ဂူအတွင်းသို့ ရတနာ ဝင်ရောက်ရှာဖွေသူများထဲတွင် ယခင်ကအတိုင်း ဂိုဏ်းတူအစ်ကိုကြီး ဦးဆောင်သော သံဓားဂိုဏ်းသားများလည်း ပါဝင်နေသည်။ ပထမတစ်ခေါက်နှင့် မတူသည်မှာ ယခုတစ်ကြိမ်တွင် သူတို့၌ ပစ္စည်းကိရိယာ အစုံအလင် ပါရှိလာခြင်းပင် ဖြစ်သည်။
"ရိက္ခာနဲ့ ရေတွေ အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ပါပဲ အစ်ကိုကြီး"
"မီးခတ်ကျောက်နဲ့ မီးတုတ်တွေရော"
"နဂါးရှာတံစိုးနဲ့ လော့ယန်ဂေါ်ပြားတွေရော ပါရဲ့လား"
"အကုန် အဆင်သင့်ပါပဲ အစ်ကိုကြီး"
အရာအားလုံးကို စစ်ဆေးပြီးနောက် ဂိုဏ်းတူအစ်ကိုကြီးမှာ အလွန်ကျေနပ်သွားကာ - "ကောင်းပြီ။ အားလုံး အဆင်သင့်ဖြစ်ရင် ထွက်ကြမယ်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး" အားလုံးက မီးတုတ်များကို အသီးသီး ထွန်းညှိလိုက်ကြသည်။
တောက်လောင်နေသော မီးတုတ်များကို ကြည့်ရင်း ဂိုဏ်းတူအစ်ကိုကြီးမှာ မိမိပိုက်ဆံများကို မီးရှို့နေသကဲ့သို့ ခံစားလိုက်ရသဖြင့် နှမြောတသစွာဖြင့် - "ဒါက ဖြုန်းတီးရာ ရောက်လွန်းတယ်။ မီးတုတ်တစ်ချောင်းဆိုရင် လုံလောက်နေပြီပဲ" ဟု ဆိုကာ မီးတုတ်တစ်ချောင်းတည်းဖြင့် လမ်းပြစေပြီး ကျန်တာများကို ငြှိမ်းခိုင်းလိုက်သည်။
တန်ဖိုးရှိသည့်အရာတစ်ခုခု ရှာတွေ့နိုးဖြင့် ယခုတစ်ကြိမ်တွင် သူတို့သည် ယခင်နှင့်မတူသော လမ်းအသစ်ကို ရွေးချယ်ခဲ့ကြသည်။ ခရီးလမ်းတွင် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန် ဂိုဏ်းတူအစ်ကိုကြီးက စကားစလိုက်သည် - "ညီငယ်တို့... ငါတို့ ဂူထဲကို ရတနာရှာဖို့ ဝင်လာတာ ဒါနဲ့ဆို နှစ်ခေါက်ရှိပြီ။ တခြားသူတွေနဲ့စာရင် ငါတို့မှာ ရတနာတွေ့နိုင်မဲ့ အခွင့်အရေး ပိုများတယ်"
"တကယ်လို့ ရတနာအစစ်အမှန်ကို ငါတို့လက်ထဲ မရောက်နိုင်ရင်တောင်မှ အကျိုးပြုမှုတစ်ခုခု လုပ်နိုင်ခဲ့ရင် ဝေစုရမှာက အသေအချာပဲ။ အဲ့ဒီဝေစုလေးနဲ့တင် ငါတို့တစ်သက်လုံး ပိုက်ဆံအတွက် ပူစရာမလိုဘဲ အေးအေးဆေးဆေး စားသောက်နေထိုင်သွားလို့ ရပြီ။ ဒါကြောင့် အားလုံး စိတ်ဓာတ်တက်ကြွစွာနဲ့ အစွမ်းကုန် ရှာကြရမယ်၊ ငါတို့ အားလုံး အတူတူ ချမ်းသာကြမယ်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
မျှော်လင့်ချက်အပြည့်ဖြင့် သူတို့ခရီးဆက်ခဲ့ကြသည်။ အစပိုင်းတွင် ခရီးသွားဖော်များစွာနှင့် ဆုံခဲ့သော်လည်း အတွင်းဘက်သို့ ပိုဝင်လာလေလေ သူတို့အုပ်စုတည်းသာ ကျန်ရစ်လေလေ ဖြစ်လာသည်။ ထိုအချိန်တွင် ဂိုဏ်းတူအစ်ကိုကြီးက ရုတ်တရက် အော်ပြောလိုက်သည် - "ပြန်လှည့်ကြမယ်"
"အစ်ကိုကြီး... ဘာလို့လဲဗျ" အားလုံးက ဝေခွဲမရဖြစ်သွားကြသည်။
ဂိုဏ်းတူအစ်ကိုကြီးက လေးနက်သောမျက်နှာထားဖြင့် - "ငါတို့ လမ်းလျှောက်လာတာ ၂ နာရီကျော်ပြီ၊ မိုင် ၅၀၊ ၆၀ လောက်တောင် ရှိတော့မယ်၊ ဒါပေမဲ့ ဘာမှ မတွေ့သေးဘူး။ ဒါက တစ်ခုပဲ ရှိနိုင်တယ်၊ ငါတို့ လမ်းမှားနေပြီ။ ဒီလမ်းမှာပဲ ဆက်နေတာထက် လမ်းအသစ်ရှာတာက ပိုကောင်းလိမ့်မယ်။ အချိန်လည်း တော်တော်လင့်နေပြီဆိုတော့ အခုပဲ ပြန်လှည့်ကြစို့"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး" မည်သူမှ ကန့်ကွက်ခြင်းမရှိပေ။
"မင်းတို့ လမ်းမှာ အမှတ်အသားတွေရော လုပ်ခဲ့ရဲ့လား၊ ပြီးခဲ့တဲ့တစ်ခေါက်ကလို လမ်းပျောက်လို့ မဖြစ်ဘူးနော်" ဟု အစ်ကိုကြီးက မေးလိုက်သည်။
ရိုးအေးလှသော တပည့်ကျော်လေးတစ်ယောက်က လက်ထောင်ပြကာ - "စိတ်ချပါ အစ်ကိုကြီး၊ ကျွန်တော် လမ်းတစ်လျှောက်လုံး အမှတ်အသားတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒါတွေအတိုင်း ပြန်သွားရင် လမ်းမမှားနိုင်ပါဘူး"
"ကောင်းပြီ၊ ဒါဆို ပြန်ကြစို့" သူတို့သည် အမှတ်အသားများအတိုင်း ပြန်လာခဲ့ကြသည်။ သို့သော် နာရီဝက်ပင်မပြည့်မီ အမှတ်အသားများမှာ ပျောက်ကွယ်သွားတော့သည်။
"ကျွန်တော်... ကျွန်တော် ဒီနားမှာ အမှတ်အသား လုပ်ထားတာ သေချာပါတယ်၊ ဘယ်ရောက်သွားပါလိမ့်" ဟု ထိုလူငယ်မှာ ထိတ်လန့်သွားသည်။
"အစ်ကိုကြီး... ကျွန်တော်တို့တွေ အောက်လမ်းနည်းနဲ့ ပြုစားခံနေရတာလား"
"အစ်ကိုကြီး... အခု ဘယ်လိုလုပ်ကြမလဲ"
အားလုံး စိုးရိမ်တကြီး ဖြစ်လာကြသည်။ သို့သော် ဂိုဏ်းတူအစ်ကိုကြီးကမူ တည်ငြိမ်စွာဖြင့် - "မစိုးရိမ်ကြနဲ့။ ဒါက ကောင်းကင်ခန်ရဲ့ အုတ်ဂူပဲ၊ ဘာမဆို ဖြစ်နိုင်တယ်။ ကံကောင်းတာက ငါ ကြိုတင်ပြင်ဆင်လာတာပဲ"
သူက နောက်က တပည့်ကို အချက်ပြလိုက်ရာ တပည့်ဖြစ်သူက သူထမ်းလာသော သေတ္တာကို ချ၍ ဖွင့်ပြလိုက်သည်။ အထဲတွင် ခိုတစ်ကောင် ရှိနေသည်။
ဂိုဏ်းတူအစ်ကိုကြီးက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး - "ဒီခိုက ငါတို့ဂိုဏ်းကနေ ငှားလာတာ၊ သူက လမ်းကို အလွတ်မှတ်မိတယ်၊ ငါတို့ကို အပြင်ပြန်ရောက်အောင် ခေါ်သွားနိုင်မှာ အသေအချာပဲ"
"အစ်ကိုကြီးက တကယ်ကို အမြော်အမြင်ရှိတာပဲ" အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
သူတို့သည် ခိုကို လွှတ်လိုက်ပြီး နောက်မှ လိုက်သွားကြသည်။ ခိုကလေးမှာ သူတို့၏ မျှော်လင့်ချက်များကို သယ်ဆောင်၍ ပျံသန်းသွားရာမှ... ရုတ်တရက် နံရံကို အရှိန်ဖြင့် ဝင်တိုက်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
သံဓားဂိုဏ်းသားများ - "..."
ပြုတ်ကျနေသော ခိုကို ကောက်ကြည့်လိုက်ရာ - "အစ်ကိုကြီး... ခိုက သေသွားပြီဗျ၊ အခု ဘယ်လိုလုပ်မလဲ"
"ဘာ... ဘာဖြစ်လို့ ရုတ်တရက်ကြီး သေသွားရတာလဲ"
"ဘာလို့ နံရံကို ဝင်တိုက်ရတာလဲ၊ ဒီကောင် ဘာတွေ တွေးနေတာလဲဟ"
"ခိုမရှိတော့ရင် ငါတို့ ဘယ်လိုလုပ်မလဲ"
ထိတ်လန့်မှုများက တစ်ဖန် ဖြစ်ပေါ်လာခဲ့ပြန်သည်။ သို့သော် ဂိုဏ်းတူအစ်ကိုကြီးကမူ တည်ငြိမ်မြဲ တည်ငြိမ်ဆဲ - "အားလုံး မကြောက်ကြနဲ့။ ခိုသေသွားလည်း ကိစ္စမရှိဘူး၊ ငါ့မှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိသေးတယ်"
သူသည် အိတ်ထဲမှ စန္ဒကူးနံ့သာတိုင်တစ်တိုင်ကို ထုတ်လိုက်သည်။ ၎င်းကို မီးညှိလိုက်သောအခါ ခရမ်းရောင်အငွေ့များ ထွက်ပေါ်လာပြီး ဦးတည်ချက်တစ်ခုသို့ လွင့်ပါးသွားသည်။
ဂိုဏ်းတူအစ်ကိုကြီးက ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး - "ဒါက ငါ အထူးပြင်ဆင်လာတဲ့ 'လျှို့ဝှက်ခြေရာခံနံ့သာ' ပဲ။ သူက လေတိုက်တဲ့ဘက်ကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိတယ်၊ သူ့နောက်ကို လိုက်သွားရင် ထွက်ပေါက်ကို တွေ့မှာ အသေအချာပဲ"
"အစ်ကိုကြီးက တကယ့်ကို ထက်မြက်တာပဲ"
ထို့ကြောင့် သူတို့သည် ခရမ်းရောင်အငွေ့နောက်သို့ လိုက်သွားကြသည်။ နာရီဝက်ခန့်အကြာတွင်မူ... မူလနေရာသို့ ပြန်ရောက်လာခဲ့ကြသည်။
"အစ်ကိုကြီး... ကျွန်တော်တို့ ပတ်ချာလည် ပြန်ရောက်လာတာလား"
"လမ်းပျောက်ပြန်ပြီလား"
ဂိုဏ်းတူအစ်ကိုကြီးလည်း စတင်၍ ပျာယာခတ်လာသော်လည်း တည်ငြိမ်အောင် ကြိုးစားရင်း - "မကြောက်ကြနဲ့... ငါ့မှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိသေးတယ်..."
သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ထွက်ပေါက်ကို ရှာမတွေ့တော့ပေ။ သူတို့တင်မကဘဲ အခြားသော ရတနာရှာဖွေသူများလည်း ဤပြဿနာနှင့် ရင်ဆိုင်နေရသည်။ သူတို့တွင် ကြိုတင်ပြင်ဆင်မှုများစွာ ရှိသော်လည်း နောက်ဆုံးတွင် ဘာမှအသုံးမဝင်ဘဲ ပတ်ချာလည် ရိုက်နေကြရသည်။
တစ်ဖက်တွင်မူ နန်းတော်အတွင်းရှိ လင်းပိုင်ဖန်မှာ 'အင်ပါယာ မြေပုံ' ဖြင့် ပျော်ရွှင်စွာ ကစားနေလေသည်။
သူသည် လမ်းညွှန်ကြိုးကို မြင်လျှင် ခိုးဖြတ်လိုက်သည်။ တိရစ္ဆာန်လေးများကို မြင်လျှင် ခိုးသတ်လိုက်သည်။ အမှတ်အသားများကို မြင်လျှင် ခိုးဖျက်လိုက်သည်။ ထို့အပြင် ဂူလမ်းကြောင်းများကိုလည်း စိတ်ကြိုက် လှည့်ပြောင်းလိုက်သဖြင့် လူများမှာ ပတ်ချာလည် လိုက်နေကြရတော့သည်။
"ဒါဟာ အင်ပါယာ မြေပုံကို အမှန်ကန်ဆုံး အသုံးချတဲ့ နည်းလမ်းပဲ။ မင်းတို့ဆီက ရိက္ခာတွေ အကုန်မပြတ်မချင်း ငါ အပြင်ထွက်ခွင့် ပေးမှာမဟုတ်ဘူး"
ဤသို့ဖြင့် ဆယ့်ငါးရက်ခန့် ကုန်ဆုံးသွားခဲ့သည်။ ဂူထဲသို့ ဝင်သွားသူများမှာ ပြန်ထွက်လာသူ အလွန်နည်းပါးလှသည်။ ပြန်ထွက်လာသူများမှာလည်း ရိက္ခာများ ပြတ်လပ်နေပြီဖြစ်သဖြင့် မဟာရှနိုင်ငံထံမှ ရတနာရှာဖွေရေး ပစ္စည်းများကို ဈေးကြီးပေး၍ ပြန်ဝယ်ကြရတော့သည်။
ပြင်ပလောကတွင်လည်း လူဦးရေမှာ ၃ သိန်းမှ ၅ သိန်းအထိ တိုးပွားလာခဲ့သည်။ ထိုအထဲတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ရာဂဏန်းနှင့် ကောင်းကင်အဆင့် သိုင်းပညာရှင် ဆယ်ဂဏန်းကျော်အထိ ပါဝင်လာရာ တကယ့်ကို ကြီးကျယ်သော ပွဲတော်ကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။ အားလုံးကလည်း နေ့ချင်းညချင်း ချမ်းသာကြွယ်ဝလိုသော မျှော်လင့်ချက်များဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထိုအခြေအနေကြောင့် မဟာရှနိုင်ငံ၏ ဘဏ္ဍာတိုက်မှာလည်း ငွေများပေါလျှံလာခဲ့လေသည်။ သို့သော် ဆယ့်ငါးရက်ကျော် ကြာသည့်တိုင် ဘာမှထူးခြားမလာသဖြင့် အဖွဲ့အစည်းများစွာမှာ စိတ်မရှည် ဖြစ်လာကြတော့သည်။ ထို့ကြောင့် အင်အားစုအသီးသီးမှာ ၎င်းတို့၏ ရှေ့ဆက်လုပ်ဆောင်မဲ့ ဗျူဟာများကို ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ခု ခေါ်ယူလိုက်ကြသည်။
***