အမှန်အတိုင်း ပြောရလျှင် မိုဖန်သည် သူ၏ သူရဲကောင်းစိတ်များ နိုးကြားလာသည်ထက် ဤတုန်ခါမှုကိစ္စ တစ်ကျော့ပြန် ပေါ်လာသည်ကို ပို၍ ဇဝေဇဝါ ဖြစ်နေမိသည်။
မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်း၏ စားသောက်ဆောင်တွင် တစ်ကြိမ် ဖြစ်ဖူးပြီးပြီ မဟုတ်ပါလား။ ပိုမြို့၏ အခြားတစ်နေရာတွင် ဘာကြောင့် နောက်ထပ် တုန်ခါမှုတစ်ခု ထပ်ပေါ်လာရပြန်သနည်း။ တကယ်ပင် မျက်လုံးကြီး ကြွက်လူဝံ နောက်တစ်ကောင်များ ဖြစ်နေခဲ့သည်လား။
သတင်းများအရ ကြွက်လူဝံကို ရှင်းလင်းပြီးနောက်တွင်လည်း မင်ဝမ်ကျောင်း ပတ်ဝန်းကျင်၌ တုန်ခါမှုအနည်းငယ် ရှိနေသေးသည် ဆိုကြ၏။ ရဲတပ်ဖွဲ့က အကြောင်းရင်းကို ရှာမတွေ့သေးသဖြင့် ကျောင်းဘက်ကတော့ ဘေးကင်းကြောင်း အာမခံထားသဖြင့် ကျောင်းမှာ ပုံမှန်အတိုင်း ပြန်တက်နေရခြင်း ဖြစ်သည်။
"ငါ့အဖွားက ဒီမှာနေတာ... တုန်ခါတဲ့ နေရာကတော့ ဟိုဘက်မှာ..." ကျိုးမင်သည် အိမ်ဟောင်းတစ်လုံးကို ညွှန်ပြလိုက်ပြီးနောက် တစ်ဝက်တစ်ပျက် ဖြိုဖျက်ထားသော အိမ်ဟောင်းများရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးဆီသို့ ညွှန်ပြလိုက်၏။
အလုပ်သမားများအား လုပ်အားခ မပေးနိုင်သဖြင့် ဆောက်လုပ်ရေးအဖွဲ့မှာ ဆိုက်ထဲမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ရာ၊ ရပ်ကွက်တစ်ခုလုံးမှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတော့သည်။ ညမှောင်လာသည့်အခါ အဝေးမှ မြို့ပြ၏ လှပသော မီးရောင်စုံများပင် ဤနေရာကို လင်းထိန်အောင် မလုပ်နိုင်တော့ချေ။ ကောင်းကင်ယံတွင်လည်း တိမ်မည်းများ ဖုံးလွှမ်းနေပေသည်။
ပိုမြို့၏ အရာရှိကြီး မိုဖန်မှာမူ ယခုအခါ အတော်ပင် သတ္တိရှိနေ၏။ သူသည် သွက်လက်သော အရှိန်ဖြင့် ယာယီနံရံကို ကျော်တက်လိုက်ပြီး ခန့်ညားစွာ ဆင်းသက်လိုက်စဉ်၊ ကျိုးမင်က ဘေးဘက်ရှိ ဂိတ်ပေါက်လေးမှ အေးဆေးစွာ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသဖြင့် အခြေအနေမှာ ချက်ချင်းပင် အောင့်သက်သက် ဖြစ်သွားရတော့သည်။
"အဟမ်း... ဒါနဲ့ ပုံမှန်ဆိုရင် ဘယ်အချိန်လောက် တုန်ခါတတ်တာလဲ" မိုဖန်က အရှက်ပြေ မေးလိုက်၏။
"ညနေပိုင်းတွေမှာပဲ၊ အချိန်အတိအကျတော့ မရှိဘူး" ပုံမှန်ဆိုလျှင် ကျိုးမင်မှာ အောင်မြင်သော လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကဲ့သို့ ထက်မြက်သော်လည်း၊ ဤစွန့်ပစ်ထားသော လုပ်ငန်းခွင်ထဲ ရောက်သည့်အခါတွင်မူ သူသည် မိုဖန်၏ အနားသို့ မသိမသာ ကပ်လာမိတော့သည်။
မိုဖန် ရှေ့သို့ အနည်းငယ် လှမ်းလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ အနံ့မွှေးအိတ်လေး တစ်လုံးကို ထုတ်လိုက်၏။
သူသည် ထိုအိတ်ကလေးကို ဖြေလိုက်ရာ အတွင်း၌ တဖျတ်ဖျတ် တောက်ပနေသော အမှုန့်လေးများ ရှိနေပေသည်။ မိုဖန်က ထိုအမှုန့်လေးများကို မှုတ်ထုတ်လိုက်ရာ လေထဲ ပြန့်ကျဲသွားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် အနှံ့သို့ ဖြည်းညှင်းစွာ ကျဆင်းသွားတော့သည်။
"ဒါက... သားရဲခြေရာခံဆေးမှုန့် မဟုတ်လား...” ထူးချွန်ကျောင်းသူ ကျိုးမင် ပီသစွာပင် သူမသည် တစ်ချက်ကြည့်ရုံနှင့် သိလိုက်လေသည်။
"အင်း..." မိုဖန် ခေါင်းညိတ်လိုက်၏။ ဤသားရဲရှာဖွေရေး အမှုန့်သည် မြို့ပြအရာရှိများ ညမှောင်မှောင် လေပြင်းပြင်းတွင် သားရဲများကို လိုက်လံရှာဖွေရာ၌ မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခုပင်။
"နင်က ဘာလို့ ဒီလိုဟာမျိုး ဆောင်ထားရတာလဲ၊ ဒီမှာ တကယ်ပဲ မှော်သားရဲ ရှိနေတယ်လို့ ထင်နေတာလား..." ကျိုးမင်က အံ့အားသင့်စွာ မေးလိုက်၏။
ဘယ်ကျောင်းသားက ပုံမှန်ဆိုလျှင် ဒါမျိုးတွေ ဆောင်ထားပါမည်နည်း။ ၎င်းအပြင် ဤနေရာမှာ ပိုမြို့အတွင်း ဖြစ်နေပေသည်။
"မမလေး... ကျွမ်းကျင်သူကို ယုံကြည်လိုက်စမ်းပါ။ မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
မိုဖန်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားသော တောက်ပသည့် အမှုန့်လေးများကို ညွှန်ပြလိုက်၏။
သူ ဖြန်းလိုက်သော အမှုန့်များသည် သူတို့နှင့် ၁၀ မီတာခန့် အကွာရှိ မြေပြင်ပေါ်တွင် စုစည်းသွားကြပြီး၊ အမှုန့်လေးများမှာ မြေပြင်တွင် ကပ်နေသကဲ့သို့ ပုံသဏ္ဌာန်တစ်ခု ဖော်ပြနေတော့သည်။ ထိုပုံသဏ္ဌာန်မှာ ခြေရာတစ်ခုနှင့် တူလှပေသည်။
ကျိုးမင် ၎င်းကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားရတော့၏။
“ဘုရားရေ... ပိုမြို့ထဲမှာ တကယ်ပဲ မှော်သားရဲတွေ ရှိနေတာလား...”
ပုံမှန်ဆိုလျှင် မှော်သားရဲတစ်ကောင်၏ အနံ့ကို သိရှိရန်မှာ အလွန်ခက်ခဲလှပေသည်၊ အထူးသဖြင့် ထိုနေရာမှ ထွက်ခွာသွားပြီးသား သတ္တဝါမျိုးဆိုလျှင် ပို၍ ခက်ခဲ၏။
သားရဲရှာဖွေရေး အမှုန့်၏ ထူးခြားချက်မှာ မှော်သားရဲ၏ အနံ့အပေါ် အလွန်အမင်း အာရုံခံနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။ အကယ်၍ မှော်သားရဲတစ်ကောင်သည် လွန်ခဲ့သော ၁၀ ရက်က ခြေရာချန်ထားခဲ့လျှင်ပင် ဤအမှုန့်က ခြေရာကို ပြန်လည် ဖော်ထုတ်ပေးနိုင်ပေသည်။
"ငါတို့... ငါတို့ ဘာလုပ်ကြမလဲ..." ကျိုးမင်မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာမှာ ဖြူလျော့သွားတော့သည်။
ပုံမှန်ဆိုလျှင် ကျောင်းတွင် ဆရာများ သင်ကြားသည်ကို သူ ဘယ်တော့မျှ သံသယမဖြစ်ခဲ့သဖြင့် မြို့ထဲသည် အလုံခြုံဆုံးဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ မှော်သားရဲ၏ ခြေရာများ အမှန်တကယ် ရှိနေပေပြီ။ သားရဲရှာဖွေရေး အမှုန့်ကတော့ လိမ်လိမ့်မည် မဟုတ်ချေ။
"ခြေရာရဲ့ ပုံစံကို ငါ အနီးကပ် သွားကြည့်လိုက်ဦးမယ်..." မိုဖန်မှာ သတ္တိရှိလှသဖြင့် ထိုနေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
"ငါတို့... ငါတို့ မြို့ပြမုဆိုးအဖွဲ့ကို အမြန် အကြောင်းကြားသင့်တယ်" ကျိုးမင် တစ်ယောက် ချမ်းစိမ့်စိမ့် ခံစားလာရသည်။
မိုဖန်မှာ စကားပင် မပြောနိုင်တော့ချေ။
“ငါကိုယ်တိုင်က မြို့ပြမုဆိုးအဖွဲ့ဝင် အစစ်အမှန်ကြီးလေ...အကြောင်းကြားဖို့လိုပါဦးမလား...ဟ”
၎င်းအပြင် မြို့ပြမုဆိုးအဖွဲ့မှာ အချိန်ပိုထ အများကြီး မရှိလှပေ။ ခိုင်လုံသော အထောက်အထား မရှိဘဲနှင့် အဖွဲ့ကို လွှတ်ပေးမည် မဟုတ်ချေ။
သားရဲရှာဖွေရေး အမှုန့်မှ ထွက်ပေါ်လာသော ခြေရာမှာ သံသယဖြစ်ဖွယ် အဆင့်သာ ရှိသေးပြီး ခိုင်မာသော သက်သေ မဟုတ်သေးပေ။ အကြောင်းမှာ ဆင့်ခေါ်မှော်ဆရာတစ်ဦးက သူ၏ သားရဲနှင့်အတူ လမ်းလျှောက်နေခြင်းလည်း ဖြစ်နိုင်သောကြောင့်ပင်။
"ဒီခြေရာက ကြွက်လူဝံရဲ့ ခြေရာနဲ့ မတူဘူး..." မိုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
"မို... မိုဖန်... ငါတို့ ပြန်ကြရအောင်" ကျိုးမင် တကယ်ကို ကြောက်နေပြီ ဖြစ်၏။
သို့သော်လည်း မိုဖန်ကတော့ အဆုံးထိ စုံစမ်းချင်နေသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အတွင်းပိုင်းဆီသို့ ဆက်လက် လျှောက်သွားလိုက်သည်။
ကျိုးမင်သည် မိုဖန်၏ နောက်ကွယ်မှ သတိကြီးစွာဖြင့် လိုက်လာခဲ့၏။
"ကြည့်ရတာ အဲ့ဒီ အချောမသတ်ရသေးတဲ့ ကုန်တိုက်ကြီးထဲမှာ ပုန်းနေပုံပဲ" မိုဖန်က လမ်းတစ်လျှောက်ရှိ ရှေ့က အဆောက်အအုံကြီးကို ညွှန်ပြလိုက်သည်။
ဤအဆောက်အအုံမှာ ကုန်တိုက်တစ်ခု ဖြစ်ရန် ရည်ရွယ်ထားပုံရ၏။ အဆောက်အအုံမှာ အလွန်ပင် ကြီးမားလှပြီး နေရာအနှံ့တွင် ဘိလပ်မြေအိတ်များ၊ ကိရိယာများနှင့် အမှိုက်သရိုက်များ ပုံနေပေသည်။ သားရဲရှာဖွေရေး အမှုန့်မှ ပြသနေသော ခြေရာများသည်လည်း ထိုကုန်တိုက်ကြီး၏ အဝတွင်ပင် ဆုံးသွားခဲ့ပြီ ဖြစ်၏။ အကယ်၍ တစ်ခုခု နေထိုင်နေမည်ဆိုလျှင် ထိုနေရာတွင်သာ ခိုအောင်းနေမှာ သေချာပေသည်။
ဤစွန့်ပစ်ထားသော လုပ်ငန်းခွင်ဖွင့်ထားသည်မှာ နှစ်လခန့် ရှိပြီဖြစ်ရာ ပုန်းအောင်းရန်အတွက် အကောင်းဆုံး နေရာပင် ဖြစ်တော့သည်။
"မို... မို... မို... မိုဖန်..." ကျိုးမင်၏ အသံမှာ ရုတ်တရက် တောင့်တင်းသွားတော့သည်။ သူသည် ထူးဆန်းသော နည်းလမ်းဖြင့် မိုဖန်ကို သတိပေးလိုက်၏။
မိုဖန်သည် ကျိုးမင် စိုက်ကြည့်နေသော နေရာသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။ ရှေ့ရှိ အုတ်နံရံတစ်ခု၏ ကြားမှတစ်ဆင့်၊ ပထမထပ်ဟု ယူဆရသော နေရာတွင် လှုပ်ရှားနေသော အနက်ရောင် အရိပ်ကြီးတစ်ခုကို တွေ့လိုက်ရ၏။
၎င်းသည် အလွန်သန်မာသော အောက်ပိုင်း အင်္ဂါများရှိသည့် သတ္တဝါတစ်မျိုး ဖြစ်သည်။ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် ၎င်း၏ ခေါင်းမှာ ဒုတိယထပ် မျက်နှာကြက်ကို ထိလုနီးပါး ဖြစ်နေပေပြီ။
၎င်း၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဝိညာဉ်ဝံပုလွေနှင့် ဆင်တူသော်လည်း အဓိက ကွာခြားချက်မှာ ၎င်းသည် လေးဖက်ထောက် ရပ်နေခြင်း မဟုတ်ဘဲ လူကဲ့သို့ ခြေနှစ်ချောင်းဖြင့် ရပ်နေခြင်းပင် ဖြစ်၏။ အကြီးမားဆုံး ကွာခြားချက်မှာ ထိုအရာ၏ ခေါင်းပင်။ ဧရာမ ဝံပုလွေခေါင်းကြီးတွင် မျက်လုံးတစ်လုံးတည်းသာ ရှိပြီး ညအမှောင်အောက်တွင် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဒါ... ဒါက မျက်လုံးတစ်လုံး မှော်ဝံပုလွေပဲ..." ကျိုးမင်မှာ အလန့်တကြား အော်ဟစ်လုနီးပါး ဖြစ်သွား၏။
မျက်လုံးတစ်လုံး မှော်ဝံပုလွေ။ ဤသည်မှာ မှော်သားရဲအတန်းတွင် ဆရာများ အကြိမ်ကြိမ် ပြောပြခဲ့ဖူးသော ကြမ်းတမ်းလှသည့် မှော်သားရဲ ဖြစ်သည်။ ထောင့်လေးတွေထဲမှာ ပုန်းနေတတ်သည့် မျက်လုံးကြီး ကြွက်လူဝံကဲ့သို့ မဟုတ်ဘဲ၊ ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေများသည် တောင်တန်းများတွင် အများဆုံး နေထိုင်ကြ၏။ ၎င်းတို့သည် လူသားများကို မွေးရာပါ ရန်ငြိုးထားကြပြီး လူသားများကို စားရသည်ကို အလွန်ပင် နှစ်သက်ကြပေသည်။
၎င်းတို့သည် လောဘကြီးပြီး ရက်စက်ကြသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည်ကိုလည်း သဘောကျကြ၏။ ၎င်းတို့သည် ဝေးကွာသော နေရာများတွင် နေထိုင်ကြသော လူသားများကို အမြဲတမ်း ချောင်းမြောင်းနေတတ်ကြသည်။
"တောက်... ဒီလို မျက်လုံးတစ်လုံး မှော်ဝံပုလွေမျိုးက မြို့ထဲနဲ့ ဒီလောက်နီးတဲ့ နေရာမှာ ပေါ်လာတယ်ဆိုတော့... လူတွေ ဂရုမစိုက်ချင်ရင်တောင် မရတော့ဘူး" ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မိုဖန်၏ နှလုံးသားမှာလည်း တုန်လှုပ်သွားရတော့သည်။
မကြာသေးခင်ကအထိ သူသည်လည်း ကျိုးမင်ကဲ့သို့ပင် မြို့ထဲသည် အလွန်ဘေးကင်းသည်ဟု ထင်မှတ်ခဲ့သူ မဟုတ်ပါလား။
ဤသည်မှာ ပိုမြို့အတွင်း သူတွေ့ရသည့် ဒုတိယမြောက် မှော်သားရဲ ဖြစ်လာလိမ့်မည် ဘယ်သူ ထင်မည်နည်း။
ကြွက်လူဝံ မြို့ထဲတွင် ပေါ်လာခြင်းမှာ မထူးဆန်းလှပေ။ ထိုသတ္တဝါများသည် လူသားများ၏ ရေဆိုးမြောင်းများနှင့် သင်္ချိုင်းဂူများတွင် အစောကတည်းက နေထိုင်နေကြသောကြောင့်ပင်။ သို့သော်လည်း ကြမ်းတမ်းလှသော မျက်လုံးတစ်လုံး မှော်ဝံပုလွေက ဤကဲ့သို့သော နေရာမျိုးတွင် ဘာကြောင့် ပေါ်လာရသနည်း။
"အဲ့ဒါ... အဲ့ဒါ ဘာလုပ်နေတာလဲ..." ကျိုးမင်မှာ မျက်နှာ ဖြူလျော့စွာဖြင့် မေးလိုက်ရှာသည်။
"ညစာ စားနေတာပေါ့" မိုဖန်က ပြန်ဖြေလိုက်၏။
ကျိုးမင် သေချာကြည့်လိုက်ပြီးနောက် မူးလဲလုနီးပါး ဖြစ်သွားရသည်။ ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ တစ်ခုခုကို ဝါးစားနေခြင်း ဖြစ်၏။ အရိပ်အောက်မှ အလင်းရောင်တွင် ကျိုးမင်သည် ပိုင်းဖြတ်ခံထားရသော လက်မောင်းတစ်ခုကို မြင်လိုက်ရလေသည်။
“ဘုရားရေ... အဲ့ဒါ လူတစ်ယောက်ရဲ့ လက်မောင်းပဲ...”
ထိုလူမိုက် မိုဖန်မှာ ဘယ်လိုတောင် အေးအေးဆေးဆေးဖြင့် ညစာစားနေသည်လို့ဖြေရသနည်း။
အဲ့ဒါ လူစားနေတာလေ...
တကယ်ကြီး လူစားနေတာ...
အခန်း(၆၄)ပြီး
***