ရှောင်ကောမှာ လုံးဝကို ဆွံ့အသွားရတော့သည်။
သူသည် ခေါင်းဆောင် ရှုတာဟွမ်ကို ကာကွယ်ရန် သူ၏ ရေဓာတ်မှော်ပညာကို သေချာပေါက် အသုံးပြုခဲ့ပါလျက်နှင့်၊ အဘယ်ကြောင့် မျက်လုံးတစ်လုံး မှော်ဝံပုလွေက ခေါင်းဆောင်၏ ဝမ်းဗိုက်ကို ဆွဲဖြတ်နိုင်ခဲ့ရသနည်း။
"ခေါင်း... ခေါင်းဆောင်" ချိုက်ထန်သည်လည်း ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
ခေါင်းဆောင်၏ မီးတောက်ပေါက်ကွဲခြင်းကို အမှုမထားဘဲ ရေတံတိုင်း အကာအကွယ်ပါ အလွယ်တကူ ဖောက်ထွက်နိုင်သည့် ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ သူတို့ နေ့စဉ် ရင်ဆိုင်နေရသော မှော်သားရဲမျိုး တကယ်ပင် မဟုတ်ခဲ့ပေ။
"ရှောင်ကော၊ မြန်မြန်ပြေးတော့..." ဖေးရှီက ရှောင်ကောဆီသို့ အော်ဟစ်လိုက်၏။
ရှောင်ကော သတိပြန်ဝင်လာချိန်တွင်မူ သူမ၏ တစ်ကိုယ်လုံး ရေအေးဖြင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ ဝံပုလွေကြီး၏ မျက်လုံးထဲမှ အဆုံးမရှိသော ကြမ်းကြုတ်မှုများကို သူ ခံစားနေရပြီ ဖြစ်၏။
၎င်း၏ နောက်ထပ် ပစ်မှတ်မှာ သူပင်။
"လျှပ်စီးလက်ခြင်း ပြင်းထန်သောနှင်တံ..."
လူတိုင်း ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် မိုဖန်၏ ဦးခေါင်းအထက်တွင် ခရမ်းရောင် လျှပ်စီးတန်းများ ဖုံးလွှမ်းသွားသည်။ သူသည် လက်ကို မြှောက်လိုက်ပြီးနောက် ရုတ်တရက် ဆုပ်ကိုင်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလျှပ်စီးတန်းများအားလုံးသည် ရှည်လျားသော လျှပ်စီးမြွေဟောက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုလျှပ်စီးအကွေ့အကောက်များသည် အလွန်ရိုင်းစိုင်းလှသော မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ကိုယ်ထည်ပေါ်သို့ ရိုက်နှက်လိုက်ရာ ၎င်း၏ အသားများကိုပင် ကွဲအက်သွားစေ၏။
လျှပ်စီးနှင်တံဖြင့် ရိုက်ချလိုက်တိုင်း လျှပ်စီးအက်ကြောင်းများ ထွက်ပေါ်လာပြီး ကြမ်းကြုတ်သော ဝံပုလွေကြီး၏ အသားနှင့် အရိုးများထဲအထိ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
၎င်းမှာ အခြေခံအဆင့်ဖြစ်သော လျှပ်စီးလက်ခြင်း မြွေအမှတ်အသားနှင့် ကွဲပြားပေသည်။ နှင်တံကဲ့သို့သော လျှပ်စီးများဖြင့် ရိုက်နှက်လိုက်သည်နှင့် လျှပ်စီးအမှတ်အသားများ ချန်ထားရစ်ခဲ့ပြီး၊ ထိုအမှတ်အသားများသည် တစ်ခုနှင့်တစ်ခု လျှပ်စစ်စီးကူးကာ ပစ်မှတ်ကို ဆက်တိုက် ဓာတ်လိုက်နေစေခြင်း ဖြစ်သည်။
အာဝူး......
မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ နာကျင်လွန်းသဖြင့် စတင် ဟိန်းဟောက်တော့သည်။
ဝံပုလွေကြီး၏ သန်မာလှသော အသားဆိုင်များနှင့် သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်မှာ မီးတောက်ပေါက်ကွဲ၏ ဖျက်ဆီးအားကို ခံနိုင်ရည်ရှိသော်လည်း၊ လျှပ်စီးနှင်တံ၏ ရိုက်ချက်မှာမူ ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ အကြောသေစေသော အာနိသင်ကို ပေးစွမ်းနိုင်ပေသည်။
"လျှပ်စီး...မျက်လုံးတစ်လုံး မှော်ဝံပုလွေက သူ့ရဲ့ ခန္ဓာကိုယ် ခွန်အားကိုပဲ အဓိက အားကိုးတာ၊ ဒါကြောင့် သူက လျှပ်စီးမှော်ပညာကို မခုခံနိုင်ဘူး..” ချိုက်ထန် ရုတ်တရက် သတိဝင်လာသည်။
"ဒါ... ဒါက လျှပ်စီးတိုက်ခိုက်မှုရဲ့ ဒုတိယအဆင့်ပဲ..." ဖေးရှီလည်း အံ့အားသင့်သွားရ၏။
မုဆိုးအဖွဲ့ဝင်များ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင်၊ အဖွဲ့ထဲသို့ မကြာသေးမီကမှ ဝင်ရောက်လာသော အဖွဲ့ဝင်သစ်လေးက ရှေ့ထွက်လာလိမ့်မည် မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ၊ ဤကလေးသည် ဘယ်သူမျှ မသိအောင် လျှပ်စီးတိုက်ခိုက်မှုကို ဒုတိယအဆင့်အထိ လေ့ကျင့်ထားနိုင်ခြင်းပင်။
မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ကြွက်သားများ၊ သွေးကြောများနှင့် အရိုးများ အသွင်ပြောင်းလဲနေသည့် အဆင့်တွင် ရှိနေခြင်း ဖြစ်၏။ ဤကဲ့သို့ အသွင်ပြောင်းလဲနေစဉ်အတွင်း ဝံပုလွေကြီးမှာ ဆင့်ကဲပြောင်းလဲမှု အောင်မြင်သွားသကဲ့သို့ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။ ထိုအချိန်တွင် သတ္တဝါ၏ အသားထဲအထိ ပေါက်ကွဲစေနိုင်သော လျှပ်စီးမှော်ဆရာထက် ပိုမိုပြည့်စုံသော တိုက်ခိုက်မှု မရှိနိုင်တော့ချေ။
၎င်းမှာ ဒုတိယအဆင့် လျှပ်စီးတိုက်ခိုက်မှု ဖြစ်သော်လည်း၊ အခြေခံဒြပ်စင်များထဲတွင် အားအကောင်းဆုံးဖြစ်သည့် လျှပ်စီးသည် ယခုကဲ့သို့ အခြေအနေမျိုးတွင် ၎င်း၏ အသာစီးရမှုကို အထင်အရှား ပြသနိုင်ခဲ့သည်။ လျှပ်စီးဒြပ်စင်၏ အစွမ်းထက်လှသော ဟန့်တားနိုင်စွမ်းကြောင့် ဝံပုလွေကြီးမှာ ယိုင်နဲ့သွားပြီး တစ်ကိုယ်လုံး အားအင်ချည့်နဲ့လာသကဲ့သို့ ခံစားလိုက်ရတော့သည်။
အခြားတစ်ဖက်တွင်မူ အဝေးမှ ရပ်နေသော မိုဖန်မှာ သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်၏။ ကံကောင်းစွာဖြင့် ဒုတိယအဆင့် လျှပ်စီးတိုက်ခိုကမှုမှာ တကယ်ကို ထိရောက်လှပေသည်။ မဟုတ်ပါက အကျိုးဆက်မှာ ပျက်စီးခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
"ဆက်လုပ်၊ ဖန်မို... ဆက်လုပ်...မင်းရဲ့ လျှပ်စီးက သူ့ရဲ့ အသားနဲ့ အရိုးတွေ ကြီးထွားလာတာကို ရပ်တန့်စေနိုင်တယ်။ သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှုကိုသာ ငါတို့ တားနိုင်ရင် ငါတို့မှာ အခွင့်အရေး ရှိသေးတယ်.." ချိုက်ထန်က အသည်းအသန် အော်ဟစ်လိုက်၏။
မိုဖန်က ခေါင်းညိတ်ပြလိုက်သည်။
သူသည် သူ၏ ကြယ်လမ်းကြောင်းကို ထပ်မံ ချိတ်ဆက်လိုက်ရာ၊ ခရမ်းရောင် လျှပ်စီးတန်းများသည် မိုဖန်၏ ဦးခေါင်းအထက်တွင် ထပ်မံ ပေါ်ထွက်လာပြန်သည်။ ဒုတိယအဆင့် လျှပ်စီးတိုက်ခိုက်မှုကို အသုံးပြုရာတွင် သူ စိမ်းနေသေးသော်လည်း၊ ယခုကဲ့သို့ အသက်နှင့်လုရသော အခြေအနေတွင် အမှားအယွင်း အနည်းငယ်မျှပင် မရှိစေရန် သူ အာရုံစိုက်ထားရ၏။
လျှပ်စီးနှင်တံသည် ပုံပျက်ပန်းပျက် ဖြစ်နေသော ဝံပုလွေကြီး၏ ကိုယ်ပေါ်သို့ ထပ်မံ၍ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ဝံပုလွေကြီးကို ဟန့်တားနိုင်ရုံသာမက ၎င်း၏ ခန္ဓာကိုယ်ကိုပါ ပြန်လည် ကျုံ့ဝင်သွားစေ၏။ ထို့အပြင် ဝံပုလွေကြီး၏ ကျောမှ ပေါက်ထွက်လာသော အရိုးများမှာလည်း ပြန်လည် ဝင်ရောက်သွားသည့် လက္ခဏာများ ပြလာတော့သည်။
"ကောင်းတယ် ဖန်မို..."
"ငါတို့ သူ့ကို နှိမ်နင်းနိုင်ပြီ..."
"သူ့ရဲ့ မူလပုံစံ ပြန်ရောက်တဲ့အထိ ရိုက်ပစ်.."
လူတိုင်းမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ သူတို့အတွက်တော့ မိုဖန်၏ လျှပ်စီးမှော်မှာ သူတို့အားလုံး၏ အသက်ကို ကယ်တင်လိုက်ခြင်းပင်။
"လျှပ်စီးရဲ့ အကြောသေစေတဲ့ အာနိသင်က အကြာကြီး မခံဘူး။ ဝံပုလွေကြီးရဲ့ အသားနဲ့ အရိုးတွေက လျှပ်စစ်ဒဏ်ကို ကျင့်သားရသွားရင် သူက ပြန်ပြီး ကြီးထွားလာဦးမှာပဲ" ထိုစဥ် ချိုက်ထန်က လူတိုင်းကို သတိပေးလိုက်သည်။
မိုဖန်ကိုယ်တိုင်လည်း လျှပ်စီးတိုက်ခိုက်မှု၏ အာနိသင်မှာ ကြာရှည်မခံကြောင်း ကောင်းကောင်း သိထား၏။ မည်သို့ပင်ဆိုစေ သူသည် အချိန်အနည်းငယ် ဆွဲထားနိုင်ခဲ့ပြီ ဖြစ်သည်။ မိုဖန်အနေဖြင့် သူ အစွမ်းကုန် ကြိုးစားခဲ့ပြီဟု ခံစားရ၏။ အနည်းဆုံးတော့ လီဝန်ကျဲအနေဖြင့် ခေါင်းဆောင် ရှုတာဟွမ်ကို ဘေးကင်းရာသို့ ဆွဲထုတ်သွားနိုင်ရန် အချိန်ရသွားခဲ့သည်။ ခေါင်းဆောင် ရှုတာဟွမ် အသက်ရှင်ဦးမလားဆိုသည်မှာတော့ ပြောရခက်လှပေသည်။
အာဝူး........
ဝံပုလွေကြီးမှာ ဟိန်းဟောက်လိုက်ပြန်၏။ ၎င်းသည် လျှပ်စီး၏ အကြောသေစေမှုကို နောက်ဆုံးတွင် ကျင့်သားရသွားလေပြီ။ ခွန်အားများ ပြန်လည် ပြည့်ဝလာသော ဤသတ္တဝါဆိုးကြီးမှာ ရိုင်းစိုင်းသော သားရဲ၏ အရှိန်အဝါများကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။
"တောက်... သူ ပြန်ပြီး အသွင်ပြောင်းနေပြန်ပြီ"
လူတိုင်း၏ မျက်နှာများမှာ တစ်ဖန် ပြန်လည် ပျက်ယွင်းသွားတော့သည်။ ၎င်းမှာ သူတို့၏ အသက်ဘေးအတွက် ထပ်မံ စိုးရိမ်ရပြန်ပြီ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မိုဖန်သည်လည်း သူကိုယ်တိုင် အင်အားချည့်နဲ့နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ယခု သူ လုပ်နိုင်သည်မှာ နောက်ဆုတ်ရန်သာ ရှိတော့သည်။ သူ၏ လျှပ်စီးတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားများမှာ အချိန်အနည်းငယ် ပိုရသွားသလို၊ လူအချို့ကိုလည်း ကယ်တင်နိုင်ခဲ့ပြီ ဆိုနိုင်ပေသည်။
"သတ္တဝါဆိုး... မင်း သေဘေးကို လက်မခံသေးဘူးလား"
အလွန်ပင် တည်ကြည်လေးနက်လှသော အော်ဟစ်သံတစ်ခုမှာ ရပ်ကွက်ဟောင်း၏ ကောင်းကင်ယံမှ ရုတ်တရက် ဟိန်းထွက်လာတော့သည်။
ထိုလူကို မမြင်ရသေးမီမှာပင်၊ လေထုထဲတွင် ကြီးမားလှသော ဒြပ်စင်စွမ်းအားများ စုစည်းလာသည်ကို မိုဖန် ခံစားလိုက်ရ၏။ မြူမှုန်များကဲ့သို့သော ရေစက်အမြောက်အမြားမှာ သူ၏ ပါးပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းလာတော့သည်။
ဝူး....
မိုဖန် ခေါင်းမော့ကြည့်လိုက်သည့်အခါ၊ လေထုထဲတွင် မယုံနိုင်လောက်အောင် ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် မှင်သက်သွားရတော့သည်။
“လေထဲမှာ လှိုင်းတံပိုးကြီးတွေလား...”
မိုဖန် သူ၏ မျက်လုံးကိုပင် သူ မယုံနိုင်ဖြစ်နေရ၏။ သို့သော်လည်း ထိုလှိုင်းလုံးကြီးမှာ အိမ်ဟောင်းများပေါ်မှ ဖြတ်ကျော်ကာ လာနေသည်မှာ အမှန်ပင်။ ထို့နောက်တွင်မူ တာကျိုးသွားသော ဆည်တစ်ခုကဲ့သို့ မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်တော့သည်။
“ပြင်းထန်သောလှိုင်းလုံး ... ရိုက်ခတ်ခြင်း ...”
မှော်ဂါထာအပြီးတွင် ဒီရေလှိုင်းလုံးကြီးမှာ မျက်လုံးတစ်လုံး မှော်ဝံပုလွေကို တိုက်ရိုက် ရိုက်ခွဲလိုက်တော့သည်။ ထို့အပြင် ၎င်းမှာ ရေကြီးမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လမ်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားစေ၏။
ညောင်ပင်များအားလုံးမှာ ကျိုးကြေကုန်ပြီး၊ အိမ်ဟောင်းများ၏ နံရံများမှာလည်း ပြိုကျကုန်တော့သည်။ မူလက ကြမ်းကြုတ်နေသော မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ ဤပြင်းထန်သော လှိုင်းလုံးကြီးများအောက်တွင် ရုန်းကန်ရန် အခွင့်အရေးပင် မရှိတော့ဘဲ လမ်းမ၏ အဆုံးအထိ မျောပါသွားတော့သည်။
"အလယ်အလတ်အဆင့် ရေဓာတ်မှော်ပညာ..."
ရှောင်ကော ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားတော့သည်။
ပြင်းထန်သောလှိုင်းလုံး....
၎င်းမှာ ရေဓာတ်၏ အလယ်အလတ်အဆင့် မှော်ပညာပင် ဖြစ်၏။ လမ်းတစ်လျှောက် လှိုင်းလုံးကြီးများ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်ကို မြင်လိုက်ရသည့်အခါ၊ ရေဓာတ်မှော်ဆရာမဖြစ်သော ရှောင်ကောမှာ အလွန်ရင်ခုန်လွန်းသဖြင့် မူးလဲမတတ် ဖြစ်သွားရသည်။
အလယ်အလတ်အဆင့်.... ၎င်းမှာ လူတိုင်း အိပ်မက်ထဲတွင်ပင် တောင့်တရသော အဆင့်ဖြစ်၏။ သူကဲ့သို့ မှော်ဆရာမလေး တစ်ယောက်အတွက် ထိုအဆင့်သို့ ရောက်ရန် အချိန်မည်မျှကြာမည်ကို မည်သူမျှ မသိနိုင်ချေ။
တုန်ခါနေသော လှိုင်းလုံးကြီးမှာ ရှေ့သို့ ဆက်လက် စီးဆင်းနေသော်လည်း အခြားလူများရှိရာသို့ မရောက်ရှိချေ။ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ဝံပုလွေကြီးကို လိပ်တင်သွားသော၊ လမ်းမတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ပြင်းထန်သော နဂါးကြီးတစ်ကောင်နှင့် တူသည့် လှိုင်းလုံးကြီးပင် ဖြစ်တော့သည်။
မိုဖန်သည်လည်း ဤမြင်ကွင်းကို စူးစိုက်ကြည့်နေမိ၏။ တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားမှာလည်း လှိုင်းတံပိုးများကဲ့သို့ပင် ခုန်လှုပ်နေတော့သည်။
“အလယ်အလတ်အဆင့် မှော်ဆရာ... ဒါက အလယ်အလတ်အဆင့် မှော်ဆရာရဲ့ အစွမ်းပေါ့။ တကယ့်ကို ကြောက်ခမန်းလိလိပါပဲလား...”
အခန်း(၆၉)ပြီး
***