြာကျ၍ ပိုမိုနွေးထွေးသွားသယောင် ခံစားရသည်။
သူမမှာ ကျန်းဝမ်၏ ချစ်သူအသစ် ဖြစ်သည်။
တစ်ချိန်က ထင်ရှား ကျော်ကြားခဲ့သော်လည်း ယခုအခါ နာမည်မရှိတော့သော ကျင့်ကြံသူမိသားစုမှ ဖြစ်ကြောင်း သိရသည်။ သူမသည် နာမည်ကောင်းရှိပြီး ရှုပ်ရှုပ်ရှပ်ရှပ်သတင်းမျိုး မရှိပေ။
မကြာသေးမီက ကျန်းဝမ်သည် အံ့ဖွယ်တစ်သောင်းဆေးလုံး ရှားပါးလာခြင်းနှင့် တိုက်ပွဲကိစ္စများတွင်သာ အာရုံစိုက်နေရသဖြင့် ထျန်းရှန်းမျှော်စင်သို့ သိပ်မသွားဖြစ်ခဲ့ပေ။
ကြည့်ရသည်မှာ အတည်တကျ နေထိုင်ရန် ရည်ရွယ်ထားပုံရသဖြင့် ယခင် ပေါ့ပြက်ပြက် လေလွင့်ဘဝကို စွန့်လွှတ်လိုက်ပြီဟု ဆိုနိုင်သည်။
ယခုအခါ ချီသန့်စင် အဆင့် ၉ တွင် ရှိနေသော ကျန်းဝမ်သည် မိန်းမပျိုလေး များစွာ၏ စိတ်ဝင်စားမှုကို ခံနေရသူလည်းဖြစ်သည်။
လက်ရှိ တွဲနေသော မိန်းကလေး၏ မိသားစုကလည်း သူ့အား နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့နှစ်ဦး၏ နီးကပ်မှုကို ကြည့်ခြင်းအားဖြင့် မကြာမီ လက်ထပ်ကြတော့မည်ဟုပင် ထင်ရသည်။
လော့ချန်သည် တောင်ခြေရှိ ကျောက်စိမ်းပြားကြီးပေါ်မှ တိုက်ပွဲဝင်မည့်သူများ၏ အမည်စာရင်းနှင့် မှတ်တမ်းများကိုသာ အာရုံစိုက်ကြည့်နေသည်။
ကျန်းဝမ် သတိထားမိပြီး အားရပါးရ ရယ်မောလိုက်သည်။
“ငါ့ညီရာ အရမ်းကြီးလည်း စိတ်မပူပါနဲ့၊ အဲဒီလူ တိုက်ခိုက်တာကို ငါ မြင်ဖူးတယ်၊ သူက ချီသန့်စင် အဆင့် ၈ မှာ ရှိနေပေမဲ့ သူ့ရဲ့ မှော်လက်နက်တွေကတော့ ခပ်စုတ်စုတ်တွေပါကွာ….”
“အဲ…. သတိထားရမှာဆိုလို့ အဆင့်မြင့် ပျံသန်းဓားတစ်လက်ပဲ ရှိတာ”
သူ လော့ချန်၏ ပုခုံးကို ခပ်ပြင်းပြင်းပုတ်ရင်း ဆက်ပြောလိုက်သည်။
“မင်းရဲ့ အစွမ်းနဲ့ဆို၊ မင်းသာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး မပေါ့ဆဘူးဆိုရင် သူ့ကို အသာလေး နိုင်ပါတယ်ကွ....”
လော့ချန် အားတက်သွားကာ ကျောက်စိမ်းပြားကြီးပေါ်မှ အကြည့်များကို ခွာလိုက်သည်။ အချိန်ကျလာပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ယှဥ်ပြိုင်ရန် စာရင်းတင်ပြီးနောက်၊ ယနေ့တွင်မူ သူ ယှဉ်ပြိုင်ရမည့် ပွဲစဉ်အလှည့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျန်းဝမ်နှင့် အမြဲ တိတ်ဆိတ်နေတတ်သော တွမ်ဖုန်းတို့ပင်လျှင် လော့ချန်အတွက် သင့်တော်သော ပြိုင်ဘက်ကို ရွေးချယ်ပေးခဲ့ပြီး၊ အောင်နိုင်မည့် နည်းဗျူဟာကို ဆွေးနွေးပေးခဲ့ကြသည်။
လော့ချန်သည် အဆင့်နိမ့် မှော်လက်နက်တစ်ခုအား အပေါင်အဖြစ် ထားခဲ့သည်။
ချီသန့်စင် အဆင့် ၇ တွင်သာ ရှိသေးသဖြင့်၊ သူတို့၏ အမှာစကားမှာ ‘ပထမဦးဆုံးပွဲကို အရမ်းကြီး မျှော်လင့်မထားဘဲ စိတ်အေးလက်အေးပဲ ဝင်တိုက်ကြည့်ပါ’ ဟူ၍ ဖြစ်သည်။
သူ၏ ပြိုင်ဘက်မှာ ဟွမ်ပင်းဟု အမည်ရသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူသည် အဆုံးအဖြတ်စင်မြင့်တွင် အမြဲ တိုက်ခိုက်လေ့ရှိသူဖြစ်ပြီး သူ၏ မှတ်တမ်းမှာလည်း မဆိုးလှပေ။ အနိုင်ထက် အရှုံး ပိုများနေသော်လည်း သူ့တွင် တိုက်ပွဲအတွေ့အကြုံ အမြောက်အမြား ရှိပြီး ချီသန့်စင် အဆင့် ၈ တွင် ရှိနေသည်။
ထို့ကြောင့် သူသည် ခုနစ်ဆင့်တွင်သာ ရှိသေးသော လော့ချန်အတွက် အသင့်တော်ဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်လာသည်။
ထိုပွဲအား မွန်းလွဲပိုင်း၏ ပထမဆုံးပွဲစဉ်အဖြစ် ဓားနန်းဆောင် ကျင့်ကြံသူများက တရားဝင် သတ်မှတ်ပေးခဲ့သည်။
“သွားကြစို့”
လော့ချန် ယုံကြည်မှုရှိရှိ လက်ဝှေ့ယမ်းကာ ပြိုင်ပွဲဝင်များ နားနေဆောင်သို့ သွားရာ လမ်းအတိုင်း လျှောက်လှမ်းသွားသည်။
သို့သော် ကျန်းဝမ် သူ့အား တားလိုက်သည်။ အကြောင်းမှာ နည်းဗျူဟာ အကြံပေးရန်လည်းမဟုတ်၊ အားပေးစကား ပြောရန်လည်း မဟုတ်ပေ။
ပွဲကြည့်စင်တွင် စားရန်အတွက် မုန့်ဝယ်ရန်သာ ဖြစ်သည်။
ကျန်းဝမ်သည် ပျော်ပွဲရွှင်ပွဲကြည့်ရန် ပြင်ဆင်နေသူတစ်ဦးအလား အဆုံးအဖြတ်စင်မြင့် အပြင်ဘက်ရှိ ဈေးတန်းတွင် လျှောက်သွားနေသည်။ ပထမဆုံးအနေဖြင့် ချန်ယွဲ့ မုန့်ဆိုင်သို့ ဝင်ကာ ပြောင်းဖူးပေါက်ပေါက် တစ်အိတ်၊ နတ်ပဲစေ့ တစ်ထုပ်နှင့် နာနတ်ဝိုင် တစ်ပုလင်း ဝယ်ယူခဲ့သည်။ ထို့နောက် မီရွှီ ရေခဲမြို့တော်သို့ သွားကာ နို့လက်ဖက်ရည် တစ်ခွက် ဝယ်ပြီး ဘေးမှ မိန်းကလေးထံသို့ အားလုံး ကမ်းပေးလိုက်သည်။
ထို့နောက် သူ ပြုံးရင်း လော့ချန်အား လှည့်ကြည့်သည်။
“ခဏနေကြဦးဗျ၊ ကိုယ့်လူကိုယ် ယုံကြည်ပြီး ပုံအောရမယ်လေ” ဟု ဆိုကာ ဘေးမှ လောင်းကစားရုံ တစ်ခုထဲသို့ အတင်းဝင်သွားသည်။
“သူဌေး…. ဝိညာဉ်ကျောက် ဆယ်တုံးကို လော့….”
သူ စကား တစ်ဝက်တစ်ပျက်မှာပင် ရပ်သွားပြီး လော့ချန်အား လှည့်ကြည့်လိုက်ရာ၊ လော့ချန်က သူ့အား ‘မယုံနိုင်စရာပဲ’ ဟူသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
‘အော် မိန်းမလှလေးတွေနဲ့ ဆော့ရတာ ပျင်းသွားပြီ ဆိုတော့ လောင်းကစားဘက် လှည့်သွားပြီပေါ့လေ’ ဟု လော့ချန် မျက်စောင်းထိုးရင်း တွေးနေမိသည်။
“အော် နာမည်မှားလို့၊ မုရုံယွမ် ကိုပြောတာ” ဟု ကျန်းဝမ် ရယ်မောရင်း အမြန်ပြန်ပြင် ပြောလိုက်သည်။
“မုရုံယွမ်ပေါ်မှာ ဝိညာဉ်ကျောက် ၁၀ လောင်းမယ်၊ ဟွမ်ပင်းနဲ့ယှဉ်ရင် ပေါက်ကြေးက ဘယ်လောက်လဲ"
လောင်းကစားဒိုင်က မျက်ခုံးပင့်လိုက်ပြီး “ခင်ဗျားက ပေါက်ကြေးတောင် မသိဘဲ လောင်းနေတာလား" ဟု မေးသည်။
“ညီတစ်ယောက်ကို အားပေးတဲ့အနေနဲ့ပါဗျာ” ဟု ကျန်းဝမ် လူရည်လည်စွာ ပြန်ဖြေသည်။
ဒိုင်သည် ကျန်းဝမ်၏နောက်မှ လော့ချန်အား တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဟွမ်ပင်းက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ ဝါရင့်ကျင့်ကြံသူတစ်ဦးပဲ၊ အရှုံးက ပိုများနေပေမဲ့ သူ့ရဲ့ အတွေ့အကြုံကိုတော့ ငြင်းလို့မရဘူး၊ အခု ဒီလူသစ် မူရုံယွမ်ကတော့ ကျင့်ကြံမှုအဆင့်ရော နာမည်ကျော်ကြားမှုမှာရော သူ့ကို မယှဉ်နိုင်ပါဘူး”
သူ နောက်ဘက်မှ သစ်သားဘုတ်ပြားကို ပုတ်ပြလိုက်ရင်း “ပေါက်ကြေးက ဟွမ်ပင်း ဘက်က ငါးဆ ပိုသာနေတယ်၊ ဒါတောင် လောင်းချင်သေးလား” ဟု မေးသည်။
“သေချာတာပေါ့”
ကျန်းဝမ် ပြုံးရွှင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို ချပေးလိုက်သည်။
ထို့နောက် သူတို့ အားလုံး ကွင်းဝင်ပေါက်သို့ လျှောက်လှမ်းလာကြသည်။ ကျန်းဝမ်နှင့် သူ၏ ချစ်သူသည် ပွဲကြည့် လက်မှတ်အတွက် ဝိညာဉ်ကျောက်များကို ပေးဆောင်လိုက်ရသည်။ လော့ချန်ကမူ ပြိုင်ပွဲဝင် ဖြစ်သဖြင့် ပေးရန် မလိုပေ။
သူတို့ အားလုံး ခန်းမကြီးထဲသို့ အတူ လျှောက်ဝင်လာစဉ် ကျန်းဝမ်တစ်ယောက် လော့ချန်ဘေးသို့ ကပ်လာသည်။
“ဘာလို့ မုရုံယွမ် ဆိုတဲ့ နာမည်ဝှက်ကို ရွေးခဲ့တာလဲ”
“နာမည်မကြီးချင်လို့လေ၊ တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်သာ ချီသန့်စင် အဆင့် ၁ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ" ဟု လော့ချန် ပြောလိုက်သည်။
“အဲဒါ မဟုတ်ဘူးလေ၊ ငါ သိချင်တာက ဘာလို့ မုရုံ ဆိုတဲ့ မျိုးရိုးကို သုံးတာလဲ"
“ဪ....”
လော့ချန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
“အဲ့ဒါက ကျွန်တော့် ဒေါ်လေး မုရုံချင်းလျန်ရဲ့ မျိုးရိုးလေ၊ နာမည်ကလည်း ခေါ်လို့ကောင်းလို့လေ၊ သူက ကျွန်တော့်ကို တူလေးအရင်းလို ဆက်ဆံတာ၊ ကျင့်ကြံဖော်တစ်ယောက်နဲ့တောင် အောင်သွယ်ပေးချင်နေသေးတယ်”
ကျန်းဝမ် ရယ်မောလိုက်သည်။
“အော် ဒီလိုကို…. ဒါဆို ယွမ် ကကော”
လော့ချန် ရှားရှားပါးပါး နူးညံ့စွာ ပြုံးလိုက်ပြီး “ကျွန်တော့်အတွက် အရေးပါတဲ့ လူတစ်ယောက်ကို အမှတ်ရစေလို့ပါ” ဟု ဖြေသည်။
သူတို့သည် အလယ်စင်္ကြံလမ်းတွင် လမ်းခွဲလိုက်ကြသည်။
ကျန်းဝမ်သည် ပွဲကြည့်စင်ဘက်သို့ ဦးတည်သွားပြီး လော့ချန်မှာမူ ပြိုင်ပွဲဝင်များအတွက် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။
လော့ချန်သည် ပြိုင်ပွဲဝင်များ နားနေဆောင်သို့ ရောက်ရှိလာသည်။
စင်္ကြံလမ်းရှည်ကြီးအတိုင်း လျှောက်လာပြီးနောက် လော့ချန်သည် သူ၏ ပြိုင်ပွဲဝင် ကျောက်စိမ်းပြားကို သုံးကာ နားနေဆောင်အတွင်းသို့ ဝင်လိုက်သည်။ ၎င်းမှာ အခြေခံအားဖြင့် တိုက်ပွဲမစတင်မီ ကျင့်ကြံသူများ အနားယူ ပြင်ဆင်နိုင်ရန် ရည်ရွယ်ထားသော သီးသန့်အခန်းငယ်များ ဖြစ်သည်။
အခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် လော့ချန် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
“ဒီအခန်းလေးထဲမှာ ချီစွမ်းအားတွေက ဒီလောက်တောင် များနေတာလား….”
၎င်းမှာ မြို့တွင်းရှိ နေအိမ်များထက် အပြတ်သတ် သာလွန်နေပြီး၊ သူ၏ ဝိညာဉ်ကြောလိုဏ်ဂူနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်သာ လျော့နည်းသည်။
“ကျင့်ကြံသူတွေ ဘာလို့ တိုက်ပွဲဝင်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြသလဲဆိုတာ မဆန်းတော့ဘူး၊ ဒီအခန်းတွေက တကယ့်ကို အဆင့်မြင့် ကျင့်ကြံရေးနေရာတွေ ဖြစ်နေတာကိုး”
သူ အခန်းအတွင်း၌ တိတ်ဆိတ်စွာ ထိုင်လိုက်သည်။ အခန်းနံရံများတစ်လျှောက် ဝိညာဉ်အလင်းတန်းများ မှိန်ပျပျ တောက်ပနေသည်။ လော့ချန်၏ အကြည့်များမှာ အပေါ်မျက်နှာကြက်သို့ ရောက်သွားပြီး၊ မှတ်ဉာဏ်ထဲမှ အတွေးတစ်ခု ပေါ်လာသည်။
တာဟဲစျေးမြို့တော်၏ ပထမအဆင့် ဝိညာဉ်ကြောသည် ဖီးနစ်ကျတောင်မှ မြစ်ဖျားခံကြောင်း၊ ထိုနေရာအား အစွမ်းထက်သော အစီအရင်များဖြင့် ပိတ်ဆို့ထားကြောင်း လူအများက ပြောလေ့ရှိကြသည်။
ယခုအခါ အဆုံးအဖြတ်စင်မြင့်အောက်တွင် ရပ်နေရင်း၊ ပေါကြွယ်ဝလှသော ချီစွမ်းအားများနှင့် အစွမ်းထက်သော အစီအရင်များကို မြင်လိုက်ရသောအခါ ထိုကောလာဟလများမှာ အမှန်ဖြစ်နိုင်ကြောင်း လော့ချန် သဘောပေါက်လိုက်သည်။
ဓားနန်းဆောင်သည် ကျင့်ကြံသူ အမြောက်အမြား စိတ်အားထက်သန်စွာ ပါဝင်လာစေရန်အတွက် အကျိုးအမြတ်အချို့ကို သင့်တော်သလို ခွဲဝေပေးထားခြင်း ဖြစ်သည်။
လော့ချန်က စိတ်ထဲမှ ရယ်မောလိုက်မိသည်။
‘ငါ့မှာသာ လခြမ်းတောင်ကြားအောက်က ဝိညာဉ်ကြောလိုဏ်ဂူ မရှိခဲ့ရင်…. ဒါမှမဟုတ် ငါ့ရဲ့ ဆေးဖော် အရည်အချင်း မရှိခဲ့ရင်…. ကျင့်ကြံမှုအဆင့်ပဲ ရှိနေခဲ့ရင် ငါလည်း ဒီတိုက်ပွဲတွေကို အသည်းအသန် ဝင်ပြိုင်နေမိမှာပဲ’
သူ အတွေးများကို ဖယ်ထုတ်လိုက်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေလိုက်သည်။
အမွှေးတိုင် နှစ်တိုင်စာခန့် အချိန်ကုန်လွန်သွားသည်။
ထို့နောက် သူ၏လက်ဖဝါးထဲရှိ ကျောက်စိမ်းပြားမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
အေးစက်ပြီး စက်ရုပ်ဆန်သော အသံတစ်သံ အခန်းအတွင်း ဟိန်းထွက်လာသည်။
“မွန်းလွဲပိုင်း ပထမဆုံးပွဲစဉ်၊ ချီသန့်စင် အဆင့် ၈ ကျင့်ကြံသူ ဟွမ်ပင်းနဲ့ အဆင့် ၇ ကျင့်ကြံသူ မုရုံယွမ်”
“ကျင့်ကြံသူနှစ်ဦးလုံး စင်မြင့်ပေါ်သို့ တက်ရောက်ပေးကြပါ”
လော့ချန်၏ နှလုံးခုန်သံ အနည်းငယ် မြန်လာပြီး မှော်ဝတ်ရုံကို ပြင်ဆင်လိုက်သည်။
ထို့နောက် အခန်းထဲမှ ထွက်ကာ စင်္ကြံလမ်းအတိုင်း ရှေ့သို့ လှမ်းလာခဲ့သည်။
မြေအောက်ခန်းမထဲမှ ထွက်လိုက်သည်နှင့် နားကွဲမတတ် ဟိန်းဟောက်နေသော အားပေးသံကြီးက သူ့ နားထဲသို့ ရောက်ရှိလာသည်။ မြင့်မားသော စင်မြင့်ထက်သို့ တက်လှမ်းလိုက်သည်နှင့် ထိုအသံကြီးမှာ ကောင်းကင်ယံ၌ မိုးခြိမ်းသံကြီး ပဲ့တင်ထပ်နေသကဲ့သို့ ပိုမိုကျယ်လောင်လာသည်။
လော့ချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် ပွဲကြည့်စင်များတွင် ပြည့်နှက်နေပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
‘ဝမ်ယွမ်နဲ့ ဦးလေးချင်တို့ တိုက်ခိုက်ခဲ့တုန်းက ဒီလိုပဲ ခံစားခဲ့ရတာလား’
ခဏတာမျှ လော့ချန်၏ သွေးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာခဲ့သည်။
သို့သော် သူ၏ပြိုင်ဘက် ဟွမ်ပင်း ရောက်ရှိလာသည်နှင့် သူ၏ ဂယောက်ဂယက်ဖြစ်နေသော နှလုံးသားမှာ ငြိမ်သက်နေသော ကန်ရေပြင်လေးတစ်ခုအလား ချက်ချင်း တည်ငြိမ်သွားတော့သည်။
အမှန်စင်စစ် လော့ချန်သည် တိုက်ခိုက်ရေးတွင် မွေးရာပါ ဗီဇ ရှိပုံရသည်။ စနစ်မှ ပေးအပ်ထားသော ဆေးဖော်ပါရမီနှင့်မတူဘဲ၊ တိုက်ပွဲအတွင်း သူ၏ စွမ်းဆောင်ရည်မှာ သူကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခြင်းဖြစ်သည်။
ထိုအရာမှာ အမြဲ ခိုင်မာခဲ့သည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း လော့ချန်သည် တိုက်ပွဲပေါင်း သုံးကြိမ် ကြုံတွေ့ခဲ့သည်။
ပထမအကြိမ်တွင် အတွေ့အကြုံ မရှိသော်လည်း သေဟန်ဆောင်ကာ ရန်သူအား ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည်။ ဒုတိယအကြိမ်တွင် ကောင်းထင်အယ်၏ မောက်မာမှုအား အခွင့်ကောင်းယူကာ ရုတ်တရက် တိုက်ခိုက်ခြင်းဖြင့် လျင်မြန်စွာ အနိုင်ရရှိခဲ့သည်။
မကြာသေးမီက တိုက်ပွဲတွင်မူ သူ၏ အမြန်နှုန်းကို အပြည့်အဝ အသုံးချကာ၊ ကြိုတင်တွက်ချက်ထားသော နည်းဗျူဟာများဖြင့် ပြိုင်ဘက် သုံးဦးအား ယခင်အကြိမ်များထက် ပိုမိုလွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်။
ဤအရာမှာ ပါရမီတစ်ခုဖြစ်ကြောင်း လော့ချန် တဖြည်းဖြည်း သဘောပေါက်လာသည်။ ထို့ကြောင့် ပြိုင်ပွဲအတွက် စာရင်းသွင်းပြီးနောက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော စိတ်အခြေအနေကို ရရှိစေရန် ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခဲ့သည်။
“ငါက ဟွမ်ပင်းပါ၊ တွေ့ရတာဝမ်းသာပါတယ်”
“မုရုံယွမ်ပါ၊ ကျေးဇူးပြုပြီး ခင်ဗျားပဲ အရင် စတိုက်ပါ”
“ကောင်းပါပြီ... ကောင်းပါပြီ၊ ငါတို့တွေ မိတ်ဆွေတွေလိုပဲ တိုက်ကြရအောင်နော်၊ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင် မလုပ်ကြေးလေ ဟုတ်တယ်မလား”
ဖော်ရွေသော အပြုံးဖြင့် ရပ်နေသော ထိုလူလတ်ပိုင်းအရွယ် လူကြီးအား ကြည့်ကာ လော့ချန် မျက်ခုံးပင့်လိုက်သည်။
သူ ဘာ ပြောချင်တာလဲ၊ သူက အားနည်းကြောင်း ပြနေတာလား ဒါမှမဟုတ် တိုက်ပွဲကို ပွဲညှိချင်နေတာလား….။
လော့ချန်၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေသည်။ ဟွမ်ပင်း၏ ထူးဆန်းသော စကားလုံးများနောက်ကွယ်မှ ဖြစ်နိုင်ချေများကို သူ တွက်ချက်နေမိသည်။
ဒိုင်လူကြီး လက်မြှောက်ကာ တိုက်ပွဲစတင်ကြောင်း အော်ဟစ်လိုက်သည့် ခဏမှာပင် လော့ချန် လှုပ်ရှားလိုက်သည်။
သူ ရှေ့သို့ တိုးဝင်မသွားပေ။ ထိုအစား နောက်သို့ ခုန်လိုက်ပြီး လှပသော လခြမ်းပုံစံဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏ မှော်ဝတ်ရုံမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေစဉ် သူ၏ လက်ထဲ၌ မီးတောက်လှံမှာ စူးရှသော အသံနှင့်အတူ ပေါ်ထွက်လာသည်။
လော့ချန်သည် လှံဖျားအား အောက်သို့ ချိန်လိုက်သည်။
ချီစွမ်းအားများ ဆူပွက်လာပြီး မီးခိုးရောင် လှံတံတစ်လျှောက် စီးဆင်းသွားသည်။ ခဏအတွင်းမှာပင် လှံတံမှာ အရည်ကျိုထားသော သတ္တုကဲ့သို့ တောက်ပလာပြီး၊ လှံဖျားမှာ အရည်ပျော်နေသော သံရည်ထက်ပင် ပိုမိုစူးရှသော အဖြူရောင်အလင်းများဖြင့် တောက်လောင်လာသည်။
“ဟာ အခြေအနေမကောင်းတော့ဘူး”
ဟွမ်ပင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူ၏ ပြိုင်ဘက်မှာ သူ၏ စကားများအား လုံးဝ ဂရုမစိုက်ပုံ ရသည်။
ဟွမ်ပင်းသည် သူ၏နောက်ကျောမှ ပျံသန်းရေးမှော်ဓားကို ထုတ်လွှတ်လိုက်ရာ၊ ၎င်းမှာ ချီစွမ်းအားများဖြင့် ပြည့်နှက်နေပြီး လေခွင်းကာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ပျံသန်းလာနေသည်။
‘သူက အားနည်းသလို ဟန်ဆောင်ထားပေမဲ့ တကယ့်ကို ပြင်ဆင်ထားတာပဲ’ ဟု ဟွမ်ပင်း မကျေမနပ် တွေးလိုက်သည်။
‘ကံကောင်းတာက ငါ အရင် တုံ့ပြန်နိုင်ခဲ့တယ်၊ ငါပဲ အသာစီး ရမှာပါ’
ကောင်းကင်ယံ၌ လော့ချန်၏ မျက်နှာထားမှာ အလွန်တရာ တည်ငြိမ်လျက် ရှိသည်။
“သွား”
ခပ်တိုးတိုး အမိန့်ပေးသံနှင့်အတူ မီးပွားများမှာ ကောင်းကင်ယံတစ်ခွင် ပျံ့လွင့်သွားပြီး၊ မီးမိုးရွာနေသကဲ့သို့ ကျဆင်းလာသည်။
လော့ချန် ထိုမျှနှင့် မရပ်တန့်ပေ။ သူ၏ လက်ချောင်းများကို ခပ်ဖွဖွ လှုပ်ရှားလိုက်ရာ၊ ကျဆင်းနေသော မီးပွားများကြားတွင် ကျောက်စိမ်းလုံး တစ်လုံးမှာ လျင်မြန်စွာ ပါသွားတော့သည်။
ပျံသန်းရေးမှော်ဓားနှင့် ကျောက်စိမ်းလုံးတို့ ထိပ်တိုက် တွေ့သွားသည်။ ပုလဲ၏ ပေါက်ကွဲမှုနှင့်အတူ ဓားမှာ ခဏမျှ တုံ့ဆိုင်းသွားသည်။
ထိုဓားမှာ ထပ်မံ တိုးဝင်လာရန် ပြင်ဆင်စဉ်မှာပင်၊ ကောင်းကင်ယံမှ ကျောက်စိမ်းလုံးများစွာ တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ကျဆင်းလာသည်။ တစ်လုံးချင်းစီမှာ အချိန်ကိုက် ပေါက်ကွဲသွားသဖြင့် မှော်ဓားမှာ လမ်းကြောင်း မမှန်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ဟွမ်ပင်းသည် ကောင်းကင်မှ ကျဆင်းလာသော မီးတောက်မိုးလုံးများကြားမှ မိမိကိုယ်ကို ကာကွယ်ရန် ရုန်းကန်နေရသည်။
“ဒါက ဘာမှော်လက်နက်လဲဟ၊ ထူးဆန်းလိုက်တာ တခါမှ မမြင်ဖူးဘူး”
ပုလဲတိုင်း၊ မီးပွားတိုင်းမှာ တိကျသော အချိန်ကိုက်မှု ရှိနေပုံရသည်။ လော့ချန်၏ လှုပ်ရှားမှုတိုင်းမှာ တွက်ချက်ထားပြီးသားဖြစ်ကာ အားစိုက်စရာမလိုဘဲ တိကျလှသည်။
သူသည် အံကို တင်းတင်းကြိတ်ကာ ဆွဲငင်မှော်အတတ်ကို သုံး၍ မှော်ဓားကို ပြန်ဆွဲယူလိုက်ပြီး၊ လော့ချန်ထံ ထပ်မံ ပစ်လွှတ်ရန် ကြိုးစားလိုက်သည်။
သူ၏ ပြိုင်ဘက်မှာ အားသွန်ခွန်စိုက် ခုခံနေရသည်ကို ကြည့်ရင်း လော့ချန် စဉ်းစားခန်း ဝင်သွားသည်။
‘ချီသန့်စင် အဆင့် ၈ ပြိုင်ဘက်က သိပ်ပြီးတော့ မစွမ်းလှပါလား၊ ငါ မီးတောက်လှံ တစ်ခုတည်းကိုပဲ သုံးထားတာတောင် သူ့ကို အပြည့်အဝ ဖိနှိပ်ထားနိုင်တယ်၊ ချီစွမ်းအား ပမာဏကို ဖယ်ထားရင် ဒီလူက သာမန်ပါပဲ’
သူ၏ ပြိုင်ဘက်၏ ခွန်အားမှာ နုံချာလှသည်တော့ မဟုတ်ပေ။ ချီစွမ်းအင် သိုလှောင်မှုမှာလည်း လုံလောက်ပြီး ဓားကိုလည်း ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။ သို့သော် ထိုမျှထက် ပို၍ ထူးခြားမှု မရှိချေ။
လော့ချန် ခေါင်း အနည်းငယ် ခါလိုက်ပြီးနောက် လက်ကို မြှောက်လိုက်သည်။ မိုးခြိမ်းသံကြီးကဲ့သို့သော အသံနှင့်အတူ လှံတံမှာ မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ယံကို ဖြတ်သန်းကာ ဟွမ်ပင်းရှိရာသို့ ဟိန်းဟောက်၍ ပြေးဝင်သွားတော့သည်။
“ကျွန်တော် အရှုံးပေးပါတယ်ဗျ” ဟု သူ တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်သည်။
စင်မြင့်၏ ဘေးဘက်မှ တိုက်ပွဲကို စောင့်ကြည့်နေသော ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူတစ်ဦးက အလိုမကျဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး၊ ကာကွယ်ရေး အစီအရင် တစ်ခုကို အသက်သွင်းလိုက်သည်။
တိုက်ပွဲကွင်းအတွင်းမှ အစီအရင်မှာ တုန်ခါသွားပြီး၊ တိုက်ခိုက်သူ နှစ်ဦးကြားတွင် အကာအကွယ် အလင်းတံတိုင်းတစ်ခု ပေါ်ထွက်လာသည်။
အချိန်မီ လက်မတင်လေးပင် ဖြစ်သည်။
လှံတံမှာ အလင်းတံတိုင်းနှင့် တိုက်မိသွားပြီး ဟွမ်ပင်း၏ မျက်နှာနှင့် လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။
သူ၏ အဆင့်လတ် သစ်သားဒိုင်းမှာ ထိုဖိအားအောက်တွင် အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရှေ့တည့်တည့်တွင် လည်ပတ်နေသော လှံဖျားကို ကြည့်ရင်း ဟွမ်ပင်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
သူသည် ထိုမျှလွယ်ကူစွာ ရှုံးနိမ့်သွားခဲ့ရသည်။
“မိတ်ဆွေ... တကယ့်ကို အံ့သြဖို့ကောင်းတဲ့ မှော်လက်နက်နဲ့ နည်းဗျူဟာတွေပါပဲဗျာ”
အံ့သြဖို့ကောင်းသော မှော်လက်နက်မှာ မီးတောက်လှံအား ဆိုလိုခြင်း ဖြစ်ပြီး၊ နည်းဗျူဟာမှာ လော့ချန် ကျောက်စိမ်းလုံးများ သုံး၍ သူ၏ သာလွန်သော မှော်ဓားအား အဆက်မပြတ် နှောင့်ယှက်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
လော့ချန် လက်နှစ်ဖက်ကို စုကာ အနည်းငယ် ပြုံးပြလိုက်ပြီး၊ အဆုံးအဖြတ်စင်မြင့်ပေါ်မှ လှပစွာ ဆင်းသက်လာခဲ့သည်။
သို့သော် ကျယ်လောင်သော အားပေးသံများအစား၊ သူ အစီအရင်အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ဆဲဆိုသံများစွာကို ကြားလိုက်ရသည်။
“ဒါက သောက်ကျိုးနည်း လုပ်ပွဲကြီးဟေ့....”
“အဆင့် ၇ က အဆင့် ၈ ကို ဘယ်လိုလုပ် နိုင်သွားတာလဲ ဖွီ....”
“လုပ်ပွဲ…. လုပ်ပွဲ…. အောက်တန်းစားတွေ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေး”
အချို့ပရိသတ်များမှာလည်း မအူမလည် ကြောင်တောင်တောင် ဖြစ်နေကြသည်။
“ဟာ ပြီးသွားပြီလား ငါ ဟိုဘက်က အသိနဲ့ ခဏစကားပြောနေတာ ဘာမှတောင်မကြည့်လိုက်ရဘူး….”
“သွေးတစ်စက်တောင် မထွက်ဘူးဟေ့….. ဟွမ်ပင်းက မြန်မြန်ဆန်ဆန်ကြီး အရှုံးပေးသွားတာပဲ"
“ဒီမုရုံယွမ်ဆိုတဲ့ သေနာကောင်က ဓားနန်းဆောင်က အိမ်ဖြည့် ပြိုင်ဖို့ လွှတ်လိုက်တဲ့ လူလားဟ…. ဒီလောက် လွယ်လွယ် နိုင်သွားတာကတော့ တမင်သောက်ကျင့်ယုတ်တာပဲ၊ မရှိရင် တောင်းစားကွာ လုပ်ပွဲလာမပြိုင်နဲ့….”
ထိုသို့ မကျေမနပ်သံများအကြား လော့ချန် အံကြိတ်လိုက်ပီး မျက်နှာထားကို တင်းလိုက်ကာ ဆက်လျှောက်လိုက်သည်။
မြေအောက်စင်္ကြံလမ်းသို့ ရောက်သောအခါ သူ အံကြိတ်ရင်း တိုးတိုးတိတ်တိတ် ရေရွတ်လိုက်မိသည်။
“ဒီ သောက်လောင်းကစားသမားတွေကတော့…. ငါ ဒီလောက် သေသေချာချာ အနိုင်ယူပြလိုက်တာကို ဒါမျိုး တုံ့ပြန်ကြတာလား၊ ငါ့နာမည်ကို အော်ဟစ်အားပေးသင့်တာ မဟုတ်ဘူးလား”
သူ ကွေ့ကောက်နေသော ကျောက်သားခန်းမများတစ်လျှောက် လမ်းလျှောက်လာစဉ် ဓားနန်းဆောင်မှ ကျင့်ကြံသူတစ်ဦး အနားသို့ ချဉ်းကပ်လာကာ သူ၏ ဆုကြေးကို ကမ်းပေးလိုက်သည်။
“ပါဝင်ကြေးအတွက် ဝိညာဉ်ကျောက် ၁၀ တုံး” ဟု ထိုလူက အေးစက်စွာ ပြောသည်။
“ပြီးတော့ တိုက်ပွဲမှာ အပေါင်ထားတဲ့ အဆင့်နိမ့် မှော်လက်နက် တစ်ခု”
လော့ချန် မျက်တောင်ခတ်လိုက်ပြီး “ဆေးလုံးတွေရော” ဟု မေးသည်။
ကျင့်ကြံသူက လက်ဝှေ့ယမ်းပြကာ “ဆေးလုံး ဆုကြေးတွေက လကုန်ပိုင်း အဆင့်သတ်မှတ်ချက် ထိပ်တန်းဝင်တဲ့လူတွေကိုပဲ ပေးတာပါ" ဟု ဖြေသည်။
လော့ချန်၏ ဆူပုတ်နေသော မျက်နှာထားကို မြင်သောအခါ သူ ရယ်မောလိုက်ပြီး “တစ်ခုကောင်းတာက ပြိုင်ပြီးရင်တောင် ဒီမြေအောက်ခန်းတွေမှာ မပိတ်ခင်အချိန်အထိ ဆက်ပြီး ကျင့်ကြံလို့ ရပါတယ်ဗျာ” ဟု ဆိုသည်။
ထိုအရာမှာ ထင်မှတ်မထားသော အခွင့်ထူးတစ်ခုဖြစ်ပေသည်။
လော့ချန် ပျစ်ပျစ်နှစ်နှစ် ဆဲဆိုနေကြသော လူအုပ်ကြီးအား ဂရုမစိုက်ပဲ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တွင် ကျန်းဝမ်တို့ နှစ်ဦး သူ့အား စောင့်နေကြပြီ ဖြစ်သည်။
“ထင်တဲ့အတိုင်းပဲဟေ့၊ ငါ့ညီလို့မပြောရဘူး၊ တော်တယ်ကွာ” ဟု ကျန်းဝမ် အော်ဟစ်လိုက်ပြီး လော့ချန်၏ ပုခုံးကို ပုတ်လိုက်သည်။
“ပထမဆုံးအကြိမ် တက်တိုက်တာတောင်မှ အရင်တုန်းက ငါတိုက်ခဲ့သလိုပဲ အေးဆေးလေး နိုင်သွားတာပဲ”
ဘေးမှ မိန်းကလေးက တခိခိ ရယ်မောလိုက်ပြီး သူ့ ချစ်သူအား လေးစားအထင်ကြီးနေသော အကြည့်များဖြင့် ကြည့်နေသည်။
လော့ချန်သည် ကျန်းဝမ်အား ဘေးတိုက်ကြည့်လိုက်ရင်း
‘အေးဆေး ဟုတ်လား၊ အဲ့တုန်းက စင်ထောင့်နားလေးမှာ ခင်ဗျား သေလုမျောပါး အရိုက်ခံရပြီး မူးမေ့မလို ဖြစ်ခဲ့တာ ကျွန်တော် မှတ်မိပါသေးတယ်.…’ ဟု ပြန်ပြောချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။
ကျန်းဝမ်အား သူ့ရည်းစားလေးရှေ့တွင် အရှက်မခွဲချင်သောကြောင့် လော့ချန် ပါးစပ်ပိတ်ထားလိုက်ရသည်။
ကျန်းဝမ်တစ်ယောက် သူ အနိုင်ရခဲ့သော လောင်းကြေးများအား သွားရောက်ထုတ်ယူရဦးမည် ဖြစ်သဖြင့် လော့ချန် သူတို့နှစ်ဦးအား နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။
လော့ချန် နေအိမ်သို့ ပြန်ရောက်လာသည်။
တံခါးကို ပိတ်လိုက်ရာ တိတ်ဆိတ်မှုက သူ့အား လွှမ်းခြုံသွားသည်။ သူ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး နွေဦးကျင့်စဉ်အား အသက်သွင်းကာ ချီစွမ်းအင်များကို လည်ပတ်စေလိုက်သည်။
အချိန် အနည်းငယ် ကုန်လွန်သွားပြီးနောက် သူ၏ စိတ်ထဲတွင် ထိုးထွင်းသိမြင်မှုတစ်ခု ရရှိလာခဲ့သည်။
“ငါ အရင်က ဒါကို သတိမထားမိခဲ့ဘူး” ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“တိုက်ပွဲတိုင်းက ငါ့ရဲ့ ချီစွမ်းအားကို တကယ်ပဲ သန့်စင်ပေးနေတာပဲ"
သူ ထိုအချက်ကို သိမ်မွေ့စွာ ခံစားနေရသည်။ သူ၏ ချီစွမ်းအားများ တဖြည်းဖြည်း ပြန်လည် ပြည့်တင်းလာသည်နှင့်အမျှ၊ ပိုမို စင်ကြယ်လာပြီး ပိုမို ထက်မြက်လာသကဲ့သို့ ခံစားရသည်။ ၎င်းမှာ တိုက်ပွဲ၏ စမ်းသပ်မှုအတွင်းမှ စစ်ထုတ်ပြီးသား ဖြစ်နေသကဲ့သို့ပင်။
ဤသန့်စင်မှုမှာ သူ၏ ကျင့်စဉ်ကြောင့် မဟုတ်ဘဲ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေများကြောင့် ဖြစ်ပုံရသည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးသည် အဆင့်ငယ်တစ်ခု ကျော်ဖြတ်တိုင်း၊ ဒန်တျန်သည် ပိုမို ကျယ်ပြန့်လာပြီး ချီစွမ်းအား ပိုမို သိုလှောင်နိုင်သည်။
အစောပိုင်း အဆင့်များတွင် ဤတိုးချဲ့မှုမှာ သိသာထင်ရှားသော်လည်း၊ ချီသန့်စင် နောက်ဆုံးအဆင့်များသို့ ရောက်လာသောအခါ ခန္ဓာကိုယ်၏ ကန့်သတ်ချက်များမှာ ထင်ရှားလာသည်။
ကျစ်လျစ်သွားသော ဒန်ထျန်း၏ ကန့်သတ်ချက်အောက်တွင် ဆက်လက်တိုးပွားလာသင့်သော ချီစွမ်းအင်များမှာ သွားစရာနေရာ မရှိတော့ပေ။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်သည် ချီစွမ်းအင်များကို အလိုအလျောက် ဖိသိပ်ကာ သန့်စင်လိုက်သဖြင့် ယခင်ကထက် ပိုမိုစင်ကြယ်သွားခြင်း ဖြစ်သည်။
“ဒါပေမဲ့ ဒီသန့်စင်မှု အာနိသင်က သိပ်ပြီး အားနည်းလွန်းနေသေးတယ်....” ဟု သူ မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ချီစွမ်းအင် သန့်စင်ရန်အတွက် တိုက်ပွဲများကိုသာ ဆက်လက်အားကိုးနေမည်ဆိုပါက အပြစ်အနာအဆာကင်းသော အခြေခံတည်ဆောက်ခြင်းအတွက် လိုအပ်သော အဆင့်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ချေ။
“တိုက်ခိုက်ရေးတစ်ခုတည်းအပေါ်မှာတော့ မျှော်လင့်ချက်အကုန် ပုံအောထားလို့ မရနိုင်ဘူးထင်တယ်"
သူ၏ အကြည့်များမှာ အခြေအနေပြကြေးမုံပြင် ဆီသို့ ရောက်သွားသည်။ နွေဦးကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရန် နီးကပ်နေပြီဖြစ်သဖြင့် လော့ချန် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
နွေဦးကျင့်စဉ်သာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက ၎င်းသည် သူ့အား ချီစွမ်းအားများကို အလိုအလျောက် ပြန်လည် ဖြည့်တင်းပေးမည်ဖြစ်ပြီး၊ သူ၏ ဝိညာဉ်ကြောများကိုလည်း ရှင်းလင်းပေးမည် ဖြစ်သည်။
ဤသည်မှာ ပိုမို ရှုပ်ထွေးသော ကျင့်ကြံခြင်း လုပ်ငန်းစဉ်များအတွက် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။ အမှန်စင်စစ် ချီစွမ်းအားကို ပိုမို ထိရောက်စွာ သန့်စင်ရန်အတွက် သော့ချက်လည်း ဖြစ်နိုင်သည်။
နွေဦးကျင့်စဉ်မှာ ဆေးဘုရင်ဂိုဏ်း၏ ထာဝရနုပျိုစိမ်းလန်းကျမ်းမှ ဆင်းသက်လာကြောင်း မီရှုဟွာ ပြောဖူးသည်။ ထိုရှေးဟောင်း နည်းစနစ်သည် ခန္ဓာကိုယ်၏ ချီစွမ်းအားကို သန့်စင်ပေးနိုင်ပြီး အရည်အသွေးကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းကြောင့် ကျော်ကြားသည်။
လော့ချန် မျှော်လင့်နေသည်မှာ ထိုစွမ်းဆောင်ရည်ကို အသုံးချနိုင်ရန်ပင် ဖြစ်သည်။
အကယ်၍ အထွတ်အထိပ် ကျွမ်းကျင်မှုအဆင့်ရှိ နွေဦးကျင့်စဉ်သည် ချီစွမ်းအင် သန့်စင်မှုစွမ်းရည်အား တိုက်ရိုက်မြှင့်တင်မပေးနိုင်လျှင်ပင်၊ အခြားနည်းလမ်းများဖြင့် အကျိုးရှိစေမည် ဖြစ်သည်။
လော့ချန်သည် အသက်ဝဝ ရှူလိုက်ပြီးနောက် ရှေ့ လျှောက်ကြုံလာရနိုင်သည့် စိန်ခေါ်မှုများအတွက် စိတ်ကို အဆင်သင့်ပြင်ထားလိုက်တော့သည်။
***