"သူတို့ကို ကယ်တင်လိုက်ကြ" လင်းပိုင်ဖန်က သူတို့ကို နတ်ဆေးလုံးများ တိုက်ကျွေးရန် အမိန့်ပေးလိုက်သည်။
လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက်တွင်မူ သူတို့သည် ချောင်းဆိုးကာ နိုးလာကြပြီး ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
"ငါတို့ ဘယ်ရောက်နေတာလဲ... ဂူထဲမှာ မဟုတ်ဘူးလား"
"ငါတို့ လွတ်လာပြီလား"
"ပြီးတော့ ခင်ဗျားတို့က ဘယ်သူတွေလဲ"
"နိုးလာကြပြီပဲ"
လင်းပိုင်ဖန်က ခန့်ညားထည်ဝါစွာဖြင့် - "ငါကိုယ်တော်က မဟာရှနိုင်ငံရဲ့ ဧကရာဇ် လင်းပိုင်ဖန်ပဲ။ အခု မင်းတို့ ရောက်နေတာ ငါ့ရဲ့ နန်းတော်ထဲမှာ။ မင်းတို့ အသက်ကို ကယ်ခဲ့တာလည်း ငါပဲ။ မင်းတို့တွေ မဟာရှနိုင်ငံအပေါ် သစ္စာစောင့်သိပြီး ငါ့ဆီမှာ အမှုထမ်းဖို့ ဆန္ဒရှိကြလား"
သူတို့ငါးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
အဖွဲ့ကိုယ်စား ဆရာဟူက ရှေ့ထွက်၍ ပြောလိုက်သည် - "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ အခုမှ သတိပြန်ရလာတာမို့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သေချာမသိသေးပါဘူး။ ဆုံးဖြတ်ချက်မချခင် အခြေအနေအရပ်ရပ်ကို အရင် နားလည်ခွင့်ပြုပါဦး"
"ခွင့်ပြုတယ်" လင်းပိုင်ဖန်က လက်ယမ်းပြလိုက်ပြီး သူတို့ကို အခြေအနေများ ရှင်းပြရန် လူလွှတ်လိုက်သည်။
ရှင်းပြချက်များကို ကြားပြီးနောက်တွင်မူ သူတို့ ငါးယောက်လုံးမှာ စိတ်နှလုံး ထိခိုက်ကြေကွဲသွားကြသည်။
ဂူထဲကို ဝင်သွားကတည်းက ဤမျှလောက် အချိန်တွေ ကုန်ဆုံးသွားခဲ့မှန်း သူတို့ မသိခဲ့ကြချေ။
သူတို့ ပြန်မလာသည်ကို မြင်သောအခါ သိုင်းပညာရှင်ကြီးများက ဝမ်ရှိုးတောင်ကို ဖြိုချရန် ဆုံးဖြတ်ခဲ့ကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့မှာ လုံးဝ အစွန့်ပစ်ခံလိုက်ရခြင်း ဖြစ်သည်။
မဟာရှနိုင်ငံသာ မရှိလျှင် သူတို့အနေဖြင့် အသက်ရှင်နိုင်ကြတော့မည် မဟုတ်ချေ။
ထိုသိုင်းပညာရှင်ကြီးများ၏ လုပ်ရပ်ကို ကျိုးကြောင်းဆီလျော်စွာဖြင့် နားလည်ပေးနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာအရမူ သူတို့၏ ရင်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။
"အခု ငါကိုယ်တော် ထပ်မေးမယ်... မင်းတို့တွေ မဟာရှနိုင်ငံအပေါ် သစ္စာစောင့်သိပြီး မင်းတို့ရဲ့ ဧကရာဇ်အတွက် အမှုထမ်းဖို့ ဆန္ဒရှိကြလား" ဟု လင်းပိုင်ဖန်က ထပ်မံ မေးမြန်းလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးက ဗုဒ္ဓဂိုဏ်းနဲ့ ဘာပတ်သက်မှုမှမရှိတဲ့ လွတ်လပ်တဲ့သူတစ်ယောက်ပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို မျက်နှာသာပေးမှတော့ အရှင်မင်းကြီးအတွက် အသက်ပေးပြီး အမှုထမ်းဖို့ အသင့်ပါပဲ" နိပုတက မဆိုင်းမတွဘဲ ဒူးထောက်လိုက်သည်။
လင်းပိုင်ဖန်က သူ့အပေါ် အသက်ကယ်ခဲ့ခြင်းကြောင့်သာမက လင်းပိုင်ဖန်သည် စစ်မှန်သော ကံကြမ္မာသားတော် ဖြစ်သည်ကို သူ ခပ်ရေးရေး မြင်နေရသောကြောင့်လည်း ဖြစ်သည်။
ထိုသို့သောသူ၏ လက်အောက်တွင် အမှုထမ်းခြင်းသည် ကောင်းကင်ဘုံ၏ အလိုအတိုင်း လိုက်နာခြင်းဖြစ်ပြီး မိမိကိုယ်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။
"ကောင်းပြီ" လင်းပိုင်ဖန်က နိပုတ၏ အမြင်စူးရှမှုကို ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းတို့ကော" လင်းပိုင်ဖန်က ကျန်လေးယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဆရာဟူက ခါးသက်စွာ ပြုံးလိုက်ပြီး - "ကျွန်တော်မျိုးက တာအိုဂိုဏ်းဝင်တစ်ယောက်ပါ၊ ဒါပေမဲ့ တာအိုဂိုဏ်းက ကျွန်တော်မျိုးကို စွန့်ပစ်လိုက်ကတည်းက ကျေးဇူးတရားတွေ၊ ရန်ငြိုးတွေအားလုံး ပြီးဆုံးသွားပါပြီ။ အရှင်မင်းကြီးအနေနဲ့ တာအိုဂိုဏ်းရဲ့ ပြဿနာတွေကို မကြောက်ဘူးဆိုရင် ကျွန်တော်မျိုး အမှုထမ်းဖို့ အသင့်ပါပဲ"
လင်းပိုင်ဖန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး - "တာအိုဂိုဏ်းက အင်အားကြီးတယ်ဆိုပေမဲ့ ငါကိုယ်တော်ကတော့ မကြောက်ဘူး။ မင်းက ငါ့ဆီမှာ အမှုထမ်းဖို့ ဆန္ဒရှိရင် မဟာရှနိုင်ငံမှာပဲ စိတ်အေးလက်အေး နေပါ။ တာအိုဂိုဏ်းကိစ္စကို ငါကိုယ်တော် ဆီကိုပဲ လွှတ်ထားလိုက်၊ မင်း ဘာမှ စိတ်ပူစရာမလိုဘူး"
"မှန်လှပါ... ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဆရာဟူက သူ၏ သစ္စာကို ကြေညာလိုက်သည်။
"အရမ်းကောင်းတယ်" လင်းပိုင်ဖန်က ကျန်သုံးယောက်ကို ကြည့်လိုက်သည်။
"အရှင်မင်းကြီး... ဝူရှဲ့နဲ့ ဝမ်ပန်းကျီတို့က အုတ်ဂူတူးတဲ့ အလုပ်ကိုပဲ လုပ်နေခဲ့တာပါ။ ဒီအလုပ်က ကုသိုလ်ကံကို ထိခိုက်စေပြီး ဘယ်သူကမှ လက်မခံချင်လို့ မိစ္ဆာဂိုဏ်းကိုပဲ အားကိုးခဲ့ရတာပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို အထင်မသေးဘူးဆိုရင် ကျွန်တော်မျိုးတို့လည်း အရှင်မင်းကြီးအပေါ် သစ္စာရှိပါ့မယ်" ဟု ဝူရှဲ့က ဆိုလိုက်သည်။
"အလုပ်မှန်သမျှက အဆင့်အတန်းဆိုတာ ရှိစမြဲပဲ"
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - "ငါကိုယ်တော်ရဲ့ လက်အောက်မှာ သူခိုး၊ လူသတ်သမားကအစ လူမျိုးစုံ ရှိတယ်။ ငါ့အတွက် အမှုထမ်းဖို့ ဆန္ဒရှိသရွေ့ အားလုံးကို ကြိုဆိုတယ်"
ထိုသို့ဖြင့် ဝူရှဲ့နှင့် ဝမ်ပန်းကျီတို့မှာလည်း စိုးရိမ်မှုများ ကင်းစင်သွားကာ လင်းပိုင်ဖန်အပေါ် သစ္စာခံလိုက်ကြသည်။
နောက်ဆုံးတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သာ ကျန်တော့သည်။
သူ၏ စွမ်းရည်မှာ အလွန်ထူးခြားသည်။ သူသည် ခန္ဓာကိုယ်ကို ကျုံ့ပစ်နိုင်သော ပညာကို တတ်မြောက်ထားပြီး ဘောလုံးတစ်လုံးကဲ့သို့ လိပ်နေအောင်လည်း လုပ်နိုင်သည်။ ထို့ပြင် အသက်အောင့်သည့် ပညာတွင်လည်း ကျွမ်းကျင်ပြီး အစားအစာ၊ ရေနှင့် လေမရှိဘဲ တစ်ပတ်ခန့် နေနိုင်စွမ်းရှိသည်။ သူသည်လည်း နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။
လင်းပိုင်ဖန်မှာ အလွန်ကျေနပ်သွားလေသည်။
ဤငါးယောက်မှာ စွမ်းရည်စုံလင်ရုံသာမက အစွမ်းထက်သော ပထမတန်းစားအဆင့် သိုင်းပညာရှင်များလည်း ဖြစ်ကြသည်။
ဤဒုက္ခကို ကျော်ဖြတ်ပြီးနောက် သူတို့၏ စွမ်းရည်မှာ ပိုမိုတိုးတက်လာမည်မှာ သေချာသည်။
တစ်နည်းအားဖြင့် လင်းပိုင်ဖန်သည် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တစ်ယောက်နှင့် အလားအလာရှိသော ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် လေးယောက်ကို ရရှိလိုက်ခြင်း ဖြစ်သည်။
"မင်းတို့တွေ ဘေးဒုက္ခက လွတ်လာခါစဆိုတော့ အားနည်းနေဦးမယ်။ သွားပြီး အနားယူကြတော့၊ မင်းတို့အတွက် အခန်းတွေ ပြင်ဆင်ထားပြီးသားး" လင်းပိုင်ဖန်က စိတ်ကြည်လင်စွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ငါးယောက်လုံး ဂါရဝပြု၍ ထွက်ခွာသွားကြသည်။
ထို့နောက်တွင်မူ ရတနာရှာမတွေ့သဖြင့် ကောင်းကင်ခန်၏ အုတ်ဂူအပေါ် စိတ်ဝင်စားမှုများ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။
အကျိုးအမြတ် မရှိတော့သဖြင့် ယောင်ယောင်လည်း ပြန်ရောက်လာသည်။
လင်းပိုင်ဖန်က သူမကို ဝူရှဲ့နှင့် ဝမ်ပန်းကျီတို့ကို တူးဖော်တွေ့ရှိခဲ့သည့် အကြောင်း ပြောပြလိုက်သည်။
ယောင်ယောင်ကမူ သိပ်ဂရုမစိုက်ဟန်ဖြင့် - "သူတို့ကို တူးတွေ့တာက ဘာမှ အရေးမကြီးဘူး။ ငါတို့ မိစ္ဆာဂိုဏ်းမှာ လူပေါင်းစုံရှိတယ်၊ အုတ်ဂူတူးတဲ့သူတွေဆို ရာနဲ့ချီရှိတယ်"
လင်းပိုင်ဖန်မှာ သူ့ဘာသာသူ ပြုံးလိုက်မိသည်။ ‘မင်းတို့ မိစ္ဆာဂိုဏ်းမှာ အုတ်ဂူတူးတဲ့သူတွေ များချင်များလိမ့်မယ်၊ ဒါပေမဲ့ ချီဖွဲ့တည်ခြင်းအဆင့်မှာ အုတ်ဂူတူးမယ့် သူတွေကတော့ အများကြီး ရှိမှာမဟုတ်ဘူး။
ဒီအနာဂတ် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် နှစ်ယောက်ကိုတော့ ငါကပဲ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်’
"ဒါနဲ့ ကျွန်မ ပြန်လာတဲ့လမ်းမှာ သတင်းတစ်ခု ရလာခဲ့တယ်"
"ဘာသတင်းလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။
ယောင်ယောင်က လျှို့ဝှက်ဆန်းပြားသော လေသံဖြင့် - "မဟာရှနိုင်ငံက ကောင်းကင်ခန်ရဲ့ အုတ်ဂူအကြောင်း သတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲ သိလား"
"ဘယ်သူ ဖြန့်တာလဲ" လင်းပိုင်ဖန်က ထပ်မေးလိုက်ပြန်သည်။
"ဟိဟိ..." ယောင်ယောင်က သူမ၏ လက်မနှင့် လက်ညှိုးကို ပွတ်ပြကာ လင်းပိုင်ဖန်ထံမှ တစ်ခုခု တောင်းဆိုလိုက်သည်။
လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် - "ငါတို့ကြားမှာ ပိုက်ဆံအကြောင်း ပြောနေတာက အရမ်းစိမ်းကားလွန်းရာ မရောက်ဘူးလား"
"ဒါပေမဲ့ ပိုက်ဆံအကြောင်း ပြောမှဖြစ်မှာ။ ရှင့်ကိုကြည့်ရတာ အများကြီး မြတ်နေပြီး ကျွန်မကတော့ ဘာမှမရဘူးဆိုတော့ စိတ်မကောင်းဘူးလေ။ အဲ့တော့ ကျွန်မရဲ့ ဒဏ်ရာရနေတဲ့ နှလုံးသားလေးကို ကုစားဖို့ နည်းနည်းလောက် ခွဲဝေပေးသင့်တယ်လို့ မထင်ဘူးလား" ယောင်ယောင်က သူ့ကို ချစ်စဖွယ် မျက်ဝန်းလေးများဖြင့် ကြည့်လိုက်သည်။
လင်းပိုင်ဖန်က သူမ၏မျက်နှာကို ကိုင်၍ ပါးကို တစ်ချက် နမ်းလိုက်သည်။
"ကဲ... ကုစားပေးပြီးပြီ။ အခု ပြောလို့ရပြီ"
ယောင်ယောင် : "...ကျွန်မ လိုချင်တာ ပိုက်ဆံလေ"
"စကားပုံ ရှိသားပဲ၊ ပိုက်ဆံက တန်ဖိုးဖြတ်လို့ရပေမဲ့ သံယောဇဉ်ကတော့ တန်ဖိုးမဖြတ်နိုင်ဘူးတဲ့။ ငါ့မှာရှိတဲ့ အဖိုးတန်ဆုံးအရာကို မင်းကို ပေးပြီးပြီပဲ၊ အဲ့တော့ ပိုက်ဆံအကြောင်း ထပ်မပြောကြေး"
လင်းပိုင်ဖန်က သူမကို ထပ်မံဖက်ကာ နောက်ထပ် တစ်ချက် ထပ်နမ်းလိုက်သည် - "မလုံလောက်သေးရင် နောက်ထပ် အကြိမ်ပေါင်းများစွာ နမ်းပေးဦးမယ်လေ"
ယောင်ယောင် : "..."
"ထားလိုက်တော့... ထားလိုက်တော့... ရှင် နိုင်တယ်"
ယောင်ယောင်က စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြလိုက်သည် - "ကျွန်မ ပြောပြမယ်။ ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ စုံစမ်းချက်အရ ဒီသတင်းက မဟာလော့ကနေ အရင်ဆုံး ပျံ့လာတာ။ ပြီးတော့မှ တခြား အင်အားကြီး မိသားစုတွေနဲ့ အဖွဲ့အစည်းတွေက နောက်ကွယ်ကနေ ပါဝင်ပြီး သတင်းကို အမြန်ဆုံး ဖြန့်လိုက်ကြတာ။ တစ်နည်းပြောရရင် ရှင်က မဟာလော့ရဲ့ ကစားတာကို ခံလိုက်ရတာပဲ"
"ဒါကြောင့်ကိုး... ငါ့ကို ဒုက္ခပေးဖို့ မဟာလော့က တကယ်ကို မရပ်မနား ကြိုးစားနေတာပဲ"
လင်းပိုင်ဖန်မှာ အလွန်ဒေါသထွက်သွားသည် - "နှင်းကပ်ဘေးဒုက္ခတုန်းကလည်း မဟာရှနိုင်ငံမှာ အအေးဒဏ်ကာကွယ်တဲ့ ပစ္စည်းတွေ မကျန်အောင် သူတို့ လုပ်ခဲ့ကြသေးတယ်။ ကံကောင်းလို့သာ ငါတို့တွေ အသက်ဘေးက လွတ်ခဲ့တာ။ အခု တစ်မျိုးမရတော့ နောက်တစ်မျိုးနဲ့ ငါတို့ကို ထောင်ချောက်ဆင်ပြန်ပြီ။ ဒါက အရမ်း ယုတ်မာပြီး အောက်တန်းကျလွန်းတယ်။ သူတို့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး"
"ဒါဆို ရှင် ဘာလုပ်ဖို့ စိတ်ကူးရှိလဲ" ယောင်ယောင်က မျက်တောင်ခတ်ရင်း မေးလိုက်သည်။ သူမ စိတ်ထဲတွင် လင်းပိုင်ဖန်မှာ တစ်ခုခုကို ဟန်ဆောင်နေသလို ခံစားနေရသည်။
လင်းပိုင်ဖန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး - "ဒါပေါ့... မဟာလော့ကို စစ်ကြေညာရမှာပေါ့။ အသေအကြေကို စစ်တိုက်ရတာပေါ့"
"ဘာ..." ယောင်ယောင်မှာ အံ့သြတုန်လှုပ်သွားလေသည်။
***