"ဒါပေမဲ့ ဂူထဲမှာ လူနှစ်သိန်းကျော် ရှိနေသေးတယ်လေ" ဟု အခြားကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ရတနာလာရှာတဲ့သူမှန်ရင် သေဖို့ကို ပြင်ဆင်ထားပြီးသား ဖြစ်ရမယ်။ သူတို့သေသွားရင်လည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး" ဟု အခြား ကောင်းကင်အဆင့် တစ်ယောက်က အေးစက်စွာ ဆိုလိုက်သည်။
"ဒါပေမဲ့ ဒါက လူအသက်ပေါင်း နှစ်သိန်းကျော်လေ... ခင်ဗျားတို့ ဘယ်လိုစိတ်နဲ့ လုပ်ရက်တာလဲ"
"ဒါဆိုရင်ကော ဘာလုပ်ရမှာလဲ... ဒီအတိုင်း ထိုင်စောင့်နေရမှာလား"
ဤသို့ဖြင့် နှစ်ဖက်အုပ်စုကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာတော့သည်။
"အခုလောလောဆယ် နှစ်ဖက်လုံးက တစ်လှမ်းစီ ဆုတ်ကြတာပေါ့"
အခြား ကောင်းကင်အဆင့်တစ်ယောက်က အကြံပြုလိုက်သည် - "နောက်ထပ် တစ်ပတ်လောက် ထပ်စောင့်ကြည့်မယ်။ ဒီတစ်ပတ်အတွင်းမှာ အဝင်ကို ပိတ်ထားပြီး အထွက်ပဲ ခွင့်ပြုမယ်။ တစ်ပတ်ပြည့်လို့မှ ဘာမှထူးခြားတာ ရှာမတွေ့သေးရင်တော့ အင်အားသုံးပြီး ရှင်းပစ်မယ်။ အဲ့ဒီအချိန်ကျရင် ဂူထဲကလူတွေ အသက် ရှင်မရှင်ဆိုတာကတော့ သူတို့ရဲ့ ကံတရားပဲပေါ့"
"ကောင်းပြီ... အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်ကြတာပေါ့" ကောင်းကင်အဆင့်များအားလုံးက သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။
"နေဦး"
ဓားအဖိုးအိုက ကြားဖြတ်ပြောလိုက်သည် - "ငါတို့ မဟာရှနိုင်ငံက အမြဲတမ်း ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး ပြည်သူ့အရေးကို ရှေးရှုတယ်။ ဒီလိုမျိုး ရက်စက်တဲ့ လုပ်ရပ်ကို ငါတို့ လုံးဝ မလုပ်နိုင်ဘူး။ ဒါကြောင့် ဒီကိစ္စကနေ ငါတို့ မဟာရှနိုင်ငံက နုတ်ထွက်တယ်"
လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြပြီးနောက် လှောင်ပြောင်သံများနှင့် အေးစက်သော စကားများ ထွက်ပေါ်လာသည်။
"ခင်ဗျားတို့ မဟာရှနိုင်ငံက နုတ်ထွက်မလို့လား"
"ဒါပေါ့... ဒါက ဖြစ်သင့်တာပဲလေ။ ခင်ဗျားတို့ကတော့ ချမ်းသာပြီးသွားပြီဆိုတော့ ကောင်းကင်ခန်ရဲ့ ရတနာတွေကို အရေးမလုပ်တော့ဘူးပေါ့"
"ဒီလို အမည်းစက်ကြီးကို လက်မခံချင်တာကို ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ သဘောနဲ့တင် မပြီးဘူး။ ဂူထဲမှာက ရွှေ၊ ငွေ၊ ရတနာတွေတင် ရှိတာမဟုတ်ဘူး၊ ကောင်းကင်ခန်ရဲ့ အနှိုင်းမဲ့ နတ်ဘုရားလက်နက်တွေနဲ့ သိုင်းပညာတွေလည်း ရှိနေတာ။ နောက်ပိုင်းကျမှ ခင်ဗျားတို့ လောဘကို မထိန်းနိုင်ဘဲ ဝင်ပါလာမှာကို ငါတို့ စိုးရိမ်တယ်။ အဲ့ဒီကျရင် ငါတို့ ကြိုးစားထားသမျှက အလကား ဖြစ်ကုန်မှာပေါ့"
"ဘာအပင်ပန်းမှ မခံဘဲ အကျိုးအမြတ်ပဲ လိုချင်လို့ ဘယ်ရပါ့မလဲ"
ဓားအဖိုးအိုက ကတိပေးလိုက်သည် - "ငါတို့ မပါဘူးလို့ ပြောပြီးရင် လုံးဝ မပါဘူး။ ဘာတွေပဲ ထွက်လာထွက်လာ မဟာရှနိုင်ငံက တစ်ပြားတစ်ချပ်မှ ခွဲဝေယူမှာ မဟုတ်ဘူး။ ဒါဆိုရင် ရပြီလား"
"ကောင်းပြီ... ဒါ ခင်ဗျားပြောတဲ့ စကားနော်။ နောက်မှ နောင်တမရနဲ့"
"တကယ်လို့ ကတိဖျက်ရင်တော့ ငါတို့အားလုံး ဝိုင်းတိုက်တာကို ခံရလိမ့်မယ်"
"ဒီကိစ္စကို လူတိုင်း သိအောင် ကြေညာလိုက်ကြစို့"
ထို့နောက် ဤဆုံးဖြတ်ချက်ကို တစ်လောကလုံး သိအောင် ထုတ်ပြန်လိုက်သည်။
ယနေ့မှစ၍ ဂူထဲမှ ထွက်ခွာခြင်းကိုသာ ခွင့်ပြုပြီး အထဲသို့ ဝင်ခြင်းကို တားမြစ်လိုက်သည်။
တစ်ပတ်ကြာပြီးနောက်တွင်မူ ဝမ်ရှိုးတောင်ကို အင်အားသုံး၍ ဖြိုချကာ ကောင်းကင်ခန်၏ အုတ်ဂူကို တူးဖော်တော့မည် ဖြစ်သည်။
ဂူထဲတွင် ကျန်နေခဲ့သော ရတနာရှာဖွေသူများ၏ အသက်မှာ သူတို့၏ ကံတရားအပေါ်၌သာ မူတည်တော့မည် ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ရတနာရှာဖွေသူများကြားတွင် ပျာယာခတ်ကုန်ကြတော့သည်။
"ကောင်းကင်အဆင့်တွေက ထပ်မစောင့်နိုင်တော့လို့ ဂူကို ပိတ်တော့မှာတဲ့လား"
"ငါတို့အတွက်တော့ ရတနာဆိုတာ ဝေးရောပဲ"
"ဒါပေမဲ့ ငါ့ရဲ့ ညီငယ် ညီမငယ်တွေ ဂူထဲမှာ ရှိနေသေးတယ်... သူတို့ ဘယ်လိုလုပ်မလဲ"
"ဟုတ်တယ်... ငါ့သူငယ်ချင်းတွေလည်း ဂူထဲမှာ။ ဝမ်ရှိုးတောင်ကို ဖြိုချလိုက်ရင် သူတို့ ဘေးကင်းပါ့မလား"
"ငါတို့ ကန့်ကွက်ရမယ်။ သူတို့က လူ့အသက်ကို တန်ဖိုးမထားဘူး။ ဒီလို မလုပ်သင့်ဘူး"
လူအများအပြားမှာ စုပေါင်း၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
သို့သော် ဤလူများသည် အင်အားနည်းသော သူများသာ ဖြစ်ပြီး ကောင်းကင်အဆင့်များ၏ အလိုကို မဆန့်ကျင်နိုင်ကြချေ။
ထိုအချိန်တွင် ဂူမှာ ပိတ်ထားပြီးဖြစ်ကာ အပြင်ထွက်ခြင်းကိုသာ ခွင့်ပြုထားတော့သည်။
တကယ်လို့ ဤခုနစ်ရက်အတွင်း အပြင်ထွက်နိုင်ခဲ့လျှင် ဘေးဒုက္ခမှ လွတ်မြောက်ပြီဟု ယူဆနိုင်သော်လည်း မထွက်နိုင်ခဲ့ပါက အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသွားမည် ဖြစ်သည်။
အချိန်အကန့်အသတ် သတ်မှတ်လိုက်ပြီးနောက်တွင် လင်းပိုင်ဖန်သည် ဂူထဲရှိ ရတနာရှာဖွေသူများကို ထပ်မံ၍ ဒုက္ခမပေးတော့ချေ။
နောက်ရက်များတွင် ရတနာရှာဖွေသူ အများအပြား ဂူထဲမှ လွတ်မြောက်လာခဲ့ကြသည်။
အပြင်မထွက်နိုင်ဘဲ ကျန်ခဲ့သောသူများမှာမူ သူတို့၏ ကံကြမ္မာသာဖြစ်ပြီး မည်သူ့ကိုမျှ အပြစ်တင်၍ မရတော့ချေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရာ ခုနစ်ရက်ဆိုသည့် အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မူလက ဂူထဲတွင် လူနှစ်သိန်းကျော် ရှိခဲ့သော်လည်း ယခုအခါ တစ်သိန်းပင် မပြည့်တော့ချေ။ အများစုမှာ ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်သည်။
ကောင်းကင်အဆင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် - "ထပ်စောင့်လို့ မဖြစ်တော့ဘူး။ စတင်ဖို့ ပြင်ကြတော့"
ရတနာရှာဖွေသူအားလုံးကို ဝမ်ရှိုးတောင်ပေါ်မှ ဖယ်ရှားလိုက်သည်။
ထို့နောက် ကောင်းကင်အဆင့်များ အားလုံး စုပေါင်း၍ လှုပ်ရှားလိုက်ကြသည်။
တစ်ယောက်က လက်သီးဖြင့်၊ တစ်ယောက်က လက်ဝါးဖြင့်၊ နောက်တစ်ယောက်က ဓားဖြင့်... သူတို့သည် တောင်ကြီးကို ပြောင်းပြန်လှန်ပစ်ရန် ရှိသမျှ အင်အားများကို ထုတ်သုံးလိုက်ကြသည်။
ဝမ်ရှိုးတောင်ကြီးမှာ အပြင်ဘက်မှစ၍ ပြိုကျလာတော့သည်။
မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံကြီးမှာ ဟိန်းထွက်လာလေသည်။
အပြင်ဘက်ရှိ ရတနာရှာဖွေသူများမှာ ထိုမြင်ကွင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
ကောင်းကင်အဆင့်များက တောင်တစ်တောင်ကို ဖြိုချနေခြင်းမှာ ခေတ်အဆက်ဆက် မြင်ရခဲသော မြင်ကွင်းပင် မဟုတ်ပါလော။
ဝမ်ရှိုးတောင်ကို ဖြိုချပြီးနောက် ကောင်းကင်ခန်၏ အုတ်ဂူ ပေါ်လာမလားဆိုသည်ကို မည်သူမျှ မသိနိုင်ကြချေ။
ကောင်းကင်အဆင့်များ၏ စွမ်းအားမှာ ကြီးမားလှသော်လည်း ဝမ်ရှိုးတောင်တစ်ခုလုံးကို ဖြိုချရန် တစ်ပတ်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် သူတို့ရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားကြသည်။
"ဘာမှမရှိဘူးလား... ဘယ်လိုဖြစ်ပြီး ဘာမှမရှိတာလဲ"
သူတို့ တောင်တစ်ခုလုံးကို ဖြိုချခဲ့သော်လည်း ကျောက်တုံးအကျိုးအပဲ့များ၊ သစ်ပင်စုတ်များနှင့် ရတနာရှာဖွေသူအချို့၏ အလောင်းများမှလွဲ၍ တခြားဘာကိုမျှ ရှာမတွေ့ခဲ့ကြပေ။
"ကောင်းကင်ခန်ရဲ့ အုတ်ဂူက ဒီမှာ မရှိတာများလား" ဟု တစ်စုံတစ်ယောက်က ထင်ကြေးပေးလိုက်သည်။
"မဖြစ်နိုင်တာ။ ဒီဂူက ကောင်းကင်ခန်ခေတ်မှာ တည်ဆောက်ခဲ့တာဆိုတာ သက်သေပြပြီးသားပဲ။ အဲ့ဒီတုန်းက ဒီလောက် ရှုပ်ထွေးလှတဲ့ ဂူကို ဘယ်သူက တည်ဆောက်နိုင်မှာလဲ။ တကယ်လို့ သူကိုယ်တိုင် မြှုပ်နှံဖို့ မဟုတ်ရင် ဘာအတွက် တည်ဆောက်မှာလဲ" ဟု ကောင်းကင်အဆင့်တစ်ယောက်က အော်ဟစ်လိုက်သည်။
လူတိုင်း စကားမပြောနိုင်ဘဲ ဖြစ်သွားကြသည်။
သူတို့ရရှိထားသော အထောက်အထားများနှင့် သတင်းအချက်အလက်များ အားလုံးက ဤနေရာသည် ကောင်းကင်ခန်၏ အုတ်ဂူဖြစ်နိုင်ခြေ အလွန်များကြောင်း ညွှန်ပြနေသည်။
ယခုတော့ သူတို့၏ ပင်ပန်းဆင်းရဲမှုများက ဘာမှဖြစ်မလာခဲ့ချေ။ ဒါက သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မနေဘူးလား။
လွန်ခဲ့သော နှစ်လအတွင်း သူတို့ ကြိုးစားခဲ့သမျှက အလကား ဖြစ်သွားတာများလား။
ကောင်းကင်အဆင့်တစ်ယောက်က အော်လိုက်သည် - "အားလုံးပဲ... လာပြီး ရှာကြစမ်း၊ တခြားတွေ့တာရှိရင် ပြောကြ။ တစ်ခုခုတွေ့ရင် ငါ အများကြီး ဆုချမယ်"
ထို့ကြောင့် လူတိုင်း ကျောက်ပုံကြီးကြားထဲ တိုးဝင်၍ ရှာဖွေကြပြန်သည်။
နောက်ထပ် တစ်ပတ်ကြာသွားသော်လည်း ဘာမှ ရှာမတွေ့သဖြင့် နောက်ဆုံးတွင် လူတိုင်း မျှော်လင့်ချက် ကုန်ဆုံးသွားကြတော့သည်။
"ဒါက အုတ်ဂူအတုပဲ။ ဒီမှာ ဘာမှမရှိဘူး"
"ဒါက ငါတို့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်လိမ့်မယ်။ လက်တွေ့လောကက ငါတို့ကို နောက်ပြောင်သွားတာပဲ"
"အိပ်မက်ကတော့ ပြီးသွားပြီ... သွားကြစို့"
"ပြီးခဲ့တဲ့ နှစ်လလုံးလုံး အချိန်ကုန်တာပဲ အဖတ်တင်တယ်"
စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ထိုနေရာမှ ထွက်ခွာသွားကြသည်။
သူတို့အတွက်တော့ ဤနှစ်လတာ အတွေ့အကြုံမှာ ရယ်စရာကောင်းသော ပြဇာတ်တစ်ခုလိုပင်။
ယခုမူ ပြဇာတ်က ပြီးသွားပြီဖြစ်၍ အိမ်ပြန်ဖို့ အချိန်တန်ပြီ ဖြစ်သည်။
ဤပြဇာတ်တွင် မည်သူမျှ အနိုင်ရသူ မရှိခဲ့ချေ... တစ်ယောက်သောသူမှလွဲ၍ပေါ့…..။
"မင်းတို့နဲ့ နှစ်လကျော်ကြာ စီးပွားရေးလုပ်ပြီးတဲ့နောက် ငါ ငွေတေး သန်း ၂၄၀ တောင် ရခဲ့တယ်။ ခရီးသွားလုပ်ငန်းက တကယ်ကို အမြတ်များတဲ့ စီးပွားရေးပဲ။ ငါ ဒီအလုပ်ကို ထာဝရ လုပ်နေချင်ပေမဲ့... နှမြောစရာပဲ"
ဝင်ငွေများကို တွက်ချက်ပြီးနောက် လင်းပိုင်ဖန်မှာ ဝမ်းသာသလိုလို နှမြောသလိုလို ခံစားလိုက်ရသည်။
ငွေတေး သန်း ၂၄၀ ဆိုသည်မှာ မည်သည့်အင်ပါယာကိုမဆို မနာလိုဖြစ်စေလောက်သည့် ကြီးမားသော ပိုင်ဆိုင်မှု ဖြစ်သည်။
သို့သော် ဤသို့သော ဝင်ငွေမျိုးက အမြဲတမ်း မရနိုင်သည်ကို သူ နှမြောနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဓားအဖိုးအိုသည် သူ၏အဖွဲ့နှင့်အတူ ပြန်ရောက်လာပြီး လင်းပိုင်ဖန်ကို အခြေအနေများ တင်ပြလိုက်သည်။
တကယ်တော့ ပြောစရာ များများစားစား မရှိလှချေ။
အကြောင်းမှာ ဓားအဖိုးအိုသည် လင်းပိုင်ဖန်၏ အမိန့်အတိုင်းသာ အတိအကျ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
ဝမ်ရှိုးတောင်၏ အခြေအနေအားလုံးမှာ လင်းပိုင်ဖန်၏ လက်ခုပ်ထဲက ရေကဲ့သို့သာ ဖြစ်သည်။
"တပည့်ကြီး... ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ငါတို့က ရသင့်ရထိုက်တဲ့ ပိုက်ဆံကိုပဲ ယူတာ၊ ကျန်တာ ငါတို့နဲ့ မဆိုင်ဘူး။ သူတို့ ကောင်းကင်ခန်ရဲ့ အုတ်ဂူကို ရှာတွေ့တွေ့ မတွေ့တွေ့ ငါတို့နဲ့ ဘာမှမပတ်သက်ဘူး" ဟု လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။
"ဆရာပြောတာ မှန်ပါတယ်" ဓားအဖိုးအိုကလည်း ပြုံး၍ ပြန်ဖြေလိုက်သည်။
ဤဖြစ်ရပ်တွင် မဟာရှနိုင်ငံကသာ အမြတ်အစွန်းများစွာ ရရှိခဲ့ပြီး ကျန်သောသူများမှာ ရှုံးနိမ့်ခဲ့ကြသည်။
သူ၏ဆရာမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှ ကြီးမားသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခြင်းမှာ အံ့သြစရာ မရှိတော့ဟု သူ တွေးလိုက်မိသည်။
"ဒါနဲ့ ဆရာ... ဝမ်ရှိုးတောင်မှာ ထူးခြားတဲ့ လူငါးယောက်ကို တွေ့ရှိခဲ့ပါတယ်။ သူတို့ကို ဘယ်လိုလုပ်ရမလဲ" ဓားအဖိုးအိုက လက်ခုပ်တီးလိုက်သောအခါ စစ်သားများက လူငါးယောက်ကို ခေါ်လာကြသည်။
လင်းပိုင်ဖန်မှာ နှာခေါင်းကို ပိတ်လိုက်မိသည်။
ထိုငါးယောက်မှာ လင်းပိုင်ဖန်၏ နှိပ်စက်မှုကြောင့် သေလုမျောပါး ဖြစ်နေသော ဆရာဟူ၊ ဝူရှဲ့နှင့် တခြားသူများပင် ဖြစ်သည်။
အမှန်စင်စစ် သူတို့တွေ သေသွားသင့်ပြီ ဖြစ်သည်။
သို့သော် သူတို့သည် လင်းပိုင်ဖန်နှင့် တစ်လကျော်ကြာ ရင်ဆိုင်ခဲ့ပြီး အလွန်ဆိုးရွားသော အခြေအနေများကြားမှ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
အမှန်မှာ လင်းပိုင်ဖန်သည် သူတို့၏ စွမ်းရည်ကို နှမြောသဖြင့် မျှော်လင့်ချက် အနည်းငယ် ပေးခဲ့ပြီး မဟာရှနိုင်ငံသားများကို သူတို့အား ရှာဖွေခိုင်းခဲ့ခြင်း ဖြစ်သည်။
***