"မိုဖန်... မိုဖန်... ငါတို့ ဘာလုပ်ကြမလဲ၊ ငါ ဆက်မပြေးနိုင်တော့ဘူး" ကျိုးမင် ကြောက်လန့်လွန်းသဖြင့် မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့နေပြီး မိုဖန်၏ နောက်တွင် ပုန်းနေရှာသည်။
အချိန်ကား ညဉ့်နက်သန်းခေါင်ယံအချိန်ပင်... စွန့်ပစ်ထားသော လုပ်ငန်းခွင်ကြောင့် ဤနေရာတွင် နေထိုင်သူ အနည်းငယ်သာ ရှိတော့သည်။ ယခုအချိန်တွင် မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ လုပ်ငန်းခွင်ထဲမှ ပြေးထွက်လာပြီး ရွှံ့ဗွက်အနည်းငယ်ရှိသော လမ်းအတိုင်း လိုက်ပါလာနေပြီ ဖြစ်၏။ ဟောင်းနွမ်းနေသော ညောင်ပင်ကြီး၏ အရိပ်အောက်မှနေ၍ အရာအားလုံးကို ဝါးမြိုသွားမည့် အရိပ်မည်းကြီးတစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်တွေ့နိုင်ပေသည်။
"နင့်ရဲ့ အဖွားကို ခေါ်ပြီး အမြန်ပြေးတော့၊ ငါ ဒီကောင်ကို အချိန်ဆွဲထားလိုက်မယ်" မိုဖန်က ကျိုးမင်ကို ပြောလိုက်၏။
သူတို့ မည်သို့ပင် လျင်မြန်အောင်ပြေးနေပါသော်လည်း သန်မာလှသော ခြေလေးချောင်းရှိသည့် မျက်လုံးတစ်လုံး မှော်ဝံပုလွေထံမှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ချေ။ ဤအချိန်တွင် မိုဖန်သည် ရွေ့လျားမှုမှော်ပညာ တစ်ခု ရှိနေရန် မည်မျှ အရေးကြီးကြောင်း တစ်ကျော့ပြန် သတိရမိပြန်သည်။
"နင်က ဘယ်လို အချိန်ဆွဲမှာလဲ..." ကျိုးမင်က တုန်ရီနေသော အသံဖြင့် မေးလိုက်၏။
"စကားတွေ အများကြီး ပြောမနေနဲ့တော့..." မိုဖန်က သူမကို ငေါက်ငမ်းလိုက်သည်။
ကျိုးမင်သည်လည်း မီးဓာတ်မှော်ဆရာတစ်ဦး ဖြစ်သော်လည်း၊ သူမ၏ မီးတောက်ပေါက်ကွဲခြင်းမှာ ဤကဲ့သို့သော ဧရာမ ဝံပုလွေကြီးကို ယှဉ်ရန် လုံးဝ အသုံးမဝင်ချေ။ အချက်ပြကိရိယာအရ သူ၏ မုဆိုးအဖွဲ့ဝင်များမှာ အနီးအနားတွင် ရှိနေပြီဖြစ်ရာ၊ မိုဖန်အနေဖြင့် စစ်ကူများ ရောက်လာသည်အထိ အချိန်အနည်းငယ် ထိန်းထားနိုင်ရန် လိုအပ်ပေသည်။
ကျိုးမင်သည် အချိန်ထပ်မဖြုန်းတော့ဘဲ လမ်းပေါ်ရှိ အိမ်တစ်လုံးဆီသို့ အပြေးအလွှား သွားလိုက်တော့သည်။
သို့သော်လည်း မိုဖန်သည် ဤမိန်းကလေး၏ ကြင်နာတတ်မှုကို လျှော့တွက်မိသွားခဲ့၏။ သူသည် သူ၏ အဖွားကိုသာမက၊ လမ်းပေါ်ရှိ အခြားသော သက်ကြီးရွယ်အိုများကိုပါ လိုက်လံ သတိပေးနေတော့သည်။
ရပ်ကွက်ဟောင်းတွင် နေထိုင်သူ အတော်များများမှာ သက်ကြီးရွယ်အိုများ ဖြစ်နေကြောင်း မိုဖန် သတိပြုမိလိုက်သည့်အခါ သူ မျက်မှောင်ကြုတ်သွားရ၏။
အကယ်၍ ယနေ့သာ ဤသတ္တဝါကို သူတို့ မတွေ့ခဲ့လျှင်၊ ဤလူအိုကြီးများမှာ မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ အစာ ဖြစ်သွားကြမှာ သေချာပေသည်။
လာပြီ...
နောက်ဆုံးတွင် မျက်လုံးတစ်လုံး မှော်ဝံပုလွေသည် မိုဖန်နှင့် ၂၀ မီတာခန့် အကွာအဝေးအထိ နီးကပ်လာခဲ့ပြီ ဖြစ်၏။ ဤ ၂၀ မီတာ အကွာအဝေးကို ဖြတ်ကျော်ရန် ဝံပုလွေကြီးအတွက် တစ်စက္ကန့်ပင် လိုမည် မဟုတ်ချေ။
၎င်းအပြင် ဤမှော်သားရဲများသည် ကျောင်းတွင် ဆရာများ သင်ပြခဲ့သည်ထက် ပို၍ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။ ဝံပုလွေကြီး ပြေးဝင်လာစဉ် ထုတ်လွှတ်လိုက်သော ဖိအားမှာ ကားတစ်စီးနှင့် တိုက်မိတော့မည့်အတိုင်း ပြင်းထန်လှရာ၊ သာမန်လူဆိုလျှင် နေရာမှာတင် မှင်သက်ကာ ရပ်နေမိမှာ အမှန်ပင်။
"မင်းကို မလိုက်နဲ့လို့ ပြောထားရက်နဲ့ ဆက်လိုက်နေသေးတာလား...ငါ သေသွားရင် မင်းအတွက် ရှားပါးပစ္စည်းတွေ ထွက်လာမယ် ထင်နေလို့လား..." မိုဖန်သည် ပြေးဝင်လာသော ဝံပုလွေကြီးကို စိုက်ကြည့်ရင်း ဆဲဆိုလိုက်မိသည်။
သူ၏ စိတ်အာရုံမှာ ဝိညာဉ်ကမ္ဘာ အတွင်းရှိ တံစဉ်ပုံသဏ္ဌာန် တံဆိပ်အမှတ်အသားပေါ်သို့ စူးစိုက်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော ဝိညာဉ်အလင်းတန်းများ ပွင့်ထွက်လာတော့သည်။
မိုဖန်၏ ရှေ့တွင် ထိုအလင်းတန်းများသည် လူတစ်ရပ်ခန့် မြင့်သော သုံးဖက်မြင် စိန်ပုံသဏ္ဌာန် ဒိုင်းကာတစ်ခုအဖြစ် လျင်မြန်စွာ ပုံဖော်လိုက်၏။ အလင်းတန်းများ အတောက်ပဆုံး အချိန်တွင် မိုဖန်၏ ရှေ့၌ အနားသတ်များ ထင်ရှားလှသော အစိမ်းနက်ရောင် အရိုးလွှဒိုင်း တစ်ခု ပေါ်ထွက်လာတော့သည်။
မှော်အသုံးအဆောင် အရိုးလွှဒိုင်း....
ဒိုင်းကာမှာ မိုဖန်၏ ရှေ့တွင် ဝိညာဉ်အလင်းတန်းများ ခြံရံလျက် လွင့်မျောနေ၏။ ၎င်း၏ ပေါ်ထွက်လာမှုမှာ အလွန်ပင် လျင်မြန်လှပေသည်။
ဧရာမ မျက်လုံးတစ်လုံး မှော်ဝံပုလွေသည် အရိုးဒိုင်းကာ ပေါ်လာသည်ကို သတိမထားမိဘဲ မိုဖန်ကို အမှုန့်ကြိတ်ရန် အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာရာ အချိန်မီ မရပ်တန့်နိုင်တော့ချေ။
ဘုန်း....
ဝံပုလွေကြီးမှာ ရှေ့သို့ ကိုင်းပြီး ပြေးဝင်လာခြင်းဖြစ်ရာ ၎င်း၏ ခေါင်းနှင့် အရိုးလွှဒိုင်းကာတို့ တိုက်ရိုက် တိုက်မိသွားတော့သည်။ ဒိုင်းကာထံမှ ပြင်းထန်သော တုန်ခါသံ ထွက်ပေါ်လာ၏။ ပြင်းထန်လှသော အရှိန်ဖြင့် တိုက်မိသွားသော မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ၁၀ မီတာခန့် နောက်သို့ လွင့်ထွက်သွားကာ ဒိုင်းနောက်တွင် ပုန်းနေသော မိုဖန်မှာလည်း အရှိန်ကြောင့် လွင့်စင်သွားရတော့သည်။
အရိုးလွှဒိုင်းကာသည် ဝံပုလွေ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ကာကွယ်ပေးပြီးနောက် ချက်ချင်းပင် အလင်းစများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ မိုဖန်မှာ စကိတ်စီးနေသကဲ့သို့ ကွန်ကရစ်မြေပြင်ပေါ်တွင် လျှောတိုက်ကာ နောက်သို့ အရှိန်ဖြင့် ပါသွားရသည်။
မိုဖန်သည် သွေးအန်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။ အရိုးလွှဒိုင်းကာက ဝံပုလွေ၏ တိုက်ကွက်ကို ဟန့်တားပေးခဲ့သော်လည်း၊ မိုဖန်မှာမူ သူ၏ ဝမ်းဗိုက်ကို တစ်ခုခုနှင့် အပြင်းအထန် အထိုးခံလိုက်ရသကဲ့သို့ ခံစားနေရဆဲပင်။
"တကယ့်ကို သန်မာတဲ့ သတ္တဝါပဲ..." မိုဖန် တိတ်တဆိတ် အံ့ဩနေမိသည်။
အရိုးလွှဒိုင်းကာ၏ အရည်အသွေးမှာ မှော်သားရဲတစ်ကောင်၏ အရှိန်အပြည့် တိုက်ကွက်ကို ခံနိုင်ရည်ရှိပြီး ဘေးကင်းစွာ ရှိနေသဖြင့် အတော်ပင် ကောင်းမွန်သည် ဆိုနိုင်ပေသည်။ သို့သော်လည်း ဝံပုလွေကြီး တိုက်လိုက်သည့် အရှိန်မှာ မိုဖန်ကိုပင် ထိခိုက်စေခဲ့၏။ ၎င်းကို ကြည့်ခြင်းအားဖြင့် အကယ်၍ ထိုတိုက်ကွက်သာ သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်ခဲ့မည်ဆိုပါက သူ၏ အရိုးများ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားမည် သေချာလှပေသည်။
မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ လမ်းမပေါ်တွင် လဲကျနေပြီး ၎င်း၏ ခေါင်းမှ သွေးများ ထွက်နေ၏။ ၎င်းသည် ခေါင်းကို ခါယမ်းကာ ဝေဝေဝါးဝါးဖြင့် ဖြည်းညှင်းစွာ ပြန်ထလာပြီး၊ နာကျင်နေသော နေရာကို လူတစ်ယောက်ကဲ့သို့ ၎င်း၏ လက်ဖြင့် ကိုင်ထားရှာသည်။
"ဒါကိုတောင် ပြန်ထနိုင်သေးတယ်လား၊ သူ့ကိုယ်ကြီးက သံနဲ့ လုပ်ထားတာလား..." မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ လှုပ်ရှား၍ ပြန်လည်ထလာသည်ကို မြင်လိုက်ရသည့်အခါ မိုဖန်၏ ပါးစပ်မှာ အံ့ဩလွန်း၍ ဟသွားရတော့သည်။
သူ ယခင်က တွေ့ခဲ့ဖူးသော မှော်သားရဲများကပင် အားနည်းလွန်းနေသည်လား... သို့မဟုတ် ထိုမျက်လုံးတစ်လုံး မှော်ဝံပုလွေကပဲ တကယ်ကြီး သန်မာနေသည်လား ၊ အကယ်၍ ဝိညာဉ်ဝံပုလွေ သို့မဟုတ် မျက်လုံးကြီး ကြွက်လူဝံသာ ယခုလို တိုက်မိမည်ဆိုလျှင် သူတို့၏အရိုးများ အားလုံး ကြွေကျသွားလောက်ပြီ ဖြစ်သည်။
ပြေး... အမြန်ပြေးမှဖြစ်မယ်...
ထိုသတ္တဝါကြီး ဝေဝေဝါးဝါး ဖြစ်နေစဉ် အခွင့်ကောင်းယူကာ သူသည် မရပ်မနား ပြေးတော့သည်။ ထိုတိုင်းပြေးနေရုံဖြင့် သားရဲမှာ သူ့ဆီသို့ ချက်ချင်းပင် ပြန်လိုက်လာမှာဖြစ်သည်။ ထိုကြောင့် လျှပ်စီးဖြင့် ပစ်လွှတ်နိုင်သမျှ ထိုသားရဲအား အနည်းငယ်လှုပ်ရှား၍မရနိုင်အောင် တားနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ အချိန်မျိုးတွင် မိုဖန်သည် သူ၏ အစွမ်းကို ဖုံးကွယ်ထားရန် မဝံ့တော့ချေ။ အကယ်၍ ကျိုးမင်သာ သူ၏ လျှပ်စီးဒြပ်စင်ကို မြင်သွားခဲ့လျှင် ဘယ်သူ့မှ မပြောရန် နားချရခြင်းမှာ သိပ်မခက်ခဲလောက်ပေ။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဗိုက်ထဲမှ နာကျင်မှုကို လျှော့ချလိုက်၏။ မိုဖန်သည် သူ၏ လျှပ်စီးကြယ်လမ်းကြောင်းကို စတင် ထိန်းချုပ်ရန် ပြင်လိုက်သည်။
"ရေခဲပျံ့နှံ့ခြင်း... ခဲစေခြင်း"
မိုဖန် လျှပ်စီးကြယ်နှစ်လုံးကို စတင် ထိန်းချုပ်လိုက်စဉ်မှာပင် အဝေးမှ မိန်းကလေးတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။
အေးစက်သော လေထုသည် ဤရပ်ကွက်ဟောင်း၏ လမ်းမကို ချက်ချင်း ဖုံးလွှမ်းသွားပြီး၊ ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းလာတော့သည်။
ဤနှင်းပွင့်များသည် အမိန့်တော်အရ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ခြေထောက်အောက်တွင် လျင်မြန်စွာ စုစည်းသွားကာ ဝံပုလွေ၏ ပတ်ဝန်းကျင်ကို ရေခဲတုံးကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ရေခဲများက တစထက်တစ ပြန့်နှံလာကာ ဝံပုလွေ၏ သန်မာလှသော ခြေထောက်များပေါ်သို့ ပျံ့တက်သွားပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ခြေလေးချောင်းစလုံးမှာ ရေခဲများ ဖုံးလွှမ်းသွားတော့သည်။
အကယ်၍ မျက်လုံးတစ်လုံး မှော်ဝံပုလွေသာ ပုံမှန်အခြေအနေတွင် ရှိနေမည်ဆိုပါက ဤ ရေခဲပျံ့နှံ့ခြင်းက သူ့ကို ဟန့်တားနိုင်မှာ မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင် ဝံပုလွေကြီးမှာ ဝေဝေဝါးဝါး ဖြစ်နေခြင်း ဖြစ်သည်။ ၎င်း သတိပြန်ဝင်လာသည့် အချိန်တွင်မူ ၎င်း၏ အောက်ပိုင်း အင်္ဂါများမှာ ခဲနေပြီ ဖြစ်၏။ အကယ်၍ ၎င်းသာ ခြေတစ်လှမ်း လှမ်းနိုင်သေးမည်ဆိုပါက ၎င်းကို ခဲပစ်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
မိုဖန် ဝမ်းသာအားရဖြင့် လှည့်ကြည့်လိုက်သည့်အခါ.... လမ်း၏ အဆုံးတွင် ခရမ်းရောင် ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားပြီး ခြေတံရှည်လျားသော အေးစက်သည့် မျက်နှာထားနှင့် မိန်းကလေးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရ၏။ ဖြူစင်သော ရေခဲကြယ်လမ်းကြောင်းမှာ သူမ၏ ဘေးတွင် တောက်ပနေဆဲဖြစ်ရာ၊ ဤရေခဲမှော်ဆရာမလေးကို ပို၍ပင် လှပစေတော့သည်။
"ချိုက်ထန်..." မိုဖန် အလွန် ဝမ်းသာသွားရသည်။
သူမသည် သူ၏ လျှပ်စီးတိုက်ခိုက်မှုဖြင့် သူမ အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးသည်ကို မမေ့သေးပုံရပေသည်။ သူမ ယခုကဲ့သို့ အချိန်မီ ရောက်လာခြင်းကြောင့် သူ၏ လျှပ်စီးဒြပ်စင် လျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့လေပြီ။
"လူယုတ်မာလေး... နင် ဘာလို့ ဒီမှာ ရှိနေတာလဲ..." ချိုက်ထန်က မိုဖန်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။
ဤမိုဖန်ဆိုသော သူအား ချိုက်ထန် ဘယ်လိုလုပ် မမှတ်မိဘဲ နေပါမည်နည်း။ ကလေးတစ်သိုက်နှင့်အတူ သူရေချိုးနေခြင်းကို ခိုးကြည့်ခဲ့သောကိစ္စအား ချိုက်ထန် ဘယ်သောအခါမျှ မေ့မည် မဟုတ်ပေ။ ထိုကိစ္စက သူ့ကို မိုဖန်အပေါ် အရိုးထဲထိ နာကျည်းစေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေကို ဆွဲဆောင်လာသူမှာ မိုဖန်ဖြစ်ကြောင်း သူမ ကြိုသိခဲ့လျှင်၊ စောနက ကယ်တင်မည့် အပြုအမူကို သူ သေချာပေါက် တွန့်ဆုတ်နေမှာ အမှန်ပင်။ မူအရဆိုလျှင် နှာဘူးတစ်ယောက်နှင့် မှော်သားရဲတစ်ကောင်ဟာ အတူတူပင်။
"ငါ... ငါနဲ့ ငါ့ရည်းစားနဲ့ ဒီမှာ ချိန်းတွေ့နေတာပါ နင် အချိန်မီ ရောက်လာတာ တကယ် ကောင်းတယ်" မိုဖန်သည် ဘေးကင်းသော အကွာအဝေးသို့ ချက်ချင်း ဆုတ်ခွာလိုက်ပြီး ကျိုးမင်နှင့် သူမ၏ အဖွားအနားသို့ ပြေးသွားလိုက်တော့သည်။
"အမြန် ထွက်သွားစမ်းပါ... ငါတို့ မုဆိုးအဖွဲ့က အနီးအနားမှာ ရှိနေပြီ" ချိုက်ထန်မှာမူ မိုဖန်အား ယခင်ကတည်းက မကြည်သူ ဖြစ်၍ ရိုင်းရိုင်းစိုင်းစိုင်းပင် ပြောလိုက်လေတော့သည်။
အခန်း(၆၆)ပြီး
***