ဝူး......
ဟောင်းနွမ်းနေသော ညောင်ပင်ကြီး၏ သစ်ကိုင်းများမှာ ရူးသွပ်စွာ ဝှေ့ယမ်းနေပြီး သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းကျိုးများမှာ မြေပြင်ပေါ်သို့ တဖွဲဖွဲ ကြွေကျနေတော့သည်။
"ယုအန်း... မြန်မြန်၊ ရေခဲပျံ့နှံ့ခြင်းကို နောက်တစ်ထပ် ထပ်သုံးလိုက်ဦး..." ချိုက်ထန် တစ်ခုခုကို ရိပ်မိလိုက်သဖြင့် ယုအန်းကို အသည်းအသန် အမိန့်ပေးလိုက်၏။
"ငါ မလုပ်နိုင်တော့ဘူး၊ သူ့ရဲ့ အရှိန်အဝါက အရမ်းပြင်းလွန်းတယ်၊ ငါ အသက်ရှူရတာတောင် ခက်နေပြီ" ယုအန်းက အားနည်းစွာ ပြန်ဖြေရှာသည်။
မိုဖန်သည်လည်း ရူးသွပ်နေသော သားရဲ၏ အရှိန်အဝါမှာ ပင်လယ်လှိုင်းလုံးကြီး တစ်ခုကဲ့သို့ သူ၏ မျက်နှာကို လာရိုက်ခတ်နေသည်ကို ခံစားနေရ၏။ ထို့နောက် မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ၎င်း၏ ခေါင်းကို မော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်တော့သည်။ ဤကြမ်းကြုတ်လှသော အရှိန်အဝါမှာ လှိုင်းလုံးကြီးများကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာရာ ရပ်ကွက်ဟောင်းရှိ အိမ်ခြေများပင် စတင် တုန်ခါလာတော့သည်။
"သူ အဆင့်တက်တော့မယ်.... ငါတို့ ပေးထားတဲ့ ဖိအားတွေကြောင့် သူက ဆင့်ကဲပြောင်းလဲပြီး အဆင့်တက်ဖို့ အတင်းအကျပ် ကြိုးစားနေတာပဲ..."
"တော်ဝင်ငရဲစမ်းရေရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးကတည်းက သူ့မှာ အဆင့်တက်နိုင်တဲ့ အလားအလာ ရှိနေတာ။ ငါတို့ သူ့ကို တားရမယ်။ အကယ်၍ သူသာ အဆင့်တက်တာ အောင်မြင်သွားရင် ရန်ကျောက်ဟယ် ရောက်လာရင်တောင် သူ့ကို နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး..." ရှုတာဟွမ်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားတော့သည်။
မြို့ပြမုဆိုးအဖွဲ့တွင် ဤမျှကြာအောင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၎င်းမှာ ရှုတာဟွမ်အတွက် အဆင့်မြင့်အဆင့်မှ အဆင့်ထက်တက်ရန် ကြိုးစားနေသော မှော်သားရဲနှင့် ပထမဆုံးအကြိမ် တိုးဖူးခြင်းပင် ဖြစ်၏။
အဆင့်မြင့်အဆင့် မှော်သားရဲဆိုသည်မှာ ကြောက်စရာမကောင်းသော်လည်း၊ ကြောက်စရာ အကောင်းဆုံးအပိုင်းမှာ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲ သွားသော မှော်သားရဲပင်။ ၎င်းမှာ အခြေခံအဆင့် မှော်ဆရာများ တောင့်ခံနိုင်မည့် အရာမဟုတ်ချေ။ ၎င်းအပြင် ဤသတ္တဝါကြီးသာ စတင် သောင်းကျန်းလိုက်မည်ဆိုပါက ဤမြို့ဧရိယာအတွင်းရှိ လူသားများမှာ ပျက်စီးခြင်း ဘေးဒုက္ခနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"မကောင်းတော့ဘူး၊ ငါတို့ သူ့ကို မတားနိုင်တော့ဘူး။ သူ အဆင့်မတက်ခင် အချိန်လေးမှာပဲ ဒီနေရာကနေ အမြန် ထွက်ပြေးကြရအောင်" လီဝန်ကျဲက မျက်နှာဖြူလျော့စွာဖြင့် ပြောလိုက်၏။
အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားသော မှော်သားရဲ၏ အရှိန်မှာ လီဝန်ကျဲ ကိုင်တွယ်နိုင်မည့် အရာမဟုတ်ဘဲ ဤနေရာရှိ လူအားလုံး သေကြရပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲမှု အောင်မြင်သွားသော မျက်လုံးတစ်လုံး မှော်ဝံပုလွေအတွက် ဤနေရာရှိ လူအားလုံးကို သတ်ပစ်ရန်မှာ တစ်ဆယ်စက္ကန့်ပင် ကြာမည်မဟုတ်ချေ။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ... မင်းရဲ့ နောက်ဘက်ကို လှည့်ကြည့်လိုက်စမ်း..." ရှုတာဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ဤနေရာမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ရှိနေသဖြင့် စွန့်ပစ်ခံထားရပြီး ညောင်ပင်လမ်းမှာလည်း တစ်ဝက်တစ်ပျက် ဖြိုဖျက်ထားသော အခြေအနေတွင် ရှိနေပေသည်။ သို့သော်လည်း ဤလမ်းကို ကျော်လိုက်သည်နှင့် ရောင်စုံမီးများ လင်းထိန်နေသော စီးပွားရေး ရပ်ကွက်ကြီး ရှိနေပေသည်။
ထိုနေရာတွင် ရုပ်ရှင်ကြည့်နေကြသည့် မိသားစုများ၊ ချစ်သူများနေ့အတွက် လက်ဆောင်ပြင်နေကြသည့် မိန်းကလေးများ၊ အေးအေးဆေးဆေး လမ်းလျှောက်နေကြသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံများ ရှိနေကြသည်။ လူနေတိုက်ခန်းများ၊ ဈေးဆိုင်များ၊ ဖျော်ဖြေရေးစင်တာများ၊ ရင်ပြင်များနှင့်ပြည့်နှက်နေသည်။
"အဲ့ဒီလူတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့ မင်းထင်လို့လား...ငါတို့သာ ဒီကနေ လှည့်ထွက်သွားမယ်ဆိုရင် အဆင့်တက်ပြီးသွားတဲ့ မျက်လုံးတစ်လုံး မှော်ဝံပုလွေက အစာအများကြီး လိုအပ်လာလိမ့်မယ်။ အဲ့ဒီလူတွေက သူ့အတွက် အစာတွေ ဖြစ်သွားမှာပေါ့..."
ဤမြို့တွင် သူတို့ မုဆိုးအဖွဲ့ထက် သန်မာသော မှော်ဆရာများ ရှိနေသည်မှာ အမှန်ပင်။ သို့သော်လည်း အလယ်အလတ်အဆင့် မှော်ဆရာများမှာ အချိန်တိုင်း အသင့်အနေအထားတွင် ရှိမနေကြချေ။ မျက်လုံးတစ်လုံး မှော်ဝံပုလွေကို သတ်ရန် အမြန်ဆုံး ရောက်လာကြလျှင်ပင် ထိုအချိန်အတွင်း၌ ဖြစ်ပေါ်လာမည့် လူသတ်ပွဲကြီးကို တားဆီးနိုင်မည် မဟုတ်ချေ။ည လူသားပေါင်း ဘယ်နှစ်ယောက်တောင် အသက်ဆုံးရှုံးရမလဲဆိုသည်ကို ရှုတာဟွမ် မတွက်ချက်ရဲတော့ချေ။
"ဒီလူယုတ်မာလေးက စိတ်အနှောင့်အယှက် ပေးတတ်ပေမဲ့ ဒီနေ့တော့ သူ တကယ့်ကို အံ့ဩစရာ ကောင်းတာတစ်ခု လုပ်ခဲ့တာပဲ။ အဆင့်တက်တော့မယ့် ဒီဝံပုလွေကို အချိန်မီ ရှာတွေ့လိုက်တာက ကြီးမားတဲ့ လူသတ်ပွဲကြီးကို တားဆီးလိုက်တာ...”
“စိတ်ပျက်စရာတွေ ပြောမနေကြနဲ့ဦး၊ သူ အဆင့်တက်တာ မအောင်မြင်သေးဘူး၊ ဒါကြောင့် ငါတို့ သူ့ကို ဟန့်တားလို့ ရသေးတယ်" ချိုက်ထန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
ရှုတာဟွမ်မှာတော့ ထွက်မပြေးရန် ဆုံးဖြတ်ပြီးသား ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် မြို့ပြမုဆိုးအဖွဲ့ ခေါင်းဆောင်၏ ဤစိတ်ဓာတ်မှာ မိုဖန်အား အတော်ပင် လေးစားသွားစေခဲ့သည်။
"ဖေးရှီ... မြေလှိုင်းကို ပြင်ထား၊ သူ့ကို နှေးကွေးအောင် လုပ်ရမယ်။ အကယ်လို့သူက ရေခဲတွေထဲက ရုန်းထွက်လာရင် သူ့ကို လုံးဝအလွတ်မပေးနဲ့" ရှုတာဟွမ်က အမိန့်ပေးလိုက်၏။
ဖေးရှီ ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ဖဝါးကို ကွန်ကရစ်လမ်းမပေါ်သို့ ရုတ်တရက် ရိုက်ချလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်၏ မျက်နှာပြင်မှာ ကန်ရေပြင်ရှိ လှိုင်းကြက်ခွပ်များကဲ့သို့ လှုပ်ရှားလာတော့သည်။ ဤလှိုင်းများသည် လားရာတစ်ခုတည်းသို့ ဦးတည်နေပြီး ရေခဲရိုက်ခံထားရသော ဝံပုလွေကြီးကို လူအားလုံးနှင့် ဝေးရာသို့ ဆွဲခေါ်သွားတော့သည်။
သို့သော်လည်း ရေခဲပျံ့နှံ့ခြင်း ၏ အာနိသင်မှာ ကြာကြာမခံတော့ချေ။ ဝံပုလွေကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ရေခဲများမှာ ရေအဖြစ် အရည်ပျော်ကုန်ပြီး၊ ထိုရေများမှာလည်း ပွက်ပွက်ဆူလာတော့သည်။
"ဒီကောင် တကယ်ကြီး အဆင့်တက်နေပြီ၊ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောတွေက ဆူပွက်နေတာပဲ..." ဖေးရှီက စိုးရိမ်တကြီး ပြောလိုက်၏။
လီဝန်ကျဲမှာတော့ သွားကြိတ်ထားမိပြီး ဘာလုပ်ရမှန်း မသိတော့ချေ။ အမှန်အတိုင်း ပြောရလျှင် ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေသာ အဆင့်တက်တာ အောင်မြင်သွားပါက ဤနေရာရှိ မည်သူမျှ အသက်ရှင်မှာ မဟုတ်တော့ချေ။ လူစည်ကားသော စီးပွားရေး ရပ်ကွက်ထဲသို့ ဤသတ္တဝါဆိုးကြီး ဝင်သွားခြင်းကိုလည်း မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။ ဤနေရာတွင် ဆက်နေခြင်းမှာ မိမိဘာသာ အသေခံရန် စောင့်နေခြင်းနှင့် အတူတူပင်။ ၎င်းအပြင် ဝံပုလွေကြီး၏ အဆင့်တက်ခြင်း လက္ခဏာများမှာ အလွန်ပင် ထင်ရှားနေပြီ ဖြစ်ရာ၊ သူတို့ ဘာကြောင့် သေဖို့ စောင့်နေကြသေးတာလဲပင် မသိတော့ချေ။
"သူ အဆင့်တက်တော့မယ်..." လီဝန်ကျဲ၏ နဖူးမှ ချွေးစေးများ စီးကျလာတော့သည်။
“တောက်... အခုတော့ ထွက်ပြေးဖို့တောင် နောက်ကျသွားပြီ”
ရှုတာဟွမ်၊ ရှောင်ကော၊ ဖေးရှီ၊ ချိုက်ထန်... သူတို့အားလုံး ထွက်ပြေးရန် စိတ်ကူးမရှိကြချေ။
မိုဖန်သည် ထိုအချိန်တွင် ဝံပုလွေကြီးကို စိုက်ကြည့်နေမိ၏။ သူသည် ဝံပုလွေကြီး၏ ကြွက်သားများ အနည်းငယ် ကြည်လင်လာသည်ကို မြင်နေရသည်။ ကြွက်သားများအတွင်းရှိ သွေးကြောများကိုပင် မြင်နေရပြီး ၎င်းတို့မှာ မြင့်မားသော အပူရှိန်ဖြင့် ဆူပွက်နေ၏။ သွေးများသည် ဝံပုလွေကြီး၏ ခန္ဓာကိုယ်အနှံ့သို့ အလွန်လျင်မြန်စွာ စီးဆင်းနေကြသည်။
ဝံပုလွေကြီး၏ အရိုးများမှာ ကျိုးကြေသံများ ထွက်ပေါ်နေပြီး၊ ပုခုံးကြွက်သားများမှ အရိုးများ တိုက်ရိုက် ပေါက်ထွက်လာကာ ချွန်ထက်သော ပုခုံးစွန်းများ ဖြစ်ပေါ်လာတော့သည်။ ဧရာမ အရွယ်အစားရှိသော ကျောရိုးကြီးမှာလည်း ဆက်လက် ကြီးထွားလာပြီး ကျောဘက်ရှိ ကြွက်သားများကို ဖောက်ထွက်လာ၏။ သွေးစများ ကပ်နေဆဲဖြစ်သော အရိုးများသည် ကျောဘက်တွင် ဆူးချွန်အတန်းကြီးတစ်ခု ဖြစ်သွားတော့သည်။ အေးစက်စက် လရောင်အောက်တွင် ၎င်းမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"မီးတောက်ပေါက်ကွဲခြင်း..."
ရှုတာဟွမ်သည် နောက်ဆုံးတွင် အောင့်မထားနိုင်တော့ချေ။ သူ၏ လက်ထဲတွင် မီးလုံးတစ်လုံးကို စုစည်းလိုက်ပြီး၊ နာကျည်းမှုများနှင့်အတူ ထိုသတ္တဝါကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဘုန်း...
တောက်လောင်နေသော မီးလျှံများသည် ဝံပုလွေကြီး၏ ရှေ့တွင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားပြီး၊ ပြင်းထန်သော မီးလျှံများမှာ ဝံပုလွေကြီးကို ချက်ချင်း ဝါးမြိုသွားတော့သည်။ အနီရောင် မီးလျှံကြီးမှာ လမ်းမတစ်ခုလုံးကို မီးခိုးလုံးကြီးများဖြင့် ဖုံးလွှမ်းသွားစေ၏။
အပူလှိုင်းကြီးမှာ လမ်းဟောင်းပေါ်သို့ စီးဆင်းသွားပြီး ညောင်ပင်အိုကြီးများမှာ ပြင်းထန်သော မီးလျှံများအောက်တွင် စတင် လောင်ကျွမ်းတော့သည်။ ထို့အပြင် ၎င်းမှာ ဘေးရှိ အဆောက်အအုံဟောင်းများဆီသို့ပါ ကူးစက်သွားတော့သည်။
ထိုအဆောက်အအုံဟောင်းများရှိ နေထိုင်သူများမှာ အစောတည်းက ထွက်ပြေးသွားကြပြီ ဖြစ်၏။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘေးတစ်ဖက်တစ်ချက်ရှိ အဆောက်အအုံနှစ်လုံးမှာ ပျက်စီးယိုယွင်းသွားတော့သည်။ ၎င်းမှာ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်သဖြင့် ဝံပုလွေကြီးကို ဒဏ်ရာရစေလိမ့်မည် ယူဆရပေသည်။
မီးအရှိန် အနည်းငယ် လျော့သွားသည့် အခါတွင်မူ၊ တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ရာနေရာမှ ရုတ်တရက် ပြေးထွက်လာတော့သည်။ ၎င်းသည် ပြေးထွက်လာစဉ် လမ်းတွင်ရှိသမျှ အရာအားလုံးကို တိုက်ခွဲပစ်လိုက်၏။
"ခေါင်းဆောင်... သတိထား" ဖေးရှီက အော်ဟစ်လိုက်သည်။
ရှုတာဟွမ်မှာ ထိတ်လန့်လွန်းသဖြင့် မှင်သက်သွားရ၏။
သူ၏ မီးလုံးကို ခံလိုက်ရပြီးနောက်တွင်ပင် ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ဘာဒဏ်ရာမှ မရဘဲ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
"မြေလှိုင်း..." ဖေးရှီသည် သူ၏ အသက်ကို ရင်းကာ မှော်ပညာကို ထုတ်သုံးလိုက်ပြန်သည်။
သူသည် မြေပြင်မျက်နှာပြင်ကို ထိန်းချုပ်ကာ ပြေးလာနေသော ဝံပုလွေကြီးကို နောက်သို့ ပြန်ဆွဲရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဝံပုလွေကြီး၏ အရှိန်မှာ မြန်လွန်းလှသဖြင့် မြေလှိုင်းမှာ ဘာမျှ အသုံးဝင်တော့ချေ။
အာဝူး....
မီးလောင်နေသော မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ရုတ်တရက် ခုန်လိုက်ရာ ဒဏ်ရာရရှိထားသော ၎င်း၏ ဝမ်းဗိုက်ကို မြင်လိုက်ရ၏။ ၎င်းသည် တိုက်ခိုက်ရန် ပြင်ထားသော လက်သည်းများကို အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး မလှုပ်မယှက် ရပ်နေသော ရှုတာဟွမ်ဆီသို့ ပိုင်းဖြတ်လိုက်တော့သည်။
"ရေတံတိုင်း အကာအကွယ်..." ရှောင်ကော ဤဘေးဒုက္ခကြားမှ သူ၏ ကြယ်လမ်းကြောင်းကို ချိတ်ဆက်နိုင်ခဲ့ဆဲ ဖြစ်၏။ ရေစက်အမြောက်အမြားမှာ အရည်ဝတ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခေါင်းဆောင် ရှုတာဟွမ်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သည်းချက်များ မကျရောက်မီ ကာကွယ်ပေးလိုက်တော့သည်။
သို့သော် သန်မာလှသော လက်သည်းများမှာ ထိုရေဝတ်စုံကို ပြင်းထန်စွာ ဆွဲဖြတ်ပစ်လိုက်၏။ သွေးစက်များလည်း ပန်းထွက်လာတော့သည်။ ခေါင်းဆောင် ရှုတာဟွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး၊ ၎င်းမှာ သူ၏ ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသကဲ့သို့ပင် မြင်တွေ့လိုက်ရတော့သည်။
အခန်း(၆၈)ပြီး
***