"ဖန်မို... မင်းရဲ့ တုံ့ပြန်မှုက တကယ်ကို မြန်တာပဲ... မင်း မှော်ပညာ ထုတ်လွှတ်တဲ့ အရှိန်က ငါတို့ပါ လန့်သွားတယ်...မှော်သားရဲကို မြင်တာနဲ့ ခြေမခိုင်တော့တဲ့ ကျောင်းဆင်းမှော်ဆရာမျိုးလို့ ငါတို့ ထင်ထားခဲ့တာ..." လီဝန်ကျဲက မိုဖန်အနားသို့ လျှောက်လာပြီး ပုခုံးကို အကြိမ်အနည်းငယ် ပုတ်ကာ ချီးကျူးလိုက်၏။
"ဟုတ်တယ်... မင်း အသုံးဝင်လာဖို့အတွက် အနည်းဆုံး နှစ်ဝက်လောက်တော့ ငါတို့က စောင့်ရှောက်ပေးရမယ် ထင်နေတာ။ မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက အရမ်းကောင်းပြီး ချိုက်ထန်ကိုတောင် ကယ်နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ...ချိုက်ထန်... မင်း သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်သက်လုံး ပေါင်းဖက်သွားသင့်တယ်နော်..." ဖေးရှီက ရယ်မောရင်း နောက်ပြောင်လိုက်သည်။
မိုဖန်သည် လက်တွေ့အတွေ့အကြုံ ၊ အလုပ်အကိုင် ရာဇဝင် တစ်ခုမျှ မရှိဘဲ ဤရာထူးကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် မုဆိုးအဖွဲ့၏ အနိမ့်ဆုံး သတ်မှတ်ချက်မှာ မှော်သားရဲ အနည်းဆုံး ၁၀ ကောင် သတ်ဖူးရမည် ဖြစ်၏။ အကယ်၍ မိုဖန်သာ အခြားသော ဒြပ်စင်ပိုင်ရှင် ဖြစ်ခဲ့လျှင် ဤထိပ်တန်း မုဆိုးအဖွဲ့က သူ့ကို လက်ခံမည် မဟုတ်ချေ။ မီးဒြပ်စင် ပိုင်ရှင်များကိုပင် အထူးတလည် မလိုအပ်ပေ။ အကြောင်းမှာ မြို့ပြမုဆိုးအဖွဲ့သည် မြို့အတွင်း၌ မှော်သားရဲများကို တိုက်ခိုက်ရခြင်း ဖြစ်သောကြောင့်ပင်။ အကယ်၍ အခြားသော မုဆိုးများက မှော်သားရဲအား ရင်မဆိုင်နိုင်လျှင် ၎င်းတို့ကိုယ်တိုင်သာ သေဆုံးသွားမည် ဖြစ်သော်လည်း၊ မြို့ပြမုဆိုးများသာ ရင်မဆိုင်နိုင်ခဲ့ပါက သာမန်ပြည်သူများအပေါ်တွင်ပါ ဆိုးကျိုးများ သက်ရောက်သွားနိုင်သောကြောင့်ပင်။
မြို့ပြမုဆိုးအဖွဲ့၏ တာဝန်မှာ အလွန်ပင် ကြီးလေးလှသဖြင့် အဖွဲ့ဝင်တိုင်းသည် ထိပ်တန်း မုဆိုးမှော်ဆရာများ ဖြစ်ရန် လိုအပ်ပေသည်။ သို့သော်လည်း လျှပ်စီးမှော်ဆရာတစ်ဦး၏ ရှားပါးမှုနှင့် ၎င်းတို့၏ မှော်ပညာ စွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားကာ၊ မုဆိုးအဖွဲ့သည် ဘာမျှမသိသေးသော ဤလူသစ်လေးကို နှစ်ဝက်ခန့် အချိန်ပေးကာ လေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ လူတိုင်း၏ အမြင်တွင် မိုဖန်မှာ မှော်သားရဲနှင့် တွေ့လျှင် မှော်ပညာပင် ထုတ်လွှတ်နိုင်မည် မဟုတ်သော လူသစ်ကလေး တစ်ဦးသာ ဖြစ်ပေသည်။
သို့သော် ယခုလေးတင် သူ၏ လျှပ်စီးတိုက်ခိုက်မှုကို မျက်စိတစ်မှိတ်အတွင်း ထုတ်လွှတ်လိုက်ပုံ၊ သူ၏ တုံ့ပြန်မှု အရှိန်နှင့် ကြယ်လမ်းကြောင်းများကို ထိန်းချုပ်ပုံတို့မှာ မုဆိုးအဖွဲ့အား သူ့အပေါ် အမြင်သစ်များ ဖြစ်ပေါ်သွားစေခဲ့၏။
အထူးသဖြင့် ချိုက်ထန်ပင် ဖြစ်သည်။ အစပိုင်းတွင် သူသည် လူသစ်ဖြစ်သော မိုဖန်ကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခဲ့သော်လည်း၊ အရေးကြီးဆုံးအချိန်တွင် သူ၏ အသက်ကို ကယ်တင်ခဲ့သူမှာ ဤလူသစ်လေး ဖြစ်နေသည် မဟုတ်ပါလား။ သူမ၏ ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေတော့၏။
"ကောင်းပြီ... လီဝန်ကျဲ၊ ဖေးရှီ၊ မင်းတို့ နှစ်ယောက် စားသောက်ဆောင်ထဲကို သွားစစ်ဆေးလိုက်ဦး။ တခြား မှော်သားရဲ မရှိတော့ဘူးဆိုရင် ကျန်တာကို ရဲတွေကိုပဲ လွှဲလိုက်ကြမယ်...အဲ့ဒီ မိန်းကလေး အသက်ရှင်နေသေးရင်ပေါ့..." ရွှီတာဟွမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား အများအပြား လိုအပ်လှပေသည်။ မုဆိုးအဖွဲ့၏ အဓိက တာဝန်မှာ အန္တရာယ်ဖြစ်စေသော အရာများကို ဖယ်ရှားရန်သာ ဖြစ်၏။ ထို့နောက်တွင်မူ ဖေးရှီနှင့် လီဝန်ကျဲတို့မှာ ပျောက်ဆုံးနေသော လင်ယွမ်အာကို ရှာဖွေရာတွင် ရဲတပ်ဖွဲ့ကို ကူညီပေးရန်သာ လိုအပ်ပေသည်။ သို့သော်လည်း တစ်ပတ်ကျော် ကြာသွားပြီဖြစ်သဖြင့် ထိုမိန်းကလေး အသက်ရှင်ရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးနေချေသည်။
ဝီ....
မိုဖန် ထွက်ခွာရန် ပြင်လိုက်စဉ် သူ၏ ရင်ဘတ်ပေါ်ရှိ ဆွဲသီးမှာ ရုတ်တရက် တုန်ခါလာ၏။
"ဝိညာဉ်အကြွင်းအကျန်ရှိနေတာလား..."
မိုဖန်သည် ဝမ်းသာသွား၍ မျက်လုံးကြီး ကြွက်လူဝံ၏ အလောင်းအနားသို့ အမြန် လျှောက်သွားလိုက်သည်။ ကြွက်၏ အလောင်းထဲမှနေ၍ မီးစုန်းပိုးလေးကဲ့သို့ အပြာရောင် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ဖယောင်းတိုင်မီးတောက်လေးကဲ့သို့ သေးငယ်လှပြီး မိုဖန်၏ လည်ပင်းရှိ ဆွဲသီးအတွင်းသို့ တဖြည်းဖြည်းချင်း စုပ်ယူခံလိုက်ရလေတော့သည်။
အခြားသူများမှာ အလုပ်ရှုပ်နေကြသဖြင့် ဤမြင်ကွင်းကို သတိမပြုမိကြချေ။ မိုဖန်သည် ကြွက်၏ ဝိညာဉ်အကြွင်းအကျန်ကို သူ၏ ဆွဲသီးအတွင်းသို့ အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ဆွဲသီးတွင် ဝိညာဉ်အကြွင်းအကျန်များကို အလိုအလျောက် စုပ်ယူနိုင်သော စွမ်းရည်ရှိပေသည်။ လွန်ခဲ့သော အကြိမ်က ဝိညာဉ်ဝံပုလွေကို သတ်စဉ်ကလည်း ၎င်းသည် ဝိညာဉ်အကြွင်းအကျန်ကို စုပ်ယူခဲ့ဖူး၏။
ကံမကောင်းသည်မှာ ဤဆွဲသီးကို အမှန်တကယ် အားကောင်းစေရန်မှာ ဝိညာဉ်အကြွင်းအကျန်ထက် ပို၍ ဖြူစင်သော ဝိညာဉ်အနှစ်သာရ လိုအပ်ခြင်းပင် ဖြစ်သည်။ ဤဝိညာဉ်အကြွင်းအကျန်များကို စုပ်ယူခြင်းက ဘယ်အရာများ ထူးခြားလာလိမ့်မည်နည်း။ မိုဖန် အိမ်သို့ပြန်ရောက်လျှင် သေချာလေ့လာရပေလိမ့်မည်။
ထို့ပြင် မှော်အစည်းအရုံးနှင့် မုဆိုးအစည်းအရုံးတို့တွင်လည်း ဝိညာဉ်အကြွင်းအကျန်များကို ရောင်းချလေ့ရှိ၏။ တစ်ခုလျှင် ယွမ်တစ်သောင်းခန့် ဈေးပေါက်ပေသည်။ အကယ်၍ ဝိညာဉ်အကြွင်းအကျန်များ လုံလုံလောက်လောက် စုပ်ယူနိုင်လျှင် ဆွဲသီးကို အဆင့်တက်စေနိုင်မည် ဖြစ်သည်။ ဘယ်နည်းဖြင့်မဆို အဓိက တာဝန်မှာ ဆွဲသီးကို အဆင့်တက်စေဖို့ပင်။ ထိုမှသာ မိုဖန်၏ မီးတောက်ပေါက်ကွဲမှုကို တတိယအဆင့် သို့ ရောက်အောင် လုပ်နိုင်မည်ဖြစ်သည်။
"ဟင်... လျှပ်စီးကြယ်မှုန်တွေက ပြောင်းလဲလာသလိုပဲ။ မဟုတ်မှလွဲရော..."
ရုတ်တရက် မိုဖန်သည် သူ၏ လျှပ်စီးကြယ်မှုန်အတွင်းရှိ ကြယ်ကလေးများမှာ အလွန်အမင်း လှုပ်ရှားနေသည်ကို ခံစားလိုက်ရ၏။ ဤလှုပ်ရှားမှုမှာ သူ၏ မီးဒြပ်စင်ကြယ်ကလေးများ ပြောင်းလဲခဲ့စဉ်ကနှင့် ဆင်တူလှပေသည်။ ထိုစဉ်က ပြောင်းလဲမှုကြောင့် မိုဖန်သည် မီးတောက်ပေါက်ကွဲမှုကို ပထမအဆင့်မှ ဒုတိယအဆင့် အရိုးထိလောင်ကျွမ်းခြင်း သို့ တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်၏။
ဆိုလိုသည်မှာ သူ၏ လျှပ်စီးတိုက်ခိုက်မှု မှာလည်း အဆင့်တက်တော့မည် ဖြစ်ပေသည်။ ယခင်က ကျင့်ကြံနေစဉ်တွင် လျှပ်စီးကြယ်ကလေးများမှာ ဘာတုံ့ပြန်မှုမျှ မရှိခဲ့ချေ။ ယနေ့တွင် လျင်မြန်စွာ မှော်ပညာ ထုတ်လွှတ်လိုက်ခြင်းက ၎င်းတို့ကို ပြောင်းလဲသွားစေလိမ့်မည် ဘယ်သူ ထင်မည်နည်း။။ ဤသည်မှာ ယနေ့ တိုက်ပွဲအတွေ့အကြုံကြောင့်လား သို့မဟုတ် ဝိညာဉ်အကြွင်းအကျန်ကို စုပ်ယူလိုက်ခြင်းကြောင့်လား ဆိုသည်ကိုမူ မိုဖန် မသေချာချေ။
မိုဖန်၏ မီးဒြပ်စင်မှာ ဒုတိယအဆင့်သို့ရောက်နေပြီ ဖြစ်၏။ မယုံနိုင်ဖွယ် ထိုလျှပ်စီးဒြပ်စင်၏ ဒုတိယအဆင့်မှာလည်း မည်သည့်အစွမ်းများ ပေါ်ထွက်လာနိုင်မည်နည်း။ မိုဖန်သည်လည်း ရင်ခုန်စိတ်လှုပ်ရှားနေပေသည်။ မိုဖန် မမျှော်လင့်ထားသော အချက်မှာ သူ၏ ပထမဆုံး တာဝန်မှာပင် အခကြေးငွေ ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောင်းဘက်မှ ဤပြဿနာကို ဖြေရှင်းရန်အတွက် မြို့ပြမုဆိုးအဖွဲ့ကို ယွမ် ၂၀၀,၀၀၀ ပေးချေခဲ့ခြင်း ဖြစ်၏။ မိုဖန်သည် ထိုအထဲမှ ၁၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ သူသည် မကြာသေးမီကမှ အဖွဲ့ထဲဝင်ထားသူဖြစ်သဖြင့် ပုံမှန်ဆိုလျှင် အလုပ်သင် လစာကိုသာ ရရှိမည် ဖြစ်သော်လည်း၊ သူသည် ရှားပါးသော လျှပ်စီးမှော်ဆရာ ဖြစ်ခြင်းနှင့် ယနေ့တွင် ထူးချွန်စွာ အစွမ်းပြသနိုင်ခဲ့ခြင်းတို့ကြောင့် အဖွဲ့သားများက သူ့အား အပြည့်အဝ ခွဲဝေပေးခဲ့ကြခြင်း ဖြစ်ပေသည်။ ၁၀ ရာခိုင်နှုန်း ဆိုသည်မှာ ယွမ် ၂၀,၀၀၀ ဖြစ်၏။ ဤသည်မှာ သူ၏ ဖခင် ၆ လစာ ဝင်ငွေနှင့် ညီမျှပေသည်။
မိုဖန်သည် ဤပိုက်ဆံများကို အလဟဿ မသုံးချင်သဖြင့် သေချာစွာ သိမ်းဆည်းထားလိုက်၏။ ထိုအရာမှာ မိုဖန်၏ ပထမဆုံးသော လုပ်အားခပင်။ အန္တရာယ်ရှိသည်မှာ မှန်သော်လည်း ရရှိသော အကျိုးအမြတ်မှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုများပြားလှပေသည်။ မြို့ပြင်က မုဆိုးများ ရရှိသည်ထက်ပင် သာလွန်လှရာ၊ လူအများစုက မြို့ပြမုဆိုးအဖွဲ့ထဲ ဝင်ရန် အစွမ်းကုန် ကြိုးစားကြသည်မှာ မဆန်းတော့ချေ။
....
မုမိသားစု၏ ခြံဝန်းအတွင်း ပြာလဲ့နေသော ကိုယ်ပိုင်ရေကူးကန်ထဲတွင် ရေလှိုင်းလေးများ တလှုပ်လှုပ် ရှိနေ၏။ မူဟဲသည် ရေကူးနေရာမှ ဘောင်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ ကိုယ်ပေါ်တွင် ရေများ စိုရွှဲနေဆဲဖြစ်ပြီး၊ ထီးမိုးထားသော ကုလားထိုင်ပေါ်တွင် လဲလျောင်းလိုက်၏။ ထို့နောက်တွင် သူသည် အညိုရောင် အသားအရေရှိသော ရေကူးနည်းပြဆရာမလေး၏ ရင်ဘတ်ကို မသိမသာ ခိုးကြည့်လိုက်လေသည်။
ဂျိ... ဂျိ... ဂျိ...
မူဟဲ စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် ရေကူးကန် မျက်နှာပြင်ပေါ်တွင် ရေခဲလွှာလေးများ ဖုံးလွှမ်းလာသည်ကို တွေ့လိုက်ရ၏။ ရေမျက်နှာပြင်မှာ လျင်မြန်စွာပင် ခဲသွားတော့သည်။
"မလုပ်ပါနဲ့... ငါ ခဏနေရင် ထပ်ကူးဦးမှာလေ..." မူဟဲ ခေါင်းကိုက်သွားရ၏။ သူ စကားမဆုံးခင်မှာပင် ရေကူးကန်တစ်ခုလုံးမှာ ဆောင်းရာသီရောက်သွားသကဲ့သို့ ခဲသွားခဲ့ပြီ ဖြစ်ရာ၊ သူ ရယ်ရခက် ငိုရခက် ဖြစ်သွားရတော့သည်။
"ဦးလေးဟဲ... ကျွန်တော့်အဖေက ဦးလေးကို လာခဲ့ဖို့ ပြောနေတယ်..." အေးစက်သော အကြည့်ရှိသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦးက လှမ်းပြောလိုက်၏။
"ယုအန်း... မင်းရဲ့ ရေခဲကြယ်မှုန်တွေက ပိုပြီး သန်မာလာပါလား...မင်းရဲ့ လေ့ကျင့်မှုတွေက ဘယ်လိုလဲ..."
မူဟဲက ကျေနပ်သော အမူအရာဖြင့် မေးလိုက်သည်။
"တိုးတက်မှုက နည်းနည်း နှေးနေတယ်..." ယုအန်း ပြန်ဖြေ၏။
"မင်းက ဒါကိုတောင် နှေးတယ်လို့ ပြောသေးတာလား..." မူဟဲက မချိပြုံး ပြုံးရင်း ဆိုလိုက်သည်။
"တခြားသူတွေက ရေခဲပြန့်နှံ့ခြင်း ရဲ့ ပထမအဆင့်မှာပဲ ရှိနေကြသေးတာလေ မင်းက ဒုတိယအဆင့် အေးခဲစေခြင်းတောင် တတ်မြောက်နေပြီ... မင်းရဲ့ ကျင့်ကြံမှု အရှိန်နဲ့ဆိုရင် နှစ်နှစ်တောင် မပြည့်ခင် တတိယအဆင့် ဖုံးလွှမ်းခြင်းကို ရောက်မှာ သေချာတယ်။ အဲ့ဒီအဆင့်က အကွာအဝေး အကျယ်ကြီးကို ဖုံးလွှမ်းနိုင်တာလေ..."
"နှစ်နှစ်လား.... အဲ့ဒါက ကြာလွန်းပါသေးတယ်..." ယုအန်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
"မင်းကသာ မင်းရဲ့ ကျင့်ကြံမှုအပေါ် အမြဲတမ်း မကျေမနပ်ဖြစ်နေတာ... တကယ်တော့ မင်းက ရွယ်တူတွေထက်တောင် အများကြီး ပိုပြီး ထူးချွန်နေတာ...အင်း..ဟုတ်သား... မင်းနဲ့ မူနင်းရွှဲ ကြားမှာတော့ သိသိသာသာ ကွာခြားချက် ရှိနေသေးတာပေါ့။ ဒါပေမဲ့ မူနင်းရွှဲက သိပ်ကို ထူးခြားလွန်းတာလေ။ မင်းရဲ့ အဖေ မူကျားယွမ်က မိုဖန်ကို တေးထားတာ မင်းသိမှာပါ.. နောက်နှစ်...မင်း အဲ့ဒီကောင်ကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့ရင်၊ မင်းရဲ့ အဖေက မင်းကို အံ့အားသင့်စရာ လက်ဆောင်တစ်ခု ပေးမှာ သေချာတယ်..." မူဟဲက ရယ်မောရင်း ပြောလိုက်၏။
"အဲ့ဒီ အမှိုက်ကို ကျွန်တော်ကတော့ လုံးဝကို အရေးမစိုက်ပါဘူး..." ယုအန်းက အေးစက်စွာ ပြောလိုက်တော့သည်။
အခန်း(၆၁)ပြီး
***