လင်းရှင်းဟိုင် အမိန့်ပေးပြီးနောက် ၁၅ စက္ကန့်ပင် မပြည့်မီမှာပင် စက်ရုပ်စစ်သည် ငါးစင်းမှာ သူ့ရှေ့သို့ ရောက်ရှိလာကြသည်။
ဖန်ထျန်းဟယ်နှင့် ရှန်ဟန်တို့အပြင် သွေးလင်းယုန် ကြေးစားအဖွဲ့၏ ခေါင်းဆောင် ချန်ထျန်းလိုင်ကိုလည်း ဤရုတ်တရက်တိုက်ခိုက်ရေးအဖွဲ့အတွင်းသို့ ထည့်သွင်းထားသည်။
အကြောင်းမှာ အချက်အလက်များအရ ချန်ထျန်းလိုင်၏ မျိုးဗီဇတိုးမြှင့်မှုမှာ ၉၇ ရာခိုင်နှုန်းအထိ ရှိနေသောကြောင့် ဖြစ်သည်။ သူသည်လည်း မကြာမီကာလအတွင်း သွေးစွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်မည့် အစွမ်းထက်သူတစ်ဦးပင်။
ကျန်ရှိသော နှစ်ဦးမှာမူ လန်ရွှေ ကြေးစားအဖွဲ့နှင့် မန်ဟောင်ကြေးစားအဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြပြီး ၎င်းတို့၏ မျိုးဗီဇတိုးမြှင့်မှုမှာ ၉၂ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းစီသာ ရှိသဖြင့် မမြင့်မားလှသော်လည်း အနည်းဆုံးတော့ စက်ရုပ်စစ်သည်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိကြသည်။
"အာရှင်း... ငါတို့ လုပ်ဆောင်ရမယ့် တာဝန်ရှိလို့လား" ဖန်ထျန်းဟယ်က စက်ရုပ်စစ်သည်ပေါ်မှ ခုန်ဆင်းကာ မေးမြန်းလိုက်သည်။
"အင်း" လင်းရှင်းဟိုင်က ခေါင်းညိတ်ရင်း တိုက်ရိုက်ပင် ဆိုလိုက်သည်။ "ဒီဇွန်ဘီလှိုင်းရဲ့ အကြီးမားဆုံး ပြဿနာက ဟိုဗီဇပြောင်းဇွန်ဘီ လေးကောင်ပဲ။ အခု ခင်ဗျားတို့ကို ခေါ်လိုက်တာက အဲဒီအကောင်တွေကို သတ်ဖို့အတွက် ကျွန်တော့်ကို ကူညီပေးဖို့ပဲ။"
လင်းရှင်းဟိုင်၏ စကားကြောင့် ရှန်ဟန်နှင့် ဖန်ထျန်းဟယ်တို့မှာ အေးဆေးနေသော်လည်း ကျန်ရှိသော သုံးဦးမှာမူ မျက်နှာပျက်သွားကြတော့သည်။
"ခေါင်းဆောင် လင်း... ဒါ နောက်နေတာလား အဲဒီ ဗီဇပြောင်းဇွန်ဘီ လေးကောင်ကို သွားသတ်မယ် ဟုတ်လား အနိုင်တိုက်နိုင်ပါ့မလားဆိုတာ ထားလိုက်ဦး.. ဇွန်ဘီလှိုင်းထဲမှာ စက်ရုပ်စစ်သည်တွေနဲ့ လှုပ်ရှားရတာက အလွန်ခက်ခဲတယ်ဗျ။ အဲဒီအချိန်ကျရင် ထွက်ပြေးဖို့တောင် လွယ်မှာမဟုတ်ဘူး" ချန်ထျန်းလိုင်က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌လည်း - 'လာပြီပဲ.. တကယ်ကို စိတ်ရင်းမကောင်းဘူး' ဟု တွေးနေမိသည်။
၎င်းတို့၏ သွေးလင်းယုန် အဖွဲ့မှာ တစ်ခုတည်းသော အဆင့် (၂) ကြေးစားအဖွဲ့ဖြစ်ရာ လင်းရှင်းဟိုင်အနေဖြင့် ၎င်းတို့ကို ပညာပေးလိမ့်မည်ဟု သူ အမြဲတမ်း သတိထားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခင်က လင်းရှင်းဟိုင်၏ အမိန့်များမှာ စနစ်တကျရှိလှပြီး အန္တရာယ်မှာလည်း ရှန်းဟိုင်ကြေးစားအဖွဲ့လောက်ပင် မရှိသဖြင့် ဤမျှ ကောင်းမွန်သော အဖွဲ့ခေါင်းဆောင် ရှိပါ့မလားဟု သူ သံသယဝင်ခဲ့မိသည်။ ယခုမူ ဤတာဝန်ကို ကြားလိုက်ရချိန်တွင် အရာအားလုံးကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ချန်ထျန်းလိုင်သာမက ကျန်ရှိသော အဖွဲ့ခေါင်းဆောင် နှစ်ဦးမှာလည်း မျက်နှာမကောင်းလှပေ။ ဤတာဝန်မှာ သေတွင်းသို့ သွားခိုင်းခြင်းဖြစ်သည်ဟု ၎င်းတို့ ယူဆထားကြသည်။
လင်းရှင်းဟိုင်သည် ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲကို တစ်ချက်ကြည့်လိုက်ရုံဖြင့် စိတ်ထဲရှိသည်ကို သိရှိလိုက်သည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်ဖြစ်ဟန်ဖြင့် ဆိုလိုက်သည် - "ခင်ဗျားတို့ကို နောက်နေဖို့ အချိန်မရှိဘူး၊ ဒါက အမိန့်ပဲ။ အကယ်၍ မလုပ်ချင်ဘူးဆိုရင်လည်း အတင်းအကျပ် မခိုင်းဘူး၊ ကျွန်တော့်ရဲ့ တပ်မထဲကနေ အခုပဲ ထွက်သွားလို့ရတယ်။"
"ဒါ့အပြင် တခြားကင်းစခန်းနှစ်ခုက စစ်ကူအဖွဲ့တွေလည်း ခင်ဗျားတို့နဲ့အတူ ပူးပေါင်းလှုပ်ရှားလိမ့်မယ်။ ဒါကြောင့် ခင်ဗျားတို့က ကူညီပေးရုံပဲ လိုတယ်။"
လင်းရှင်းဟိုင်၏ သဘောထားမှာ တင်းမာလှသော်လည်း ၎င်းတို့၏ နားထဲတွင်မူ စိတ်သက်သာရာရသွားစေသည်။ အကယ်၍ ၎င်းတို့ ငါးဦးတည်းသာ သွားရမည်ဆိုပါက သေတွင်းသို့ သွားခြင်းဖြစ်သော်လည်း စစ်တပ်ကို ကူညီရမည်ဆိုပါက သဘောသဘာဝမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
"ငါတို့က ကူညီပေးရုံပဲ တကယ်လိုအပ်တာလား" ချန်ထျန်းလိုင်က အတည်ပြုသည့်အနေဖြင့် မေးလိုက်သည်။
"ဘာလဲ... ကျွန်တော်က နောက်နေတယ်လို့ ထင်နေတာလား" လင်းရှင်းဟိုင်၏ အကြည့်များ အေးစက်သွားသည်။
"အဲ... မဟုတ်ပါဘူး။ ဒါဆို... ငါတို့ အတိအကျ ဘာလုပ်ရမလဲ" ချန်ထျန်းလိုင်က နဖူးမှ ချွေးစေးများကို သုတ်ရင်း စိတ်အခြေအနေကို အမြန်ပြင်ကာ မေးမြန်းလိုက်သည်။
"ရိုးရှင်းပါတယ်.. ဗီဇပြောင်းဇွန်ဘီတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ အာရုံကို ဆွဲယူထားရုံပါပဲ" ဟု လင်းရှင်းဟိုင်က ဆိုသည်။
"တိုက်ခိုက်တဲ့ နည်းလမ်းအပေါ်မှာကော ကန့်သတ်ချက် ရှိလား"
"မရှိဘူး"
"ဒါဆိုရင် အဝေးကနေ တိုက်ခိုက်ပြီး အဲဒီ ဗီဇပြောင်းဇွန်ဘီတွေရဲ့ အာရုံကို ဆွဲရင်ကော ရမလား"
"ရတယ်"
၎င်းတို့နှစ်ဦး၏ အမေးအဖြေမှာ အလွန်ပင် မြန်ဆန်လှသည်။ ကျန်ရှိသော သူများမှာလည်း ဤစကားကို ကြားသောအခါ မျက်လုံးများ တောက်ပလာပြီး အဆင့် (၁) ကြေးစားအဖွဲ့ခေါင်းဆောင် နှစ်ဦး၏ မျက်နှာပေါ်မှ မကျေနပ်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
လင်းရှင်းဟိုင် ပေးအပ်သော တာဝန်မှာ ရှင်းလင်းလှသည်။ ၎င်းတို့သည် ရန်သူ၏ အာရုံကိုသာ ဆွဲယူရန် လိုအပ်ပြီး ဗီဇပြောင်းဇွန်ဘီများနှင့် အနီးကပ် တိုက်ခိုက်ရန် မလိုအပ်ဘဲ အဝေးမှ နှောင့်ယှက်ရုံမျှသာ ဖြစ်သည်။ လှုပ်ရှားမှုသာ ကြီးမားပါက တစ်ဖက်လူ၏ အာရုံမှာ အလိုအလျောက် ရောက်ရှိလာပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ လူတိုင်း၏ စိုးရိမ်မှုမှာ ထက်ဝက်ခန့် လျော့ကျသွားတော့သည်။
လင်းရှင်းဟိုင်က လူတိုင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ကာ ပြုံးလိုက်ပြီး နောက်ဆုံးအနေဖြင့် ဖြည့်စွက်ပြောကြားလိုက်သည် - "ဒါ့အပြင် ဒီတာဝန်ကို စစ်တပ်ဘက်က ထုတ်ပြန်ထားတာဖြစ်လို့ အပိုဆောင်း ဂုဏ်ထူးဆောင်အမှတ် တွေလည်း ရဦးမှာပါ။"
ဂုဏ်ထူးဆောင်အမှတ်များ ရမည်ဟု ကြားလိုက်ရသောအခါ ချန်ထျန်းလိုင်တို့မှာ မည်သည့် ငြင်းဆန်လိုစိတ်မျှ မရှိတော့ချေ။ ထိုအမှတ်များမှာ စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ဝယ်ယူနိုင်သဖြင့် သာမန်ရမှတ်များထက် များစွာ တန်ဖိုးရှိလှသည်။
"တာဝန်အသေးစိတ်ကို ခင်ဗျားတို့ရဲ့ စက်ရုပ်စစ်သည် ကွန်ပျူတာတွေထဲ ပို့ထားပြီးပြီ။ အချိန်မရှိဘူး.. ချက်ချင်း ထွက်ခွာကြတော့။"
လင်းရှင်းဟိုင်၏ စကားအဆုံးတွင် စက်ရုပ်စစ်သည် ငါးစင်းမှာ ချက်ချင်းပင် လှုပ်ရှားလာကြသည်။ ဖန်ထျန်းဟယ်က ဦးဆောင်ကာ တိုက်ခိုက်ရေးပုံစံဖြင့် မြောက်ဘက် ခံစစ်ကြောင်းမှ ခုန်ထွက်ကာ အဆုံးမဲ့လှသော ဇွန်ဘီလှိုင်းကြီးအတွင်းသို့ တိုးဝင်သွားတော့သည်။
ဤသည်မှာ ပင်လယ်ပြင်အတွင်းသို့ ကျောက်တုံးကြီးများ ပစ်ချလိုက်သကဲ့သို့ပင် လှိုင်းတံပိုးများ ထက်ဆင့်လာစေသည်။ သိပ်သည်းလှသော ဇွန်ဘီများမှာ စက်ရုပ်စစ်သည် ငါးစင်းဆီသို့ တိုးဝင်လာကြသော်လည်း ရှေ့ဆုံးမှ ဦးဆောင်လာသော ကောင်းကင်ဖြိုခွင်းခြင်း စက်ရုပ်စစ်သည်မှာ အလွိုင်းဓားကြီးကို ဝှေ့ယမ်းကာ ဇွန်ဘီများကို အစုလိုက်အပြုံလိုက် ရှင်းလင်းပစ်လိုက်သည်။
စက်ရုပ်စစ်သည်များ၏ သတ်ဖြတ်မှုအောက်တွင် သာမန်ဇွန်ဘီများနှင့် အလယ်အလတ်အဆင့် ဇွန်ဘီများမှာ မည်သည့် ခုခံမှုမျှ မပြုနိုင်ကြဘဲ အဆင့်မြင့်ဇွန်ဘီများသာ အနည်းငယ် ခုခံနိုင်စွမ်း ရှိကြသည်။
သို့သော် ထိုသို့ဆိုခြင်းမှာ သာမန်လူများ မောင်းနှင်သော စက်ရုပ်စစ်သည်များကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ဖန်ထျန်းဟယ်ကဲ့သို့ အလွန်အစွမ်းထက်သူများမှာမူ ဓားဖြင့် အသေသတ်၍မရပါက စက်ရုပ်စစ်သည်ဖြင့် တိုက်ရိုက် တိုက်ကြိတ်ပစ်လိုက်သည်။ စက်ရုပ်စစ်သည်ပေါ်တွင် ကောင်းကင်ဖြိုခွင်းခြင်း အထူးစွမ်းရည်ကို အနည်းငယ် တင်ဆောင်လိုက်ရုံဖြင့် အဆင့်မြင့်ဇွန်ဘီများပင် ထိတွေ့မိသည်နှင့် တစ်စစီ ပွင့်ထွက်သွားရတော့သည်။
ဖန်ထျန်းဟယ်သာမက ရှန်ဟန် ပြသလိုက်သော စွမ်းရည်မှာလည်း ထည့်တွက်ရမည့်အရာ ဖြစ်သည်။ သူမ၏ နှင်းခဲအထူးစွမ်းရည် ကို စက်ရုပ်စစ်သည်မှတစ်ဆင့် အရှိန်မြှင့်ကာ အဝေးသို့ ထုတ်လွှတ်လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီများ၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းသွားပြီး လှုပ်ရှားမှုများမှာလည်း တောင့်တင်းနှေးကွေးသွားတော့သည်။ ထို့ကြောင့် အခြား စက်ရုပ်စစ်သည်များအတွက် သုတ်သင်ရန်မှာ အလွန်ပင် လွယ်ကူသွားတော့သည်။
နောက်မှ လိုက်ပါလာသော ချန်ထျန်းလိုင်တို့မှာ ရင်သပ်ရှုမော ဖြစ်နေကြရသည်။ မူလက ဗီဇပြောင်းဇွန်ဘီများနှင့် ထိပ်တိုက်မတိုက်ရသည့်တိုင် ဤတာဝန်မှာ အလွန်ခက်ခဲလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုမူ ဖန်ထျန်းဟယ်နှင့် ရှန်ဟန်တို့၏ စွမ်းရည်ကို မြင်တွေ့ရသောအခါမှ မိမိတို့ အမြတ်ထွက်သွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ကောင်းကင်ဖြိုခွင်းခြင်း အဖွဲ့မှ ဤနှစ်ဦးရှိနေသဖြင့် တာဝန်၏ ခက်ခဲမှုမှာ ထက်ဝက်ခန့် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
ချန်ထျန်းလိုင်သည်လည်း မည်သည့်အရာကိုမျှ ထိန်ချန်မထားတော့ဘဲ သူ၏ အထူးစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သူ၏ စက်ရုပ်စစ်သည် အသုံးပြုသော လက်နက်မှာ အနည်းငယ် ထူးခြားလှသည်။ ၎င်းမှာ ၃ မီတာရှည်သော လက်သည်း တစ်စုံဖြစ်ပြီး ပုံမှန်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း အထူးစွမ်းရည် ထုတ်ဖော်လိုက်ချိန်တွင် လက်သည်းများပေါ်၌ လင်းယုန်လက်သည်း ပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး တိုက်ခိုက်မှုတိုင်းမှာ ပြင်းထန်သော စုတ်ဖြဲမှု အာနိသင် ပါဝင်နေသည်။
သတ်ဖြတ်နိုင်စွမ်းအရဆိုလျှင် ၎င်းမှာ ရှားပါးအဆင့် အထူးစွမ်းရည်ပင် ဖြစ်သော်လည်း ကောင်းကင်ဖြိုခွင်းခြင်း အထူးစွမ်းရည်ထက်မူ တစ်ဆင့်နိမ့်လှသည်။
ကျန်ရှိသော အဆင့် (၁) ကြေးစားအဖွဲ့ခေါင်းဆောင် နှစ်ဦးထဲမှ တစ်ဦးမှာ ရွှေဓာတ်အထူးစွမ်းရည်ကို အသုံးပြုကာ လက်နက်များကို ပိုမိုထက်မြက်အောင် လုပ်ဆောင်ပြီး အခြားတစ်ဦးမှာမူ မြေဓာတ်အထူးစွမ်းရည် ကို အသုံးပြုကာ မြေပြင်မှ မြေလှံ များကို ထွက်ပေါ်လာစေပြီး ဇွန်ဘီများကို သုတ်သင်သည်။
၎င်းတို့ ငါးဦးစလုံး အစွမ်းကုန် ကြိုးစားလိုက်သောအခါ ရုတ်တရက်တိုက်ခိုက်ရေးအဖွဲ့မှာ ဇွန်ဘီလှိုင်းကြီးအတွင်း၌ တားဆီး၍မရအောင် တိုးဝင်သွားနိုင်ပြီး အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှသည်။
ဤအရှိန်အတိုင်းသာ ဆက်သွားမည်ဆိုပါက အခြားကင်းစခန်း နှစ်ခုမှ စစ်ကူအဖွဲ့များထက်ပင် ဗီဇပြောင်းဇွန်ဘီများရှိရာသို့ စောစီးစွာ ရောက်ရှိနိုင်ပေလိမ့်မည်။
"ငါလည်း ထွက်ဖို့ အချိန်တန်ပြီ.. မဟုတ်ရင် ဗီဇပြောင်းဇွန်ဘီတွေက အခြေအနေမဟန်တာကို မြင်ပြီး ထွက်ပြေးသွားရင်တော့ သွားပြီပဲ" လင်းရှင်းဟိုင်သည် ဂျစ်ဆူး စက်ရုပ်စစ်သည် ၏ မောင်းနှင်ခန်းအတွင်း ထိုင်ရင်း ရေဒါပေါ်တွင် အစိမ်းရောင်အမှတ်များဖြင့် ပြသထားသော တပ်ဖွဲ့နှစ်ခုကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူသည်လည်း စက်ရုပ်စစ်သည်ကို မောင်းနှင်ကာ အပြင်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။
***