"ဒီဟေးဟွမ်တောင်က မဆိုးပါဘူး၊ ရှုခင်းကလည်း တော်တော်လေး သာယာလှပတယ်၊ ဝိညာဉ်ကြောတွေ၊ ဝိညာဉ်စမ်းချောင်းတွေနဲ့ ဝိညာဉ်စိုက်ခင်းတွေကလည်း ရေတွက်လို့တောင် မကုန်နိုင်ဘူးပဲ"
ဖန့်ချန်က ခပ်ပါးပါးပြုံးရင်း ခေါင်းညိတ်လိုက်သည်
"ဒီနေရာကိုပဲ ကျုပ် စောင့်ကြပ်ပါ့မယ်"
"အကောင်းဆုံးပေါ့"
ဝါယန်ဖုန်းက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် အားလုံးကို တစ်ချက်ကြည့်လိုက်သည်
"တောင်လုပွဲက အောင်မြင်သွားပြီဆိုတော့ ငါတို့ ဂိုဏ်းကိုပြန်ပြီး သတင်းပို့လို့ရပြီ။ လမ်းကြုံ ဘိုးဘေးကိုလည်း တစ်ခါတည်း အသိပေးလိုက်မယ်၊ ပြီးရင်တော့ ဖန့်မိတ်ဆွေအတွက် အကြီးအကဲ တံဆိပ်ကို ပို့ပေးလိုက်ရုံပဲ"
အားလုံးကလည်း တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
"ဖန့်မိတ်ဆွေက အခုမှ အသစ်ရောက်လာတာဆိုတော့ လက်အောက်မှာ လူယုံမရှိသေးဘူး။ ဒီနေရာကို ရှင်းလင်းရေးလုပ်ဖို့နဲ့ စုစည်းဖို့ လူအချို့ ချန်ထားပေးခဲ့ရမလား တောင်ခါးပန်းနဲ့ တောင်ခြေက ကောင်တွေကိုလည်း တစ်ယောက်ယောက်က စုပြီး တွေ့ဆုံပေးရမယ်၊ ပြီးတော့ စည်းကမ်းတွေ သတ်မှတ်ပေးရမယ်လေ"
ဟု ကျန်းအကြီးအကဲက အလွတ်သဘော ပြောလိုက်သည်။
"ငါတို့ ပြန်ရောက်ရင် လူတစ်သိုက်ကို ရွေးပြီး ပို့ပေးလိုက်မယ်။ ပုံမှန်သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းပဲပေါ့။ တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ယောက်၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် နှစ်ယောက်၊ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် လေးယောက်နဲ့ အောက်ဆင့်ကျင့်ကြံသူ ငါးရာ"
ဟု ဝါယန်ဖုန်းက ဆိုသည်။
"လူရွေးတဲ့အပိုင်းမှာ ဖန့်မိတ်ဆွေ ကိုယ်တိုင် ကြည့်ချင်သေးလား "
ကျန်းအကြီးအကဲက ဖန့်ချန်ကို လှည့်မေးသည်။
ဝါယန်ဖုန်းက ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်
"ဘာကြည့်နေမှာလဲ ဖန့်မိတ်ဆွေက အခုမှ ရောက်ခါစဆိုတော့ ငါတို့ ချင်းယွီနတ်ဘုရားဂိုဏ်းအကြောင်း ဘယ်လောက် သိမှာမို့လို့လဲ ငါတို့ပဲ သေချာရွေးပြီး ပို့ပေးလိုက်ရင် ဖန့်မိတ်ဆွေအတွက်လည်း အလုပ်ရှုပ်သက်သာတာပေါ့"
"ဝါမိတ်ဆွေ ပြောတာ မှန်ပါတယ်။ လူရွေးတဲ့ကိစ္စကိုတော့ မိတ်ဆွေတို့ပဲ စိတ်ကြိုက် စီစဉ်ပေးကြပါ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဖန့်ချန်က ဤမျှ စကားပြောရလွယ်ကူသည်ကို မြင်သောအခါ လူတိုင်း၏ စိတ်ထဲတွင် ကိုယ်စီတွက်ကိန်းများ ပေါ်လာကြသည်။
ဤနေရာသည် နှစ်စဉ်ဝင်ငွေ အလွန်ကောင်းသော နေရာဖြစ်သည်။
ငါးနှစ်သာ နေရမည်ဆိုသော်လည်း သူတို့၏ လူယုံများကို ထည့်သွင်းကာ အကျိုးအမြတ်အချို့ ခွဲဝေယူရန် မျှော်လင့်နေကြသည်။
ခန့်မှန်းခြေ ဆယ်ငါးရက်ခန့်အကြာတွင် ရွေးချယ်ခံထားရသော ချင်းယွီနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူတစ်သိုက်ကို ကျန်းအကြီးအကဲက လိုက်ပါပို့ဆောင်ပေးခဲ့သည်။
"ဖန့်အကြီးအကဲကို ဂါရဝပြုပါတယ်"
ကျင့်ကြံသူ ငါးရာကျော်တို့က ပြိုင်တူ လက်အုပ်ချီ နှုတ်ဆက်ကြသည်။
သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
ချင်းယွီနတ်ဘုရားဂိုဏ်းထဲတွင် ဟေးဟွမ်တောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြားကတည်းက သူတို့ အံ့ဩခဲ့ကြရသည်။
ထိုသို့ လုပ်ဆောင်နိုင်သူမှာ အောက်ခြေနယ်မြေခြောက်ခုမှ ဖြစ်ကြောင်း သိရသောအခါ စူးစမ်းလိုစိတ်မှာ ပို၍ပင် ကြီးထွားလာခဲ့သည်။
ဝါယန်ဖုန်း ပြောခဲ့သည့်အတိုင်းပင် ချင်းယွီနတ်ဘုရားဂိုဏ်းသည် တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ဦး၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် နှစ်ဦးနှင့် စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် လေးဦးတို့ကို စေလွှတ်ခဲ့သည်။
ဖန့်ချန်က ခေါင်းညိတ်ပြကာ သူတို့နှင့် လူချင်းမိတ်ဆက်ပြီးနောက် တောင်ထိပ်ပေါ်တွင် ဂူဗိမာန်များကို စိတ်ကြိုက်ရွေးချယ်ရန် ခွင့်ပြုလိုက်သည်။
နောက်ဆက်တွဲ စီမံခန့်ခွဲမှုအားလုံးကိုလည်း ထိုတာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူအား လွှဲအပ်လိုက်ပြီး တောင်ခါးပန်းနှင့် တောင်ခြေရှိ အင်အားစုအသီးသီးနှင့် ဆက်ဆံရေး ထူထောင်ရန် ပါ တာဝန်ပေးလိုက်သည်။
ထိုကျင့်ကြံသူများ လူစုခွဲသွားပြီးနောက် ကျန်းအကြီးအကဲသည် ထိုနေရာ၏ ရှုခင်းကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်
"ဒီဟေးဟွမ်တောင်ကို ပြန်ရဖို့ အနည်းဆုံး နှစ်တစ်ရာ၊ နှစ်ရာလောက် ကြာမယ် ထင်ထားတာ။ ဒီလောက် မြန်မြန် ချင်းယွီနတ်ဘုရားဂိုဏ်း လက်အောက်ကို ပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ခဏမျှ တိတ်သွားပြီးနောက် သူက ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်
"ဖန့်မိတ်ဆွေ... မင်း တကယ်ပဲ ဟေးဟွမ်တောင်ရဲ့ စီမံခန့်ခွဲမှုမှာ မပါဝင်ချင်ဘူးလား ဒီလို ဝိညာဉ်တောင် တစ်လုံးဟာ မျက်မြင်တွေ့နေရတဲ့ အကျိုးအမြတ်တွေတင်မကဘဲ မမြင်နိုင်တဲ့ အကျိုးစီးပွားတွေ အများကြီး ရှိသေးတယ်ဆိုတာ သိထားသင့်တယ်"
"ကျုပ်တို့လို တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ ရောက်လာပြီဆိုရင် ဒီလို အကျိုးအမြတ်အသေးအဖွဲလေးတွေအတွက် အလုအယက် လုပ်မနေသင့်တော့ပါဘူး။ ဒီလို စိတ်ပူနေမယ့်အစား တာအိုတရားတွေကို ပိုပြီး ဆင်ခြင်သုံးသပ်နေတာကမှ ပိုကောင်းဦးမယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ကျန်းအကြီးအကဲမှာ ဆွံ့အသွားပြီးနောက် နှာခေါင်းကို ပွတ်လိုက်မိသည်။
ပြောရသည်မှာ လွယ်ကူလှသည်။
သို့သော် ဤကဲ့သို့သော အရင်းအမြစ်များ မရှိပါက သူတို့သည် ထိုအဆင့်သို့ပင် ရောက်လာလိမ့်မည် မဟုတ်ချေ၊ ရှေ့ဆက်ရမည့်လမ်းကို မည်သို့ ဆွေးနွေးနိုင်ပါမည်နည်း။
သို့သော်လည်း တစ်ဖက်လူသည် အထက်သုံးနယ်မြေသို့ လာနိုင်သူဖြစ်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များဘက်တွင် လိုလေသေးရှိမည် မဟုတ်ကြောင်း သူ သိထားသည်။
ဝါယန်ဖုန်းတို့က သူ့ကို တောသားဟု သတ်မှတ်နေကြသော်လည်း၊ ထိုသူများ၏ စိတ်ထဲတွင် ဤ တောသား ၏ ကြွယ်ဝမှုမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေမည်ကို သိရှိနေကြသဖြင့် မနာလိုဖြစ်နေကြခြင်းသာ ဖြစ်သည်။
"ရောက်လာတဲ့ လူတွေကတော့ နည်းနည်း ရှုပ်ထွေးတယ်။ ဖန့်မိတ်ဆွေမှာ စိတ်ရှိရင်တော့ သူတို့ကို မျက်စိဒေါက်ထောက် ကြည့်ထားသင့်တယ်။ တကယ်လို့ စီမံခန့်ခွဲမှုမှာ မပါချင်ဘူးဆိုရင်လည်း သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၅ တုံး လစာကတော့ မင်းအတွက် မပြတ်စေရပါဘူး"
ကျန်းအကြီးအကဲက ပြောရင်းနှင့် ဖန့်ချန်ကို စိမ်းပြားတစ်ခု ပေးလိုက်သည်။
"ဒါက ငါတို့ ချင်းယွီနတ်ဘုရားဂိုဏ်းရဲ့ တံဆိပ် ပဲ။ ဒါဟာ မင်းရဲ့ အဆင့်အတန်းကို သက်သေပြရုံတင်မကဘူး၊ အန္တရာယ်ကြုံတဲ့အခါ အဲဒါကို ခွဲလိုက်ရင် ချင်းယွီနတ်ဘုရားဂိုဏ်းက လုပ်ဖော်ကိုင်ဖက်တွေ သိနိုင်လိမ့်မယ်။ အကွာအဝေး သိပ်မဝေးဘူးဆိုရင် မင်းရဲ့အသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ကျန်းမိတ်ဆွေ"
ဖန့်ချန်က တံဆိပ်ပြားကို လက်ခံလိုက်ပြီး ပိဖူးသဲထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
ကျန်းအကြီးအကဲ ထွက်ခွာသွားပြီးနောက် ဖန့်ချန်က အေးဆေးစွာ ရေရွတ်လိုက်သည်
"ဟို ကြာနီနတ်မိမယ်ငယ်က ဝိညာဉ်သုတ်သင်ခြင်းဌာန က ကျင့်ကြံသူ ဖြစ်နိုင်တယ်"
သူ၏ နောက်ကျောဘက်တွင် ဟွမ်ဝူကျိ မှာ အသံမထွက်ဘဲ မတ်တပ်ရပ်နေသည်။
ကျန်းအကြီးအကဲ မထွက်ခွာမီကတည်းက သူ ဤနေရာတွင် ရှိနေခြင်းဖြစ်သော်လည်း သူ၏ အဆင့် (၄) လွတ်လပ်သောမသေမျိုး ကျင့်ကြံခြင်းအဆင့်ကြောင့် ကျန်းအကြီးအကဲမှာ သူ ရှိနေမှန်းကိုပင် မသိလိုက်ချေ။
"စောစောက ထွက်သွားတဲ့ အဆင့် (၁) လွတ်လပ်သောမသေမျိုးက တည်နေရာကူးပြောင်းခြင်း အစီရင် ထဲ ဝင်သွားလို့ ကျွန်တော် ဆက်မလိုက်တော့တာ"
ဟွမ်ဝူကျိက ဆိုသည်
"သခင်လေးရဲ့ ဘေးကင်းရေးက အရေးကြီးဆုံးမို့လို့ ကျုပ် အဝေးကြီးကို မသွားနိုင်ဘူး"
ဟွမ်ဝူကျိအတွက်မူ သူ၏ အခြားအဆင့်အတန်းတစ်ခုဖြစ်သော ယင်လောက၏ နတ်ဘုရားဖြစ်မှုထက်ပင်၊ ဓားမသေမျိုး ဟူသော အဆင့်အတန်းအရ ဖန့်ချန်၏ တည်ရှိမှုမှာ သူ၏ ကိုယ်ပိုင်အသက်ထက်ပင် ပို၍ အရေးကြီးနေသည်။
ကျယ်ပြောလှသော လူ့လောက ကိုးနယ်မြေထဲတွင် ထိုလူတစ်ယောက်တည်းသာ ဓားမသေမျိုး လမ်းစဉ်ကို ဆုပ်ကိုင်ထားနိုင်သည် မဟုတ်ပါလား။
သူ ရှိနေသရွေ့ ဓားကျင့်ကြံသူများ၏ မျိုးဆက်မှာ သန်စွမ်းစွာ ရှင်သန်နိုင်မည်ဖြစ်သည်။
"ကိစ္စမရှိပါဘူး။ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာန...ငါ အထက်သုံးနယ်မြေကို လာတာက သူတို့ထက် ပိုအရေးကြီးတဲ့ ကိစ္စရှိတယ်။ အဲဒီကိစ္စကိုပဲ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်။ ဘယ်အရာကမှ အဲဒါကို မယှဉ်နိုင်ဘူး"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ဒီနှစ်ဖွဲ့ရဲ့ သတင်းကို တကူးတက လိုက်စုနေစရာ မလိုပါဘူး။ သူတို့က နှစ်ပေါင်းများစွာ တည်ရှိလာပြီး အချင်းချင်း တိုက်ခိုက်လာတာဆိုတော့ ခဏတဖြုတ်အတွင်းမှာတော့ အကြီးအကျယ် ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ဟွမ်ဝူကျိက ခေါင်းညိတ်ပြသည်
"ဒါဆိုရင် ကျွန်တော် တောင်အောက်က ဈေးတန်းမှာ သွားနေလိုက်မယ်"
"မင်းရဲ့ အထောက်အထားကို မပေါ်စေနဲ့ဦး"
"စိတ်ချပါ၊ ဒါက ကျွန်တော် အကျွမ်းကျင်ဆုံး အလုပ်တွေထဲက တစ်ခုပဲ"
ဟွမ်ဝူကျိသည် ပြန်လှည့်မကြည့်ဘဲ တောင်အောက်သို့ ခပ်အေးအေး လမ်းလျှောက်ဆင်းသွားရင်း လက်ယမ်းပြလိုက်သည်။
လမ်းလျှောက်နေရင်းနှင့်ပင် သူ၏ ရုပ်သွင်မှာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ အရှိန်အဝါများမှာလည်း သိသိသာသာ ကျဆင်းသွားကာ မကြာမီမှာပင် အောက်ဆင့်ကျင့်ကြံသူအဆင့်သို့ ရောက်ရှိသွားတော့သည်။
နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။
ထိုကာလအတွင်း ဖန့်ချန်သည် မိုးကြိုးဘေးဒုက္ခ နှစ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း ဝမ်ချွမ်းမြစ်ကြောင့် သဲလွန်စပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
မိုးကြိုးများမှာ ဆင်းသက်ခွင့်ပင် မရလိုက်ချေ။
ထိုခြောက်လအတွင်း ဝါယန်ဖုန်း စေလွှတ်လိုက်သော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ လင်ချုံးယွင် သည် ဟေးဟွမ်တောင်ကို အစအဆုံး စနစ်တကျ စီမံခန့်ခွဲခဲ့သည်။
စာရင်းဇယားများတွင် ပြဿနာအချို့ ရှိနိုင်သော်လည်း အပေါ်ယံတွင်မူ အပြစ်ပြောစရာ မရှိအောင် လုပ်ဆောင်ထားသည်။
တစ်ဖက်လူသည် စာရင်းဇယားများကို ဖန့်ချန်ထံ လာရောက်ပြသလေ့ရှိသော်လည်း ဖန့်ချန်က တစ်ခါမျှ မကြည့်ခဲ့ပေ။
ဤသို့သော သဘောထားကြောင့် လင်ချုံးယွင်သည် ဖန့်ချန်၏ရှေ့တွင် ပို၍ပင် ရိုသေကိုင်းညွတ်လာခဲ့သည်။
အကျိုးအမြတ်ကို မမက်မောသော လူတစ်ယောက်အတွက် ရိုသေမှုအချို့ ပေးလိုက်ခြင်းမှာ အလွန်ပင် တွက်ခြေကိုက်သော ရင်းနှီးမြှုပ်နှံမှု မဟုတ်ပါလား။
ဤနှစ်ဝက်အတွင်း ဖန့်ထျန်းဇွန် တို့ သုံးယောက်၏ ကျင့်ကြံမှုမှာ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။
လွတ်လပ်သောမသေမျိုးများအတွက် ဤမျှတိုတောင်းသော အချိန်ကာလမှာ ထူးခြားသည့် ရတနာများကို အသုံးမပြုပါက ကျင့်ကြံမှု အတက်အကျမှာ အလွန်ပင် နည်းပါးလှသည်။
နေ့ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ဟွန်ဝူကျိသည် လင်းကွေ့ကြယ်တာရာနယ်မြေ နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရံဖန်ရံခါ ပို့ပေးခဲ့သည်။
ကျွယ်မင်နတ်ဘုရားနန်းတော်နှင့် ပတ်သက်သော သတင်းအချို့လည်း ပါဝင်သည်။
မသိမသာနှင့်ပင် ကြာနီနတ်မိမယ်ငယ် ဟေးဟွမ်တောင်ကို ဖယ်ပေးသွားခဲ့သည်မှာ ငါးနှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။
သူမ ထွက်သွားစဉ်က ငါးနှစ်အကြာတွင် တောင်ကို ပြန်လုမည်ဟု ပြောခဲ့သည်မှာ အလကား ခြိမ်းခြောက်ခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။
ဝါယန်ဖုန်းသည် ဟေးဟွမ်တောင်ထိပ်သို့ ရောက်လာပြီး ဝါးအိမ်ထဲတွင် ထိုင်ကာ လင်ချုံးယွင် ခပ်ပေးသော ဝိညာဉ်လက်ဖက်ရည်ကို သောက်နေသည်။
"ဖန့်အကြီးအကဲက ဒီနှစ်တွေအတွင်း တကယ်ပဲ ဟေးဟွမ်တောင်ရဲ့ ကိစ္စမှန်သမျှကို တစ်ခုမှ မဝင်စွက်ဖက်ဘူးလား "
ဝါယန်ဖုန်းက ခပ်အေးအေး မေးလိုက်သည်။
လင်ချုံးယွင်၏ အတည်ပြုချက်ကို ကြားသောအခါ ဝါယန်ဖုန်းက မထီမဲ့မြင် ပြုလိုက်မိသည်
"တကယ့်ကို အလုပ်မလုပ်တဲ့ သူဌေးကြီးပဲ။ အောက်ခြေနယ်မြေခြောက်ခုကနေ ဝိညာဉ်ကျောက်တုံးတွေ အများကြီး သယ်လာပုံရတယ်"
လင်ချုံးယွင်မှာ ခေါင်းငုံ့ထားပြီး တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူအချင်းချင်း ပြောသော စကားကို ဝင်မပြောဘဲ ငြိမ်နေလိုက်သည်။
"ငါ သတင်းရထားတာတော့ နောက်နှစ်လလောက်ဆိုရင် ကြာနီနတ်မိမယ်ငယ် ရောက်လာတော့မယ်။ မင်းရဲ့ လှုပ်ရှားမှုတွေကို ပိုတိုးမြှင့်ရမယ်"
လင်ချုံးယွင်က ခဏစဉ်းစားပြီးနောက် လေသံတိုးတိုးဖြင့်
"ဒီနှစ်ပိုင်းအတွင်းမှာ သူတို့တွေ တော်တော်လေး မကျေမနပ် ဖြစ်နေကြပြီ။ အခုထက် ပိုတိုးမြှင့်လိုက်ရင် ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်"
"ဘာကြောက်နေတာလဲ"
ဝါယန်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်
"သူတို့တွေ ဒီနေရာမှာ ဆက်နေချင်သေးသရွေ့တော့ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"
စကားပင် မဆုံးသေးမီ ဝါယန်ဖုန်း၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝါယန်ဖုန်းသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဝါးအိမ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်
"ကြည့်ရတာ အချိန်မမီတော့ဘူးပဲ။ ကြာနီနတ်မိမယ်ငယ်... ရောက်လာပြီ ထင်တယ်"
***