မိုးကြိုးနဂါးက ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို ပစ်လွှတ်ကာ အစွမ်းထက်သော ခွန်အားများကို ထုတ်ဖော်လိုက်၏။
ဖျက်ဆီးခြင်းအငွေ့အသက်များက ဟင်းလင်းပြင်ထဲတွင် ပြည့်နှက်နေပြီး ဟင်းလင်းပြင်ကို တုန်ခါသွားစေခဲ့သည်။ မိုးကြိုးများက အရာအားလုံးကို ရိုက်ချိုး ဖျက်ဆီးပစ်တော့မည့်အလားပင်။
မိုးကြိုးဆိုသည်မှာ အလွန်တရာ ပူပြင်းကာ ပြင်းထန်သော စွမ်းအားတစ်ရပ်ဖြစ်သည်။ ၎င်းသည် ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားကြောင့် နာမည်ကျော်ကြားလှပြီး မိုးကြိုး၏ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိသူ အလွန်နည်းပါးလှပေသည်။
ဒေါသမိုးကြိုးသူတော်စင်သည် ဤမိုးကြိုးနတ်ဘုရားစွမ်းရည်များကို ထိန်းချုပ်ကာ ထျန်းယောင်ကုန်းမြေတိုက်တစ်ခွင်လုံးကို ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ဒေါသမိုးကြိုးဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်၏။
ထိုမိုးကြိုးနတ်ဘုရားစွမ်းရည်များကို အားကိုး၍ ဒေါသမိုးကြိုးသူတော်စင်သည် ထာ့ထျန်းဂိုဏ်း၏ ရန်သူဖြစ်သော ကျင့်ကြံသူမည်မျှကို သတ်ဖြတ်ကာ ဘာမှမရှိတော့သည်အထိ ဖျက်ဆီးပစ်ခဲ့ဖူးပေသည်။
မိုးကြိုးနဂါးသည် ချင်ယိနှင့် အခြားသူများရှိနေသော နေရာအားလုံးကို ဖုံးလွှမ်းသွားတော့မည်ကို မြင်လိုက်ရပြီး ဤတိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ချင်ယိတို့မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။
"ရွှီ"
ဤအချိန်တွင် ငှက်တစ်ကောင်၏အော်သံကဲ့သို့ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
ထို့နောက် ကောင်းကင်မှ တွဲလောင်းကျနေသော တိမ်တိုက်တစ်ခုနှင့်တူသည့် ရွှေရောင်တောင်ပံတစ်စုံက ချင်ယိနှင့်အခြားသူများကို ရစ်ပတ်ကာကွယ်ပေးလိုက်သည်။
မိုးကြိုးနဂါးသည် ရွှေရောင်တောင်ပံများနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ရွှေရောင်တောင်ပံများ၏ တိတ်ဆိတ်စွာ စုပ်ယူခြင်းကို ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ရသည်။
ခွန်ဖန်ငှက်တောင်ပံများသည် ခွန်ဖန်ငှက် အမွေးအတောင်တစ်ချောင်းတည်းမှ ဖန်တီးထားခြင်း ဖြစ်သော်လည်း ၎င်း၏ဝါးမြိုနိုင်စွမ်းမှာ အလွန်အမင်း ဆိုးရွားနေခြင်း မရှိချေ။
အနည်းဆုံးတော့ ဒေါသမိုးကြိုးသူတော်စင်၏ မိုးကြိုး နတ်ဘုရားစွမ်းရည်များထက် ပိုမိုအစွမ်းထက်လှပေသည်။
"ခွန်ဖန်ငှက်အမွေးအတောင်လား"
ဒေါသမိုးကြိုးသူတော်စင်သည် မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး ခွန်ဖန်ငှက်တောင်ပံများကို မှတ်မိသွားခဲ့သည်။
ခွန်ဖန်ငှက်တောင်ပံများသည် အရင်ကနှင့် သိသိသာသာ ပြောင်းလဲသွားသော်လည်း မူလအရှိန်အဝါကတော့ ပြောင်းလဲသွားခြင်း မရှိချေ။
"ကောင်လေး... မင်းက ဂိုဏ်းတူအစ်ကိုကျီးယွင်ရဲ့ ခွန်ဖန်ငှက်တောင်ပံတွေကို လုယူရဲရုံတင် မကဘူး၊ ဒီလို သရဲတစ္ဆေလို ပုံစံမျိုးဖြစ်အောင်ပါ အသွင်ပြောင်းထားရဲသေးတယ်။ တကယ်ကို သတ္တိကောင်းတာပဲ"
ဒေါသမိုးကြိုးသူတော်စင်၏ ခရမ်းရောင်ဆံပင်များမှာ လွင့်ဝဲနေပြီး တစ်ကိုယ်လုံးတုန်ခါနေကာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လှိမ့်တက်နေခဲ့သည်။
သူ စကားပြောနေစဉ်မှာပင် နဂါးဟိန်းဟောက်သံ အချို့ ထပ်မံထွက်ပေါ်လာပြီး သူ၏နောက်ကျောဘက်မှနေ၍ သက်ရှိများအလား အစွယ်များနှင့်လက်သည်းများကို ဖြန့်ကားထားသော မိုးကြိုးနဂါးများ ထွက်ပေါ်လာခဲ့သည်။
ရေတွက်ကြည့်မည်ဆိုလျှင် ပေထောင်ချီရှည်လျားသော မိုးကြိုးနဂါးဆယ့်ရှစ်ကောင် ရှိနေလေသည်။
ဟင်းလင်းပြင်ထဲရှိ မိုးကြိုးနဂါးများက ဟိန်းဟောက်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက မိုင်ထောင်ချီ အဝေးသို့တိုင်အောင် ရိုက်ခတ်သွားပြီး ဤအရှိန်အဝါကို ခံစားလိုက်ရသော မြောက်ပိုင်းအအေးလွင်ပြင်ရိုင်းမှ မရေမတွက်နိုင်သော ဓားပြများမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
"မြောက်ပိုင်းအအေးလွင်ပြင်ရိုင်းကို သူတော်စင် တစ်ပါး ဆင်းသက်လာတာလား"
"မြန်မြန် ထွက်ပြေးကြ၊ အရမ်းကြောက်စရာကောင်းတဲ့ အရာကြီး ရှိနေတယ်"
ဒေါသမိုးကြိုးသူတော်စင်ကို ဗဟိုပြု၍ မရေမတွက်နိုင်သော ဓားပြများမှာ အသက်လုထွက်ပြေးနေကြပြီး အထူးသဖြင့် ဒေါသမိုးကြိုးသူတော်စင်နှင့် နီးကပ်သော ဓားပြအဖွဲ့များဆိုလျှင် ပို၍ပင် အလောတကြီး ထွက်ပြေးနေခဲ့ကြသည်။
သူတော်စင်တစ်ပါး၏အစွမ်းထက်သော တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရမည်ကို ဓားပြများစွာက ကြောက်ရွံ့နေကြလေသည်။
"ကောင်လေး... မင်း ဂိုဏ်းတူအစ်ကိုကျီးယွင်ရဲ့ ခွန်ဖန်ငှက်တောင်ပံတွေကို ရထားရုံနဲ့ ငါတို့ကို ယှဉ်နိုင်ပြီလို့ မထင်နဲ့. ဒီသူတော်စင်က မင်းရဲ့အသက်ကို ယူပြီး ဂိုဏ်းတူအစ်ကိုရဲ့ ခွန်ဖန်ငှက်တောင်ပံတွေကို ပြန်ယူပြမယ်"
ဒေါသမိုးကြိုးသူတော်စင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါးက ချင်ယိနှင့် အခြားသူများကို သေဒဏ်ပေးလိုက်သည့်အလားပင်။
"ဝေါင်း"
မိုးကြိုးနဂါး ဆယ့်ရှစ်ကောင်သည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး ဖျက်ဆီးခြင်းအရှိန်အဝါများနှင့်အတူ ချင်ယိနှင့် အခြားသူများကို ကိုက်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ရှေ့တွင် ယွီလင်သက်တော်စောင့်တပ်သုံးထောင်လုံး တိုက်ရိုက် ဖိနှိပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။
ယွီလင်သက်တော်စောင့်တပ်၏ အဖွဲ့ဝင်အားလုံးကို ချင်ယိက စနစ်ဟင်းလင်းပြင်ထဲမှ ခေါ်ယူထားခြင်း ဖြစ်သည်။ သူတို့၏ကျင့်ကြံမှုအဆင့်များမှာ ကောင်းကင်ဘုံအဆင့်တွင်ရှိပြီး ကြယ်ငါးပွင့် တပ်မဟာတွင် ပါဝင်လေသည်။
သို့သော် ဒေါသမိုးကြိုးသူတော်စင်နှင့် နှိုင်းယှဉ်ပါက သူတို့သည် အလွန်တရာ အားနည်းလွန်းလှပေသည်။ ယွီလင်သက်တော်စောင့်တပ်အနေဖြင့် ဓားပြများကဲ့သို့ မြေကြီးပေါ်တွင် ဒူးမထောက်ရုံတမယ် တောင့်ခံထားရခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် ဒေါသမိုးကြိုးသူတော်စင်၏ စွမ်းအားကို အပြည့်အဝ ဖော်ပြနေသည်ဟု ဆိုနိုင်ပေသည်။
ဒေါသမိုးကြိုးသူတော်စင်က ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ အသွင်ပြောင်းအဆင့်အရှင်သခင်ကို မဆိုထားနှင့် သူတော်စင်အဆင့်စွမ်းအားရှင်ပင်လျှင် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု မသေချာပေ။
ချင်ယိ၏ လက်ထဲတွင် ခွန်ဖန်ငှက်တောင်ပံများ ရှိနေလျှင်ပင် သူက ခွန်ဖန်ငှက်တောင်ပံများ၏ စွမ်းအား မည်မျှကို အသုံးပြုနိုင်မည်နည်း။
ဒေါသမိုးကြိုးသူတော်စင်၏ နောက်ကျောဘက်ရှိ ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲအနည်းငယ်မှာ အထင်အမြင်သေးစွာ မပြုံးဘဲမနေနိုင်ခဲ့ကြပေ။ သူတို့ ဝင်ပါရန် မလိုဘဲနှင့်ပင် ထာ့ထျန်းဂိုဏ်းကို ရန်စရဲသော ဤအရူးကောင်မှာ ကျဆုံးသွားတော့မည် ဖြစ်သည်။
ငွေရောင်ဝတ်စုံနှင့် သူတော်စင်ကျီးယွင်ပင်လျှင် ခေါင်းညိတ် ထောက်ခံလိုက်၏။
သူတော်စင်။
အထွတ်အထိပ်အင်အားစုကြီး၏ နောက်ခံဖြင့် ထျန်းယောငမကုန်းမြေတိုက်ရှိ သက်ရှိအားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်ကာ နှစ်ပရိစ္ဆေဒကြာရှည်စွာ အထက်မှနေ၍ ငုံ့ကြည့်နေသူများဖြစ်သည်။
သူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကို သူတော်စင်အဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူကမျှ ခုခံနိုင်စွမ်း မရှိချေ။
ချင်ယိက ခွန်ဖန်ငှက်တောင်ပံများကို အားကိုး၍ ဒေါသမိုးကြိုးသူတော်စင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့လျှင်ပင် သူက ဒေါသမိုးကြိုးသူတော်စင်၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ဒေါသမိုးကြိုးသူတော်စင်နှင့် အခြားသူများက ယုံကြည်မှု အပြည့်ရှိနေချိန်မှာပင်။
"ဝါးမြိုစမ်း"
ညင်သာအသံတစ်သံ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ရွှေရောင်လေဝဲကတော့ကြီးတစ်ခု တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့သည်။
ရွှေရောင်လေဝဲကတော့ကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူနိုင်စွမ်းများထွက်ပေါ်လာပြီး ပျံသန်းလာသော မိုးကြိုးနဂါးဆယ့်ရှစ်ကောင်ကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုပစ်လိုက်လေသည်။
မိုးကြိုးနဂါးများက မည်မျှပင် ဟိန်းဟောက်နေပါစေ ရွှေရောင်လေဝဲကတော့ကြီး၏ ဝါးမြိုမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
'ဒါက ဘာလဲ'
ဒေါသမိုးကြိုးသူတော်စင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ရင်ထဲတွင် အလွန်တရာအံ့အားသင့်သွားခဲ့ရသည်။
ဤထူးဆန်းသော ရွှေရောင်လေဝဲကတော့ကြီးက သူ့ကို အလွန်ခက်ခဲကျပ်တည်းသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
သူ၏ ယခုတိုက်ခိုက်မှုသည် သူတော်စင်တစ်ပါး၏ စွမ်းအားပါဝင်နေသော်လည်း လွယ်ကူစွာပင် ရွှေရောင်လေဝဲကတော့ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။
ဒေါသမိုးကြိုးသူတော်စင်သည် အချိန်ကြာမြင့်စွာ ကျင့်ကြံလာခဲ့သော်လည်း ဤကဲ့သို့ ထူးဆန်းသော အရာမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။
"ဒါက ခွန်ဖန်ငှက်ရဲ့ ဝါးမြိုခြင်းနတ်ဘုရားစွမ်းရည်လား"
မည်သည့်အရာကိုမျှ သိပ်ဂရုမစိုက်တတ်သော သူတော်စင်ကျီးယွင်သည် ရွှေရောင်လေဝဲကတော့ကြီးကို မြင်သောအခါ အံ့အားသင့်စွာ ပြောလိုက်၏။
"ခွန်ဖန်ငှက်ရဲ့ ဝါးမြိုခြင်းနတ်ဘုရားစွမ်းရည် ဟုတ်လား"
ဒေါသမိုးကြိုးသူတော်စင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာအမူအရာမှာ အလွန်လေးနက်တည်ကြည်သွားခဲ့သည်။
သူသည် အထွတ်အထိပ်အင်အားစုကြီးမှ မွေးဖွားလာသူဖြစ်ပြီး လျှို့ဝှက်ကျမ်းစာ အများအပြားကို ဖတ်ရှုခဲ့ဖူးရာ ကောင်းကင်ဘုံကို စိုးမိုးထားသည့် သားရဲကြီးများအကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်ထားလေသည်။
ထို့အပြင် သူ၏ဘေးတွင် ခွန်ဖန်ငှက်ကို အလွန်အမင်း စွဲလန်းနေသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေသည် မဟုတ်ပါလား။
သို့သော် နားလည်ထားသောကြောင့်ပင် ပို၍ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေရခြင်းဖြစ်သည်။
သူတော်စင်ကျီးယွင်၏ စွမ်းအားဖြင့်ပင်လျှင် ခွန်ဖန်ငှက်၏ အလွန်မြန်ဆန်သော နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်ရန် မလုံလောက်သေးဘဲ ခွန်ဖန်ငှက်၏ ဝါးမြိုခြင်းနတ်ဘုရားစွမ်းရည်နှင့် ပတ်သက်လာလျှင် ပို၍ပင်အကူအညီမဲ့နေခဲ့ရသည်။
သို့သော် ယဲ့ထျန်းဆိုသော ကောင်လေးသည် အသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါးသာဖြစ်ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ဝါးမြိုခြင်းနတ်ဘုရားစွမ်းရည်ကို မည်သို့ ထိန်းချုပ်နိုင်နေသနည်း။
"ဟုတ်တယ်၊ ငါ့ရဲ့ ကြိုတင်ခံစားသိရှိမှုက မမှားဘူးပဲ။ ဒီကောင်လေးဆီကနေ ငါ သေချာပေါက် စိတ်ကူးမယဉ်နိုင်လောက်တဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ်"
သူတော်စင်ကျီးယွင်မှာ အံ့အားသင့်ခြင်းမရှိဘဲ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများပင် ပေါ်လွင်နေခဲ့သည်။
အချိန်ကြာမြင့်စွာ ရှာဖွေနေခဲ့ရသော နတ်ဘုရားစွမ်းရည်တစ်ခုက သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ရာ သူက မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။
"ယဲ့ထျန်းကောင်လေး... မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းပါရမီကို ငါတကယ်လေးစားမိတယ်"
"ငါ့ရဲ့ ခွန်ဖန်ငှက်တောင်ပံတွေကို ရသွားတာ ရက်အနည်းငယ်ပဲရှိသေးပေမဲ့ အဲ့ဒီထဲကနေ ဝါးမြိုခြင်း နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်နိုင်ခဲ့တယ်။ ဒီလို နားလည်နိုင်စွမ်းက တခြားသူတွေနဲ့ ယှဉ်လို့မရအောင် သာလွန်လွန်းနေပြီ"
သူတော်စင်ကျီးယွင်၏ မျက်လုံးများတွင် ရွှေရောင်အလင်းများ တောက်ပလာပြီး အကာအကွယ်ကို ဖောက်ထွင်းကာ ရထားလုံးထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ချင်ယိကိုကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။
သူ စကားတစ်ခွန်းပြောလိုက်တိုင်း ငှက်အော်သံတစ်ခု ပါဝင်နေသကဲ့သို့ ထင်မှတ်ရလေသည်။
ဤ သူတော်စင်ကျီးယွင်သည် ခွန်ဖန်ငှက်ကို စွဲလန်းနေရုံသာမက သူ၏ကိုယ်ပိုင် ကျင့်ကြံမှုကိုပါ ခွန်ဖန်ငှက် အစစ်အမှန် ကျင့်စဉ်အဖြစ် အသွင်ပြောင်းထားရာ စကားပြောဆိုရာတွင်ပင် ခွန်ဖန်ငှက်၏အော်သံနှင့် တူနေခဲ့သည်။
"သူတော်စင်ကျီးယွင်က ဘာများ အကြံဉာဏ်ပေးချင်လို့လဲ"
ချင်ယိသည် မတ်တပ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို တစ်ချက် ခါယမ်းကာ ရထားလုံးထဲမှ လျှောက်ထွက်လာခဲ့သည်။
"အကြံဉာဏ်ပေးတာလို့တော့ မဆိုလိုပါဘူး။ မင်းရဲ့ ကျင့်ကြံမှုက မလွယ်ကူသလို မင်းက အရမ်းကို ပါရမီထူးချွန်တဲ့သူ တစ်ယောက်ပါ။ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဒီနေရာမှာ ကျဆုံးသွားရမှာကို ငါမလိုလားဘူး။ ဒါကြောင့် မင်းကို လမ်းညွှန်မှု နည်းနည်း ပေးချင်တာပါ"
သူတော်စင်ကျီးယွင်က ပြုံးရွှင်စွာ ပြောလိုက်၏။
"ဘယ်လိုမျိုး လမ်းညွှန်မှာလဲ"
ချင်ယိက မျက်ခုံးပင့်လိုက်ပြီး သူ၏အသံမှာ အေးစက်နေခဲ့သည်။
"မင်းက ငါတို့ ထာ့ထျန်းဂိုဏ်းကို စော်ကားထားတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ"
"ဒါပေမဲ့ မင်းရဲ့ပါရမီကို ငါသနားတာကြောင့် မင်းကို ငါ့ရဲ့ တပည့်အရင်းအဖြစ် လက်ခံပေးမယ်၊ ဒါဆိုရင် မင်း သေစရာ မလိုတော့ဘူး။ ဘယ်လိုလဲ"
သူတော်စင်ကျီးယွင်သည် ချင်ယိ၏ အသံထဲမှ အေးစက်မှုကို မကြားသည့်အလား ဆက်လက် ပြောဆိုနေခဲ့သည်။
"ငါ့ကို တပည့်အဖြစ် လက်ခံမယ် ဟုတ်လား"
ချင်ယိ၏ အသံမှာ ပို၍ပို၍ နက်ရှိုင်းလာပြီး အလွန်အမင်း အေးစက်လာခဲ့သည်။
အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များသည် သူ၏ရင်ထဲတွင် ဖြည်းညင်းစွာ စုစည်းလာပြီး အဆက်မပြတ် လှိမ့်တက်နေခဲ့လေသည်။
'အရှက်မရှိတဲ့ လူအိုကြီး... ငါ့ကို ဒီလို လာစော်ကားရဲတယ်ပေါ့'
***