ရှေးဟောင်းသူတော်စင်။
ထိပ်သီးပုဂ္ဂိုလ်ကြီး။
သူတော်စင်အဆင့်တွင် သတ္တမအဆင့်နှင့်အထက် ရှိသော ကျင့်ကြံသူများကိုသာ ရှေးဟောင်းသူတော်စင်ဟု ခေါ်ဝေါ်ကြလေသည်။
ထိုမျှ အစွမ်းထက်သောသူကို ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဟု လူတိုင်းက သတ်မှတ်ထားကြသည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် အထွန်းကားဆုံးဖြစ်ခဲ့သော ရှေးဟောင်းခေတ်ကာလများ၌ပင် ရှေးဟောင်းသူတော်စင်အဆင့် စွမ်းအားရှင်များ သိပ်များများစားစား မရှိခဲ့ချေ။
ရှေးဟောင်းခေတ်က ထျန်းယောင်ကုန်းမြေတိုက်ကြီးသည် အပြစ်သားကမ္ဘာကဲ့သို့သော အခြားကမ္ဘာများကို ဖိနှိပ်ထားနိုင်ခဲ့ခြင်းမှာ ဤရှေးဟောင်းသူတော်စင်များ ရှိနေသောကြောင့် ဖြစ်၏။
ရှေးဟောင်းသူတော်စင်အဆင့် စွမ်းအားရှင်တိုင်းသည် ကောင်းကင်နှင့် လောကတစ်ခွင်လုံးတွင် ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ခံရပြီး အစွမ်းအထက်ဆုံး ထိပ်သီးပုဂ္ဂိုလ်ကြီးများအဖြစ် လူသိများကြလေသည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးသည် ရှေးဟောင်းခေတ်စစ်ပွဲကြီးများမှ လွတ်မြောက်ရှင်သန်နိုင်ခဲ့ခြင်းမှာလည်း ဤရှေးဟောင်းသူတော်စင် ထိပ်သီးပုဂ္ဂိုလ်ကြီးများကြောင့်ပင်။
ထိုရှေးဟောင်းသူတော်စင်များသည် အသက်နှင့် သေခြင်းတရားကို ပဓာနမထားဘဲ ထျန်းယောင်ကုန်းမြေတိုက်ကြီး ဆက်လက်တည်တံ့နိုင်စေရန် သူတို့၏ အသက်များနှင့် လဲလှယ်ပေးခဲ့ကြသည်။
ထိုရှေးဟောင်းသူတော်စင်များ၏ စွန့်လွှတ်အနစ်နာခံမှုများသာ မရှိခဲ့လျှင် ထျန်းယောင်ကုန်းမြေတိုက်ကြီးသည် ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်ပေမည်။
သေချာသည်ကတော့ ရှေးဟောင်းခေတ် စစ်ပွဲကြီးများကြောင့် ထျန်းယောင်ကုန်းမြေတိုက်ကြီးသည်လည်း လျင်မြန်စွာ ကျဆင်းယုတ်လျော့သွားခဲ့ရသည်။
သူတော်စင်အဆင့်များ ထွက်ပေါ်လာဆဲဖြစ်သော်လည်း ရှေးဟောင်းသူတော်စင် ထိပ်သီးပုဂ္ဂိုလ်ကြီးများကား ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
တစ်နည်းဆိုရသော် အိုဆွတ်ဆွတ်ကီ ဟာဂိုရိုမိုသည် ယခုအခါ ထျန်းယောင်ကုန်းမြေတိုက်ကြီးရှိ တစ်ဦးတည်းသော ရှေးဟောင်းသူတော်စင် စွမ်းအားရှင်ကြီး ဖြစ်လေသည်။
အိုဆွတ်ဆွတ်ကီ ဟာဂိုရိုမိုတစ်ယောက်တည်းနှင့်ပင် ပုလော့မင်းဆက်သည် ထျန်းယောင်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဂရုစိုက်နေစရာမလိုတော့ဘဲ မည်သည့်ရန်စမှုကိုမဆို ကြောက်ရွံ့နေရန် မလိုတော့ချေ။
ဤသည်ကား ရှေးဟောင်းသူတော်စင်တစ်ပါး၏ စွမ်းအားပင်။
ဟာဂိုရိုမို၏ စွမ်းအားဖြင့် ပုလော့မင်းဆက်ကို ကူညီကာ ထျန်းယောင်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းပစ်ရန်မှာ ပြဿနာမဟုတ်ပေ။
သို့သော်လည်း နောက်ဆုံးတွင် ချင်ယိက ထိုသို့လုပ်ရန် မရွေးချယ်ခဲ့ချေ။
ဟာဂိုရိုမို၏ စွမ်းအားဖြင့် ထျန်းယောင်ကုန်းမြေတိုက်ကြီးရှိ အင်အားစုများစွာကို ဖိနှိပ်ကာ ပုလော့မင်းဆက်က ထျန်းယောင်တစ်ခုလုံးကို ကြီးစိုးရန်မှာ တကယ်ကို ဖြစ်နိုင်ပေသည်။
သို့သော်လည်း ချင်ယိသာ ထိုသို့လုပ်ဆောင်လိုက်ပါက အင်အားစုများစွာ၏ ဘုံရန်သူအဖြစ် သတ်မှတ်ခံရပြီး သူတို့၏ ဆန့်ကျင်တွန်းလှန်လိုစိတ်များကို နှိုးဆွပေးလိုက်သလို သေချာပေါက် ဖြစ်သွားပေမည်။
ပုလော့မင်းဆက်က ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်သည့် စွမ်းအားကို ပြသလိုက်ချိန်တွင် အင်အားစုများစွာက မည်သို့လျှင် လက်ပိုက်ကြည့်ကာ အသေခံကြမည်နည်း။ သူတို့အားလုံး ပေါင်းစည်းပြီး ပုလော့မင်းဆက်ကို သေချာပေါက် ခုခံကြမည်သာဖြစ်ဆလသည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းကဲ့သို့သော အင်အားစုများတွင် သူတော်စင်များ၊ ရှေးဟောင်းသူတော်စင်များ၏ အမွေအနှစ်များ ရှိနေပေသည်။ ၎င်းတို့တွင် မည်သို့သော လျှို့ဝှက်နည်းလမ်းများ ပုန်းကွယ်နေသည်ကို မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်ချေ။
ထို့ကြောင့် ပုလော့မင်းဆက်က ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ရန်သူအဖြစ် အလောတကြီး ဖန်တီးလိုက်မည်ဆိုပါက သေချာပေါက် ပညာရှိရာ ရောက်မည်မဟုတ်ပေ။
ထို့ပြင် ပုလော့မင်းဆက်သည် ချင်းကျိုးတစ်ခုလုံးကို ယခုမှ သိမ်းပိုက်ထားနိုင်ရုံသာရှိပြီး ပြီးခဲ့သော ဆယ်နှစ်တာ စုဆောင်းထားသည့် စည်းစိမ်ဥစ္စာများကို အခြေခံအားဖြင့် သုံးစွဲပစ်လိုက်ရပြီဖြစ်သည်။
ချင်းကျိုးတစ်ခုတည်းနှင့်ပင် အင်ပါယာမင်းဆက်၏ မှူးမတ်များကို ကိုင်တွယ်ဖြေရှင်းရလွန်းသဖြင့် အတော်လေး ပင်ပန်းနေစေခဲ့ပြီဖြစ်သည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းခြင်းသည် ပုလော့မင်းဆက်အတွက် ကောင်းသောအရာ မဟုတ်ကြောင်း ပြောစရာပင် မလိုတော့ချေ။
ထျန်းယောင်ကုန်းမြေတိုက်ကြီးကို အုပ်စိုးပြီးနောက် အင်ပါယာမင်းဆက်၏ အုပ်ချုပ်မှုကို အချိန်မရွေး နေရာမရွေး ပုန်ကန်မည့် အင်အားစုများ ရှိနေခြင်းမျိုးကို ချင်ယိ မလိုလားချေ။
မကြောက်ရွံ့သော်ငြားလည်း ထိုအရာက ချင်ယိ လိုချင်သော ရလဒ်မျိုး မဟုတ်ပေ။
ထို့ပြင် နှစ်တစ်ထောင်ကြာပြီးနောက် ပြင်ပကမ္ဘာမှ နတ်ဆိုးမျိုးနွယ်စုများက ထျန်းယောင်ကုန်းမြေတိုက်ကြီးဆီသို့ ထပ်မံ ကျဆင်းလာကြဦးမည်ဖြစ်သည်။
အကယ်၍ ပုလော့မင်းဆက်ကသာ ထျန်းယောင်ကုန်းမြေတိုက်ကြီးကို ပေါင်းစည်းလိုက်မည်ဆိုပါက ပြင်ပကမ္ဘာမှ နတ်ဆိုးများ၏ အဓိကပစ်မှတ်သည် သဘာဝကျကျပင် ပုလော့မင်းဆက် အပေါ်သို့ ကျရောက်လာပေမည်။
ဒါက ချင်ယိ မြင်တွေ့ချင်သော အရာမဟုတ်ပေ။
ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် အခြားသော အင်အားစုများ ရှိနေသေးပါက ပြင်ပကမ္ဘာမှ နတ်ဆိုးမျိုးနွယ်စုများ၏ အာရုံစိုက်မှုသည်လည်း ပြန့်ကျဲသွားလိမ့်မည် ဖြစ်၏။
ထိုသို့ဆိုလျှင် မင်းဆက်အပေါ် ကျရောက်မည့် ဖိအားသည်လည်း အလွန်အမင်း ကြီးမားနေမည် မဟုတ်တော့ချေ။
စဉ်းစားစရာ အချက်များစွာအပေါ် အခြေခံပြီးနောက် နောက်ဆုံးတွင် ချင်ယိသည် ဟာဂိုရိုမို၏ စွမ်းအားအကူအညီဖြင့် ထျန်းယောင်ကုန်းမြေတိုက်ကြီးကို ကြီးစိုးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်လေသည်။
တိတ်တဆိတ် အင်အားစုဆောင်းပြီး ဖြည်းဖြည်းချင်း ဆက်လက် ကြံစည်လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးသော လမ်းစဉ်ပင်။
'ဒါပေမဲ့ ဒီထာ့ထျန်းဂိုဏ်းက ငါ့ကို လာရန်စရဲမှတော့ မင်းတို့ကို အလွတ်ပေးဖို့ အစီအစဉ် မရှိဘူး'
ချင်ယိက သူ၏မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်လိုက်သည်။
"ဟာဂိုရိုမို"
"အမိန့်ရှိပါ အရှင်မင်းကြီး"
"မင်း ချက်ချင်း ထွက်သွားပြီး ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ငါအမိန့်ပေးတယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
..........
အဆုံးအစမဲ့ ကျယ်ပြန့်သောလွင်ပြင်၌ မြင့်မားလှသည့် မြို့တော်ကြီးတစ်ခုရှိနေခဲ့ကြီး မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော နန်းဆောင်ကြီးများက ခမ်းနားထည်ဝါစွာ မားမားမတ်မတ် တည်ရှိနေခဲ့ကြသည်။
နန်းဆောင်များ၏ အောက်ဘက်တွင် ဝိညာဉ်စမ်းရေများ ပန်းထွက်နေပြီး မရေမတွက်နိုင်သော ဝိညာဉ်ကြောများက ဤမြို့တော်အောက်တွင် စုဆုံနေကြ၏။
ဤမြို့တော်ထဲတွင် အစွမ်းထက်သော အရှိန်အဝါများရှိသည့် ကျင့်ကြံသူများနှင့် ရှားပါးဆန်းကြယ်သော သားရဲများစွာ ပျံသန်းသွားလာနေသည်ကိုပင် မြင်တွေ့နိုင်ပေသည်။
"ဒါက ထာ့ထျန်းမြို့တော်ပဲ"
အဝေးမှ ရောက်လာသော ပါရမီရှင်လူငယ်တစ်ဦးက သူ့ရှေ့ရှိ မြို့တော်ကြီးကို မော့ကြည့်လိုက်လေသည်။
"ဒီမြို့တော်တစ်ခုတည်းနဲ့တင် ကျုံးကျိုးမှာ အခမ်းနားဆုံးမြို့တော်တွေထဲက တစ်ခုလို့ ခေါ်ဖို့ လုံလောက်နေပြီ"
ကျင့်ကြံသူလူငယ်လေးက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
"ဒါက သဘာဝကျပါတယ်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ထာ့ထျန်းဂိုဏ်းက တခြားအင်အားစုတွေနဲ့ ယှဉ်နိုင်ဖို့ အလှမ်းဝေးလွန်းပါတယ်။ ဒီ ထာ့ထျန်းမြို့တော်က သူတို့ဂိုဏ်း တည်ရှိတဲ့နေရာဆိုတော့ သဘာဝကျကျပဲ အရမ်းကို ခမ်းနားနေတာပေါ့"
ကျင့်ကြံသူလူငယ်လေး၏ ဘေးတွင်ရှိသော ကလေးတစ်ယောက်လို မျက်နှာပေါက်နှင့် ဆံပင်ဖြူဖြူ ဝတ်ရုံနက်ဝတ် အဘိုးအိုတစ်ဦးက ပြုံးလျက် ပြောလိုက်၏။
"ထာ့ထျန်းဂိုဏ်းချုပ်က ထျန်းယောင်ကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်းစွမ်းအားရှင် ငါးယောက်စာရင်းဝင်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ထျန်းယောင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်လို့တောင် ပြောကြတယ်"
ဝတ်ရုံနက်ဝတ် အဘိုးအိုက လွတ်လွတ်လပ်လပ်ပင် ပြောဆိုနေလေသည်။
ချက်ချင်းပင် သူက မျက်နှာကို တည်တင်းလိုက်ပြီး သကျင့်ကြံသူလူငယ်လေးကို ပြောလိုက်သည်။
"ချန်အာ... ဒီနေ့က ထာ့ထျန်းဂိုဏ်းရဲ့ နှစ်တစ်ရာမှာ တစ်ကြိမ် ကျင်းပတဲ့ တပည့်သစ်ရွေးချယ်ပွဲ ကျင်းပတဲ့နေ့ပဲ။ ကုန်းမြေတိုက်ကြီးပေါ်က ပြည်နယ်ကြီးတွေအားလုံးက ပါရမီရှင်တွေဟာ ထာ့ထျန်းဂိုဏ်းကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ဒီနေရာကို စုဝေးရောက်ရှိလာကြတာ။ မင်းက ကျန်းမိသားစုရဲ့ ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်ပေမဲ့ အဘိုးကတော့ မင်းကို ပေါ့ပေါ့ဆဆ မနေစေချင်ဘူး"
"အဘိုး စိတ်မပူပါနဲ့၊ ချန်အာ နားလည်ပါတယ်"
လူငယ်လေးက လေးနက်စွာ ပြန်ဖြေလိုက်လေသည်။
"သွားကြစို့"
ဝတ်ရုံနက်ဝတ်အဘိုးအိုက ပြုံးလိုက်ပြီး သူ၏ မေးစေ့မှ မုတ်ဆိတ်မွေးများကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
သေချာသည်ကတော့ ဤသည်မှာ ထာ့ထျန်းမြို့တော်အတွင်းရှိ မြင်ကွင်းများထဲမှ တစ်ခုသာဖြစ်ပေသည်။
အမြင့်မြတ်ဆုံး ဂိုဏ်းကြီးခုနစ်ဂိုဏ်းအနက်မှ တစ်ခုဖြစ်သော ထာ့ထျန်းဂိုဏ်းသည် ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် သာလွန်မြင့်မြတ်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းမြင့်နယ်မြေတစ်ခု ဖြစ်လေသည်။
နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ကျင်းပသော ၎င်းတို့၏ တပည့်သစ်ရွေးချယ်ပွဲသည် ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် မျှော်လင့်နေကြသည့် မရေမတွက်နိုင်သော ပါရမီရှင်ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ပါရမီရှင်များက ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်နိုင်ရန်အတွက်သာ ထာ့ထျန်းမြို့တော်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ မြို့တော်အတွင်းသို့ ဝင်ထွက်သွားလာနေကြသော ပါရမီရှင်ကျင့်ကြံသူများမှာ လူပင်လယ်ကြီးတစ်မျှ ပြည့်နှက်နေသည်ကို မြင်တွေ့နိုင်ပေသည်။
ထာ့ထျန်းဂိုဏ်းမှ စွမ်းအားရှင်ကြီးများက တပည့်သစ်ရွေးချယ်ပွဲအတွက် စမ်းသပ်ရာကွင်းပြင်အဖြစ် နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ သီးခြားကမ္ဘာငယ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်မှသာ ထိုအခြေအနေက သက်သာရာရသွားတော့သည်။
"ဒီတစ်ခေါက် ထာ့ထျန်းဂိုဏ်းရဲ့ တပည့်သစ်ရွေးချယ်ပွဲကို လာပြိုင်တဲ့ ပါရမီရှင်တွေ အရမ်းများတာပဲ"
ဤထာ့ထျန်းမြို့တော်ကြီးကို ကြည့်ကာ ကျင့်ကြံသူများစွာက အာမေဍိတ်သံများ ပြုလိုက်ကြလေသည်။
"ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ထာ့ထျန်းဂိုဏ်းက အမြဲတမ်း အင်အားကြီးမားခဲ့တာလေ။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှာဆိုရင် ရီကျန့်နန်းတော်နဲ့ မဟာယနဗုဒ္ဓဘာသာတစ်သောင်းဂိုဏ်း ပြီးရင် သူက ဒုတိယပဲ။ သူ့ရဲ့ အင်အားက ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ ထိပ်ဆုံးနေရာတွေမှာ ရှိနေတာ။ ထာ့ထျန်းဂိုဏ်းက တပည့်သစ်ရွေးချယ်ပွဲ လုပ်တယ်ဆိုမှတော့ အားလုံးရဲ့ အာရုံစိုက်တာကို ခံရမှာပေါ့"
မြို့တော်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော ကျင့်ကြံသူတစ်ဦးက ဂုဏ်ယူဝင်ကြွားစွာဖြင့် ပြောလိုက်၏။
"ဒီတစ်ခေါက်မှာ ကျုံးကျိုးက ဝမ်မိသားစုရဲ့ ပါရမီရှင် ဝမ်ကျီကျဲတောင်မှ ထာ့ထျန်းဂိုဏ်းရဲ့ တပည့်သစ်ရွေးချယ်ပွဲကို ဝင်ပြိုင်ဖို့ ရောက်လာတယ်လို့ ကြားတယ်"
ချက်ချင်းပင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက အံ့သြဖွယ် သတင်းတစ်ခုကို ထုတ်ပြောလိုက်လေသည်။
"မဖြစ်သင့်ပါဘူး၊ ကျုံးကျိုးက ဝမ်မိသားစုက ထာ့ထျန်းဂိုဏ်းလောက် မကောင်းပေမဲ့ သူတို့ဆီမှာလည်း သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေ ရှိတယ်လေ။ ဝမ်ကျီကျဲက ဝမ်မိသားစုမျိုးဆက်တွေထဲမှာ အထူးချွန်ဆုံး တပည့်တစ်ယောက်ပဲ။ ဝမ်မိသားစုက အဲ့ဒီ ရှေးဟောင်းအဘိုးကြီးတွေက သူ့ကို အပြင်လွှတ်ဖို့ လိုလားပါ့မလား"
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး မနေနိုင်ဘဲ ပြန်လည်ချေပလိုက်ကြသည်။
ကျုံးကျိုးတွင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် မင်းဆက်များစွာအပြင် အခြားသော အင်အားစုများလည်း ကြီးစိုးလျက်ရှိပေသည်။
ထိုအင်အားစုများသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် အင်ပါယာအင်အားစုများလောက် မစွမ်းသာသော်ငြားလည်း ကျုံးကျိုးမှ ဝမ်မိသားစုကဲ့သို့ အင်အားမနည်းလှပေ။
ထိုအင်အားစုများမှ ကျင့်ကြံသူများသည် ထာ့ထျန်းဂိုဏ်းမှ ကျင့်ကြံသူများထက် အားနည်းနေမည်ဟု မဆိုနိုင်သလို ထာ့ထျန်းဂိုဏ်း၏ တပည့်သစ်ရွေးချယ်ပွဲတွင် လာရောက်ယှဉ်ပြိုင်ရန်လည်း မလိုအပ်ချေ။ အထက်တန်းလွှာ မိသားစုများမှ ကလေးအများစုအတွက် မိသားစုထဲရှိ အကြီးအကဲများကပင် ဆရာသခင်များဖြစ်နေကြသည်ဖြစ်ရာ အဘယ်ကြောင့် အဝေးကို သွားပြီး ဒုက္ခခံနေကြမည်နည်း။
***