လေရူးတစ်သိုက်က မြောက်ပိုင်းရေခဲကန္တာရကို ဖြတ်သန်းတိုက်ခတ်သွားပြီး တိတ်ဆိတ်နေသော လေထုက အထူးတလည် ခြောက်ကပ်နေပုံပေါ်လေသည်။
လေဟာနယ်ထဲတွင် လူတစ်စုရပ်နေကြသော်လည်း ရုပ်တုများအလား မည်သူကမျှ အသံမထွက်ရဲကြပေ။
မိုးနှင့်မြေကြားရှိ တိတ်ဆိတ်မှုက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေပြီး လူများကို ကြက်သီးထစေ၏။
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်က တုန်ရီနေသောအသံဖြင့် စကားစပြောလာသည်အထိပင် ဖြစ်သည်။
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး။ ငါတို့ဂိုဏ်းရဲ့ ဂျီယွန်သူတော်စင်က သူတော်စင်အဆင့်ကို ရောက်နေတာ နှစ်သန်းချီနေပြီ။ ဘယ်လိုလုပ်ပြီး တခြားလူတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာလဲ"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲမှာ တစ်ကိုယ်လုံး တုန်ရီနေရင်း ထစ်ငေါ့စွာ ပြောလိုက်လေသည်။
အဆင့်အတန်းမြင့်မားပြီး ဂိုဏ်းကြီးကို အုပ်စိုးနေသော ဤဆရာသခင်များက ဤမျှ မှုန်ကုပ်နေသော မျက်နှာထားမျိုး ပြသနေကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
အကြောင်းမှာ ၎င်းတို့ရှေ့တွင် ဖြစ်ပျက်သွားသည့်အရာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းနေသောကြောင့်ဖြစ်၏။
သူတော်စင်တစ်ပါး။
ထိုမျှမကသေးဘဲ သူတော်စင်ဒုတိယအဆင့်၏ ထိပ်သီးအဆင့်သို့ ရောက်ရှိနေသော ကျီးယွင်သူတော်စင် ဖြစ်နေသည်မဟုတ်ပါလော။
ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ခြုံကြည့်လိုက်လျှင် သူတော်စင်အဆင့်ရှိသူ ဒါဇင်နှင့်ချီ၍ ရှိသော်လည်း ကျီးယွင်သူတော်စင်က ထိပ်တန်းစာရင်းဝင်ဖြစ်သည်။
လူအနည်းငယ်ကို ဖယ်ထုတ်လိုက်လျှင်ပင် ကျီးယွင်သူတော်စင်ကို အစွမ်းအထက်ဆုံး တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
ထာ့ထျန်းဂိုဏ်းတစ်ခုလုံးတွင်လည်း ဂိုဏ်းချုပ်မှလွဲ၍ သူက အစွမ်းအထက်ဆုံးသူ ဖြစ်ကြောင်း သိထားသင့်လေသည်။
သို့သော် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် တစ်ဖက်လူ၏လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရပြီး သူ၏ကိုယ်ပိုင်စွမ်းရည်များကိုပင် ထုတ်သုံးချိန် မရလိုက်ချေ။
"ထွက်ပြေးကြ"
အခြေအနေကို သဘောပေါက်သွားသော ဒေါသမိုးကြိုးသူတော်စင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ခြေဆောင့်နင်းကာ အဝေးသို့ ထွက်ပြေးလိုက်သည်။
ကျီးယွင်သူတော်စင်ပင်လျှင် တစ်ဖက်လူ၏ လက်အောက်တွင် လွယ်လွယ်ကူကူ အသတ်ခံလိုက်ရပြီဖြစ်ရာ သူတို့ ဒီမှာဆက်နေလျှင် သေမည့်လမ်းကို စောင့်နေခြင်းနှင့် တူနေပေမည်။
"သွားကြမယ်"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲတစ်စုသည်လည်း အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး အသီးသီး ထွက်ပြေးလိုက်ကြသည်။
ထာ့ထျန်းဂိုဏ်းမှ ဤအကြီးအကဲများသည် ရင့်ကျက်သူများပီပီ လျှပ်စီးလက်တစ်ပြက်အချိန်အတွင်းမှာပင် သူတို့အတွက် အကျိုးအရှိဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ကြသည်။
လူအုပ်ကြီးက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲကာ ထွက်ပြေးသွားကြသောကြောင့် ထိုအဘိုးအိုက လိုက်ဖမ်းချင်လျှင်တောင်မှ အားလုံးကို ဖမ်းမိနိုင်မည် မဟုတ်ချေ။
သို့သော်လည်း သူတို့၏လုပ်ရပ်များက ထိုအဘိုးအို၏ အမြင်တွင် မည်မျှရယ်စရာကောင်းနေကြောင်းကို သူတို့ မသိခဲ့ကြပေ။
အဘိုးအိုက သူ၏ညာဘက်လက်ကို ညင်သာစွာ မြှောက်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်၏။
အဘိုးအိုက သူ၏လက်ဝါးကို ဆုပ်ကိုင်လိုက်ချိန်တွင် မိုင်ထောင်ချီကျယ်ဝန်းသော လေဟာနယ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး နောက်တစ်ခဏတွင် ပို၍အံ့မခန်းဖြစ်စေသောအသံကြီးက လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး မိုးချုန်းသံအလား ပေါက်ကွဲသွားလေသည်။
မရေမတွက်နိုင်သော ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များ စုဆောင်းမိသွားကြပြီး ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
လက်ချောင်းငါးချောင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး လက်ချောင်းအဆစ်များက ဖန်သားရောင် တောက်ပနေခဲ့သည်။
မည်သူကမျှ ဤဧရာမလက်ဝါးကြီး၏ အရွယ်အစား မည်မျှရှိသည်ကို တိတိကျကျ မသိကြသော်လည်း မီတာတစ်သောင်းထက်မက ကြီးမားမည်ဆိုသည်ကိုတော့ အားလုံး သေချာပေါက် သိနေခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက လွှမ်းမိုးထားပြီး ကောင်းကင်တစ်ဝက်ခန့်ကို ဖုံးအုပ်ထားလေသည်။
မြောက်ပိုင်းရေခဲကန္တာရမှ ထွက်ခွာသွားကြသော ဓားပြများပင်လျှင် နောက်သို့လှည့်ကြည့်မိသွားကြပြီး တုန်လှုပ်သွားကာ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးကို တွေးပင် မတွေးရဲကြတော့ချေ။
"ဒါ..."
ဒေါသမိုးကြိုးသူတော်စင်နှင့် ထာ့ထျန်းဂိုဏ်းမှကျင့်ကြံသူများ မော့ကြည့်လိုက်သောအခါ သူတို့၏နှလုံးသားများ အပြင်းအထန် ခုန်ပေါက်သွားကြရသည်။
သို့သော်လည်း ဒေါသမိုးကြိုးသူတော်စင်နှင့် အခြားသူများမှာ စဉ်းစားချိန်ပင် မရလိုက်ဘဲ ထိုဧရာမလက်ဝါးကြီးက သူတို့ကို ရုတ်တရက် လှမ်းဆုပ်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရလေသည်။
ဤဧရာမလက်ဝါးကြီး၏အောက်တွင် အဆုံးအစမဲ့ လေဟာနယ်က မှန်တစ်ချပ်ကဲ့သို့ ကျိုးပဲ့လွယ်နေပြီး အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပင့်ကူမျှင်များနှင့်တူသော အက်ကွဲကြောင်းများက အဝေးသို့တိုင် ပြန့်နှံ့သွား၏။
ထိုဆုပ်ကိုင်မှုအောက်တွင် ကောင်းကင်ကြီးတစ်ခုလုံးပင် ခံနိုင်ရည်မရှိတော့သည့်အလား ထင်မှတ်ရပေသည်။
"အား..."
ဒေါသမိုးကြိုးသူတော်စင်က မည်မျှပင်အော်ဟစ်နေပါစေ၊ ဂိုဏ်းမှ အကြီးအကဲများက မည်သို့ပင် အော်ဟစ်ရုန်းကန်နေပါစေ အချည်းနှီးသာ ဖြစ်နေခဲ့သည်။
သို့တည်းမဟုတ် မိုးကြိုးစွမ်းအင်များကို ထုတ်ဖော်ကာ ဤဧရာမလက်ဝါးကြီးကို တားဆီးရန် ကြိုးစားနေကြသော်လည်း အရာအားလုံးက သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသော ပိုးကောင်လေးတစ်ကောင်အလား အချည်းနှီးသာ ဖြစ်နေလေသည်။
နောက်ခဏ၌ ဧရာမလက်ဝါးကြီး၏ လက်ချောင်းငါးချောင်း ပိတ်သွားပြီး ကောင်းကင်ယံထက်တွင် အသံအားလုံးပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လမ်းပေါ်ရှိ ယွီလင်ကိုယ်ရံတော်သုံးထောင်အပြင် ဤနေရာကို စောင့်ကြည့်နေကြသော မြောက်ပိုင်းရေခဲကန္တာရမှ ဓားပြများအားလုံး ဆွံ့အသွားကြပြီး သူတို့မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်သွားကြရသည်။
မြောက်ပိုင်းရေခဲကန္တာရ။
ကြီးမားကျယ်ပြန့်လှသော ဝိညာဉ်စွမ်းအင်လှိုင်းဂယက်များက တဖြည်းဖြည်း ငြိမ်သက်သွားပေပြီ။
ဖန်သားရောင်တောက်ပနေသော ဧရာမလက်ဝါးကြီးသည်လည်း လောကကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ယံတွင် တိမ်တိုက်များက ပါးလွှာနေပြီး လေပြေလေညင်းများ တိုက်ခတ်နေကာ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလားပင်။
သို့သော်လည်း ဤနေရာ၌ သူတော်စင်အဆင့် အရှင်သခင်နှစ်ပါးနှင့် အသွင်ပြောင်းအဆင့်ဆယ့်နှစ်ယောက်တို့ ကျဆုံးသွားခဲ့ကြောင်း ထိုနေရာရှိ လူတိုင်းက နားလည်ထားကြ၏။
လေဟာနယ်ထဲတွင် လက်နောက်ပစ်လျက် ရပ်နေသော အဘိုးအိုက ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့လေသည်။
အဘိုးအို၏အရှိန်အဝါက လွင့်မျောနေပြီး လေဟာနယ်ထဲသို့ လှမ်းလျှောက်လာပုံမှာ လောကကြီးတစ်ခုလုံးကို ခြေဖြင့်နင်းထားသည့်အလား ထင်မှတ်ရပေသည်။
သို့သော်လည်း အဘိုးအို၏အသက်ရှူသံက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီး ယခင်က ကောင်းကင်ယံကို ဖိနှိပ်ထားသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့လျှင်ပင်...
ယခုအခါတွင်မူ ထိုအဘိုးအိုသည် မည်သည့် ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအားမျှ မရှိသော သာမန်အဘိုးအိုတစ်ဦးနှင့် တူနေခဲ့သည်။
သို့သော်လည်း ရှိနေသူများထဲမှ မည်သူကမျှ အဘိုးအိုကို အထင်သေးဝံ့ခြင်း မရှိကြပေ။
အဘိုးအို၏ဟန်ပန်က သူ၏စွမ်းအားနှင့် ထိုစွမ်းအားများအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပို၍ပြသနေပြီး လှုပ်ရှားလိုက်လျှင် နတ်ဘုရားတစ်ပါးအလား ဖြစ်ကာ ငြိမ်သက်နေချိန်တွင် သာမန်လူတစ်ယောက်အလား ဖြစ်နေခဲ့သည်။
အဘိုးအို၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ယွီလင်ကိုယ်ရံတော်များစွာမှာ ပေါ့ဆရဲခြင်းမရှိဘဲ ချင်ယိ၏ ရှေ့တွင် ကာကွယ်ရန် နေရာယူလိုက်ကြ၏။
ကျောက်ယွင်ပင်လျှင် စိုးရိမ်နေသည့်ပုံ ပေါက်နေကာ ငွေရောင်လှံရှည်ကို ကိုင်ဆောင်ထားပြီး အဘိုးအိုကို သတိကြီးစွာဖြင့် ကြည့်နေခဲ့လေသည်။
'ဒီအဘိုးအိုက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ အရှင်မင်းကြီးကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင်တော့ ဒုက္ခပဲ'
"မဆိုးဘူး"
အဘိုးအိုက မျက်နှာတွင် ညင်သာသောအပြုံးတစ်ပွင့်နှင့်အတူ ကျောက်ယွင်နှင့် အခြားသူများကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး အသိအမှတ်ပြုသော စကားတစ်ခွန်း ဆိုလိုက်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ"
ချက်ချင်းပင် အဘိုးအိုက ချင်ယိထံသို့ ရောက်လာပြီး လင်းယွင်ရွှယ်နှင့် အခြားသူများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ချင်ယိကို ကြီးကျယ်ခမ်းနားစွာ ဂါရဝပြုလိုက်လေသည်။
"အင်ပါယာမင်းဆက်ရဲ့ မှူးမတ်တစ်ပါး ဖြစ်နေတာကိုး"
ကျောက်ယွင်က ခါးသက်သက် အပြုံးတစ်ခုပြုံးလိုက်ပြီး ပထမဆုံး တုံ့ပြန်လိုက်သူဖြစ်သည်။
"သူတော်စင်တစ်ပါးကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားတဲ့ ဒီအဘိုးအိုက တကယ်ပဲ အရှင်မင်းကြီးရဲ့ မှူးမတ်လား"
လင်းယွင်ရွှယ်က သူမ၏ နီရဲနေသော နှုတ်ခမ်းများကို အနည်းငယ် ဟလိုက်ပြီး အံ့သြသွားရသည်။
ဤအဘိုးအိုသည် ကျီးယွင်သူတော်စင်နှင့် ဒေါသမိုးကြိုးသူတော်စင်တို့ကို အလွယ်တကူ ဖိနှိပ်နိုင်ရုံသာမက ထိုနှစ်ဦးကို လက်တစ်ချောင်းတည်းဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ မည်မျှပင် အစွမ်းထက်လိုက်သနည်း။
လင်းယွင်ရွှယ်၏ ခန့်မှန်းချက်အရ ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ရီကျန့်နန်းတော်မှ ဓားသခင်ပင်လျှင် ထိုကျီးယွင်သူတော်စင်တို့ နှစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
လင်းယွင်ရွှယ်၏ စိတ်ထဲတွင် ရီကျန့်နန်းတော်မှ ဓားသခင်နှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းတို့နှစ်ဦးကြားရှိ ကွာဟချက်က မိုင်တစ်သန်းထက်မက ကွာဟနေသည်ဟု ခံစားမိနေသည်။
"အရှင်မင်းကြီးက ဒီလိုအစွမ်းထက်တဲ့သူကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
လင်းယွင်ရွှယ်၏ လှပသော မျက်လုံးများက ကန်ရေပြင်အလား ကြည်လင်နေပြီး သိချင်စိတ်များ ပြည့်နှက်နေခဲ့သည်။
"ဟာဂိုရိုမို.. မြန်မြန် ထပါဦး"
ချင်ယိက ပြုံးလိုက်ပြီး အဘိုးအိုကို ထူပေးရန် အလျင်အမြန် လက်လှမ်းပေးလိုက်၏။
ဤအဘိုးအိုကို ချင်ယိက စနစ်နေရာလွတ်ထဲမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ချင်ယိသည် ယခင်က စနစ်တာဝန်နှစ်ခုကို ပြီးမြောက်ခဲ့ပြီး ဆင့်ခေါ်ခွင့်သုံးကြိမ် ရရှိခဲ့သည်။ ကျပန်းဆင့်ခေါ်ခွင့်နှစ်ကြိမ်နှင့် သစ္စာခံသီးသန့်ဆင့်ခေါ်ခွင့် တစ်ကြိမ်တို့ ဖြစ်သည်။
ပြီးတော့ ဤအဘိုးအိုသည် ချင်ယိ၏သီးသန့်ဆင့်ခေါ်ခွင့်ဖြင့် ခေါ်ယူခံခဲ့ရသူဖြစ်လေသည်။
အဘိုးအို၏အမည်မှာ ဖြစ်ပြီး လမ်းစဉ်ခြောက်သွယ်နတ်ဘုရားဖြစ်ပေသည်။
ကမ္ဘာကြီးထဲတွင် အမြင့်မားဆုံးသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို ရရှိထားသူ ဖြစ်သည်။
ဟာဂိုရိုမိုသည် နာရူတိုကမ္ဘာထဲတွင် ချင်ယိ အလိုချင်ဆုံးသော ဇာတ်ကောင်ဖြစ်ပြီး သူ့ထက် လိုချင်သောသူ မရှိဟုပင် ပြော၍ရပေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဆင့်ခေါ်ခံရသော ဟာဂိုရိုမိုသည် ချင်ယိကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။
ဇာတ်ကောင် - ဟာဂိုရိုမို
အဆင့်အတန်း - နာရူတိုကမ္ဘာမှ လမ်းစဉ်ခြောက်သွယ်နတ်ဘုရား
အဆင့် - သူတော်စင်သတ္တမအဆင့်
လက်နက် - တာအိုရှာဖွေခြင်းကျောက်စိမ်း၊ နတ်ဘုရားသံတောင်ဝှေး
သိုင်းပညာ - နတ်ဘုရားကိုယ်ထည်၊ နတ်ဘုရားအတတ်ပညာ၊ နတ်ဘုရားဥပဒေသ၊ သံသရာမျက်လုံး၊ လမ်းစဉ်ခြောက်သွယ်၊ ကမ္ဘာမြေပေါက်ကွဲကြယ် စသည်တို့။
ပါရမီ - Sအဆင့်
သူတော်စင်သတ္တမအဆင့် ကျင့်ကြံခြင်းအခြေခံဆိုသည်မှာ ရှေးဟောင်းသူတော်စင်ဧရာမပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်ပေသည်။
ရှေးဟောင်းသူတော်စင်တစ်ပါးက ကောင်းကင်ယံအထိ ရောက်ရှိနိုင်စွမ်း ရှိလေသည်။
ဟာဂိုရိုမိုရောက်ရှိလာခြင်းနှင့်အတူ အင်ပါယာမင်းဆက်၏ နောက်ခံအင်အားသည်လည်း မိုးထိအောင် မြင့်တက်သွားခဲ့လေပြီ။
ဟာဂိုရိုမိုတစ်ယောက်တည်းနှင့်ပင် ပုလော့မင်းဆက်ကို မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို မကြောက်မရွံ့ ဖြစ်သွားစေနိုင်ပေသည်။
***