နွေရာသီကျောင်းပိတ်ရက်၏ ကျန်ရှိသော အချိန်များတွင် မိုဖန်သည် ကျင့်ကြံခြင်းကိုသာ အစဉ်တစိုက် လုပ်ဆောင်နေခဲ့၏။
မြို့ပြမုဆိုးအဖွဲ့၏ အလုပ်မှာ အမြဲတမ်း အလုပ်ရှုပ်နေသည်မျိုး မဟုတ်ပေ။ အချိန်အတော်များများတွင် ဘဝနေထိုင်မှုကို ချိန်ညှိနေရုံသာ ရှိသည်။
မိုဖန်သည် မြို့ပြမုဆိုးအဖွဲ့နှင့်အတူ နောက်ထပ် ဆုကြေးတာဝန် နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက်တွင်မူ လူသစ်ဘဝမှ အပြီးတိုင် လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ ယခုအခါ သူသည် မှော်သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ပင် တည်ငြိမ်စွာဖြင့် မှော်ပညာများကို ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။
သူ၏ တိုက်ပွဲဝင် အတွေ့အကြုံများ တိုးတက်လာသည်နှင့်အမျှ သူ၏ ကြယ်မှုန် ကြီးထွားနှုန်းမှာလည်း ပိုမိုမြန်ဆန်လာသည်ကို မိုဖန် မထင်မှတ်ဘဲ တွေ့ရှိလိုက်ရ၏။
သူ၏ ကြယ်မှုန် ကြီးထွားလာသည်နှင့်အမျှ အသုံးပြုနိုင်သော ကြယ်ကလေးများသည်လည်း သဘာဝအတိုင်း ပြောင်းလဲလာခဲ့သည်။ အထက်တန်းကျောင်း တတိယနှစ် စတင်သည့်နေ့မှာပင် မိုဖန်သည် လျှပ်စီးကြယ်ကလေးများကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့လေပြီ။
၎င်းတို့သည် ပိုမိုတောက်ပလာပြီး ထုတ်လွှတ်လိုက်သော ကြယ်ကလေးများသည် ပိုမိုပြင်းထန်သော လျှပ်စီးမှော်ပညာကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိလာကြသည်။ ထို့ကြောင့် အသုံးပြုလိုက်သော မှော်ပညာများမှာလည်း သဘာဝအလျောက် ပြောင်းလဲသွားခဲ့၏။
"နောက်တစ်ခါ မြို့ပြမုဆိုးအဖွဲ့နဲ့ တာဝန်ထွက်တဲ့အခါ သူတို့တွေ သေချာပေါက် အံ့ဩသွားကြမှာပဲ" မိုဖန်သည် အတန်းထဲတွင် ထိုင်နေရင်း အလွန်ပင် ပျော်ရွှင်နေမိသည်။
လက်ရှိတွင် သူ၏ လျှပ်စီးလက်ခြင်းနှင့် မီးတောက်ပေါက်ကွဲမှု နှစ်ခုစလုံးမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤတိုးတက်မှု အရှိန်အဟုန်မှာ သူ၏ ရွယ်တူများထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ အကယ်၍ သူ ကျောင်းမဆင်းခင်မှာ တတိယအဆင့်အထိ ရောက်နိုင်မည်ဆိုလျှင်တော့ ပို၍ပင် ပြည့်စုံသွားပေလိမ့်မည်။
သတင်းများအရ ကြယ်ကလေးများသည် တတိယအဆင့်သို့ ပြောင်းလဲသွားသည့်အခါ အလယ်အလတ်အဆင့် သို့ တက်လှမ်းရန် အလွန်နီးကပ်သွားပြီဟု ဆိုကြ၏။
မိုဖန်သည် သူ မည်သည့်အချိန်တွင် အလယ်အလတ်အဆင့်သို့ ရောက်မည်ကို မသိသော်လည်း၊ သူ၏ အစွမ်းကို ပိုမိုသန်မာလာစေရန် နည်းလမ်းမှန်သမျှကို အသုံးပြုသွားမည်မှာ အမှန်ပင်။
...
ကျောင်းမှာ ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်၏။ လက်တွေ့လေ့ကျင့်ရေးများ ပြီးဆုံးသွားပြီးနောက် ကျောင်းသားများ၏ စိတ်နေစိတ်ထားမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ ထို့ပြင် မှော်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကလည်း နီးကပ်နေပြီဖြစ်ရာ ပုံမှန်ဆိုလျှင် အပျော်အပါးမက်သော ကျောင်းသားများပင် လေ့ကျင့်ရေးကွင်းများတွင် မကြာခဏ ပေါ်လာတတ်ကြ၏။ မိုဖန်ကိုယ်တိုင်ကတော့ လေ့ကျင့်ရေးကွင်းများကို မသွားချေ။
သစ်သားရုပ်တွေကို ထိုင်ရိုက်နေလို့ ဘာထူးမှာလဲ....
သူသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော လေ့ကျင့်ခန်းများကို လက်တွေ့တိုက်ပွဲများ အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။ မှော်သားရဲများနှင့် တိုက်ရိုက် ရင်ဆိုင်ရသော တိုက်ပွဲများမှာ ကျောင်းက သစ်သားရုပ်တွေကို ထိုင်ရိုက်နေတာထက် အဆပေါင်းများစွာ ပို၍ ထိရောက်သည် မဟုတ်ပါလား။
"မိုဖန်... အကဲခတ်မိလား လက်တွေ့လေ့ကျင့်ရေး ပြီးကတည်းက မောက်မာနေတဲ့ အတန်းခေါင်းဆောင် ကျိုးမင်က မင်းအပေါ် တကယ်ကို ကောင်းနေတာနော်" ကျန်းဟိုက မိုဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"တကယ်လား..." မိုဖန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"တကယ်ပေါ့... တစ်ခါတလေဆိုရင် သူက မင်းဘက်ကို ခိုးခိုးကြည့်နေသေးတာ"
"ငါက ချောလို့ နေမှာပေါ့..."
"အဲ့ဒီလို ပြောရင်တော့ ငါလည်း ဘာမှ မပြောတတ်တော့ဘူး။ ဒါပေမဲ့ မင်းက ချောလို့သာဆိုရင် ကျောင်းစတက်တုန်းက သူ မင်းကို အဲ့လောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှာ မဟုတ်ဘူး။ သူက လူတိုင်းအပေါ်မှာ ပြင်းထန်ပေမဲ့ မင်းနဲ့ပတ်သက်လာရင်တော့ အကုန်လုံး ပြောင်းလဲသွားသလိုပဲ။ အိမ်နီးနားချင်း ညီမလေးတစ်ယောက်လို ချစ်စရာကောင်းပြီး လိမ္မာတဲ့ပုံစံ ဖြစ်သွားတာ" ကျန်းဟိုက ဆို၏။
လက်ရှိတွင် မိုဖန်သည် မနက်ပိုင်းတွင် ကျောင်းတက်ကာ နေ့လယ်ပိုင်းတွင် ကျင့်ကြံရသည်။ ညဘက်တွင်မူ မြို့ပြ၏ အေးချမ်းရေးကို ကာကွယ်ရန် ယူနီဖောင်းကို ဝတ်ဆင်ရပြန်၏။ သူသည် မိန်းကလေးတစ်ယောက်၏ စိတ်နှလုံးကို ဂရုစိုက်ရန် ဘယ်မှာ အချိန်ရှိပါမည်နည်း။ ၎င်းအပြင် သူသည် မိန်းကလေး ထောင်ပေါင်းများစွာကို ဒုက္ခတွေထဲက ကယ်တင်မည့် သူရဲကောင်းစိတ်မှာ ရှိနေပြီးသား ဖြစ်ရာ၊ တစ်ခါတစ်ရံ မိန်းကလေး အနည်းငယ်၏ အချစ်ကို ရရှိခြင်းမှာ သာမန်ကိစ္စတစ်ခုပဲ မဟုတ်ပါလား။
"ကြည့်... ကြည့်... သူ မင်းကို လာရှာနေပြီ။ ကဲ မိုဖန်... ငါတော့ အရင်ဆုတ်ပြီနော်"
ကျန်းဟိုသည် တကယ့်ကို သူငယ်ချင်းကောင်း ပီသလှပေသည်။ လူပိုဖြစ်မှာကို ရှောင်ရှားတတ်သည့် သူငယ်ချင်းမျိုးပင်။ မိုဖန် ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျိုးမင်သည် သူရှိရာသို့ တကယ်ပင် လာနေသည်ကို မြင်လိုက်ရ၏။
သူ၏ အမူအရာမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း စိတ်လှုပ်ရှားနေပုံရရာ၊ ကြည့်ရသူကို တကယ့်ကို သနားစဖွယ် ဖြစ်စေလှပေသည်။
ကျိုးမင်သည် ပခုံးပေါ်တွင် ဝဲကျနေသော သပ်ရပ်သည့် ဆံပင်နက်လေးများနှင့် မိန်းမလှလေးလို မောက်မာမှုလေးများ ရှိနေသဖြင့် ကြည့်ကောင်းလှပေသည်။ ပုံမှန်ဆိုလျှင် သူသည် ယောက်ျားလေးများကို မိစ္ဆာတွေလို သတ်မှတ်ကာ အကွာအဝေးတစ်ခု ထားတတ်ကြသော်လည်း၊ သူတို့၏ နွေးထွေးသော စိတ်နှလုံးကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
"မိုဖန်... ဒီည နင် အချိန်ရလား..."
ကျိုးမင်က အနားသို့ လျှောက်လာပြီးနောက် တိုးတိုးလေး မေးလိုက်သည်။
“ဒီည...”
သူသည် လျှပ်စီးလက်ခြင်း ဒုတိယအဆင့်ကို ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်ရန် ရှိသေးသည်။
ကျိုးမင် သည်အတန်းခေါင်းဆောင် တစ်ယောက်အနေဖြင့် စာကို သေချာ အာရုံစိုက်သင့်သည်။ ယခုလို လောကီကိစ္စတွေကို ဘာကြောင့် စိတ်ဝင်စားနေရသလဲသာ မိုဖန်တွေးနေသည်၊။သူတို့သည် တက္ကသိုလ်တက်ရတော့မည့် တတိယနှစ် ကျောင်းသားများ မဟုတ်လော။ ယခုနှစ်သည် အနာဂတ်အတွက် အရေးကြီးဆုံးအခြေအနေပင်။ ယခုကတည်းက စိတ်လေနေမည်ဆိုလျှင် မည်သူ့အတွက်မျှ မကောင်းပေ။
ထို့သို့တွေးနေသော်လည်း မိုဖန်မှာ ကျိုးမင်အား ခေါင်းညိတ်လိုက်ရင်း ဖြေလိုက်၏။
"ရတာပေါ့... "
ကျိုးမင်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝိုင်းစက်သွားကာ... "ကျောင်းဆင်းရင် စောင့်နေနော်၊ နင့်ကို ပြောစရာ အရေးကြီးတာ တစ်ခု ရှိလို့"
"ပြဿနာ မရှိပါဘူး" မိုဖန်က ခေါင်းညိတ်လိုက်၏။ သူသည် လိုရမယ်ရ သုံးနိုင်ရန်အတွက် ကျန်းဟိုကို "ထီး" အသေးတစ်ချောင်း သွားပြင်ခိုင်းထားသင့်လား တွေးနေမိတော့သည်။
ကျောင်းဆင်းသည့်အခါ ကျောင်းသားအုပ်ကြီးမှာ ထွက်ပေါက်ဆီသို့ အလုအယက် တိုးဝှေ့သွားကြ၏။
ကျိုးမင်သည် သူမ ပြောသည့်အတိုင်းပင် ကျောင်း၏ နောက်ဖေးဂိတ်ပေါက်တွင် မိုဖန်ကို စောင့်နေခဲ့သည်။
မိုဖန် လမ်းလျှောက်သွားကာ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် ကျိုးမင်က လျှို့ဝှက်သော အမူအရာဖြင့် ...
"မိုဖန်... ဒီကိစ္စကို နင့်ကို ပြောပြသင့်လား မသိပေမဲ့၊ နင့်ထက် ပိုပြီး သင့်တော်တဲ့သူကိုလည်း ငါ မတွေ့လို့ပါ"
ဤစကားကို ကြားလိုက်ရသည့်အခါ မိုဖန်မှာ ဘာကို မျှော်လင့်ရမည်မှန်း မသိတော့ချေ။
"ဒီလိုပါ... ငါ့အဖွားအိမ်က ရုံရှုလမ်းမှာ ရှိတာ... အဲ့ဒါက အသစ်ပြန်ဆောက်တော့မယ့် ရပ်ကွက်ဟောင်းတစ်ခုလေ နွေရာသီ ပိတ်ရက်တုန်းက ငါ အဖွားနဲ့ သွားနေခဲ့တာ၊ အဲ့ဒီတုန်းက ဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ တုန်ခါသံတွေကို ခဏခဏ ကြားရတယ်။ ကြည့်ရတာ ဆောက်လုပ်ရေး အလုပ်သမားတွေ အလုပ်လုပ်နေသလိုပဲ။ ဒါပေမဲ့ ငါ တခြားသူတွေကို မေးကြည့်တော့ သူတို့က ညဘက်မှာ အလုပ်မလုပ်ကြဘူးတဲ့... ငါ့အဖွားကတော့ ပျက်စီးတော့မယ့် ဒီရပ်ကွက်ဟောင်းကြီးထဲမှာ တစ်ခုခု နေထိုင်နေတယ်လို့ အမြဲပြောတယ်။ ငါ အဖွားကို တခြားနေရာကို ပြောင်းခိုင်းပေမဲ့ သူက မပြောင်းဘူး။ ဒါကြောင့် အဲ့ဒီမှာ တကယ် ဘာတွေ ဖြစ်နေလဲဆိုတာကို နင်နဲ့အတူ သွားကြည့်ချင်လို့ပါ။ မဟုတ်ရင် ငါ့အဖွားကို အဲ့ဒီမှာ တစ်ယောက်တည်း ထားခဲ့ဖို့ ငါ စိုးရိမ်နေလို့၊ ညဘက်ဆိုရင် ငါ တကယ် ကြောက်တယ်" ကျိုးမင်က မိုဖန်ကို စိတ်ရင်းဖြင့် ပြောပြရှာသည်။
ကျိုးမင်၏ စကားကို ကြားပြီးနောက် မိုဖန်မှာ ထိတ်လန့်သွားရ၏။
“တောက်... ပြီးခဲ့တဲ့ အခေါက်က စားသောက်ဆောင်၊ အခုတစ်ခါကျတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်... ဒီပိုမြို့ကြီးကတော့ တကယ်ကို ကစားစရာ အလုပ်ခံနေရပြီ။ မျက်လုံးကြီး ကြွက်လူဝံ နောက်တစ်ကောင်များလား..." မိုဖန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"မျက်လုံးကြီး ကြွက်လူဝံ ဒါက မှော်သားရဲ မဟုတ်လား... ပိုမြို့ထဲမှာ အဲ့ဒီလိုမျိုးတွေ မရှိနိုင်ပါဘူးနော်…" ကျိုးမင်က ထိတ်လန့်တကြား မေးလိုက်၏။
ကျိုးမင်သည် လွန်ခဲ့သော အခေါက်က မှော်သားရဲနှင့် ရင်ဆိုင်ခဲ့ရသော ထိတ်လန့်မှုကို ယခုထက်တိုင် ကြောက်လန့်နေဆဲပင်။
"အဲ့ဒါက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မုဆိုးအစည်းအရုံးရဲ့ သတင်းတွေအရ အခုတလော မျက်လုံးကြီး ကြွက်လူဝံတွေက မိတ်လိုက်ရာသီ ရောက်နေသလိုပဲ၊ သူတို့တွေ မှောင်မည်းတဲ့ထောင့်တွေကနေ ခဏခဏ ပေါ်လာတတ်တဲ့ ဖြစ်ရပ်တွေ ရှိတယ်" မိုဖန်က အေးအေးဆေးဆေးပင် ပြောလိုက်၏။
အကယ်၍ ကျောင်းထဲမှာပဲ နေနေမည်ဆိုလျှင် မိုဖန်သည်လည်း ကျိုးမင်ကဲ့သို့ပင် ပိုမြို့ကြီးသည် ရာနှုန်းပြည့် ဘေးကင်းပြီး မှော်သားရဲများ ပေါ်လာစရာ မရှိဟု ထင်နေပေလိမ့်မည်။
သို့သော်လည်း မြို့ပြမုဆိုးအဖွဲ့ထဲ ရောက်နေသဖြင့် မိုဖန်မှာ အတွေ့အကြုံနှင့် ဗဟုသုတ ရှိနေပြီ ဖြစ်၏။
ဘယ်လို ပြောရမလဲ...ကျောင်းသူလေး ကျိုးမင်ရေ... မင်းကတော့ တကယ့်ကို လူမှန် တစ်ယောက် ရှာတွေ့ခဲ့တာပဲ... ဒီအစ်ကိုကြီးရဲ့ နောက်ထပ် အထောက်အထားက ပိုမြို့ရဲ့ အရာရှိတစ်ယောက် ... ငါတို့က ပိုမြို့ထဲက မှော်သားရဲတွေကိုပဲ ရှင်းလင်းပေးနေတာဆိုတော့ ပိုပြီးတော့တောင် ကျွမ်းကျင်သေးတယ်...ဟဲ..ဟဲ...ဒီတစ်ခေါက်ကတော့ ဆုကြေးရမှာမဟုတ်ဘူး။ ဒါပေမဲ့ မိန်းကလေးရဲ့ အချစ်ကို ရတာလည်း မဆိုးပါဘူးလေ... သွားကြည့်ရတာပေါ့...
ရပ်ကွက်ဟောင်းသို့ ရောက်ရှိသွားသည့်အခါ ကျိုးမင် ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်၏။ မြို့၏ ဤအပိုင်းမှာ ဖြိုဖျက်ပြီးသား ဖြစ်သဖြင့် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ထားသကဲ့သို့ပင် ရှိနေပေသည်။
ဖြိုဖျက်ထားသော ရပ်ကွက်အတွင်း အမှုန့်များ ဖုံးလွှမ်းနေပြီး ယာယီနံရံများနှင့် အပေါက်များ နေရာအနှံ့ ရှိနေ၏။ တစ်ဝက်တစ်ပျက် ဖြိုဖျက်ထားသော အိမ်ဟောင်းကြီး တစ်ခုသာ ကျန်ရှိနေပြီး ၎င်းမှာ ဆောက်လုပ်ဆဲ တာဝါတစ်ခုနှင့်အတူ ထိုနေရာ၏ အလှတရားကို ဖျက်ဆီးနေသကဲ့သို့ ရှိနေပေသည်။
ရုံရှုရပ်ကွက်ဟောင်းကို ကူးသန်းရောင်းဝယ်ရေး ရပ်ကွက်သစ်အဖြစ် ပြန်လည် တည်ဆောက်မည် ကြားဖူးသည်။ သို့သော်လည်း နောက်ဆုံးတွင် ရင်းနှီးမြှုပ်နှံမှု အခက်အခဲများကြောင့် မြို့၏ ဤအစိတ်အပိုင်းမှာ ပျက်စီးယိုယွင်းနေသော အကြွင်းအကျန်များအဖြစ်သာ ကျန်ရစ်ခဲ့ပြီး အစိုးရကိုယ်တိုင်ပင် မည်သို့ ကိုင်တွယ်ရမည်မှန်း မသိ ဖြစ်နေပေတော့သည်။
ဤရပ်ကွက်မှ လူအများစုမှာ ပြောင်းရွှေ့သွားကြပြီ ဖြစ်၏။ အခက်အခဲရှိသော လေလွင့်သူများနှင့် အိုးမဲ့အိမ်မဲ့များသာ ဤနေရာတွင် ယာယီ ခိုလှုံနေကြပေသည်။ ကျန်ရှိနေသောသူများမှာ ကျိုးမင်၏ အဖွားအိုကဲ့သို့ပင် မပြောင်းချင်သော လူအိုများသာ ဖြစ်ပေတော့သည်။။
အခန်း (၆၃) ပြီး
***