သူတော်စင်ကျီးယွင်၏ လောဘတကြီး စိတ်ကူးယဉ်မှုကို ချင်ယိက မည်သို့ မသိဘဲနေမည်နည်း။
အမည်ခံအားဖြင့် သူ့ကို တပည့်အဖြစ်လက်ခံခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ချင်ယိနားလည်ထားသော ဝါးမြိုခြင်းနတ်ဘုရားစွမ်းရည်ကို မျက်စိကျနေခြင်းသာဖြစ်ပြီး ဆရာတပည့်အမည်ခံကာ ထိုနတ်ဘုရားစွမ်းရည်ကို လုယူလိုခြင်းဖြစ်၏။
သူတော်စင်ကျီးယွင်သည် ချင်ယိ၏ပါရမီကိုပါ လုယူရန် စိတ်ကူးမရှိဘဲမနေပေ။
"ယဲ့ထျန်းကောင်လေး... ဒါက မင်းအတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ၊ သေချာ စဉ်းစားပါ"
သူတော်စင်ကျီးယွင်သည် အေးဆေးတည်ငြိမ်စွာဖြင့် ချင်ယိကို ငုံ့ကြည့်နေကာ အနိုင်သေချာနေသူတစ်ဦးနှင့် တူနေလေသည်။
သူတော်စင်ကျီးယွင်၏အမြင်တွင် ချင်ယိသည် အလွန်တရာပါရမီထူးချွန်ပြီး အံ့မခန်းနားလည်သဘောပေါက်နိုင်စွမ်းရှိရာ အနာဂတ်တွင် နောက်ထပ် နတ်ဘုရားစွမ်းရည်များကိုလည်း နားလည်လာနိုင်စွမ်း ရှိပေမည်။
ထို့ကြောင့် ချင်ယိကို ထိန်းချုပ်ထားနိုင်သရွေ့ ချင်ယိ နားလည်ထားသော မရေမတွက်နိုင်သည့် နတ်ဘုရားစွမ်းရည်များကို သူ ရရှိနိုင်မည်ဖြစ်၏။
သူတော်စင်ကျီးယွင်သည် ရှေ့သို့ အေးဆေးစွာ တစ်လှမ်းတိုးလိုက်ရာ ဒေါသမိုးကြိုးသူတော်စင်ထက် ပိုမို အစွမ်းထက်သော အရှိန်အဝါတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည် ဟင်းလင်းပြင်တစ်ခွင်သို့ ပျံ့နှံ့သွားပြီး အခြေအနေကို လှုပ်ခတ်သွားစေခဲ့သည်။
"ထွက်သွားစမ်း"
၎င်းကို တုံ့ပြန်သည့်အနေဖြင့် ချင်ယိက မျက်ခုံးများကိုပင့်ကာ အေးစက်စွာ စကားတစ်ခွန်းပြောလိုက်၏။
"အရှက်မရှိတဲ့ လူအိုကြီး... မင်းက ငါ့ဆရာလုပ်ဖို့ ထိုက်တန်လို့လား"
ချင်ယိ၏မျက်လုံးများမှာ တစ်ဝက်ခန့်မှေးစင်းသွားပြီး သူ၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ လျှံကျလာမတတ်ပင်။
သာမန်သူတော်စင်တစ်ပါးက သူ့ကို တပည့်အဖြစ် လက်ခံချင်ယောင်ဆောင်ပြီး သူ့ကိုပိတ်လှောင်ဖို့ ကြိုးစားရဲသည်ပေါ့လေ။
သူက ထိုက်တန်လို့လား။
"ဒါဆို မင်းက ငါ့ရဲ့ စေတနာကို ငြင်းပယ်တာပေါ့လေ"
သူတော်စင်ကျီးယွင်၏ မျက်နှာပေါ်ရှိ အပြုံးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများ အဖွင့်အပိတ်ကြားတွင် အေးစက်သော အလင်းတန်းများ လျှံကျနေသည့်အလားပင်။
ထို့နောက် သူတော်စင်ကျီးယွင်သည် ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်သည့်အလား ရှေ့သို့ ချက်ချင်းတစ်လှမ်း တိုးလိုက်သည်။
သူတော်စင်ကျီးယွင်၏ ခြေသံကျဆင်းလာသည်နှင့်အမျှ ဟင်းလင်းပြင်ထဲမှ လောကကြီးကို ပဲ့တင်ထပ်သွားစေသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူတော်စင်ကျီးယွင်ထံမှ မှိန်ဖျော့သော ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
သို့သော် သူတော်စင်ကျီးယွင်က မည်သည့်စကားမျှ မဆိုဘဲ သူ၏ညာဘက်ခြေထောက်ကို နောက်တစ်ကြိမ် လှမ်းကာ ဒုတိယခြေလှမ်းကို လှမ်းလိုက်၏။
မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများသည် သူတော်စင်ကျီးယွင်၏ နောက်ကျောဘက်တွင် စုစည်းသွားပြီး ဧရာမပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ဆလသည်။
"ရွှီ"
ပုံရိပ်ယောင်ကြီးက အော်ဟစ်လိုက်ရာ ကမ္ဘာမြေကို တုန်ခါသွားစေသော ငှက်အော်သံတစ်ခုသည် ဟင်းလင်းပြင်ထဲသို့ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ယံကိုးထပ်နှင့် မြေကြီးဆယ်ထပ်ကို တုန်ခါသွားစေခဲ့သည်။
ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခုက လောကကြီးထဲသို့ ပျံ့နှံ့သွားပြီး လူတိုင်းကို အသက်ရှူရပင် ခက်ခဲသွားစေခဲ့သည်။
ရုတ်တရက် သူက တတိယမြောက်ခြေလှမ်းကို ထပ်လှမ်းလိုက်၏။
ပုံရိပ်ယောင်ကြီး၏ အသွင်အပြင်မှာ ပို၍ပို၍ ပီပြင်လာပြီး ပေထောင်ချီ မြင့်မားကာ ငါးနှင့်တူသော်လည်း ငါးမဟုတ်၊ ငှက်နှင့်တူသော်လည်း ငှက်မဟုတ်သော ငွေရောင်ဖျော့ဖျော့ သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ခွန်ဖန်ငှက် ပုံရိပ်ယောင်။
"ကောင်လေး... ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး။ ဒါဆိုရင်လည်း ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။ မင်းရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး မင်းရဲ့မှတ်ဉာဏ်တွေကို ငါ စစ်ဆေးကြည့်ရတာပေါ့"
သူတော်စင်ကျီးယွင်သည် လောကကြီးသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ချင်ယိကို အေးစက်စွာ စူးစိုက်ကြည့်နေခဲ့သည်။
ခွန်ဖန်ငှက်ပုံရိပ်ယောင်၏ အောက်တွင် ချင်ယိသည် အသတ်ခံရမည့် သိုးသူငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့လေသည်။
အစပိုင်းတွင် ခွန်ဖန်ငှက်တောင်ပံများသည် သူတော်စင်ကျီးယွင်၏ အရှိန်အဝါကို ဆယ်ပေခန့် အကွာမှနေ၍ ဖယ်ကြဉ်ထားနိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခွန်ဖန်ငှက်တောင်ပံများသည် တဖြည်းဖြည်း တောင့်မခံနိုင်တော့ပေ။
ကောင်းကင်နှင့်မြေကြီးက အဆက်မပြတ် ဟိန်းဟောက်နေပြီး ခွန်ဖန်ငှက်တောင်ပံများ လှုပ်ခတ်သွားကာ မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပြတ်တောက်သွားခဲ့သည်။ ကောင်းကင်ယံကိုးထပ်အထက်ရှိ ဟင်းလင်းပြင် မုန်တိုင်းကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်မည့် မြင်ကွင်းမျိုး ဖြစ်နေလေသည်။
"ဂိုဏ်းတူအစ်ကိုကျီးယွင်ရဲ့ ခွန်ဖန်ငှက်အစစ်အမှန် ကျင့်စဉ်က ပိုပိုပြီး ပြီးပြည့်စုံလာပြီပဲ။ ဒီစွမ်းအားက သူတော်စင်အဆင့် အလယ်စား ကျင့်စဥ်တွေနဲ့တောင် ယှဉ်နိုင်လောက်တယ်"
ဒေါသမိုးကြိုးသူတော်စင်က ဘေးမှနေ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ချင်ယိနှင့် အခြားသူများကို ထပ်မံကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲတွင် သနားစရာကောင်းသည့် အရိပ်အယောင် အနည်းငယ်ရှိနေခဲ့သည်။
"ဂိုဏ်းတူအစ်ကိုကျီးယွင်ရဲ့ ခွန်ဖန်ငှက်ပုံရိပ်ယောင်ကို မြင်တွေ့ခွင့်ရတာကပဲ မင်းတို့ ကံကောင်းတယ်လို့ဆိုရမယ်"
သူတော်စင်ကျီးယွင်က စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ခွန်ဖန်ငှက်ပုံရိပ်ယောင်က ၎င်းနှင့်အညီ လှုပ်ရှားသွားခဲ့သည်။
တောင်ပံများကို လှုပ်ခတ်လိုက်ရာ ငွေရောင်ဖျော့ဖျော့ တောင်ပံများသည် ဟင်းလင်းပြင်ကို ဖြတ်တောက်သွားပြီး ရှည်လျားကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာကာ ချင်ယိဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
၎င်း၏အရှိန်မှာ အလွန် မြန်ဆန်လွန်းလှရာ လူတိုင်း၏မျက်လုံးများပင် လိုက်မမီနိုင်တော့ပေ။
ခွန်ဖန်ငှက်ပုံရိပ်ယောင်၏ တောင်ပံများပင်လျှင် ဟင်းလင်းပြင်မှ ကင်းကွာသွားပြီး ချင်ယိ၏ထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
သို့သော် ချင်ယိကမူ မည်သည့်အရာကိုမျှ သတိမထားမိသည့်အလား ငြိမ်သက်စွာ ရပ်နေဆဲပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယိသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရလေပြီ။
"သေစမ်း"
သူတော်စင်ကျီးယွင်၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှမရှိဘဲ တိုးညင်းစွာ အော်ဟစ်လိုက်ရာ သူ၏ အသံက ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။
နတ်ဘုရင်တစ်ပါးက ပြစ်ဒဏ်ချမှတ်လိုက်သည့်အလား ချင်ရီ၏ သေဒဏ်ကို အမိန့်ချမှတ်လိုက်ခြင်းပင်။
"အရှင်မင်းကြီး... သတိထားပါ"
ရထားလုံးထဲရှိ လင်းယွင်ရွှယ်၏ မျက်စိရှေ့တွင် မှုန်ဝါးသွားပြီး ခွန်ဖန်ငှက်ပုံရိပ်ယောင်၏ တောင်ပံများက ချင်ယိ၏အနီးသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။
ဤအချိန်တွင် ချင်ယိက သူ၏ကံကြမ္မာကို လက်ခံလိုက်သည့်အလား မလှုပ်မယှက် ရပ်နေဆဲပင်။
ခွန်ဖန်ငှက်တောင်ပံများမှ ယူဆောင်လာသော လေပြင်းများကြောင့် ချင်ယိ၏ ဆံပင်များမှာ ဖရိုဖရဲ လွင့်ဝဲနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်ခြင်း စွမ်းအားများက ချင်ယိထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် သွယ်လျသော လက်ချောင်းတစ်ချောင်းက ချင်ယိ၏ ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ခွန်ဖန်ငှက်တောင်ပံများကို တည်ငြိမ်စွာ တားဆီးပေးလိုက်၏။
ဤလက်ချောင်းသည် ခမ်းနားကြီးကျယ်သော မသေမျိုးတောင်တန်းကြီးတစ်ခုအလား ချင်ယိ၏ရှေ့တွင် ကာကွယ်ထားပြီး သူတော်စင်ကျီးယွင်က ခွန်ဖန်ငှက်ကို မည်မျှပင် အားဖြည့်ပေးစေကာမူ ထိုလက်ချောင်း၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။
"ဘယ်သူလဲ"
သူတော်စင်ကျီးယွင်၏ မျက်လုံးများ နက်ရှိုင်းသွားပြီး သူ၏ရင်ထဲတွင် အခြေအနေ မကောင်းတော့ကြောင်း ခံစားလိုက်ရ၏။
နောက်ခဏ၌ ဟင်းလင်းပြင်က တုန်ခါသွားပြီး ရေလှိုင်းများအဖြစ် ပြောင်းလဲသွားကာ ၎င်းထဲမှ အဘိုးအိုတစ်ဦး ဖြည်းညင်းစွာလျှောက်ထွက်လာခဲ့လေသည်။
အဘိုးအိုတွင် အညိုနုရောင်ဆံပင်များနှင့် ခရမ်းရောင်မျက်လုံးတစ်စုံရှိပြီး ထိုမျက်လုံးများထဲတွင် အဆုံးအစမရှိသော ဉာဏ်ပညာများနှင့် နှစ်ပရိစ္ဆေဒများစွာ၏ကျယ်ပြောလှမှုတို့ ပါဝင်နေလေသည်။
ပို၍ ထူးဆန်းသည်မှာ အဘိုးအို၏ခေါင်းပေါ်တွင် ချိုနှစ်ချောင်း ရှိနေခြင်းပင်။
"နဂါးမျိုးနွယ်စုလား"
သူတော်စင်ကျီးယွင်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။
ချက်ချင်းပင် သူက ဤအတွေးကို ငြင်းပယ်လိုက်သည်။ ထျန်းယောင်ကုန်းမြေတိုက်ပေါ်တွင် နဂါးမျိုးနွယ်စုများ ရှိနေရန် မဖြစ်နိုင်ကြောင်း သူချက်ချင်းပင် သိလိုက်သည်။
ထို့အပြင် နဂါးမျိုးနွယ်စု၏ချိုများသည် ဤအဘိုးအို၏ချိုများနှင့် တူညီခြင်း မရှိပေ။
သို့သော်လည်း ဤအဘိုးအိုကို မြင်သောအခါ သူတော်စင်ကျီးယွင်၏ မျက်နှာမှာ မတည်ကြည်ဘဲ မနေနိုင်ခဲ့ပေ။
အဘိုးအိုက သူ့ကို ပေးစွမ်းသောခံစားချက်မှာ ကျယ်ပြောလှသော လောကကြီးတစ်ခုလုံးကို မြင်တွေ့လိုက်ရသကဲ့သို့ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် တူနေလေသည်။
လူတစ်ယောက်ကို မြင်ရသည်ထက် နတ်ဘုရားတစ်ပါးကို ဖူးတွေ့လိုက်ရသည့်အလားပင်။
"အရှင်မင်းကြီးကို စော်ကားတဲ့သူ... သေရမယ်"
အဘိုးအိုက သူတော်စင်ကျီးယွင်ကို ခပ်ဖွဖွကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။
ထိုစကားဆကြာင့် သူတော်စင်ကျီးယွင်သည် ရုတ်တရက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
နောက်ခဏ၌ သူတော်စင်ကျီးယွင် မည်သို့မျှမတုံ့ပြန်နိုင်မီမှာပင် အဘိုးအိုက ခွန်ဖန်ငှက်ပုံရိပ်ယောင်၏ တောင်ပံများကို တားဆီးထားသော လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်လေသည်။
အဘိုးအို၏လက်ချောင်းထိပ်မှ စီးဆင်းလာသော ခရမ်းရောင်အလင်းတန်းလေးတစ်ခုသည် ခွန်ဖန်ငှက် ပုံရိပ်ယောင်ကို ဖြတ်သန်းသွားခဲ့သည်။
"ဂျွတ်"
ပေတစ်သောင်းခန့် မြင့်မားသော ခွန်ဖန်ငှက်ပုံရိပ်ယောင်ကြီးသည် သိမ်မွေ့သော ကြွေထည်တစ်ခုကဲ့သို့ ရုတ်တရက် အက်ကွဲပျက်စီးသွားခဲ့ရသည်။
ထို့နောက် ချက်ချင်းပင် ထိုခရမ်းရောင်အလင်းတန်းလေးသည် ခရမ်းရောင်လျှပ်စီးတစ်ခုအလား သူတော်စင်ကျီးယွင်ထံသို့ ပြေးဝင်လာခဲ့သည်။
ဤခရမ်းရောင်အလင်းတန်းသည် နေနှင့်လ ကျဆင်းလာသည့်အလား ကောင်းကင်ယံကို ဖြတ်သန်းကာ ထာဝရတောက်ပသော အလင်းရောင်များဖြင့် လောကကြီးကို ဖောက်ထွင်းသွားခဲ့သည်။
နတ်သက်ဝင်သူ၏ လက်ချောင်းတစ်ချက်က ဟင်းလင်းပြင်ကိုပင် ပြောင်းပြန်လှန်ပစ်လိုက်သည့်အလားပင်။
"မကောင်းတော့ဘူး"
သူတော်စင်ကျီးယွင်၏ မျက်နှာမှာ ထိတ်လန့်သွားပြီး ထွက်ပြေးရန် လှည့်ထွက်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ခရမ်းရောင်အလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ရပ်ဝန်းများစွာကို ဖြတ်သန်းသွားပြီး အဆုံးအစမရှိသော ဟင်းလင်းပြင်အထိ ဆန့်တန်းသွားခဲ့သည်။
သူတော်စင်ကျီးယွင် ပြုလုပ်ထားသော တိုက်ခိုက်မှုများကို ဖောက်ထွင်းကာ သူတော်စင်ကျီးယွင်ခေါ်ထုတ်ထားသော မြင့်မြတ်အဆင့်ရတနာများကို ရိုက်ချိုးပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တားဆီး၍မရအောင် ရှင်းလင်းသွားခဲ့သည်။
ထို့နောက်တွင် သူတော်စင်ကျီးယွင်၏ ခေါင်းကိုပင် ဖောက်ထွင်းသွားခဲ့ပြီး သွေးများပန်းထွက်သွားခဲ့လေသည်။
ယခင်က အလွန်တရာအစွမ်းထက်ခဲ့သော သူတော်စင် ကျီးယွင်သည် မျက်စိတစ်မှိတ်အတွင်း နေရာမှာတင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
လက်ချောင်းတစ်ချက်တည်းဖြင့် သူတော်စင်ကို သတ်ဖြတ်နိုင်သော စွမ်းအားပင်ဖြစ်သည်။
"ကျီး... ကျီးယွင်ဘိုးဘေးကြီး"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲများစွာမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားကြပြီး သူတို့၏ရင်ထဲရှိ ထိတ်လန့်မှုများကို မထိန်းချုပ်နိုင်တော့ဘဲ အကြောက်လွန်ကာ သည်းခြေပြတ်မတတ် ဖြစ်သွားကြရသည်။
ထာ့ထျန်းဂိုဏ်း၏ အဓိကမဏ္ဍိုင်ကြီးဟု ခေါ်ဆိုနိုင်သော သူတော်စင်ကျီးယွင်သည် လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
သူတို့ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရလျှင် ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲများသည် ၎င်းကို ယုံကြည်နိုင်ကြမည် မဟုတ်ပေ။
လောကကြီးတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိနေမည်ဟု မထင်မှတ်ထားခဲ့ကြပေ။
"..."
ဒေါသမိုးကြိုးသူတော်စင်သည် စိတ်လွတ်သွားသည့်အလား ရွှံ့ရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏စိတ်နေစိတ်ထားဖြင့်ပင် မတုန်ယင်ဘဲ မနေနိုင်တော့ဘဲ မြေကြီးပေါ်သို့ ခွေကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
'ဒီအဘိုးအိုက ဘယ်သူလဲ'
***