"မဟာလော့ကို စစ်ကြေညာမယ် ဟုတ်လား... ရှင် ရူးသွားပြီလား"
ယောင်ယောင်မှာ မနေနိုင်ဘဲ ပြောလိုက်သည် - "မဟာလော့ရဲ့ နောက်ကွယ်မှာ တာအိုဂိုဏ်းတစ်ခုလုံး ရှိနေတာလေ။ ရှင်က မဟာလော့ကို စစ်တိုက်တယ်ဆိုတာ တာအိုဂိုဏ်းကို ရန်သူလုပ်လိုက်တာနဲ့ အတူတူပဲ။ တာအိုဂိုဏ်းဆိုတာ ဒီလောကရဲ့ ထိပ်တန်းအင်အားစုကြီး တစ်ခုပဲ၊ ရှင့်ရဲ့ မဟာရှနိုင်ငံကတော့ သာမန်နိုင်ငံလေးပဲ ရှိသေးတာ။ ဒါက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတာကို ရှင်က ဘယ်လိုသတ္တိမျိုးနဲ့ စိန်ခေါ်ဝံ့တာလဲ"
"ဒါဆို ငါကပဲ ဒီအတိုင်း အရှုံးပေးပြီး ငြိမ်ခံနေရမှာလား"
လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် - "သူတို့က ဒီနေ့ ငါ့ကို ထောင်ချောက်ဆင်ရဲရင် နောက်နေ့ကျ ပိုဆိုးတာတွေ လုပ်လာဦးမှာပဲ။ သူတို့ကို ကောင်းကောင်းကြီး ပညာမပေးလိုက်ရင် သူတို့ရဲ့ အမှားကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။ လူရှိလား…"
"ရှိကြောင်းပါ အရှင်မင်းကြီး" လျူမိန်းမစိုး ရောက်ရှိလာသည်။
လင်းပိုင်ဖန်က "ငါရဲ့ အမိန့်တော်စာကို ပြင်ဆင်လိုက်။ အနောက်ဘက်တပ်မတော်ဆီကို ပို့ပြီး မဟာလော့နိုင်ငံထဲကို စစ်ချီဖို့ အမိန့်ပေးလိုက်စမ်း"
လျူမိန်းမစိုးမှာ ဤအမိန့်ကြောင့် အံ့သြသွားသော်လည်း "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ယောင်ယောင်မှာ အထိတ်တလန့်ဖြစ်သွားကာ "ရှင် တကယ်ပြောနေတာလား"
"အတည်ပေါ့" လင်းပိုင်ဖန်က ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်သည်။
"နေဦး... အလောတကြီး မလုပ်နဲ့ဦး။ ဒီစစ်ပွဲက ပေါ့သေးသေးမဟုတ်ဘူး၊ ကျွန်မ ပြန်သွားပြီး ဆရာနဲ့ အရင်တိုင်ပင်လိုက်ဦးမယ်" ဟု ယောင်ယောင်က ဆိုလိုက်သည်။
"မင်း စိတ်ကြိုက် သွားတိုင်ပင်ပါ။ ဒါပေမဲ့ ဒီစစ်ပွဲကိုတော့ ငါ တိုက်ကိုတိုက်ရမယ်"
လင်းပိုင်ဖန်သည် နန်းတွင်းစာကြည့်ဆောင်သို့ ပြန်သွားပြီး အဆင့်မြင့်သိုင်းပညာရှင်များကို စုဝေးကာ အမိန့်တော်စာအား 'ကျားဖြူခံတပ်' ဆီသို့ အမြန်ဆုံး ပို့ဆောင်စေလိုက်သည်။
ထိုအချိန်တွင် ယောင်ယောင်မှာ အမည်မသိ တောင်ထိပ်ပေါ်သို့ အပြေးအလွှား ပြန်ရောက်လာပြီး မိစ္ဆာဂိုဏ်းချုပ်နှင့် တွေ့ဆုံနေပြီဖြစ်သည်။
"ဆရာ... ကိစ္စကကြီးတော့မယ်"
"ဘာတွေဖြစ်လို့လဲ ယောင်ယောင်"
မိစ္ဆာဂိုဏ်းချုပ် 'ဇီလျိုလီ' က သူမ၏ ချစ်တပည့်မလေးကို ကြည့်ကာ ပြုံးလိုက်ပြီး - "ဘာလို့ မဟာရှနိုင်ငံကနေ အခုလို အပြေးအလွှား ပြန်လာတာလဲ"
"ဆရာ... အရေးကြီးတဲ့ ကိစ္စဖြစ်နေပြီ"
ယောင်ယောင်က အလောတကြီး ပြောလိုက်သည် - "အဲ့ဒီ ငတုံးဧကရာဇ်က မဟာလော့နိုင်ငံက သူ့နောက်ကွယ်မှာ သတင်းတွေဖြန့်ပြီး ဒုက္ခပေးနေတာကို သိသွားလို့ အရမ်းဒေါသထွက်နေတယ်။ အခု သူက စစ်သည်တွေကို စုစည်းနေပြီ၊ မကြာခင် မဟာလော့ကို စစ်ကြေညာတော့မယ်"
"ဘာ…" မိစ္ဆာဂိုဏ်းချုပ်ပင် မှင်တက်သွားလေသည်။
သူမ၏ ပထမဆုံးအတွေးမှာ 'လင်းပိုင်ဖန် ရူးသွားပြီလား' ဟူ၍ပင် ဖြစ်သည်။ သို့သော် ဒုတိယအတွေးမှာမူ 'လင်းပိုင်ဖန်က ဒီလောက် လိမ္မာပါးနပ်တာ၊ ဘာလို့ ဒီလို မိုက်မဲတဲ့အလုပ်မျိုး လုပ်မှာလဲ' ဟူ၍ ဖြစ်သည်။
သို့ဆိုလျှင် သူ့နောက်ကွယ်က 'တစ်စုံတစ်ယောက်' က ခွင့်ပြုချက်ပေးလိုက်လို့များလား။
မိစ္ဆာဂိုဏ်းချုပ် စဉ်းစားလေလေ၊ ထိုအချက်က ပိုဖြစ်နိုင်လေလေဟု ထင်လာမိသည်။ သို့မဟုတ်လျှင် သူသည် ဤမျှ သတ္တိရှိစရာ အကြောင်းမရှိပေ။
ယောင်ယောင်က စိုးရိမ်တကြီးဖြင့် - "ဆရာ... သူ့ရဲ့ အမိန့်တော်စာက ထွက်သွားပြီ၊ စစ်တပ်ကလည်း အသင့်ပဲ။ ကျွန်မတို့ ဘာလုပ်ကြမလဲ"
မိစ္ဆာဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး - "ယောင်ယောင် စိတ်မပူပါနဲ့၊ သူ တစ်ခုခု ကြံစည်ထားတာ ရှိပါလိမ့်မယ်"
"ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ သူလုပ်နေတာက ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုပဲ၊ ကိုယ့်သေတွင်းကိုယ် တူးနေတာ" ယောင်ယောင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာဂိုဏ်းချုပ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
‘ ကျောက်ခဲကို ကြက်ဥနဲ့ပေါက်တယ် ဟုတ်လား’
ထို 'လူသား' ရှိနေသရွေ့တော့ ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိပေ။
တာအိုဂိုဏ်းကသာ အစွမ်းကုန် အင်အားသုံးပြီး သူတို့ရဲ့ ဘိုးဘေးအဆင့် သိုင်းပညာရှင်ကြီးကို ထုတ်သုံးလာလျှင်တောင်မှ နှစ်ဖက်လုံးက အင်အားချင်း မျှနေဦးမည်သာ ဖြစ်သည်။
"ကဲ... ဒီလိုလုပ်ကြတာပေါ့ ယောင်ယောင်။ မင်းရဲ့ အချစ်တော်လေးအတွက် တကယ် စိတ်ပူနေတယ်ဆိုရင် ငါတို့ မိစ္ဆာဂိုဏ်းက သိုင်းပညာရှင်တွေကို ခေါ်သွားပြီး သူ့ကို ကူညီပေးလိုက်ပေါ့"
ယောင်ယောင်မှာ နောက်တစ်ကြိမ် အံ့သြသွားပြန်သည် - "ဆရာ... ကျွန်မတို့ မိစ္ဆာဂိုဏ်းကပါ ဝင်ပါရမှာလား"
မိစ္ဆာဂိုဏ်းနှင့် တာအိုဂိုဏ်းမှာ နှစ်ပေါင်းထောင်ချီတိုင် ရန်ဘက်တွေ ဖြစ်ခဲ့ကြသော်လည်း တကယ့် အကျိုးစီးပွားကို ထိခိုက်မှသာ ထိပ်တိုက်ရင်ဆိုင်လေ့ ရှိကြသည်။ ဤစစ်ပွဲက မိစ္ဆာဂိုဏ်းနှင့် ဘာမှ မသက်ဆိုင်နေပေ။
"ငါတို့ မိစ္ဆာဂိုဏ်းက မဖြစ်မနေ ပါဝင်ရမယ်။ ဆီမီးကို မှောင်နေချိန်မှာ ထွန်းပေးတာကမှ ပိုပြီး တန်ဖိုးရှိတာပေါ့"
မိစ္ဆာဂိုဏ်းချုပ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး - "သွားတော့... ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်ပေးတံဆိပ်ပဲ။ ဒါကိုယူပြီး လူအင်အား စုစည်းလိုက်"
ယောင်ယောင်မှာ တံဆိပ်ကိုကိုင်ကာ မှင်တက်ကာ ကျန်ရစ်ခဲ့သည်။ ဤတံဆိပ်သည် ဂိုဏ်းတစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်ကို စေခိုင်းနိုင်ရုံသာမက ကောင်းကင်အဆင့် အကြီးအကဲတစ်ယောက်ကိုပင် အကူအညီတောင်းနိုင်သည်။
သူမ၏ ဆရာက မဟာရှနိုင်ငံကို ဘာကြောင့် အခုလို အစွမ်းကုန် ကူညီနေရသည်ကို ယောင်ယောင် နားမလည်နိုင်သော်လည်း ဤတံဆိပ်ရှိလျှင် မဟာရှနိုင်ငံအတွက် မျှော်လင့်ချက် ရှိသွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
"ဆရာ... ကျွန်မ သွားပြီနော်။ သတင်းကောင်းကိုသာ စောင့်နေပါ" ယောင်ယောင်က ဝမ်းသာအားရဖြင့် တောင်အောက်သို့ ပြေးဆင်းသွားလေသည်။
ထိုအချိန်တွင် ဖြူကျားခံတပ်၌ တပ်စွဲထားသော အနောက်ဘက်တပ်မတော်သည် လင်းပိုင်ဖန်၏ အမိန့်တော်စာကို လက်ခံရရှိပြီးဖြစ်သည်။
စုစုပေါင်း စစ်သည် ၆ သိန်းအနက် ၁ သိန်းကို ခံတပ်စောင့်ရန် ချန်ထားခဲ့ပြီး ကျန်စစ်သည် ၅ သိန်းကို ဝူစန်းကွေ့က ဦးဆောင်ကာ ခံတပ်တံခါးများကို ဖွင့်၍ မဟာလော့နိုင်ငံအတွင်းသို့ အလစ်အငိုက် စစ်ဆင်လိုက်ကြသည်။
ထိုနေရာတွင် တပ်စွဲထားသော မဟာလော့စစ်တပ်မှာ မဟာရှနိုင်ငံက သူတို့ကို အရင်စတင် တိုက်ခိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
ထို့ထက် ပိုဆိုးသည်မှာ မဟာရှစစ်တပ်အတွင်းတွင် အဆင့်မြင့်သိုင်းပညာရှင် ၁၀ ယောက်ကျော် ပါဝင်နေခြင်းပင်။ မဟာလော့စစ်တပ်တွင်မူ ၂ ယောက်၊ ၃ ယောက်သာ ရှိသည်။
မကြာမီအချိန်အတွင်းမှာပင် မဟာလော့၏ ခံတပ်ကြီး ကျိုးပျက်သွားလေသည်။ မဟာရှစစ်တပ်သည် ခံတပ်ကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ဆက်လက်ချီတက်ပြီး မြို့များကို အံ့သြဖွယ် အရှိန်အဟုန်ဖြင့် သိမ်းပိုက်လေတော့သည်။
ဤရုတ်တရက် ဖြစ်ပွားလာသော စစ်ပွဲသတင်းသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
"မဟာရှနိုင်ငံက တကယ်ကြီး မဟာလော့ကို တိုက်ခိုက်ရဲတယ်လား... အံ့ဩစရာပဲ"
"တကယ်ကို မယုံနိုင်စရာပဲ။ သူတို့နောက်က တာအိုဂိုဏ်းကို မကြောက်ဘူးလား"
"မကြောက်လို့ စတိုက်တာနေမှာပေါ့"
"ဒီစစ်ပွဲက အရမ်းထူးဆန်းပြီး ရုတ်တရက် ဆန်လွန်းတယ်။ ဒါက မဟာရှဧကရာဇ်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ သူတစ်ယောက်ပဲ ဒီလို ထင်မှတ်မထားတဲ့ အလုပ်မျိုးကို လုပ်တတ်တာ"
"တစ်ယောက်ယောက် ခန့်မှန်းကြည့်ပါဦး... ဘယ်သူနိုင်မလဲဆိုတာ"
တစ်ဖက်က တက်သစ်စ အင်အားကြီးနိုင်ငံ၊ နောက်တစ်ဖက်ကတော့ တာအိုဂိုဏ်းက ကျောထောက်နောက်ခံ ပြုထားသည့် နိုင်ငံသစ်။ ဤစစ်ပွဲက အလွန်ပင် စိတ်ဝင်စားဖို့ ကောင်းနေပေသည်။
တစ်လောကလုံး၏ မျက်လုံးများမှာ ဤစစ်ပွဲပေါ်သို့ ရောက်ရှိနေကြသည်။
မဟာလော့ နန်းတော်အတွင်း၌ မဟာလော့ဧကရာဇ်မှာ မျက်နှာဖြူလျော့ကာ ထိတ်လန့်တုန်လှုပ်နေသည် - "မဟာရှနိုင်ငံက ဘယ်လိုတောင် သတ္တိရှိရတာလဲ"
သူသည် တာအိုဂိုဏ်းက ကျောထောက်နောက်ခံပြုထားသည့် ဧကရာဇ်ဖြစ်ကြောင်း သတိပြုရန် လိုပေသည်။ တာအိုဂိုဏ်း၏ အထောက်အပံ့ ရရှိထားသူတိုင်းသည် အင်အားကြီးမားသော အုပ်ချုပ်သူများ ဖြစ်လာကြစမြဲပင်။ သူ့ကို ဆန့်ကျင်ခြင်းမှာ တာအိုဂိုဏ်းကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။
လောကကြီးတွင် တာအိုဂိုဏ်းကို ယှဉ်နိုင်သည့် အင်အားစု အနည်းငယ်သာ ရှိသည်။ မဟာရှကဲ့သို့ သာမန်နိုင်ငံလေးက ဘာကြောင့် စစ်ချီရဲရသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။
ထိုစဉ် 'စုန့်ယွီဖေး' က လေထဲတွင် ဝဲပျံ၍ ရောက်ရှိလာကာ စိုးရိမ်တကြီးဖြင့် - "အရှင်မင်းကြီး... ဒီစစ်ပွဲက ထူးဆန်းနေတယ်။ နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်။ ကျွန်မ မဟာရှကို သွားပြီးတော့ ဒီစစ်ပွဲကို ရှောင်လွှဲလို့ရမလားဆိုတာ ဧကရာဇ်ကို မေးမြန်းပေးပါ့မယ်"
"နတ်မိမယ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး"
မဟာလော့ဧကရာဇ်က လက်ယမ်းပြကာ - "အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ကျုပ်ကို တိုက်ခိုက်ရဲမှတော့ သူတို့က ကျုပ်ရန်သူပဲ။ ရန်သူတွေအပေါ်မှာ ကျုပ် ဘယ်တော့မှ ကြင်နာလေ့မရှိဘူး"
သူသည် စစ်သည်များနှင့် ဗိုလ်ချုပ်များကို ချက်ချင်း စုဝေးစေလိုက်သည်။
စုန့်ယွီဖေးမှာ အခြေအနေများက သူမ ထင်မှတ်ထားသည်ထက် ကျော်လွန်သွားကာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် မဟာရှနိုင်ငံဆီသို့ ဦးတည်ကာ ထွက်ခွာသွားလေတော့သည်။
***