ခံစစ်ကြောင်း တည်ငြိမ်သွားသည်နှင့်အမျှ အရာအားလုံးမှာ ပုံမှန်အတိုင်း လည်ပတ်လာတော့သည်။
ပထမတပ်မတွင် လူအင်အား တောင့်တင်းလှသဖြင့် ခံစစ်စနစ်၏ အရေးပါသော နေရာတိုင်း၌ အနည်းဆုံး လူ ၁၀ ဦးပါ အဖွဲ့ငယ်တစ်ဖွဲ့၊ စက်ရုပ်စစ်သည် အနည်းငယ်နှင့် တိုက်ခိုက်ရေးဒရုန်း ၁၀ စင်းကျော်စီ ရှိနေကြသည်။
ဤကဲ့သို့သော အင်အားမှာ အလွန်ပင် ခမ်းနားလှသည်။ ထိုကြေးစားများသည် အခြားကိစ္စများတွင် မကျွမ်းကျင်သော်လည်း ဇွန်ဘီများကို ရင်ဆိုင်ရာတွင်မူ ၎င်းတို့၏ ကျွမ်းကျင်မှုမှာ စစ်သည်များထက်ပင် မနိမ့်ပါးချေ။ မမျှော်လင့်ထားသော အခြေအနေမျိုး မပေါ်ပေါက်သရွေ့ မည်သည့်ပြဿနာမျှ ရှိလာလိမ့်မည် မဟုတ်ပေ။
ရန်ကျန့်ရှန်းသည်လည်း လင်းရှင်းဟိုင် ထုတ်ပေးလိုက်သော လူအင်အားကို စနစ်တကျ ခွဲဝေလိုက်ရာ ယခုအခါ စစ်သည်တစ်ဦးလျှင် ကြေးစား ၁၀ ဦးခန့်က ဝိုင်းဝန်းကူညီပေးနေသဖြင့် ခံစစ်စနစ် တည်ဆောက်ရေးမှာ အလွန်ပင် လျင်မြန်နေတော့သည်။
ရန်ကျန့်ရှန်း တွက်ချက်ကြည့်ရသလောက်ဆိုလျှင် ၁၀ မိနစ်ပင် မပြည့်ခင် ခံစစ်စနစ်ကို အကြမ်းဖျင်း တည်ဆောက်နိုင်မည် ဖြစ်ပြီး လူအင်အား ပြည့်စုံသဖြင့် ကင်းစခန်း၏ ကျန်ရှိသော အစိတ်အပိုင်းများကိုပါ တည်ဆောက်မည်ဆိုလျှင် မိနစ် ၃၀ ထက် ပိုကြာမည် မဟုတ်ပေ။ ဤသည်မှာ ဇွန်ဘီလှိုင်း၏ တိုက်ခိုက်မှုကို ခံနေရသည့် အခြေအနေမျိုးတွင် ဖြစ်ပြီး ပုံမှန်ဆိုလျှင် ဤထက်ပင် ပိုမိုမြန်ဆန်ဦးမည် ဖြစ်သည်။
လျိုမြောင်မြောင်ဘက်တွင်မူ ဒဏ်ရာပြင်းထန်သူ ၁၃ ဦးကို အရေးပေါ်ကုသပြီးနောက် စစ်တပ်မှ ဆေးတပ်ဖွဲ့နှင့် ပူးပေါင်းကာ အရေးပေါ် ကယ်ဆယ်ရေးစင်တာတစ်ခုကို တည်ထောင်လိုက်သည်။ ဤကယ်ဆယ်ရေးစင်တာတွင် လျိုမြောင်မြောင် ကိုယ်တိုင် ရှိနေသဖြင့် နေရာတင် သေဆုံးသွားခြင်းမျိုး မဟုတ်ပါက အသက်ရှင်ရန် အခွင့်အလမ်း အပြည့်အဝ ရှိနေတော့သည်။
ဤကဲ့သို့သော ဆေးကုသရေးစနစ် ရှိလာခြင်းကြောင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသော ကြေးစားများမှာလည်း နောက်ဆံမအေးတော့ဘဲ ဇွန်ဘီများကို အားတက်သရော ရင်ဆိုင်နိုင်ကြတော့သည်။
သို့သော် အချို့သော ကိစ္စများကိုမူ သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သေးသည်။
“ရဲဘော် လင်းရှင်းဟိုင်... ဒုတိယလှိုင်းအဖြစ် သွေးပိုးကောင် တွေနဲ့ ရူးသွပ်နေတဲ့ အဆင့်မြင့်ဇွန်ဘီ တွေက အရှေ့ဘက်ကနေ မကြာခင် တိုက်ခိုက်လာတော့မှာပါ” ဟု သတင်းပို့စစ်သည်တစ်ဦးက လင်းရှင်းဟိုင်ထံ လာရောက် အစီရင်ခံသည်။
ဤသည်မှာ ရန်ကျန့်ရှန်းက တမင်စီစဉ်ထားခြင်း ဖြစ်သည်။ တစ်ဖက်တွင် လင်းရှင်းဟိုင်ကို အခြေအနေများ အချိန်မီ သိရှိစေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သတိပေးခြင်းလည်း ဖြစ်သည်။
ကင်းစခန်းတစ်ခုလုံး၏ ဘေးကင်းရေးကို လင်းရှင်းဟိုင်လက်ထဲ အပ်နှံထားရသဖြင့် သူ အနည်းငယ်မျှ စိုးရိမ်မိသည်မှာ အမှန်ပင်။ ကြေးစားအဖွဲ့များမှာ ခံစစ်စနစ် တည်ဆောက်ရေးပိုင်းတွင် နားမလည်ကြသဖြင့် သူ၏ စစ်သည်များကိုသာ ခိုင်းစေရပြီး လင်းရှင်းဟိုင်၏ ကျော်ကြားမှုကြောင့်သာ ဤကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရန်ကျန့်ရှန်းသည် အသင့်အနေအထားဖြင့် ပြင်ဆင်ထားပြီး အကယ်၍ လင်းရှင်းဟိုင်ဘက်မှ တစ်ခုခု မှားယွင်းသွားပါက သူ၏ စစ်သည်များမှာ စက္ကန့် ၂၀ အတွင်း သွားရောက် ကူညီနိုင်မည် ဖြစ်သည်။
သတင်းပို့စစ်သည်၏ စကားကို ကြားပြီးနောက် လင်းရှင်းဟိုင်က အေးဆေးစွာ ခေါင်းညိတ်လိုက်ပြီး “သိပြီ... ခဏနေရင် ပြေလည်သွားမှာပါ” ဟု ဆိုသည်။
လင်းရှင်းဟိုင်၏ ဂရုမစိုက်သလို ပုံစံကို မြင်သောအခါ စစ်သည်က မနေနိုင်ဘဲ သတိပေးလိုက်မိသည်။ “ရူးသွပ်နေတဲ့ အဆင့်မြင့်ဇွန်ဘီတွေက တော်တော်လေး သန်မာပါတယ်.. လက်အမြောက် တွေရဲ့ တုန်ခါမှုကိုတောင် အာခံပြီး ရှေ့တိုးလာနိုင်တာပါ”
“အင်း” ဟု လင်းရှင်းဟိုင်က ပြန်ဖြေသည်။
သတင်းပို့စစ်သည်မှာ စိတ်ပျက်သွားရသည်။ သူ ရှင်းပြတာ မရှင်းလင်း၍လား သို့မဟုတ် တစ်ဖက်လူက တကယ်ပဲ ရူးသွပ်နေသော ဇွန်ဘီများကို မကြောက်ဘဲ ယုံကြည်ချက် အပြည့်ရှိနေ၍လား မဝေခွဲနိုင်တော့ချေ။ ၎င်းတို့သည် ထိုဇွန်ဘီများကို ခုခံရန်အတွက် ငရဲဗုံး များစွာကိုပင် ထုတ်သုံးခဲ့ရသည် မဟုတ်ပါလော။
သူသည် စကားထပ်ပြောရန် ပြင်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ အလေးပြုကာ ထွက်ခွာသွားတော့သည်။ ရန်ကျန့်ရှန်းသည် သတင်းကို ရရှိသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ “သိပြီ.. အမြောက်တပ်ဖွဲ့ကို ပြန်ခေါ်ထားလိုက်၊ ပြီးတော့ ငရဲဗုံး နှစ်လုံးကို အဆင်သင့်ပြင်ထား.. အရေးပေါ် အခြေအနေမျိုးအတွက်ပဲ”
သတင်းပို့စစ်သည်က အနည်းငယ် တွန့်ဆုတ်စွာဖြင့် “ဒါက ဖြုန်းတီးရာ မရောက်ဘူးလားခင်ဗျာ.. အကယ်၍ ကြေးစားအဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းပြီး လက်ပစ်ဗုံးတွေနဲ့သာ ပူးပေါင်းတိုက်ခိုက်ရင် တောင့်ခံနိုင်မှာပါ” ဟု ဆိုသည်။
“ငါက အဆင်သင့်ပြင်ထားဖို့ပဲ ပြောတာ.. သုံးမယ်လို့ မပြောသေးဘူး။ ပြီးတော့ သူ့ရဲ့ ဂုဏ်ထူးဆောင်တံဆိပ်က ဘယ်လိုရလာလဲဆိုတာ မမေ့နဲ့.. သူ ဒီလိုပြောတယ်ဆိုကတည်းက တစ်ခုခုတော့ ရှိမှာပဲ၊ သူ့ကို ယုံကြည်မှု ပေးရမယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုတော့ ရှိရမှာပေါ့” ဟု ရန်ကျန့်ရှန်းက ရှင်းပြလိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းရှင်းဟိုင်သည်လည်း အမိန့်များ ထုတ်ပြန်နေသည်။ ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့ဝင်များကို သူ၏ အနားသို့ လျင်မြန်စွာ စုဝေးစေလိုက်သည်။
ကြေးစားအဖွဲ့များကို တိုက်ပွဲဝင်ရန် စီစဉ်ပေးစဉ်က သူသည် ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့ဝင်များကို အသုံးမပြုခဲ့ဘဲ အခြားနေရာများသို့ ပို့ထားသော အဖွဲ့ဝင်များကိုပါ ပြန်လည် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ အစွမ်းထက်သော လက်နက်ကို အရေးကြီးဆုံးနေရာ၌သာ သုံးရမည်ဖြစ်ရာ ထိုရူးသွပ်နေသော ဇွန်ဘီများကို ရင်ဆိုင်ရန် ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့ဝင်များသာလျှင် အရည်အချင်း ပြည့်မီကြသည်။
အဖွဲ့ဝင်များ စုဝေးပြီးနောက် လင်းရှင်းဟိုင်သည် ၎င်းတို့ကို ဦးဆောင်ကာ ကင်းစခန်း၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာသည်။ ထိုဘက်ခြမ်းရှိ ခံစစ်ကြောင်းမှာ အခြားနေရာများထက် တိုက်ခိုက်မှု ပိုမိုပြင်းထန်နေသည်။
ထိုနေရာရှိ ကြေးစားများမှာလည်း အနည်းငယ် စိုးရိမ်နေကြသည်။ အကြောင်းမှာ အဝေးမှ ဇွန်ဘီလှိုင်းအတွင်း၌ တစ်ကိုယ်လုံး နီရဲနေသော ဇွန်ဘီများကို မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ ထိုဇွန်ဘီများသည် ရူးသွပ်နေသောအခြေအနေ၌ ရှိနေကြပြီး အလွန်ပင် ထင်ရှားသလို ထူးဆန်းလှသည်။
၎င်းတို့မှာ သိသာထင်ရှားလှသော်လည်း ထိခိုက်အောင် လုပ်ရန်မူ အလွန်ခက်ခဲလှသည်။ အကြောင်းမှာ ၎င်းတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် သေနတ်ဖြင့် ပစ်မှတ်ထားရန်ပင် မလွယ်ကူသောကြောင့် ဖြစ်သည်။
“ခင်ဗျားတို့က ရှေ့တိုးလာတဲ့ သာမန်ဇွန်ဘီတွေကိုပဲ ဂရုစိုက်ပါ.. ဒီရူးသွပ်နေတဲ့ ဇွန်ဘီတွေကိုတော့ ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့ကပဲ ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်” ဟု လင်းရှင်းဟိုင်၏ အသံမှာ စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ထိုအခါမှ ကြေးစားများမှာ စိတ်သက်သာရာ ရသွားကြတော့သည်။ ခံစစ်တည်ဆောက်နေသော စစ်သည်များမှာလည်း လင်းရှင်းဟိုင် မည်သို့ ကိုင်တွယ်မည်ကို သိချင်စိတ်ဖြင့် ခဏခဏ လှမ်းကြည့်နေကြသည်။ ထိုရူးသွပ်နေသော ဇွန်ဘီများကြောင့် ၎င်းတို့ ယခင်က အတော်ပင် ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလော။
လင်းရှင်းဟိုင်၏ ဖြေရှင်းပုံမှာ အလွန်ပင် ရိုးရှင်းလှသည်။ သူသည် အမိန့်တစ်ခုသာ ပေးလိုက်သည် - “အဖွဲ့ဝင်အားလုံး... သံချပ်ဖောက်ကျည် တွေကို ပြောင်းသုံးပြီး စိတ်ကြိုက် ပစ်ခတ်ကြစမ်း။”
ကြေးစားများမှာ ထိုအမိန့်ကို သာမန်ဟု ထင်မြင်ကြသော်လည်း ဘေးမှ စစ်သည်များမှာမူ မှင်တက်သွားကြသည်။ သံချပ်ဖောက်ကျည်ဖြင့် စိတ်ကြိုက်ပစ်ခတ်မည်ဟု ဆိုခြင်းမှာ ဘာကို ဆိုလိုခြင်းနည်း။ ထိုရူးသွပ်နေသော ဇွန်ဘီများမှာ ဤမျှလွယ်လွယ်ကူကူ ရင်ဆိုင်၍ရပါက ၎င်းတို့အနေဖြင့် ‘ငရဲဗုံး’ ကဲ့သို့သော လက်နက်များကို အသုံးချနေမည် မဟုတ်ပေ။
မနီးမဝေးတွင်ရှိသော ရန်ကျန့်ရှန်းမှာလည်း ဤအခြေအနေကို စောင့်ကြည့်နေရာမှ မှင်တက်သွားရသည်။ လင်းရှင်းဟိုင်တွင် တစ်ခုခု ထူးခြားသော နည်းလမ်းရှိမည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုကဲ့သို့ ရိုးရှင်းလွန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏ ခန့်မှန်းချက်အရဆိုလျှင် တစ်တပ်လုံးကို လက်အမြောက် များဖြင့် ပစ်ခတ်ခိုင်းကာ ထိုဇွန်ဘီများ၏ အရှိန်ကို ဟန့်တားပြီးမှ စက်ရုပ်စစ်သည် အစင်း ၂၀ ခန့်ဖြင့် ထွက်တိုက်လျှင် အောင်မြင်နိုင်ခြေ ရှိသည်။ သို့သော် ယခုမူ သံချပ်ဖောက်ကျည် ပြောင်းသုံးခိုင်းရုံမျှဖြင့် မည်သို့ ဖြစ်နိုင်မည်နည်း။
ရန်ကျန့်ရှန်းမှာ မနေနိုင်တော့ဘဲ သူ၏ လက်ထောက်ကို ကွပ်ကဲမှု လွှဲပြောင်းပေးကာ ဤနေရာသို့ အပြေးအလွှား လာခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် အမြောက်တပ်ဖွဲ့ကို ငရဲဗုံး များဖြင့် ပစ်မှတ်ထားကာ တိုက်ခိုက်ရန် အသင့်ပြင်ထားဖို့ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် အမိန့်ပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤတိုက်ခိုက်မှုလှိုင်းကိုတော့ တောင့်ခံနိုင်ရန် သူ ကြိုးစားရပေလိမ့်မည်။
***