ယုအန်း၏ ကြိုးစားအားထုတ်မှုမှာ သူကိုယ်တိုင်အတွက်ပင် ဖြစ်သည်။ သူ၏ဖခင် မူကျားယွမ်က နောက်တစ်နှစ်တွင် မှော်တိုက်ပွဲတစ်ခု စီစဉ်ထားသော်လည်း ယုအန်းကမူ ထိုကိစ္စကို စိတ်ထဲ၌ လုံးဝ မထားချေ။
"မင်း အရင်သွားနှင့်လေ၊ ငါ ချက်ချင်း လိုက်လာခဲ့မယ်" မူဟဲက ပြောလိုက်၏။
ယုအန်းက ခေါင်းညိတ်ပြ၍ အိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ဥယျာဉ်ကို ဖြတ်ကျော်ပြီးနောက် ယုအန်းသည် ထူးခြားသော အိမ်ရှေ့ကွင်းပြင်လေးတစ်ခုထဲသို့ လှမ်းဝင်လိုက်၏။ ဤကဲ့သို့သော ဥရောပစတိုင် ခံတပ်အိမ်တော်ကြီးအတွင်း ရှေးဟောင်းလက်ဖက်ရည်သောက်ခန်း တစ်ခုရှိနေခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။
"အဖေ... ကျွန်တော့်အတွက် ဘာလို့ ဒီလောက် ပျင်းစရာကောင်းတဲ့ တိုက်ပွဲမျိုး စီစဉ်ထားရတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး" ယုအန်းက မူကျားယွမ်၏ ဘေးတွင် ထိုင်လိုက်ရင်း မေးလိုက်၏။
"မင်းရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားမှာ အထက်တန်းလွှာတွေ၊ မိသားစုဝင်တွေနဲ့ မင်းရဲ့ ရွယ်တူတွေကိုပဲ ဖိတ်ထားမယ်ဆိုရင် အဲ့ဒါက သိပ်ပြီး ခြောက်ကပ်လွန်းလိမ့်မယ်...ပိုမြို့ ရဲ့ အရေးအပါဆုံးနဲ့ နာမည်အကြီးဆုံး လူတွေကို တစ်နေရာတည်းမှာ စုမိဖို့ဆိုတာ မလွယ်ဘူးလေ... အကယ်၍ မင်းရဲ့ အခမ်းအနားမှာ တိုက်ပွဲတစ်ခုသာ ရှိနေမယ်ဆိုရင် လူအများကြီးက မင်းအပေါ် ပိုပြီး အထင်ကြီးသွားကြမှာ သေချာတယ်။ ငါတို့လို လူကြီးပိုင်းတွေ ဝင်ရောက်စွက်ဖက်လို့မရတဲ့ ကိစ္စတချို့ ရှိတယ်... ဒါကြောင့် မင်းရဲ့ သာလွန်တဲ့ အစွမ်းကို သုံးပြီးတော့ မင်းကို စောင့်ကြည့်နေတဲ့ လူကြီးတွေနဲ့ ရွယ်တူတွေရှေ့မှာ နှိမ်နင်းပြရမယ်။ ဒါမှ မင်းအတွက် အရှိန်အအဝါ ရလာမှာ။ အဲ့ဒီ အရှိန်အဝါက နောက်ပိုင်းမြို့ကို ထိန်းချုပ်ရင် မင်းကို အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်" မူကျားယွမ်က လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း သူ၏ အစီအစဉ်များကို ပြောပြလေသည်။
"ဒါဆိုရင်လည်း ကျွန်တော့်အတွက် ပိုပြီး သင့်တော်တဲ့ ပြိုင်ဘက်တစ်ယောက်ကို စီစဉ်ပေးရမှာပေါ့" ယုအန်းက ပြန်ပြော၏။
"အစပိုင်းမှာတော့ ငါလည်း ဒီလို အညတရ ကောင်လေးတစ်ယောက်က မင်းအတွက် ကလေးကစားစရာလို ဖြစ်နေမှာစိုးလို့ ပိုပြီး သင့်တော်တဲ့သူကို စီစဉ်ပေးဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေက အဲ့ဒီလို မဟုတ်တော့ဘူး။ အဓိကကတော့ ဒါဟာ ငါနဲ့ တျန်းခိုင်၊ ကျောင်းအုပ်ကြီး ကျူး တို့ကြားက အားပြိုင်မှုပဲ" မူကျားယွမ်က ဆိုသည်။
"ဘာကို ဆိုလိုတာလဲ အဖေ..." ယုအန်းက နားမလည်သဖြင့် မေးလိုက်၏။
"မင်းရဲ့ ပြိုင်ဘက် မိုဖန်က အခုဆိုရင် မီးတောက်ပေါက်ကွဲမှုရဲ့ ဒုတိယအဆင့်ကို တတ်မြောက်နေပြီ။ သူရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက လူတိုင်းထင်ထားတာထက် ကျော်လွန်နေတယ်။ တစ်နှစ်အတွင်းမှာ ဒီလို ရလဒ်မျိုး ရတယ်ဆိုတာ သူက သာမန်လူ မဟုတ်ဘူးဆိုတာကို ပြနေတာပဲ။ အခု သူက ကောင်းကင်မှော်အထက်တန်းကျောင်းရဲ့ အထူးချွန်ဆုံး ကျောင်းသား ဖြစ်နေပြီး တျန်းခိုင်၊ ကျန့်ခုံး နဲ့ ကျောင်းအုပ်ကြီးကျူးတို့ရဲ့ အာရုံစိုက်မှုကိုလဲ ရထားတယ်... အခုချိန်မှာ ငါက ဒီကောင်လေးကို တစ်ခုခု လုပ်ချင်ရင်တောင် တခြားသူတွေက ခွင့်ပြုမှာ မဟုတ်တော့ဘူး... ကားဆရာရဲ့ သား ကျင့်ကြံမှုနှုန်းက ငါတို့လို မျိုးရိုးကြီး မိသားစုဝင်တွေရဲ့ တပည့်တွေနဲ့တန်းတူပဲ...အကယ်၍ သူသာ သတိမထားမိအောင် နေခဲ့ရင် တျန်းခိုင်နဲ့ ငါ့ကြားက ကိစ္စတွေကို မင်း သိနေစရာတောင် လိုမှာ မဟုတ်ဘူး" မူကျားယွမ်က အေးစက်သော အပြုံးဖြင့် ရှင်းပြသည်။
"ဒါဆိုရင်တော့ စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မှာပဲ" ယုအန်း၏ မျက်နှာတွင် စိတ်သက်သာရာရသွားသော အမူအရာ ပေါ်လာ၏။
အကယ်၍ သူ၏ အခမ်းအနားတွင် အားနည်းသော ပြိုင်ဘက်သာ ပေါ်လာမည်ဆိုပါက သူ၏ အရှိန်အဝါကို မြှင့်တင်နိုင်မည် မဟုတ်ဘဲ၊ ထိုအမှိုက်လေးကိုသာ လူအများ စိတ်ဝင်စားအောင် လုပ်ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သူ၏ ရွယ်တူများထက် သာလွန်သော အစွမ်းကိုလည်း ပြသနိုင်မည် မဟုတ်ချေ။
မူမိသားစုသည် လူငယ်များ၏ အရွယ်ရောက်ခြင်း အခမ်းအနားကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကြပြီး ၎င်းမှာ မိသားစု၏ အခမ်းနားဆုံး ပွဲတော်ပင် ဆိုနိုင်ပေသည်။ လူငယ်တွေ သန်မာမှ မိသားစု မျိုးနွယ်စု သန်မာမည် ဖြစ်ရာ၊ ဤသည်မှာ ပိုမြို့အတွင်း အာဏာကို စောစီးစွာ ရယူနိုင်မည့် နည်းလမ်းပင်။ လူကြီးပိုင်းများ ထွက်ပြီး အစွမ်းပြနေခြင်းမှာ အမြဲတမ်း မသင့်တော်လှပေ။ အကယ်၍ ၎င်းတို့၏ မျိုးဆက်သစ် တပည့်များက သူတို့၏ ရွယ်တူများအပေါ်တွင် အပြတ်အသတ် လွှမ်းမိုးနိုင်သည်ကို ပြသနိုင်ပါက ၎င်းမှာ မုမိသားစု၏ အကြွင်းမဲ့ အာဏာကို ပြသခြင်းပင် မဟုတ်ပါလား။
မူနင်းရွှဲမှာ အင်ပါယာမြို့တော်တွင် ရှိနေပြီး ၎င်းမှာ ပို၍ မြင့်မားသော နယ်ပယ်တစ်ခု ဖြစ်နေပေသည်။ ပိုမြို့အတွက်လည်း ဦးဆောင်နိုင်မည့် ထူးချွန်သော လူငယ်မှော်ဆရာတစ်ဦး လိုအပ်သည် မဟုတ်ပါလား...
ယုအန်းသည် မြို့ကို ထိန်းချုပ်ရန်အတွက် အကောင်းဆုံး ဆက်ခံသူ ဖြစ်သည်။ မူကျားယွမ်သည် သူ့ကို ပိုမြို့၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်စေရန် သေချာစွာ ပြုစုပျိုးထောင်လိုခြင်း ဖြစ်၏။
အနာဂတ်လမ်းခရီး ချောမွေ့ခြင်း ရှိ၊ မရှိမှာ အစပြုမှုအပေါ်တွင် မူတည်ပေသည်။ အခြားသော တပည့်များ၏ အခမ်းအနားများကို သာမန်ပင် လုပ်နိုင်သော်လည်း၊ ယုအန်း၏ အခမ်းအနားမှာမူ ကြီးကျယ်ခမ်းနားရန် လိုအပ်၏။ ဧည့်သည်ပရိသတ်များ စည်ကားရမည် ဖြစ်ပြီး တစ်လောကလုံးကို အံ့ဩသွားစေရပေမည်။
"အဲ့ဒီကောင် မိုဖန်က ငါတို့ မျှော်လင့်ထားတာထက် ကျော်လွန်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက ယုအန်းလို ပါရမီရှင်လူငယ်တစ်ယောက် ကြီးထွားဖို့အတွက် နင်းခြေရမယ့် ကျောက်တုံးတစ်ခုပဲ ဖြစ်ရမယ်"
သို့သော်လည်း ဤအကွက်စေ့လှသော မူကျားယွမ်သည် ယုအန်းအား သူ၏ အမှန်တရားကို ပြောဆိုခြင်းမရှိချေ။ ယုအန်းကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးနေခြင်းမှာ အာဏာရှိသော နေရာသို့ ရောက်ရှိလာသည့်အခါ အခြားတစ်ယောက်အတွက် နင်းခြေရာ ကျောက်တုံးဖြစ်လာရန်သာ ဖြစ်၏။ ထိုသူမှာ မူကျားယွမ်၏ သမီးအရင်းဖြစ်သူ မူနင်းရွှဲပင် ဖြစ်ပေသည်။
မူနင်းရွှဲမှာ မူကျားယွမ်အတွက် ပြီးပြည့်စုံသော ဆက်ခံသူ ဖြစ်သည်။ ပိုမြို့မှာ သေးငယ်လွန်းသဖြင့် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ပိုမြို့နှင့် မိသားစု၏ နယ်မြေများကို စနစ်တကျ ထိန်းချုပ်နိုင်ရန်အတွက် အခြားသော ယုံကြည်စိတ်ချရသည့် လက်ရုံးတစ်ဦးကို ပျိုးထောင်ထားရန်သာ ဖြစ်ပေသည်။
"စိတ်မပူပါနဲ့... အခမ်းအနား ပြီးတာနဲ့ ပိုမြို့ရဲ့ တော်ဝင်ငရဲစမ်းရေကို မင်းအတွက် ဖွင့်ပေးမယ်။ မင်း အဲ့ဒီမှာ တစ်ပတ်ကြာ ကျင့်ကြံခွင့် ရလိမ့်မယ်။ အဲ့ဒီ တစ်ပတ်ဟာ မင်းရဲ့ ကျင့်ကြံမှုကို အဆမတန် တိုးတက်သွားစေဖို့ လုံလောက်တယ်... အဲ့ဒီအခါကျရင် ပိုမြို့က မင်းရဲ့ ရွယ်တူတွေကို မင်း အရေးစိုက်နေစရာတောင် မလိုတော့ဘူး" မူကျားယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"အဖေ... အဲ့ဒီ တော်ဝင်ငရဲစမ်းရေက တကယ်ပဲ အဲ့ဒီလောက်အထိ အစွမ်းထက်တာလား" ယုအန်းက မျက်လုံးများ အရောင်တောက်ကာ မေးလိုက်သည်။
"သေချာတာပေါ့... မင်း ကြယ်မှုန်မှော်ရတနာ အကြောင်း သိတယ်မလား။ ဒီ စမ်းရေဟာ မင်းရဲ့ အစွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တဲ့ ကြယ်မှုန်မှော်ရတနာ တစ်ခုနဲ့ ညီမျှတယ်။ အဲ့ဒါက မင်းရဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရုံတင် မဟုတ်ဘူး၊ မင်းရဲ့ ကျင့်ကြံမှု အရှိန်အဟုန်ကို မြှင့်တင်ပေးမယ့် မြင့်မြတ် နယ်မြေတစ်ခုပဲ... ကျင့်ကြံတာဖြစ်ဖြစ်၊ ထိန်းချုပ်ခြင်းပဲဖြစ်ဖြစ်၊ ဒီစမ်းရေဟာ အကောင်းဆုံးပဲ။ ဒီ စမ်းရေတွင်းကို ငါတို့ စိတ်ကြိုက် ဖွင့်လို့မရဘူး... ဒါကြောင့် မင်း အထဲရောက်တာနဲ့ ကျင့်ကြံမှုမှာပဲ စိတ်အာရုံ အပြည့်အဝ ထားရမယ်။ ဒါဟာ မင်းအတွက် အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာနိုင်လို့ပဲ" မူကျားယွမ်က ဆိုသည်။
"အ... အလယ်အလတ်အဆင့်လား... ကျွန်တော်က အဲ့ဒီအဆင့်နဲ့ အလှမ်းဝေးနေသေးတာ မဟုတ်ဘူးလား...” ယုအန်းက အံ့အားသင့်သွားရ၏။
"အကယ်၍ မင်း စမ်းရေတွင်းထဲကို မဝင်ရဘူးဆိုရင်တော့ အလှမ်းဝေးနေဦးမှာပါ။ ဒါပေမဲ့ အခုလို အခွင့်အရေး ရမယ်ဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားပြီ" မူကျားယွမ်က သူ၏ နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"အဖေ... ပိုမြို့ရဲ့ ဒီစမ်းရေတွင်းက ဘယ်လို ဖြစ်ပေါ်လာတာလဲ,,,ဘာလို့ ဒီလောက်အထိ အစွမ်းထက်ရတာလဲ...”
"ဒီ စမ်းရေတွင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်၊ မင်း အဲ့ဒါကို သိနေစရာ မလိုပါဘူး။ မင်း မှတ်ထားရမှာက ဒီ စမ်းရေတွင်းဟာ မင်းရဲ့ ဘဝမှာ တစ်ကြိမ်တည်းသာ ရနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ အခွင့်အရေးဆိုတာပဲ" မူကျားယွမ်က ထိုမျှသာ ပြောပြီး စကားဖြတ်လိုက်တော့သည်။
ယုအန်းက နားလည်ကြောင်း ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။
လူတစ်ယောက်ကို အခြေခံအဆင့်ကနေ လူအများ တောင့်တကြတဲ့ အလယ်အလတ်အဆင့် ဆီကို တက်လှမ်းနိုင်စေမယ်ဆိုရင်တော့ ပိုမြို့ရဲ့ ဒီ တော်ဝင်ငရဲစမ်းရေဟာ တကယ်ကို အရေးပါလှပေတော့သည်၊
အခန်း(၆၂)ပြီး ***