"ဒီနေရာမှာ လေလွင့်အိုးမဲ့အိမ်မဲ့တွေ အများကြီး နေကြတာ။ သူတို့တွေက ရဲတပ်ဖွဲ့ရဲ့ လူဦးရေစာရင်းထဲမှာ ပါမှာမဟုတ်ဘူး။ ဒီမျက်လုံးတစ်လုံး မှော်ဝံပုလွေက တကယ့်ကို ပါးနပ်တာပဲ။ သူက ဒီစွန့်ပစ်ထားတဲ့ လုပ်ငန်းခွင်ထဲမှာ ပုန်းအောင်းပြီး ဘယ်သူမှ ဂရုမစိုက်တဲ့ အဲ့ဒီလေလွင့်သူတွေကို အစာအဖြစ် စားသောက်နေတာ။ ငါသာ ဒါကို ရှာမတွေ့ခဲ့ရင် နောက်ထပ် လူဘယ်နှစ်ယောက်တောင် သူ့ရဲ့ အစာဖြစ်သွားမလဲ မသိဘူး" မိုဖန်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
ကျိုးမင်မှာ စကားပင် မပြောနိုင်တော့လောက်အောင် ကြောက်လန့်နေပြီ ဖြစ်သည်။ မူလက သူသည် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရန်သာ ရည်ရွယ်ပြီး လာခဲ့ခြင်းဖြစ်သော်လည်း၊ လူစားတတ်သည့် မှော်သားရဲနှင့် တိုးလိမ့်မည် သူ မထင်မှတ်ထားခဲ့ပေ။ ပိုမြို့တွင် လူဦးရေ တစ်သန်းနီးပါး ရှိသဖြင့် နေ့စဉ် လူသေဆုံးမှုများ ရှိနေသော်လည်း၊ ယခုကဲ့သို့ နေရာမျိုးတွင် ပုန်းအောင်းနေသော မှော်သားရဲ၏ အစားခံရခြင်းမှာ အမှန်ပင်ထိတ်လန့်စရာ ကောင်းလှပေသည်။ ဤကိစ္စတစ်ခုလုံးမှာ အိပ်မက်ဆိုးတစ်ခုလိုပင်။
"ဒါနဲ့ ကျိုးမင်... ဒီမျက်လုံးတစ်လုံး မှော်ဝံပုလွေက ငါတို့ဆရာတွေ သင်ပြဖူးတဲ့ ကောင်တွေနဲ့ မတူဘူးလို့ မင်းမထင်ဘူးလား..." မိုဖန်က အဝေးမှ ကြောက်မက်ဖွယ် သတ္တဝါကြီးကို ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။
ကျိုးမင်မှာ ဤမေးခွန်းကို စဉ်းစားရန် စိတ်ကူး ဘယ်မှာ ရှိပါမည်နည်း။ ယခုအချိန်တွင် သူ စဉ်းစားနေသည်မှာ ဤနေရာမှ မည်သို့ သတိမထားမိအောင် ထွက်ပြေးရမည်နှင့် မုဆိုးအစည်းအရုံးကို ဤသတင်းဆိုးကြီးအား မည်သို့ အမြန်ဆုံး အကြောင်းကြားရမည်ကိုသာ ဖြစ်သည်။
"သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဆရာတို့ ပြောဖူးတာထက် အနည်းဆုံး နှစ်ဆလောက် ပိုကြီးနေတယ်။ ဒါက သာမန်မျက်လုံးတစ်လုံး မှော်ဝံပုလွေ မဟုတ်ဘူး" မိုဖန်က ဆက်ပြော၏။
ကျိုးမင် တစ်ယောက် ရူးချင်စိတ်ပင် ပေါက်သွားရသည်။ ပထမဆုံး ထိုနေရာမှ မည်သို့လွတ်အောင် ပြေးရမည်နည်းသာစဉ်းစားနေတော့သည်။ မိုဖန်ကိုယ်တိုင်လည်း ကျိုးမင်မှာ ကျောင်းတွင်သာ မောက်မာတတ်သော မိန်းကလေးတစ်ဦး ဖြစ်ကြောင်း လျင်မြန်စွာ သတိပြုမိလိုက်၏။ ယခုကဲ့သို့ ထိတ်လန့်စရာ မြင်ကွင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတွင် စုံစမ်းစစ်ဆေးလိုစိတ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"မင်း အရင်ထွက်သွားပြီး မြို့ပြမုဆိုးအဖွဲ့ရဲ့ Hotline ကိုဆက်သွယ်လိုက်ပါ။ ပြီးတော့ ရဲတွေကိုလည်း ဒီနားက လူတွေနဲ့ လေလွင့်သူတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ပြောလိုက်ဦး" မိုဖန်က ကျိုးမင်ကို ပြောလိုက်၏။
"ဒါဆို နင်ကရော..." ကျိုးမင်က မေးလိုက်သည်။
"ငါကတော့ ဒီမှာပဲနေပြီး သူ့ကို စောင့်ကြည့်ထားမယ်" မိုဖန်က ပြန်ဖြေလိုက်၏။
ကျိုးမင်သည် မိုဖန်ကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။ သူတို့ နှစ်ယောက်လုံးမှာ တတိယနှစ် ကျောင်းသားများသာ ဖြစ်သည်။ သို့သော် မိုဖန်က ထိုမြင်ကွင်းကို မြင်၍ ဘာတုံ့ပြန်မှုမှ မရှိခြင်းအပေါ် အံ့အားသင့်မိရသည်။ သာမန်လူဆိုလျှင် ကြောက်လွန်း၍ ဘောင်းဘီထဲမှာတင် သေးထွက်နေလောက်ပြီဖြစ်သည်။
သေချာစဉ်းစားကြည့်လိုက်ချိန်တွင် ဤပုံမှန်မဟုတ်သော မိုဖန်သည် ဝိညာဉ်ဝံပုလွေကို တစ်ခါ သတ်ဖူးထားသူဖြစ်ကြောင်း ကျိုးမင် သတိရသွား၏။ ကြည့်ရသည်မှာ မှော်သားရဲများက သူ့ကို သိပ်ပြီး မခြောက်လှန့်နိုင်ပုံပင်။
"ငါ... ငါ အကြောင်းကြားပြီးပြီ" ကျိုးမင်က သူကိုယ်သူ ဂုဏ်ယူသလို အသံတိုးတိုးဖြင့် ပြောလိုက်၏။
မိုဖန်မှာ ဇဝေဇဝါဖြစ်သွားပြီး အကျိုးအကြောင်း မစဉ်းစားဘဲ မေးလိုက်မိသည်။
"ဘယ်လို..ဘယ်လို..အကြောင်းကြား... ဟင်.."
စက္ကန့်ပိုင်းအတွင်းမှာပင် မိုဖန်သည် သူ မည်မျှ ဒုက္ခရောက်သွားပြီကို သိလိုက်ရတော့သည်။
ဝေါင်း.....
မလှမ်းမကမ်းရှိ အဆောက်အအုံအတွင်း၌ ညစာစားနေသော မျက်လုံးတစ်လုံး မှော်ဝံပုလွေသည် ၎င်း၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာ၏။ မီးအိမ်ကြီးကဲ့သို့ မျက်လုံးကြီးမှာ ကျိုးမင်နှင့် မိုဖန် ရှိနေသော နေရာဆီသို့ စူးစိုက်ကြည့်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေထုမှာ အေးခဲသွားရ၏။
အုတ်နံရံတစ်ခု၏ နောက်တွင် ပုန်းနေသော်လည်း မိုဖန်နှင့် ကျိုးမင်တို့မှာ ကြမ်းကြုတ်သော မှော်ဝံပုလွေကြီး ထုတ်လွှတ်လိုက်သော တုန်လှုပ်ဖွယ် လူသတ်ငွေ့များကို ခံစားနေရသည်။
ညနေခင်း လေပြေလေး ဝေ့တိုက်လာရာ၊ သွေးညှီနံ့ ပြင်းပြင်းကြီးမှာ မိုဖန်နှင့် ကျိုးမင်၏ နှာခေါင်းထဲသို့ တိုက်ရိုက် တိုးဝင်လာတော့၏။
ကျိုးမင်မှာ ဆွံ့အသွားရ၏။ မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ သူတို့ ရှိနေခြင်းကို ရုတ်တရက် သိသွားလိမ့်မည် သူ မထင်မှတ်ထားခဲ့ပေ။ ၎င်း၏ မျက်လုံးတစ်လုံးတည်းနှင့် အကြည့်ချင်း ဆုံလိုက်ရသည့်အခါ သူမ၏ တစ်ကိုယ်လုံးမှာ ကြောက်မက်ဖွယ် ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်လက်များမှာ လှုပ်ရှား၍ မရတော့ချေ။
"မှော်သားရဲတွေက ဖုန်းလိုင်း အချက်ပြမှုတွေကို အာရုံခံနိုင်တယ်ဆိုတာ နင်မသိထားဘူးလား..." မိုဖန်သည် ကျိုးမင်ကို ဆွဲခေါ်ကာ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် အပြင်ဘက်သို့ ပြေးထွက်လိုက်တော့သည်။
ဤကမ္ဘာပေါ်ရှိ သတ္တဝါများတွင် ပုံမှန်မဟုတ်သော အစွမ်းတစ်ခု ရှိပေသည်။ ၎င်းမှာ ပစ္စည်းများ၏ အချက်ပြမှုကို အာရုံခံနိုင်စွမ်း ရှိခြင်းပင်။ ထို့ကြောင့် ဖုန်းကို အသံပိတ်ပြီး မြို့ပြမုဆိုးအဖွဲ့ဆီ အကူအညီတောင်းစာ ပို့လိုက်လျှင်ပင်၊ ၎င်းမှာ မှော်သားရဲ၏ ဦးနှောက်ထဲသို့ GPS လိပ်စာကို ပို့ပေးလိုက်သလို ဖြစ်သွား၍ ပုန်းအောင်းနေရာကိုချက်ချင်း ဖော်ထုတ်ပေးလိုက်ခြင်းပင်။
ဂါး......
မျက်လုံးတစ်လုံး မှော်ဝံပုလွေသည်လည်း ၎င်းရှိနေသော နေရာကို သူတို့သိရှိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ၎င်းသည် ပစ်ရန်အသင့်ဖြစ်နေသော လေးတစ်စင်းကဲ့သို့ ကိုယ်ကို ကိုင်းလိုက်ပြီး၊ အစာတွေ့သွားသော တောခွေးတစ်ကောင်လို မိုဖန်နှင့် ကျိုးမင်ရှိရာသို့ ခုန်အုပ်လိုက်တော့သည်။ ၎င်း၏ အရှိန်မှာ တကယ့်ကို ထိတ်လန့်စရာပင်။
ကံကောင်းသည်မှာ မိုဖန်နှင့် ကျိုးမင်တို့သည် ဤသတ္တဝါနှင့် အလှမ်းဝေးနေခြင်း ဖြစ်၏၊ မဟုတ်ပါက ၎င်းတို့ နှစ်ဦးစလုံးမှာ မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ညစာအဖြစ် ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။
မိုဖန်သည် အလွန်မြန်သော အရှိန်ဖြင့် ပြေးနေရင်း သူ၏ ကြယ်လမ်းကြောင်းကို ချိတ်ဆက်နေ၏။ ဤနည်းစနစ်မှာ မြို့ပြမုဆိုးအဖွဲ့နှင့်အတူ တာဝန်အနည်းငယ် ထွက်ဖူးစဉ်က သူသင်ယူခဲ့သော အရာပင်။ အကယ်၍ မှော်ဆရာတစ်ဦးသည် ငတုံးတစ်ယောက်လို နေရာမှာတင် ရပ်ပြီး ကြယ်လမ်းကြောင်း ချိတ်ဆက်နေမည်ဆိုပါက၊ မှော်သားရဲသည် နဖူးကို တစ်ခုခုနှင့် ပစ်ပေါက်လိုက်ရုံဖြင့် အသက်မှာ နေရာတင် ပျောက်ကွယ်သွားနိုင်ပေသည်။
"မီးတောက်ပေါက်ကွဲ အရိုးထိလောင်ကျွမ်းခြင်း"
သူသည် လက်တစ်ဖက်ဖြင့် ကျိုးမင်၏ လက်ကောက်ဝတ်ကို ဆွဲကာ ပြေးနေပြီး၊ အခြားလက်တစ်ဖက်ဖြင့် ဆူပွက်နေသော မီးလုံးကို ဖန်တီးလိုက်၏။
သူ၏ ရှေ့ရှိ ဘိလပ်မြေအိတ်ပုံများကို ကျော်ခွလိုက်စဉ်မှာပင် လက်ထဲမှ မီးလုံးကို ၎င်းတို့နောက်သို့ လိုက်လာသော မျက်လုံးတစ်လုံး မှော်ဝံပုလွေဆီသို့ လှမ်းပစ်လိုက်တော့သည်။
ဝှီး.....
မီးတောက်ပေါက်ကွဲ အရိုးထိလောင်ကျွမ်းခြင်း၏ လှည့်ပတ်နှုန်းမှာ အလွန်ပင် မြန်ဆန်လှရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်သားအမှိုက်ပုံကို မီးစွဲသွားစေခဲ့သည်။ ပြင်းထန်သော အပူရှိန်ကြောင့် မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ထိုနေရာကို ဖြတ်ကျော်ရန် မဝံ့မရဲ ဖြစ်သွား၏။
မိုဖန်၏ မီးတောက်မှာ ဝံပုလွေကို တိုက်ရိုက် ထိမှန်ရန် ပစ်လိုက်ခြင်း မဟုတ်ပေ။ မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ သွက်လက်မှုမှာ မျက်လုံးကြီး ကြွက်လူဝံနှင့် အဆင့်တူပေသည်။ ၎င်း၏ သန်မာလှသော ခြေလေးချောင်းမှာ အပျက်အစီးများကြားတွင် သွက်လက်စွာ ခုန်ကူးနိုင်စွမ်း ရှိရာ၊ မိုဖန်၏ မှော်ပညာမှာ ၎င်းကို တိုက်ရိုက် ထိမှန်အောင် ပစ်နိုင်သည့် အဆင့်သို့ မရောက်သေးချေ။
အရိုးထိလောင်ကျွမ်းခြင်း မီးတောက်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည် ၎င်းမှာ မီးတံတိုင်းတစ်ခု ဖန်တီးကာ ဝံပုလွေ၏ တိုက်ခိုက်မည့် လမ်းကြောင်းကို ဖြတ်တောက်ရန်ပင်။
ဂါး....
သို့သော်လည်း မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ သွက်လက်မှုမှာ မိုဖန် စိတ်ကူးထားသည်ထက် များစွာ သာလွန်နေပေသည်။ ၎င်း၏ နောက်ခြေထောက်များဖြင့် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်၏။ ၎င်းသည် တောက်လောင်နေသော မီးတောက်များကို တိုက်ရိုက် ကျော်ခွသွားခဲ့ခြင်း ဖြစ်ပေသည်။
ဘုန်း....
မျက်လုံးတစ်လုံး မှော်ဝံပုလွေသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ဆင်းသက်လိုက်ရာ အမှုန့်များ ထွက်ပေါ်လာတော့သည်။
၎င်း၏ မျက်လုံးသည် ထွက်ပြေးနေသော မိုဖန်နှင့် ကျိုးမင်ဆီသို့ ထပ်မံ စူးစိုက်ကြည့်လိုက်ပြန်၏။ တဆက်တည်း ကျည်ဆန်တစ်ခုကဲ့သို့ ၎င်းတို့နောက်သို့ လိုက်ပါလာတော့သည်။ လမ်းတွင်ရှိသော ဆောက်လုပ်ရေး သစ်သားများ၊ သဲပုံများနှင့် လက်တွန်းလှည်းများမှာ ဘေးဘက်သို့ လွင့်စင်သွားကြ၏။
မိုဖန် ခေါင်းလှည့်ကြည့်လိုက်စဉ် မဆဲပဲ မနေနိုင်တော့ပေ။
ထိုမျက်လုံးတစ်လုံး မှော်ဝံပုလွေက တကယ့်ကို ပုံမှန်မဟုတ်ချေ။ အရှိန်တင် မဟုတ်၊ သူ့၏ ခန္ဓာကိုယ်မှာလည်း တကယ်ကို သန်မာလွန်းသည်။ အကယ်၍ ထိုဝံပုလွေနဲ့သာ တိုက်မိလျှင် မိုဖန် တစ်ယောက် အသက်ပျောက်သွားမှာ သေချာ၏။ ၎င်းမှာ သူ ယခင်က တွေ့ဖူးသမျှသော မှော်သားရဲများထက် အများကြီး ပိုသန်မာပေလိမ့်မည်။
ဘုန်း...ဘုန်း...ဘုန်း
ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ယာယီအပြင်ဘက် နံရံများသည် ရေမြှုပ်များကဲ့သို့ပင် ဝံပုလွေ၏ ခန္ဓာကိုယ်နှင့် တိုက်မိရုံဖြင့် အစအနမကျန် ပျက်စီးသွားတော့သည်။ လူနေရပ်ကွက်ဟောင်းထဲသို့ ရောက်ရှိသွားသော မိုဖန်နှင့် ကျိုးမင်တို့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ၊ ဝံပုလွေကြီးမှာ သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားရတော့သည်။
“တောက်... ဒီမျက်လုံးတစ်လုံး မှော်ဝံပုလွေကတော့။ ငါက လူနေရပ်ကွက်ထဲ ရောက်နေပြီကိုတောင် မင်းက ဆက်လိုက်နေသေးတာလား....”
မိုဖန်သည် ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေတွင် အတန်အသင့် ဉာဏ်ရည်ရှိမည် ထင်ခဲ့သည်။ အကြောင်းမှာ ၎င်းသည် လူသူကင်းမဲ့သော လုပ်ငန်းခွင်ထဲတွင် ပုန်းအောင်းကာ လေလွင့်သူများကို စားသောက်နေသောကြောင့်ပင်။ ထို့ကြောင့် ၎င်းသည် လူနေရပ်ကွက်ထဲအထိ လိုက်လာလိမ့်မည်အား မိုဖန်က တွက်ဆခဲ့ခြင်း ဖြစ်၏။ အကယ်၍ လူတွေ မြင်သွားလျှင် ၎င်းမှာ အမဲလိုက်ခံရမည့် ပစ်မှတ် ဖြစ်သွားမည် မဟုတ်ပါလား။ ဤဝံပုလွေမှာ ဤမျှအထိ ငတုံးဖြစ်လိမ့်မည်ဟု ဘယ်သူ ထင်မှာလဲ။ ၎င်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အပြင်ဘက်အထိ တိုက်ရိုက် လိုက်လာခဲ့လေပြီ။
“ဝံပုလွေအစ်ကိုကြီး... လူအများကြီးရှိတဲ့ နေရာမှာတိုက်ခိုက်တာက မင်းအတွက် ဘာမှ အကျိုးမရှိဘူး၊ ဒါကြောင့် အိမ်ကိုပဲ ပြန်လိုက်ပါတော့။ အခုက ညနေပိုင်းဖြစ်ပြီး ရပ်ကွက်ဟောင်းမှာ လူသိပ်မရှိဘူးဆိုပေမဲ့၊ တစ်ယောက်ယောက်ကတော့ မြင်ပြီး အကြောင်းကြားမှာပဲလေ... ငါတို့တွေ ဒီနေ့ပဲ ငြိမ်းငြိမ်းချမ်းချမ်း လမ်းခွဲကြရင် မကောင်းဘူးလား...ဒီလမ်းချိုးကို ကျော်တာနဲ့ လမ်းခွဲကြစို့၊ ဘယ်သူမှ လှည့်မကြည့်ကြေးပေါ့...”
“တောက်... မင်းက ဆက်လိုက်နေတုန်းပဲလား... မင်းက ဆက်လိုက်နေမယ်ဆိုရင်တော့ ငါ့ရဲ့ မယဉ်ကျေးမှုကို အပြစ်မတင်နဲ့တော့...”
အခန်း (၆၅)ပြီး
***