"ဆောရီးပဲ၊ ငါ နောက်ကျသွားတယ်...ရှုတာဟွမ် အဆင်ပြေရဲ့လား"
အပြာရောင် ရင့်ရင့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အဆောက်အအုံဟောင်းတစ်ခု၏ အမိုးပေါ်တွင် ရပ်နေ၏။ သူ၏ ခြေဖဝါးအောက်တွင်မူ တဖြည်းဖြည်း မှေးမှိန်သွားသော ကြယ်ပုံရိပ်ယောင်တစ်ခုရှိနေပြီး ၎င်းမှာ အလွန်ပင် တောက်ပလှပေသည်။
ဤသူမှာ ရန်ကျောက်ဟယ် ဖြစ်သည်မှာ ထင်ရှားလှပြီး၊ ဤနေရာနှင့် အနီးဆုံးရှိနေသော အလယ်အလတ်အဆင့် မှော်ဆရာလည်း ဖြစ်ပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ရှုတာဟွမ်နှင့် ချိုက်ထန်တို့က သူ့ကို အချိန်မီ အကြောင်းကြားနိုင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ဟယ် လူစည်ကားလှသော စီးပွားရေးလမ်းမကြီးများဘက်သို့ လှမ်းကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်နေရဆဲပင်။ သူရပ်နေသော နေရာမှကြည့်လျှင် ဘာဘေးအန္တရာယ်မှ မသိဘဲ အေးဆေးစွာ ဈေးဝယ်နေကြသော လူများကို မြင်နေရသည်။
အကယ်၍ မျက်လုံးတစ်လုံး မှော်ဝံပုလွေသာ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီး ထိုအဆောက်အအုံတွေကို ကျော်ဖြတ်သွားခဲ့လျှင် ဤစီးပွားရေးရပ်ကွက်ကြီးမှာ မည်မျှကြောက်စရာကောင်းသော ငရဲခန်းအဖြစ် ပြောင်းလဲသွားမည်ဆိုတာ မည်သူမျှ မခန့်မှန်းနိုင်ချေ။
ပိုမြို့၏ မှော်ဆရာအသင်းတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော ရန်ကျောက်ဟယ်သည် မှော်ဆရာအမျိုးမျိုးကို မြင်ဖူးခဲ့သော်လည်း၊ ရှုတာဟွမ်၏ မုဆိုးအဖွဲ့မှာ ဤဝံပုလွေကြီး အဆင့်တက်တော့မည်ကို သိပါလျက်နှင့် နောက်မဆုတ်ဘဲ အစွမ်းကုန် တားဆီးခဲ့သည့် သတ္တိကိုတော့ အလွန်ပင် ချီးကျူးမိပေသည်။
"သူ့အသားတွေပဲ စုတ်ပြဲသွားတာပါ၊ အတွင်းအင်္ဂါတွေတော့ အဆင်ပြေပါတယ်။ အသက်ရှင်နေပါသေးတယ်..ကံကောင်းလို့ပဲ"
လီဝန်ကျဲက သွေးချင်းချင်းနီနေသော ရှုတာဟွမ်၏ ရင်ဘတ်ကို အဝတ်ဖြင့် ဖိပေးရင်း ပြောလိုက်၏။
အမှန်အတိုင်းပြောရလျှင် လီဝန်ကျဲအနေဖြင့် သူ၏ခေါင်းဆောင်၏ စိတ်ဓာတ်ကို နားမလည်နိုင်ချေ။ မှော်ဆရာတစ်ယောက်၏အသက်က တဖက်ရှိအရပ်သားများထက် ပိုအရေးမကြီးဖြစ်နေသလားပင်။
"ငါ ကုသရေးမှော်ဆရာကို ဆက်သွယ်ထားပြီးပြီ၊ လမ်းမှာ ရောက်နေပြီ။ ရှုတာဟွမ် သွေးတိတ်အောင် အရင်လုပ်ထားကြ။ ဒီကောင့်အသက်ကိုတော့ ငါပဲ ယူလိုက်တော့မယ်" ရန်ကျောက်ဟယ်က ဆို၏။
ထိုသို့ပြောပြီးနောက် ရန်ကျောက်ဟယ်၏ ပုံရိပ်မှာ ရုတ်တရက် ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ မိုဖန် မြင်လိုက်ရသည်မှာ စိမ်းပြာရောင် ကြယ်လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ဟယ် ပျောက်ကွယ်သွားခြင်းပင်။ သူသည် အလွန်မြန်သော အရှိန်ဖြင့် ပြင်းထန်သောလှိုင်းလုံးကြောင့် လမ်းအဆုံးထိ လွင့်ပါသွားသော ဝံပုလွေကြီးဆီသို့ ချဉ်းကပ်သွားတော့သည်။
မိုဖန်သည်လည်း ထိုအလယ်အလတ်အဆင့် မှော်ဆရာ၏ နောက်သို့ မသိစိတ်ဖြင့် လိုက်သွားရာ၊ လမ်းအဆုံးရှိ အပျက်အစီးများအောက်တွင် ပိနေသော မျက်လုံးတစ်လုံး မှော်ဝံပုလွေကို တွေ့လိုက်ရ၏။
အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး၏ စွမ်းအားမှာ အခြေခံအဆင့်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။ လူတိုင်း ဘာမျှမတတ်နိုင်ဖြစ်ခဲ့ရသော ဝံပုလွေကြီးမှာ ယခုအခါ ပြင်းထန်သောလှိုင်းလုံးကြောင့် သေလုမျောပါး ဖြစ်နေသော ခွေးအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ။
ထိုမျှ ပြင်းထန်သော လှိုင်းလုံးကြီးဖြင့် အပိတ်ခံလိုက်ရလျှင် အရိုးအချို့ ကျိုးသွားမှာတော့ သေချာလှပေသည်။ အရင်က ခံထားရသော တိုက်ခိုက်မှုများ၊ ရေနစ်မှုများနှင့် အရှိန်ပြင်းပြင်း တိုက်မိမှုများကြောင့် မည်မျှသန်မာသော သတ္တဝါဖြစ်ပါစေ ကမ်းခြေပေါ်က အမှိုက်တစ်ခုလို ဖြစ်သွားရမှာ အမှန်ပင်။
သို့သော် ရန်ကျောက်ဟယ်မှာမူ ဤမျှ ကြီးမားသော ခြိမ်းခြောက်မှုပေးခဲ့သည့် ဝံပုလွေကြီးကို ထိုမျှနှင့် အလွတ်ပေးရန် စိတ်ကူးမရှိချေ။ သူသည် လေတိုက်ခတ်ခြင်းကို သုံးကာ ဝံပုလွေကြီး၏ ရှေ့တွင် ဆင်းသက်လိုက်သည်။
"လေဝဲဂယက်..."
မှော်ဂါထာသံနှင့်အတူ ရန်ကျောက်ဟယ်သည် ရေဒြပ်မှော်ဆရာအဖြစ်မှ လေစွမ်းအားများ ပြည့်ဝနေသော လေဒြပ်မှော်ဆရာအဖြစ်သို့ ချက်ချင်း ကူးပြောင်းသွားတော့သည်။
အသက်ရှူရကျပ်စေသော ဖိအားတစ်ခုမှာ လေထုထဲမှ ထွက်ပေါ်လာ၏။ ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လေထုမှာ တစ်ခုခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ လှုပ်ရှားမှုများ စတင်လာတော့သည်။
မိုဖန် ရောက်သွားချိန်တွင် အပြာရောင်ရှပ်အင်္ကျီနှင့် အလယ်အလတ်အဆင့် မှော်ဆရာသည် လက်တစ်ဖက်ကို မြှောက်ကာ စုစည်းလာသော စွမ်းအားများကို ထိန်းချုပ်ထားသည်ကို မြင်လိုက်ရ၏။ သူ၏ ခြေဖဝါးအောက်နှင့် ဦးခေါင်းအထက်တွင် တောက်ပလှသော ကြယ်ပုံရိပ်ယောင်များမှာ တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေပြီး အလွန်ပင် လှပလွန်းလှပေသည်။
ဝူး...
၎င်းမှာ လေတိုက်ခတ်ခြင်းကဲ့သို့ ညင်သာသော လေမဟုတ်သလို၊ အရှိန်မြှင့်ရန် သုံးသော လေလိုဏ်ဂူမျိုးလည်း မဟုတ်ချေ။ မိုဖန် ခံစားလိုက်ရသည်မှာ ပြင်းထန်သော လေစီးကြောင်းကြီးတစ်ခုက ရှေ့သို့ တိုးထွက်သွားပြီး အလွန်မြန်သော အရှိန်ဖြင့် လည်ပတ်နေခြင်းပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိတ်လန့်ဖွယ်ကောင်းသော လေဆင်နှာမောင်းတစ်ခု သူတို့ရှေ့တွင် ပေါ်ထွက်လာတော့သည်။
လေဝဲဂယက် လေဆင်နှာမောင်းသည် လှုပ်ရှား၍မရသော ဝံပုလွေကြီးကို လေထဲသို့ ဆွဲတင်သွား၏။ ၎င်းသည် မြေပြင်မှ မီတာ ၂၀ခန့်အကွာတွင် အဝိုင်းလိုက် လည်ပတ်နေတော့သည်။ မိုဖန်ကို မှင်သက်သွားစေသော လေဆင်နှာမောင်းကြီးမှာ ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွား၏။ သတ္တဝါလေးတစ်ကောင်လို ဖြစ်နေသော မျက်လုံးတစ်လုံး မှော်ဝံပုလွေမှာ လေဆင်နှာမောင်း၏ လည်ပတ်အားကုန်သွားသည်ချိန် ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာတော့သည်။
ဘုန်း...
ကွန်ကရစ်မြေပြင်မှာ ချိုင့်ဝင်သွားပြီး မြေပြင်တွင် တွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။ မျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ခန္ဓာကိုယ်မှာ မြေပြင်နှင့် ဆောင့်မိသည့်ဒဏ်ကြောင့် လုံးဝ ကြေမွသွားပြီး သွေးများ နေရာအနှံ့ ပန်းထွက်ကုန်၏။ အစမှ အဆုံးအထိ ထိုသတ္တဝါဆိုးမှာ မာန်ပါပါ ဟိန်းဟောက်သံပင် မပြုနိုင်တော့ချေ။ အလယ်အလတ်အဆင့် မှော်ပညာကြောင့် ဝံပုလွေကြီးမှာ အလွန်ပင် သနားစရာကောင်းသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားလေပြီ။
"သေပြီလား..." မိုဖန်က မယုံနိုင်သလို မေးလိုက်၏။
"သေပြီ" ရန်ကျောက်ဟယ်သည် မိုဖန် ရောက်လာသည်ကို မြင်သော်လည်း သူ၏ ယုံကြည်မှုကို ပြသသည့်အနေဖြင့် အနည်းငယ် ပြုံးပြလိုက်သည်။
"ကျွန်တော်... သွားကြည့်လို့ ရမလား..." မိုဖန်က မေးလိုက်၏။
"ရတာပေါ့။ ဪ... ငါ့အထင်မမှားဘူးဆိုရင် ခုနက လျှပ်စီးတိုက်ခိုက်မှုကို မင်းပဲ သုံးခဲ့တာ မဟုတ်လား.."
"ဟုတ်ကဲ့...ကျွန်တော်ပါ"
"လူငယ်လေး... မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ငါတို့ မှော်ဆရာအသင်းက မုဆိုးအစည်းအရုံးနဲ့ အစိုးရတို့ ပေါင်းပြီး မင်းတို့အားလုံးကို ဂုဏ်ပြုဆု ချီးမြှင့်ပါ့မယ်"
ရန်ကျောက်ဟယ်က မိုဖန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
မိုဖန်သည် မူလက ကြောက်စရာကောင်းခဲ့သော်လည်း ယခုအခါ ပုံပျက်ပန်းပျက် ဖြစ်နေသော ဝံပုလွေလောင်းကြီးအနားသို့ ချဉ်းကပ်သွားပြီး သူ၏ အင်္ကျီအိတ်ကပ်ထဲမှဆွဲသီးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်၏။
ဝံပုလွေကြီး အသက်ပျောက်သွားသည့် အချိန်မှာပင် ဆွဲသီးလေးသည် ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ပြလာတော့သည်။ ၎င်းမှာ ဘယ်သူမှ မကြားနိုင်သော အသံတစ်ခုဖြင့် တုန်ခါနေပြီး တစ်ခုခုကို အော်ဟစ်တောင်းဆိုနေသကဲ့သို့ပင်။ ဝံပုလွေဝိညာဉ်တန်းလေးတစ်ခုမှာ ဝံပုလွေကြီး၏ ပါးစပ်မှ ဖြည်းဖြည်းချင်း လွင့်ပျံထွက်လာ၏။
မိုဖန်သည် ထိုဝိညာဉ်ကို မြင်နိုင်စွမ်းရှိပေသည်။ ၎င်းမှာ ကြောက်လန့်တကြား ပျံတက်လာပြီး ဘယ်ကိုသွားရမှန်း မသိဖြစ်နေသော မီးဖလံကောင်လေးတစ်ကောင်နှင့် တူလှပေသည်။
ဆွဲသီးထံမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာရာ၊ ဝံပုလွေဝိညာဉ်လေးမှာ ၎င်း၏ သွားရမည့်နေရာကို ရှာတွေ့သွားသည့်အလား ချက်ချင်းပင် ထိုဆွဲသီးဆီသို့ ပျံဝင်သွားတော့သည်။
ဆွဲသီးမှာ ဝံပုလွေဝိညာဉ်ကို တိုက်ရိုက် စုပ်ယူလိုက်ပြီးနောက် တုန်တုန်ရီရီ အသံလေးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ အစာစားပြီးနောက် ပျော်ရွှင်နေသော ကလေးငယ်တစ်ယောက်၏ အသံနှင့် တူလှပေသည်။
ယခုတစ်ကြိမ်မှာ၎င်းသည် သာမန်ဝိညာဉ်အကြွင်းအကျန်နှင့် မတူချေ။ ဆွဲသီးက ဝိညာဉ်ကို စုပ်ယူပြီးနောက် မိုဖန် တစ်ခုခုကို ရုတ်တရက် သိလိုက်ရသည်။ ယခင်က ဆွဲသီးလေးသည် ဝိညာဉ်အကြွင်းအကျန်တွေကို စုပ်ယူသည့်အခါ ပိုးစုန်းကြူးလေးကဲ့သို့ အားနည်းပြီး မှုန်ဝါးသော အလင်းရောင်သာ ရှိခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဆွဲလေးမှာ အလွန်ပင် ငတ်မွတ်နေသကဲ့သို့ ရှိနေခဲ့ပြီး၊ ဝံပုလွေဝိညာဉ် တစ်ခုလုံးကို စားပြီးသည့်အခါ အလွန်ပင် ပျော်ရွှင်သွားပုံရပေသည်။
“ဒါဆို ဒါကဝိညာဉ်အနှစ်သာရပဲ ဖြစ်ရမယ်....”
ချိုက်ထန် အရင်က ပြောခဲ့ဖူးသည်ကို ပြန်စဉ်းစားကြည့်လျှင်၊ ဤဝံပုလွေကြီးသည် တော်ဝင်ငရဲစမ်းရေ၏ စွမ်းအားများကို ခိုးယူစုပ်ယူခဲ့ပြီး လူကြားထဲ ပုန်းအောင်းကာ အဆင့်တက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဤကောင်မှာ အလွန်ကောင်းမွန်သော အာဟာရများကို ရရှိထားသဖြင့် ခွန်အားများ အဆင့်မြင့်နေကာ ဆင့်ကဲပြောင်းလဲတော့မည့် အဆင့်သို့ ရောက်နေခြင်း ဖြစ်သည်။
ဤကဲ့သို့သော မှော်သားရဲမျိုးမှာ သေဆုံးသွားသည့်အခါ ဝိညာဉ်အနှစ်သာရ ချန်ထားခဲ့နိုင်ခြေ အလွန်ပင် မြင့်မားလှပေသည်။ ဝိညာဉ်မှော်ဆရာများသာလျှင် ဝိညာဉ်အနှစ်သာရကို စုဆောင်းနိုင်စွမ်း ရှိကြသည်။ အကယ်၍ အလယ်အလတ်အဆင့် မှော်ဆရာ ရန်ကျောက်ဟယ်သာ အထူးပြုလုပ်ထားသော ဝိညာဉ်စုဆောင်းသည့် ကိရိယာကို ယူမလာခဲ့လျှင် သူသည် ဤသန့်စင်လှသော ဝိညာဉ်အနှစ်သာရကို မြင်နိုင်မည် မဟုတ်ချေ။
သေဆုံးသွားသော သတ္တဝါ၏ ဝိညာဉ်အနှစ်သာရမှာ ၃ မိနစ်အတွင်းမှာပင် အလိုအလျောက် ပျောက်ကွယ်သွားတတ်ပြီး၊ ရန်ကျောက်ဟယ်မှာ ဝိညာဉ်စုဆောင်းသည့် အလုပ်ကို ဘယ်တော့မျှ မလုပ်ဖူးသည်မှာ သိသာလှပေသည်။ ထို့ကြောင့် သူသည် ထိုအလောင်းကောင်အပေါ် စိတ်ဝင်စားမှု မရှိတော့ချေ။
ဤအလယ်အလတ်အဆင့် မှော်ဆရာသည် သူ၏ရှေ့မှ လူငယ်လေးမှာ ဝိညာဉ်စုဆောင်းသည့် ကိရိယာ ပါလာလိမ့်မည် ဘယ်တုန်းကမျှ ထင်မှာမဟုတ်ချေ။ သူသည် အခြားသူများကို အခင်းဖြစ်ပွားရာနေရာ ရှင်းလင်းရန် ခိုင်းဖို့ လှည့်ထွက်သွားသည့် အချိန်မှာပင် ယွမ် ၅ သန်းခန့် တန်ဖိုးရှိသော ဝိညာဉ်အနှစ်သာရကို အပြစ်ကင်းစင်ပုံရသော မိုဖန်က လုယူသွားလေသည်။
ဆင့်ကဲပြောင်းလဲတော့မည့် မျက်လုံးတစ်လုံး မှော်ဝံပုလွေတစ်ကောင်၏ တန်ဖိုးမှာ အလွန်မြင့်မားသော်လည်း၊ အလွန်ဖြစ်ခဲလှသော ဝိညာဉ်အနှစ်သာရလောက်တော့ တန်ဖိုးမရှိနိုင်ပေ။
အခန်း(၇၀)ပြီး ***