ထိုအချိန်တွင် မဟာရှနိုင်ငံ စစ်သားများက အော်ဟစ်လိုက်ကြသည် - "လာဝယ်ကြပါဦးဗျို့။ ရိက္ခာခြောက်၊ ရေဘူး၊ မီးတုတ်၊ တဲအိမ်၊ မျက်နှာသုတ်ပုဝါနဲ့ တခြားပစ္စည်းစုံစုံလင်လင် ရှိပါတယ်၊ နေ့စဉ် အရေအတွက်က ကန့်သတ်ထားတာမို့လို့ ကုန်သွားရင် မရတော့ဘူးနော်"
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ စိုးရိမ်တကြီး ဖြစ်သွားကြသည်။
"ငါ့ကို မီးတုတ် ဆယ်ချောင်းပေး"
"ငါက ရေဘူး ဆယ်ဘူး ယူမယ်"
"ငါ့ကို ရိက္ခာခြောက် အခု ၁၀၀ ပေးပါ"
ခဏအတွင်းမှာပင် ပစ္စည်းအားလုံး အလုအယက် ရောင်းထွက်သွားတော့သည်။ နှုတ်ကသာ ကန့်ကွက်နေကြသော်လည်း လက်တွေ့လုပ်ရပ်မှာမူ တကယ့်ကို ရိုးသားလှပေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး သိုင်းပညာရှင်ကြီးများပင် မျက်မှောင်ကြုတ်သွားကြသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် လင်ရှန်က လှောင်ပြုံးပြုံးရင်း "မဟာရှနိုင်ငံက တကယ့်ကို ပိုက်ဆံရှာတတ်တာပဲ၊ ငါတော့ အခုမှပဲ မျက်စိပွင့်တော့တယ်" ဟု မှတ်ချက်ပြုလိုက်သည်။
ယင်ကျိုးဟွမ်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကာ "ဟုတ်တယ်... တခြားသူတွေက ရတနာရှာဖို့ အလုပ်ရှုပ်နေချိန်မှာ မင်းတို့ကတော့ စီးပွားရေးလုပ်ဖို့ အလုပ်ရှုပ်နေတယ်။ ဒီလို စီးပွားရေးအမြင်မျိုးနဲ့ဆိုရင် မဟာရှနိုင်ငံ မထွန်းကားလာဘူးဆိုတာကမှ မဖြစ်နိုင်တာ"
"ချီးမွမ်းတာ များသွားပါပြီဗျာ၊ ကျွန်တော်တို့က ဝမ်းစာရှာနေကြတာပါ" ဟု ဓားအဖိုးအိုက အားရပါးရ ရယ်မောလိုက်သည်။
"ဟုတ်တာပေါ့။ နောက်ဆုံးတော့လည်း အရှင်မင်းကြီးက တစ်နိုင်ငံလုံးက ပြည်သူတွေကို ကျွေးမွေးနေရတာဆိုတော့ မလွယ်လှဘူးလေ၊ ဒါကြောင့် ဝင်ငွေတိုးပြီး အသုံးစရိတ်လျှော့ချနိုင်မဲ့ နည်းလမ်းတွေကို ကြံဆရတာပေါ့" ဟု ဟန်တာ့ရှန်ကလည်း လိုက်၍ ရယ်မောလိုက်သည်။
ထိုအချိန်တွင် ဝမ်ရှန်းတောင်ပေါ်၌ ဖြစ်ပျက်နေသမျှ အကြောင်းအရာများမှာ လောကအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုဂူမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ခန်အင်ပါယာခေတ်၏ ဗိသုကာလက်ရာတစ်ခုဟု ယူဆရပြီး ကောင်းကင်ခန် ကိုယ်တိုင် သူ၏ အုတ်ဂူအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ချေ အလွန်များနေသည်။
"ကောင်းကင်ခန်ရဲ့ အုတ်ဂူကို မကြာခင် ရှာတွေ့တော့မယ်"
"ဒါက နှစ်တစ်ထောင်မှာ တစ်ခါမှ ကြုံရခဲတဲ့ အခွင့်အရေးပဲ၊ ငါတို့သာ မပါဝင်နိုင်ရင် နောင်တရနေမိမှာ အသေအချာပဲ"
"မဟာရှနိုင်ငံကို သွားမှဖြစ်မယ်၊ ငါလည်း ရတနာသွားရှာရမယ်"
လူအများမှာ စိတ်လှုပ်ရှားနေကြသည်။ ကောင်းကင်ခန်၏ အုတ်ဂူကြီးမှာ မကြာမီ ပေါ်ထွက်လာတော့မည် မဟုတ်ပါလား။ ဒဏ္ဍာရီများအရ အထဲတွင် အဆုံးမဲ့သော ရတနာများ၊ လောကတွင် အနှိုင်းမဲ့သည့် နတ်ဘုရားလက်နက်များနှင့် ကောင်းကင်ခန် ကိုယ်တိုင် ကျင့်ကြံခဲ့သည့် အဆင့်မြင့် သိုင်းပညာရပ်များ ရှိနေနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှာတွေ့သွားလျှင် ချက်ချင်းပင် ထိပ်တန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ မရရှိခဲ့လျှင်တောင်မှ ဗဟုသုတအဖြစ် ကြည့်ရှုရသည်မှာပင် တန်လှပေသည်။ ထိုသို့သော အတွေးများဖြင့် လူအများမှာ မဟာရှနိုင်ငံသို့ ဦးတည်လာကြရာ ဝမ်ရှန်းတောင်ပေါ်တွင် လူဦးရေ ပိုမိုများပြားလာပြီး လင်းပိုင်ဖန်၏ ဝင်ငွေမှာလည်း တရိပ်ရိပ် တိုးလာခဲ့သည်။
တစ်ဖက်တွင်တော့ မဟာလော့နန်းတော်မှ မဟာလော့ဧကရာဇ်မှာ ဒေါသထွက်နေခဲ့သည်။
"ဒီလောက် အကွက်ကျတဲ့ အစီအစဉ်ကိုတောင်မှ အဲဒီ ခွေးဧကရာဇ်က အလွယ်တကူ ရှောင်ထွက်သွားနိုင်တယ်ပေါ့"
မူလက သူသည် မဟာရှနိုင်ငံကို ပြဿနာရှာရန်နှင့် တိုးတက်မှုနှေးကွေးစေရန် ရည်ရွယ်ပြီး ကောလာဟလများကို လွှင့်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ ကောင်းကင်ခန်၏ အုတ်ဂူဟု ယူဆရသည့် နေရာတစ်ခု အမှန်တကယ် ပေါ်ထွက်လာပြီး မဟာရှနိုင်ငံ နယ်နိမိတ်အတွင်းသို့ ရတနာရှာဖွေသူအားလုံးကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။ ၎င်းမှာ လင်းပိုင်ဖန်အတွက် ပြဿနာကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွားသည့်အပြင် အမြတ်အစွန်းများစွာပါ ရရှိစေခဲ့သည်။
"ငါလည်း နားမလည်တော့ဘူး... ဒါက ကံကောင်းတာလား၊ ဒါမှမဟုတ် အရည်အချင်းလား"
သူ ဘယ်လိုမှ စဉ်းစားမရသော်လည်း မဟာရှနိုင်ငံမှာ အခုအချိန်တွင် ပိုက်ဆံတွေ ပေါများနေပြီဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း သိနေသည်။ နေ့စဉ် ငွေတေးပေါင်း သန်းချီ ဝင်နေသဖြင့် တစ်လလျှင် သန်းပေါင်း ဆယ်ချီ၊ ရာချီအထိပင် ရရှိသွားနိုင်သည်။ ဘုရားရေ... ဒါဟာ အင်ပါယာတစ်ခုရဲ့ တစ်နှစ်စာ ဘဏ္ဍာငွေနဲ့ ညီမျှနေတာပဲ။
မဟာလော့ဧကရာဇ်၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီရဲလာပြီး - "တောက်... သူကတော့ ပိုက်ဆံတွေ ထပ်ရပြန်ပြီ။ အဲ့ခွေးဧကရာဇ် ပိုက်ဆံရှာနေတာကို ကြည့်နေရတာက ငါ့ပိုက်ဆံတွေ ဆုံးရှုံးရတာထက် ပိုပြီး နာကျင်ရတယ်။ အဲဒီ ကောင်းကင်ခန်ရဲ့ အုတ်ဂူသာ မဟာလော့မှာ ရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲ"
ထိုအချိန်တွင် မနာလိုဖြစ်နေသူ နောက်တစ်ယောက်လည်း ရှိနေသေးသည်။ ထိုသူမှာ မဟာရှနိုင်ငံ နန်းတော်အတွင်းမှ ဖြစ်သည်။
လင်းပိုင်ဖန်၏ လက်မောင်းကို ဆွဲထားရင်း ယောင်ယောင်က ချွဲနွဲ့စွာ ပြောလိုက်သည် - "ကျွန်မရဲ့ ငတုံးဧကရာဇ်လေး၊ ရှင်လည်း ပိုက်ဆံတွေ အများကြီး ရနေတာပဲ။ ကျွန်မကို နည်းနည်းလောက် ခွဲမပေးနိုင်ဘူးလား။ နည်းနည်းလေး... နည်းနည်းလေးပါပဲ"
လင်းပိုင်ဖန်က ပြုံးပြီး မေးလိုက်သည် - "ဘယ်လိုမျိုး ခွဲပေးရမှာလဲ"
"ကျွန်မတို့ မိစ္ဆာဂိုဏ်းက ကုန်သည်တွေကို ဝမ်ရှန်းတောင်ပေါ်မှာ ဆိုင်ဖွင့်ခွင့်ပေးလေ" ယောင်ယောင်၏ မျက်လုံးများမှာ ပိုက်ဆံကို မြင်နေသကဲ့သို့ တောက်ပနေသည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး "မရဘူး။ မင်းတို့ကတော့ အမြတ်ရမှာ ဖြစ်ပေမဲ့ ငါကတော့ ဆုံးရှုံးမှာလေ"
ယောင်ယောင်မှာ အံကြိတ်လိုက်ပြီး - "ဒါဆို ဒီလိုလုပ်ရအောင်၊ ရှင်သာ ကျွန်မတို့ကို ဝေစုပေးမယ်ဆိုရင် ကျွန်မတို့ မိစ္ဆာဂိုဏ်းနဲ့ မဟာရှနိုင်ငံက မဟာမိတ်ဖွဲ့ပြီး ရတနာလုတဲ့အခါ တခြားသူတွေကို အစွမ်းကုန် ဟန့်တားပေးမယ်လေ"
"ဝမ်ရှန်းတောင်က စီးပွားရေးကိုတော့ ပေးလို့မရဘူး၊ ဒါပေမဲ့ တခြား အခြေအနေတစ်ခုနဲ့ ညှိနှိုင်းရအောင်"
လင်းပိုင်ဖန်က မတ်မတ်ထိုင်လိုက်ပြီး "ငါတို့ မဟာမိတ်ဖွဲ့ပြီး ရန်သူတွေကို အတူရင်ဆိုင်မယ်။ ဒါပေမဲ့ ငါတို့သာ ရတနာတစ်ခုခု တူးဖော်ရရှိခဲ့ရင် မင်းတို့က ဝေစုအများကြီး ရမယ်။ ဘယ်လိုလဲ"
"ကျွန်မတို့ မိစ္ဆာဂိုဏ်းက ၇၀ ရာခိုင်နှုန်း လိုချင်တယ်" ယောင်ယောင်က လောဘတကြီးဖြင့် လက်ကို ၇ ပုံစံ ပြလိုက်သည်။
"သဘောတူတယ်" လင်းပိုင်ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ယောင်ယောင်မှာ အလွန် ဝမ်းသာသွားပြီး "ရှင်နဲ့ သိလာတဲ့ တစ်လျှောက်မှာ အခုမှပဲ သဘောထားကြီးတာ တွေ့ဖူးတော့တယ်။ ရှင့်ကို သေအောင် ချစ်တာပဲ" သူမသည် လင်းပိုင်ဖန်ကို ဖက်ကာ အသည်းယားလာသဖြင့် ကိုက်လိုက်ပြီးနောက် အစီအစဉ်များ ပြုလုပ်ရန် အလျင်အမြန် ပြေးထွက်သွားတော့သည်။
သူမ ထွက်သွားသည်ကို ကြည့်ပြီး လင်းပိုင်ဖန်မှာ တစ်ယောက်တည်း ရယ်မောလိုက်သည်။
‘ရတနာတွေရဲ့ ၇၀ ရာခိုင်နှုန်းလား။ တကယ်လို့ ရတနာသာ အမှန်တကယ် တူးဖော်တွေ့ရှိမှ မင်းကို ခွဲပေးလို့ ရမှာပေါ့။ ဟားဟား….’
လင်းပိုင်ဖန်မှာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်ရင်း အင်ပါယာ မြေပုံကို ဖွင့်ကာ ဝမ်ရှန်းတောင်ပေါ်က အခြေအနေအားလုံးကို စောင့်ကြည့်နေသည်။
"အချိန်လည်း တော်တော်ကြာပြီဆိုတော့ မင်းတို့ကို စိတ်လှုပ်ရှားစရာလေး နည်းနည်းလောက် ပေးလိုက်ရအောင်"
သူသည် နတ်ဘုရား၏လက် စွမ်းရည်ကို အသုံးပြုကာ ဂူအတွင်းပိုင်းကို ပြုပြင်ပြောင်းလဲလိုက်သည်။
နောက်နှစ်ရက်အတွင်း ဂူထဲမှ လူအချို့ ထပ်မံ ထွက်လာကြသည်။ ၎င်းတို့မှာ ပြင်ပလောကအတွက် စိတ်လှုပ်ရှားဖွယ် သတင်းကောင်းများကို သယ်ဆောင်လာကြသည်။
ဥပမာအားဖြင့် ခန်အင်ပါယာခေတ်၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည့် နဂါးကိုးကောင်ပုံပါသော အိုးခြမ်းပဲ့များ၊ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကဟု ယူဆရသည့် လူဦးခေါင်းခွံများ၊ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ကောင်းကင်ခန်၏ စစ်ချီခဲ့သည့် မြင်ကွင်းများကို မှတ်တမ်းတင်ထားသည့် နံရံဆေးရေးပန်းချီများ၊ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ခန်အင်ပါယာနန်းတွင်းသုံး သံချေးတက်နေသော ဓားတစ်ချောင်း စသည်တို့ပင် ဖြစ်သည်။
ဤအရာအားလုံးမှာ ခြွင်းချက်မရှိ ထိုဂူသည် ကောင်းကင်ခန်နှင့် နီးကပ်စွာ ဆက်နွှယ်နေကြောင်း သက်သေပြနေတော့သည်။ ရတနာရှာဖွေသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။
"အရင်ကတော့ ငါ ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ပဲ ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကောင်းကင်ခန်က ဒီမှာပဲ မြှုပ်နှံထားတယ်ဆိုတာ ၉၀ ရာခိုင်နှုန်း သေချာသွားပြီ"
"ဟုတ်တယ်၊ ကောင်းကင်ခန်က အထဲမှာ ရှိနေမှာ အသေအချာပဲ"
"တကယ်လို့ ဒီမှာ ကောင်းကင်ခန်ရဲ့ အုတ်ဂူသာ မရှိရင် ငါ့ခေါင်းကို ဖြတ်ပြီး မင်းတို့အတွက် ကျင်ငယ်ခွက်အဖြစ် အသုံးခံလိုက်မယ်"
"နောက်ဆုံးတော့ ကောင်းကင်ခန်ရဲ့ အုတ်ဂူ ပေါ်ထွက်လာတော့မယ်"
"တစ်သက်မှာ တစ်ခါမှ မရနိုင်မဲ့ ရတနာကြီး၊ ငါ လာပြီဟေ့... ဟားဟား…"
ရတနာရှာဖွေသူများမှာ ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဘဲ ငွေအမြောက်အမြား အကုန်အကျခံကာ ရိက္ခာနှင့် ကိရိယာများကို ဝယ်ယူပြီး တစ်ယောက်ပြီးတစ်ယောက် ဂူထဲသို့ ဝင်သွားကြတော့သည်။
***