ချီသန့်စင် အဆင့် ၇ နောက်ပိုင်းတွင် လက်ရည်စမ်းတိုက်ပွဲများသည် ချီစွမ်းအား သန့်စင်ရာတွင် ထိရောက်မှု သိပ်မပေးနိုင်ကြောင်း လော့ချန် အတည်ပြုလိုက်သည်။ ထိုအချက်ကြောင့်ပင် သူ ယှဥ်ပြိုင်ရန် သိပ် စိတ်မဝင်စားတော့ပေ။
နောက်ပိုင်းရက်များတွင် သူသည် ဆေးဖော်ဆောင်ထဲ၌သာ တစ်ဖန် ပြန်အောင်းကာ လုပ်ငန်းတာဝန်များကို ပြန်လည် အာရုံစိုက်လာသည်။
ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ စာဖတ်ခြင်း၊ မြေအောက်လိုဏ်ဂူတူးခြင်း ဟူသော သူနှင့် အသင့်တော်ဆုံး စည်းချက်ကျလှသည့် နေ့စဥ်ဘဝ အတွင်းသို့ ပြန်ရောက်သွားပြန်သည်။
တစ်လခွဲခန့် ပင်ပင်ပန်းပန်း တူးခဲ့ပြီးနောက် လော့ချန်သည် လခြမ်းတောင်ကြားနှင့် လပြည့်ညတောင်တန်းအား ဆက်သွယ်ပေးသည့် ကျဉ်းမြောင်း၍ လျှို့ဝှက်လှသော မြေအောက်ဥမင်လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။
ဤစီမံကိန်းအတွက် သူသည် ပထမအဆင့် အဆင့်နိမ့် ပျံသန်းရေးမှော်ဓားတစ်လက်ကို အသုံးပြုခဲ့ရပြီး၊ တူးဖော်ပြီးစီးချိန်တွင် ထိုဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
သို့သော် ရရှိလာသော အကျိုးကျေးဇူးမှာ ထိုက်တန်လှသည်။ မမျှော်လင့်ဘဲ ရရှိလိုက်သော အကျိုးကျေးဇူးတစ်ခုမှာ ထိုသို့ အားစိုက်တူးဖော်မှုကြောင့် သူ၏ အရန်တိုက်ခိုက်ရေး နည်းစနစ်ဖြစ်သော တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်းမှာ ပါရမီရှင် အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ပါရမီရှင်အဆင့် ရောက်ရှိသွားသော ထိုလက်ဝါးအတတ်မှာ အမှန်တကယ်ပင် အသုံးတည့်လှကြောင်း သူ ဝန်ခံရပေမည်။
လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် ဖိသိပ်ထားသော ချီစွမ်းအင်လှိုင်းများကို ပြင်းထန်လှသော ဖျက်ဆီးအားနှင့်အတူ ထုတ်လွှတ်နိုင်စွမ်းရှိသည်။
တစ်ခုတည်းသော အားနည်းချက်တော့ ရှိသည်။ တိုက်ခိုက်နိုင်သည့် အကွာအဝေးမှာ မီတာ ၂၀ ခန့်သာရှိခြင်း ဖြစ်သည်။ အခြား ပြစ်ချက် မရှိပေ။ ၎င်း၏ ပြင်းအားမှာ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု၏ စွမ်းအားနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။
“အစ်ကိုဝမ်ရဲ့ စာအုပ်ကို ဘာလို့ ဒီလောက် ပြန်ကူးပြီး အရောင်းသွက်နေလဲ ဆိုတာ မထူးဆန်းတော့ပါဘူး"
လော့ချန် သူ၏ အင်္ကျီပေါ်မှ ကျောက်မှုန့်များကို ခါထုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါက တကယ် လေ့လာသင်ယူရကျိုးနပ်တဲ့ ကျမ်းတစ်စောင်ပဲ"
အမှန်စင်စစ် မီတာနှစ်ဆယ်ခန့် ဆိုသည်မှာ တိုက်ပွဲများတွင် များစွာ အသုံးမဝင်လှပေ။
ကျင့်ကြံသူ အများစုမှာ မီတာရာနှင့်ချီသော အကွာအဝေးမှ ဓားများ၊ မှော်စာရွက်များနှင့် မှော်အတတ်များကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လိုကြသည်။
အဆုံးအဖြတ်စင်မြင့်ကဲ့သို့ အကွာအဝေး ထိန်းချုပ်ထားနိုင်သည့် နေရာမျိုး မဟုတ်ပါက ရန်သူနှင့် အနီးကပ်တိုက်ခိုက်ရန်မှာ ခဲယဉ်းလှပေသည်။
ထို့ကြောင့် မီတာနှစ်ဆယ် အကွာအဝေးဖြင့် ရန်သူအား ထိမှန်ရန်မှာ မလွယ်ကူလှကြောင်း ထင်ရှားနေသည်။
အဆင့်မြင့်မှော်လက်နက်တိုင်းသည် မီတာရာချီ အကွာအဝေးမှနေ၍ ရန်သူအား အလွယ်တကူ သုတ်သင်နိုင်သည်။
လော့ချန်အား ပျော်ရွှင်စေသည့် အချက်မှာ ဤလက်ဝါးအတတ်ကြောင့် သူသည် အောင်မြင်မှုအမှတ် ၄ မှတ် ရရှိခဲ့ပြီး၊ အထွတ်အထိပ်အဆင့်သို့ ရောက်ပါက နောက်ထပ် တစ်မှတ် ထပ်ရဦးမည် ဖြစ်သည်။
သူ ခပ်ပြုံးပြုံးဖြင့် ချီစွမ်းအားကို စုစည်းကာ သူ့ရှေ့မှ နောက်ဆုံး ကျန်ရှိနေသော ကျောက်တံတိုင်းပါးပါးလေးကို ရိုက်ခွဲလိုက်သည်။
ဂျောင်း.…
နှင်းပွင့်များနှင့် ထင်းရှူးနံ့များ ရောယှက်နေသော တောင်ပေါ်လေအေးလေးမှာ လိုဏ်ဂူအတွင်းသို့ တိုးဝင်လာခဲ့သည်။
လော့ချန်သည် လိုဏ်ဂူအဆုံးရှိ ကျောက်ဆောင်စွန်းပေါ်သို့ လှမ်းတက်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ညကောင်းကင်ယံမှ လရောင်သည် ဖြာကျနေပြီး၊ ငွေရောင်လွှမ်းနေသော နှင်းဖုံးတောအုပ်အား နေ့ခင်းဘက်ကဲ့သို့ မှိန်ဖျဖျ အလင်းပေးလျက် ရှိသည်။
သူသည် တောင်၏ အလယ်ပိုင်းလောက်တွင် ရောက်ရှိနေခြင်းဖြစ်သည်။ ထင်မှတ်မထားဘဲ လခြမ်းတောင်ကြား၏ ငွေကြယ် သတ္တုတွင်းသည် လပြည့်ညတောင်တန်း အတွင်းပိုင်းအထိ ရှည်လျားစွာ တည်ရှိနေပုံရသည်။
ဤနေရာသည် ဗဟိုချက်နှင့် ဝေးကွာနေသေးသော်လည်း ကျင့်ကြံသူများ ခြေချလေ့မရှိသော နယ်မြေဖြစ်နေပြီ ဖြစ်သည်။
ရုတ်တရက် လော့ချန် ဂူအတွင်းသို့ ပြန်ဆုတ်လိုက်သည်။ ချီဖုံးကွယ်မှော်အတတ်ကိုလည်း အစွမ်းကုန် အသက်သွင်းလိုက်သည်။
ဝူး….
ဝံပုလွေတစ်ကောင်၏ အူသံမှာ တိတ်ဆိတ်လှသော ညဉ့်နက်သန်းခေါင်တွင် သူ၏ ရိုးတွင်းခြင်ဆီအထိ ချမ်းစိမ့်သွားစေသည်။
“ဒုတိယအဆင့် ဝိညာဉ်ဝံပုလွေတွေပဲ”
လော့ချန်သည် သစ်ပင်တစ်ပင်ကဲ့သို့ ငြိမ်သက်သွားကာ သူ၏ သွေးချီလှုပ်ရှားမှုနှင့် ချီစွမ်းအင်များကို အတတ်နိုင်ဆုံး မှော်အတတ်နှင့် ဖုံးကွယ်ထားလိုက်သည်။
ဤသည်မှာ သူ လပေါင်းများစွာ လေ့ကျင့်ထားသော ပါရမီရှင်အဆင့် ချီဖုံးကွယ်မှော်အတတ် ဖြစ်သည်။
ချီသန့်စင် အဆင့် ၉ ရှိသော ကူချိုင်ယီပင် မရိပ်မိအောင် ဖုံးကွယ်နိုင်သော်လည်း ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ကိုမူ လှည့်စားနိုင်မနိုင် သူ မသေချာပေ။
‘ငါ ခက်ခက်ခဲခဲ တူးထားရတဲ့ ထွက်ပေါက်လေးက သေတွင်း ဖြစ်သွားတော့မှာလား’ ဟု တွေးကာ လော့ချန် စိတ်လေးနေပြီး အပြင်ဘက်မှ အသံများကို အာရုံစိုက်နေမိသည်။
ဝံပုလွေတစ်ကောင်၏ အူသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ၊ ပတ်ဝန်းကျင်ရှိ တောင်တန်းများမှလည်း ဝံပုလွေအုပ်ကြီး၏ အူသံများ ဆက်တိုက် တုံ့ပြန်ထွက်ပေါ်လာသည်။ အကောင်ရေ သောင်းနှင့်ချီ ရှိနေသကဲ့သို့ပင်။
ဝမ်တောင်တန်းကြီးမှာ အဆုံးမဲ့ ကျယ်ပြောလှသော်လည်း ကျင့်ကြံသူ အများစုမှာ အရှေ့ပိုင်းလွင်ပြင်သို့သာ သွားလေ့ရှိကြသည်။ လပြည့်ညတောင်တန်းကိုမူ ဝေးဝေးမှ ရှောင်ကြဉ်ကြသည်။
အခြားတောင်တန်းများတွင် မိစ္ဆာသားရဲ အမျိုးမျိုး ရှိသော်လည်း၊ ဤနေရာတွင်မူ ဝိညာဉ်ဝံပုလွေများသာ ကြီးစိုးသည်။
လော့ချန် တိတ်တိတ်လေး ဝပ်နေသည်။
မကြာမီမှာပင် ဒုတိယအဆင့် သားရဲတစ်ကောင်၏ အရှိန်အဝါ ပါဝင်နေသော ပြင်းထန်လှသည့် အူသံ ဆယ်ကြိမ်မက ကြားလိုက်ရသည်။ အနီးနားရှိ တောင်တန်းများတွင်ပင် ဒုတိယအဆင့် ဝိညာဉ်ဝံပုလွေ ဆယ်ကောင်ကျော် ရှိနေခြင်း ဖြစ်သည်။
လပြည့်ညတောင်တန်း တစ်ခုလုံးသာ ဆိုလျှင် ဒုတိယအဆင့် ဝံပုလွေ အရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။
ခဏအကြာတွင် ဝံပုလွေအူသံများမှာ ရပ်တန့်မသွားဘဲ ပို၍ပင် ပြင်းထန်လာသည်။ ရုတ်တရက် သွေးညှီနံ့တစ်ခုကို လော့ချန် ရလိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ”
လော့ချန်၏ မျက်နှာထား ပြောင်းလဲသွားပြီး လိုဏ်ဂူထဲမှ အသာအယာ ပြန်ထွက်ကြည့်လိုက်သည်။
သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
သတိမထားမိဘဲ သူ၏ အမြင်အာရုံထဲရှိ နတ်မျက်စိမှာ အလိုအလျောက် အသက်ဝင်လာပြီး၊ သူ၏ မျက်တောင်များအောက်တွင် မှိန်ပျပျ အလင်းတန်းလေး ပေါ်လာသည်။
ထို့ကြောင့် ချီစွမ်းအား အသုံးပြုမှုမှာ ချီဖုံးကွယ်မှော်အတတ်အား အနှောင့်အယှက် မဖြစ်စေဘဲ သူ၏ အမြင်အာရုံသည် နှင်းဖုံးတောအုပ်ကို ဖြတ်ကျော်ကာ မီတာ တစ်ထောင်ခန့် အကွာရှိ မြင်ကွင်းတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုမြင်ကွင်းကြောင့် သူ၏ အသက်ရှုသံများပင် ခဏမျှ ရပ်တန့်သွားရသည်။
“အဲဒါ... တိုက်ပွဲလား" ဟု လော့ချန် မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မီးခိုးသစ်ရွက်ဝံပုလွေ တစ်ကောင်သည် နှင်းခဲဝံပုလွေ တစ်ကောင်နှင့် သည်းသည်းမည်းမည်း တိုက်ခိုက်နေသည်။
နှစ်ကောင်စလုံးမှာ ပထမအဆင့် မိစ္ဆာသားရဲများ ဖြစ်သော်လည်း သူတို့၏ တိုက်ပွဲမှာ သာမန် မဟုတ်ပေ။ လှုပ်ရှားမှုတိုင်းမှာ အရိုင်းဆန်ပြီး ရက်စက်လှကာ၊ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများ၏ ပြင်းထန်မှု၊ ဟောက်သံများ၊ သွေးစွန်းမှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများမှာ လော့ချန် အဆုံးအဖြတ်စင်မြင့်ထက်တွင် မြင်တွေ့ခဲ့ရသည်ထက် များစွာ ပိုမို ကြောက်စရာ ကောင်းလှသည်။
နောက်ဆုံးတွင် မီးခိုးသစ်ရွက်ဝံပုလွေမှာ လဲကျသွားသည်။
ဆောင်းတွင်း ဖြစ်သဖြင့် နှင်းခဲဝံပုလွေများမှာ အချိန်နှင့် မြေပြင်အနေအထားအရ အသာစီး ရနေခြင်း ဖြစ်သည်။ မီးခိုးသစ်ရွက်ဝံပုလွေမှာ အစွမ်းထက်သော ပထမအဆင့် သားရဲ ဖြစ်လင့်ကစား၊ တူညီသော အဆင့်ရှိသည့် ပြိုင်ဘက်အား မနိုင်နိုင်ခဲ့ပေ။
လော့ချန် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဤတောင်တစ်လုံးတည်းမှာပင် အနည်းဆုံး တိုက်ပွဲငယ်ပေါင်း ရာနှင့်ချီ ဖြစ်ပွားနေသည်။ အချို့မှာ သူ ယခုလေးတင် မြင်ခဲ့သကဲ့သို့ ဝံပုလွေ တစ်ကောင် နှစ်ကောင်ချင်း အသက်လု တိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် အချို့မှာမူ တိုက်ပွဲကြီးများဖြစ်သည်။
ဝံပုလွေ ရာနှင့်ချီ၍ အုပ်စုလိုက် တိုက်ခိုက်နေကြသည့် ဝရုန်းသုန်းကား မြင်ကွင်းများကို လော့ချန် မှိန်ပျပျ မြင်နေရသည်။
နှင်းပြင်ပေါ်တွင် သွေးများ စွန်းထင်နေသည်။ ဝံပုလွေအူသံများမှာ စစ်ဗုံတီးသံများကဲ့သို့ ပဲ့တင်ထပ်နေပြီး တောင်ကြီးကိုပင် တုန်ခါစေသည်။
အဝေးတစ်နေရာတွင် ဒုတိယအဆင့် ဝိညာဉ်ဝံပုလွေများ၏ ချီစွမ်းအား လှိုင်းနှုန်းများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ထွက်ပေါ်နေသည်။ မြေပြင်ပေါ်ရှိ သေဆုံးနေသော ဝံပုလွေအလောင်းများကို မြင်သော် လော့ချန် ပစ္စည်းသွားကောက်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ရသည်။
သူ ကျောက်တုံးကြီးတစ်တုံးကို တိတ်တိတ်လေး ဆွဲယူကာ ဥမင်ပေါက်ကို ပိတ်လိုက်သည်။ ထို့နောက် ချက်ချင်း ပြန်ဆုတ်လာခဲ့သည်။
‘ဒီနေရာမှာ ဆက်နေဖို့ မသင့်တော့ဘူး၊’ ဟု လော့ချန် တွေးလိုက်မိသည်။
သူသည် လမ်းတစ်လျှောက်တွင်လည်း ကျောက်တုံးများဖြင့် ဥမင်လမ်းကို ပိတ်ခဲ့သည်။ လခြမ်းတောင်ကြား၏ အောက်ဘက်ပိုင်းသို့ ရောက်မှသာ သက်ပြင်းချနိုင်တော့သည်။
ချီဖုံးကွယ်မှော်အတတ်အား ရုပ်သိမ်းလိုက်ပြီးနောက်၊ လော့ချန်သည် သူမြင်ခဲ့ရသော ထူးဆန်းသည့် မြင်ကွင်းကို ပြန်လည် စဉ်းစားနေမိသည်။
ဘာလို့ မျိုးစိတ်တူ ဝိညာဉ်ဝံပုလွေတွေဟာ တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်နေကြတာလဲ၊ ဒါက သူတို့ မျိုးနွယ်စုတွေ မတူလို့လား၊ မီးခိုးသစ်ရွက်ဝံပုလွေနဲ့ နှင်းခဲဝံပုလွေတွေကြားမှာ ဒီလောက်ကြီးမားတဲ့ ရန်ငြိုးတွေ ရှိနေလို့လား….။
မဟုတ်ဘူး... အဲဒီလောက် မရိုးရှင်းနိုင်ဘူး၊ လပြည့်ညတောင်တန်းမှာ ဝံပုလွေ မျိုးနွယ်စု ဆယ်ခုကျော် ရှိတယ်၊ တကယ်လို့ သူတို့တွေက နေ့တိုင်း ဒီလို တိုက်ခိုက်နေကြမယ်ဆိုရင်၊ သူတို့ရဲ့ အင်အားတွေ ကုန်ဆုံးသွားတာ ကြာလှပြီ၊ ဒီနေရာဟာလည်း လူသားကျင့်ကြံသူတွေ မလာရဲတဲ့ နေရာတစ်ခု ဖြစ်နေမှာ မဟုတ်ဘူး….။
တစ်ခုခုကြောင့် လော့ချန်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
သူ မြို့ပြင်ရှိ အိမ်လေးတွင် နေစဉ်က လပြည့်ညတောင်တန်းမှ ထွက်ပြေးလာသည့် ကျင့်ကြံသူ အနည်းငယ်နှင့် တွေ့ခဲ့ဖူးသည်။
သူတို့ထဲမှ ဟွေနန်းဆိုသည့် အမျိုးသမီးက လပြည့်ညတောင်တန်း အနီးတွင် မလုံခြုံကြောင်းနှင့် စောစော ပြောင်းရွှေ့ရန် လော့ချန်အား စေတနာနှင့် သတိပေးခဲ့ဖူးသည်။
“လပြည့်ညတောင်တန်းရဲ့ ဒီထူးခြားမှုတွေဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စတင်နေခဲ့တာ ဖြစ်ရမယ်….”
“ထားလိုက်ပါတော့…. ဒီကိစ္စ ငါနဲ့ မဆိုင်ပါဘူး၊ တကယ်လို့ မိစ္ဆာသားရဲတွေက မြို့ထဲအထိ လာတိုက်ရင်တောင် လူကြီးတွေ ကိုင်တွယ်လိမ့်မယ်၊ ငါကတော့ တခြားသူတွေထက် ပိုမြန်မြန် ပြေးနိုင်ဖို့ပဲ လိုတယ်”
ထွက်ပြေးသည့် အပိုင်းတွင်မူ လော့ချန် ယုံကြည်ချက် အပြည့်ရှိသည်။
ထိုသို့တွေးရင်း သူ ခပ်ပြုံးပြုံးဖြင့် ဥမင်တူးရာမှ ပါလာသော ဖုန်မှုန့်များအား ဖယ်ရှားရန်အတွက် သန့်စင်ခြင်းမှော်အတတ်သုံးရန် လက် မြှောက်လိုက်သည်။
သို့သော် သူ အမြဲ သုံးနေကျ လက်ဟန်မှာ ထူးဆန်းစွာဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှ ဖြစ်သွားသည်။ ထိုလက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ဖုန်မှုန့်များ အားလုံး ပျောက်ကွယ်သွားရုံသာမက၊ ထူးဆန်းသော အနံ့တစ်ခုပါ ပျံ့လွင့်သွားခဲ့သည်။
ထိုအနံ့ကို ရလိုက်သောအခါ လော့ချန် အံ့အားသင့်စွာဖြင့် အေးခဲသွားသည်။
“မိစ္ဆာအရှိန်အဝါ"
ဝိညာဉ်ဝံပုလွေများ၏ ရက်စက်သော တိုက်ပွဲအား သတိရသွားသည်။
သူ မသိလိုက်ဘဲ မိစ္ဆာအရှိန်အဝါ အနည်းငယ် စွန်းထင်လာခဲ့ခြင်းဖြစ်ကြောင်း လော့ချန် သဘောပေါက်လိုက်သည်။
“သန့်စင်ခြင်းမှော်အတတ်က ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကိုပဲ ဖယ်ပေးတာ မဟုတ်ဘူးလား"
လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို အမြန် ကြည့်လိုက်ရာ သန့်စင်ခြင်းမှော်အတတ် နေရာတွင် မှိန်ပျပျ အလင်းတိုင်လေး တစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကျွမ်းကျင်မှုအဆင့် တစ်ခု ကျော်ဖြတ်ပြီးမှသာ ပေါ်လာတတ်သည့် အထူးပြကွက် ဖြစ်သည်။
“သန့်စင်ခြင်းမှော်အတတ်က ပါရမီရှင် အဆင့်ကို ရောက်သွားပြီ”
လော့ချန် သူ၏ အခြေခံအကျဆုံးဖြစ်သော သန့်စင်ခြင်းမှော်အတတ်မှာ ပါရမီရှင်အဆင့်သို့ ရောက်သွားပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
သူ ယခုလေးတင် စမ်းသပ်လိုက်သည်မှာ ပါရမီရှင်အဆင့်ရှိ သန့်စင်ခြင်းမှော်အတတ်၏ ထူးခြားသော အာနိသင်ပင် ဖြစ်သည်။ ၎င်းမှာ အညစ်အကြေးများကို အလွယ်တကူ သန့်စင်ပေးနိုင်ရုံသာမက၊ ယခုအခါ ခန္ဓာကိုယ်အတွင်းရှိ ပြင်ပမှ စွမ်းအားများကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။ သူနှင့် မသက်ဆိုင်သော မည်သည့် စွမ်းအားလှိုင်းကိုမဆို သန့်စင်ပေးနိုင်သည်။
‘မိစ္ဆာအရှိန်အဝါကိုတောင် သန့်စင်ပေးနိုင်ရင်... သွေးချီ ၊ မိစ္ဆာဓာတ်၊ ယင်အရှိန်အဝါ ဒါမှမဟုတ် ငါ နှစ်ပေါင်းများစွာ ဆေးဖော်စပ်ရင်း စုမိနေတဲ့ ဆေးနံ့တွေနဲ့ ဆေးအရှိန်အဝါတွေကိုရော ဖယ်ရှားပေးနိုင်မလား'
‘ပြီးတော့ တခြားလူတွေရဲ့ ချီစွမ်းအားကိုရော'
ခဏအတွင်းမှာပင် လော့ချန်သည် ပါရမီရှင်အဆင့်ရှိ သန့်စင်ခြင်းမှော်အတတ်ကို အသုံးချနိုင်မည့် အခြေအနေများကို စဉ်းစားမိသွားသည်။
အကယ်၍ အခြားကျင့်ကြံသူများ ထည့်ထားသည့် ချီစွမ်းအားများကိုပါ သန့်စင်ပေးနိုင်မည် ဆိုပါက သူသည် ရန်သူ၏ ချီစွမ်းအား အမှတ်အသားများကို ကြုံတွေ့ရသည့်အခါ အကောင်းဆုံး တုံ့ပြန်မှုတစ်ခု ရှိလာမည် ဖြစ်သည်။
စမ်းသပ်မည့်သူ မရှိသဖြင့်၊ လော့ချန်သည် သူ နှစ်ပေါင်းများစွာ ဆေးဖော်စပ်ရင်း စုမိနေသော ရှုပ်ထွေးလှသည့် ဆေးအရှိန်အဝါများကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူများသည် အခြေခံအားဖြင့် လူသား သာ ဖြစ်နေသေးပြီး၊ အခြေခံတည်ဆောက်ခြင်း အဆင့်မှ ရရှိလာမည့် ဘဝအသွင်ကူးပြောင်းမှုမျိုး မရှိသေးပေ။ ရလဒ်အနေဖြင့် တစ်ခုခုနှင့် အမြဲ ထိတွေ့နေပါက ထိုအနံ့များမှာ စွဲကျန်နေတတ်သည်။
လော့ချန်၏ ဆေးနံ့များနှင့် ဆေးလုံးအရှိန်အဝါများသည် ဦးလေးချန်၏ ကိုယ်ပေါ်မှ သားရေနံ့ကဲ့သို့ပင် ပုံမှန် သန့်စင်နေသည့်တိုင် စွဲကျန်နေတတ်သည်။
သူ လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။
ရှူး...
“တကယ်ပဲ အလုပ်ဖြစ်တယ်….”
ထူးဆန်းသော ဓာတ်ငွေ့တိမ်တိုက်တစ်ခုမှာ လော့ချန်၏ ခန္ဓာကိုယ်မှ ခွာထွက်သွားသည်။ ၎င်းမှာ အသားခြောက် ခွာလိုက်ရသကဲ့သို့ပင်။
သေချာ ကြည့်လိုက်သောအခါ ထိုဓာတ်ငွေ့ထဲတွင် ခါးသက်သောအနံ့၊ ချိုမြိန်သောအနံ့၊ စူးရှသောအနံ့နှင့် ထူးဆန်းသော မွှေးရနံ့များ ရောယှက်နေသည်။
အားလုံး ပေါင်းလိုက်သောအခါ စိတ်အနှောင့်အယှက်ဖြစ်စရာ အနံ့တစ်ခု ဖြစ်နေသည်။
လော့ချန် အံ့အားသင့်သွားသည်။
‘ငါ့ခန္ဓာကိုယ်မှာ ဘယ်တုန်းက ဒီလိုအနံ့တွေ စုနေတာလဲ၊ ငါကိုယ်တိုင်တောင် မသိဘဲ တစ်စုံတစ်ယောက်က ငါ့ကို အနံ့တွေနဲ့ နှပ်ထားတာလား'
‘ငါ့အနားမှာ ရှိနေခဲ့တဲ့ တခြားလူတွေရော ဒီထူးဆန်းတဲ့ အနံ့ကို သတိထားမိခဲ့လား မသိဘူး’ ဟု သူ စဉ်းစားမိသွားသည်။
လော့ချန်ကိုယ်တိုင်ပင် ထိုကဲ့သို့ ရှုပ်ထွေးသော ဆေးနံ့များ သူ့ကိုယ်ပေါ်တွင် ကပ်ညှိနေမှန်း သတိမထားမိခဲ့ပေ။
“ဆေးဖော်စပ်ရင်းနဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီးကို ကိုင်တွယ်ခဲ့လို့ မသိမသာ စုမိသွားတာ ဖြစ်ရမယ်” ဟု သူ တွေးလိုက်သည်။
လော့ချန်သည် သူ ယခု သိရှိနေရသော မှိန်ပျပျ ဆေးလုံးအရှိန်အဝါများအား ဖယ်ရှားရန် သန့်စင်ခြင်းမှော်အတတ်အား ထပ်သုံးသင့် မသုံးသင့် တွန့်ဆုတ်နေမိသည်။
သူ ခပ်ဖွဖွ နမ်းကြည့်လိုက်ရာ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် စွဲကျန်နေသော အနံ့အား ခံစားလိုက်ရသည်။ ၎င်းမှာ ကျောက်စိမ်းနှင့် မီးလျှံတို့ ရောယှက်နေသည့် ထူးဆန်းသော အနံ့တစ်ခု ဖြစ်သည်။ ထိုဆန့်ကျင်ဘက် အနံ့နှစ်ခုမှာ တစ်ခုနှင့်တစ်ခု မလိုက်ဖက်သယောင် ရှိသော်လည်း စိတ်အနှောင့်အယှက်တော့ မဖြစ်စေပေ။
၎င်းမှာ အရည်အသွေးမြင့်မားသော ဆေးလုံးများ၊ အထူးသဖြင့် အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ကျောက်စိမ်းအမြုတေဆေးလုံးများအား ကိုင်တွယ်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ဆေးအရှိန်အဝါများမှာ အချိန်ကြာလာသည်နှင့်အမျှ စုမိနေခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် လော့ချန်သည် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ လက်မှာ ပုခုံးပေါ်သို့ အလိုအလျောက် ရောက်သွားသည်။
ထိုနေရာတွင် သူနှင့် မသက်ဆိုင်သော ချီစွမ်းအား အကြွင်းအကျန် အနည်းငယ်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အလွန် သိမ်မွေ့လှသဖြင့် နှစ်ပေါင်းများစွာ ကျင့်သားရနေပါက သတိထားမိရန် ခဲယဉ်းလှသည်။
အလွန် သိမ်မွေ့ပြီး ကောင်းစွာ ဖုံးကွယ်ထားသဖြင့်၊ သာမန် အခြေအနေမျိုးတွင် လုံးဝ သတိထားမိမည် မဟုတ်ပေ။ နှစ်ရှည်လများ ကျင့်ကြံလာခြင်းကြောင့် အဝတ်ဟောင်းပေါ်မှ ဖုန်မှုန့်များကဲ့သို့ သဘာဝအတိုင်း ရောယှက်နေခဲ့သည်။
ယခုအခါတွင်မူ သူ၏ အာရုံစူးစိုက်မှု မြင့်မားနေခြင်း၊ နတ်မျက်စိမှော်အတတ် အသက်သွင်းထားခြင်းနှင့် စိတ် တည်ငြိမ်အောင် ထားခြင်းတို့ကြောင့် ထိုစွမ်းအား၏ မြစ်ဖျားခံရာကို သူ ရှာတွေ့လိုက်သည်။
၎င်းမှာ အလွန် စင်ကြယ်လှသော ချီစွမ်းအား အမျှင်တန်းလေး တစ်ခု ဖြစ်သည်။
“ဒီချီစွမ်းအားက တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ….”
“မီရှုဟွာ”
***