"မဟုတ်ဘူး... "
အချို့လူများက သံသယဝင်နေကြသည်ကို မြင်သောအခါ အစောပိုင်းက စကားပြောခဲ့သော အစိမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ဒေါသမထွက်ဘဲ ခေါင်းကိုသာ ညင်သာစွာ ခါယမ်းလိုက်လေသည်။
"သူတော်စင်တစ်ပိုငးအဆင့် ကျင့်ကြံသူက အရမ်းအစွမ်းထက်တယ်ဆိုပေမဲ့ သူတော်စင်တစ်ပါးရဲ့ စွမ်းအားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ခုက ထာ့ထျန်းဂိုဏ်းရဲ့ သူတော်စင်ကိုယ်တိုင်က တပည့်လက်ခံဖို့ ကိုယ်တိုင်ကိုယ်ကျ ထွက်လာလိမ့်မယ်လို့ သတင်းထွက်နေတယ်"
"ဒါကြောင့်မို့လို့ ဝမ်မိသားစုက ဝမ်ကျီကျဲတင်မကဘူး၊ ကျုံးကျိုး ဟူမိသားစုက ဟူယွင်ရှောင်၊ ပေ့ကျိုး ကျန်းမိသားစုက ကျန်းရီချန်၊ ရွှမ်ကျိုး ကျောက်မိသားစုက ကျောက်ဟန်... ဒီ မျိုးဆက်သစ် ပါရမီရှင်အများစုက ထာ့ထျန်းဂိုဏ်းဆီကို လာနေကြတာ"
ထို့နောက် ချက်ချင်းပင် ထိုလူက ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုကို ထပ်မံထုတ်ပြောလိုက်သည်။
ဤစကားကြောင့် ထိုနေရာရှိ လူအားလုံး အံ့သြတကြီး လေအေးများ စုပ်ယူလိုက်ကြလေသည်။
ဤအခိုက်အတန့်တွင် ရှိနေသူအားလုံးမှာ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။
သူတော်စင်တစ်ပိုင်းအဆင့်က မည်မျှပင် အစွမ်းထက်ပါစေ၊ သူတော်စင်တစ်ပါးလောက်တော့ မစွမ်းပေ။
သူတော်စင်တစ်ပါးသည် အလွန်မြင့်မြတ်သော အဆင့်အတန်းရှိပြီး လူထောင်သောင်းချီ၏ ကြည်ညိုလေးစားမှုကို ခံရကာ မရေမတွက်နိုင်သော သိုင်းပညာများနှင့် နတ်ဘုရားစွမ်းအားများကို ကျွမ်းကျင်တတ်မြောက်ထားသည်။ သူသည် ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။
အကယ်၍ ကြီးမားသောစွမ်းအားရှိသည့် သူတော်စင်တစ်ပါး၏ တပည့်အဖြစ် လက်ခံခြင်းခံရပါက ထိုအချိန်မှစ၍ မရေမတွက်နိုင်သော သူတော်စင်သိုင်းပညာများကို လွတ်လွတ်လပ်လပ် လေ့လာကျင့်ကြံခွင့် ရရှိသွားမည် မဟုတ်ပါလော။
ဤသတင်းကို ကြားလိုက်ရသောအခါ ပါရမီရှင်များစွာမှာ စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ မျက်လုံးများက တောက်ပသွားကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကြသည်။
"ဒါပေမဲ့ အရင်က ထာ့ထျန်းဂိုဏ်းရဲ့ တပည့်သစ်ရွေးချယ်ပွဲတွေမှာ ဘယ်သူတော်စင်မှ မလာခဲ့ဖူးပါဘူး။ အများဆုံးမှ သူတော်စင်တစ်ပိုင်း အကြီးအကဲတွေပဲ ထွက်လာခဲ့ကြတာလေ။ ဒီတစ်ကြိမ်ကျမှ ဘာလို့ တပည့်သစ်ရွေးချယ်ပွဲကို သူတော်စင်တစ်ပါး ကိုယ်တိုင်ထွက်လာရတာလဲ"
ဤအချိန်တွင် ကျငိ့ကြံသူတစ်ဦးက သူ၏သံသယကို တိုးတိုးလေး ထုတ်ပြောလိုက်၏။
သို့သော်လည်း သူ၏စကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှိနေသူအားလုံး တိတ်ဆိတ်သွားမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤတုံ့ပြန်မှုကြောင့် ထိုကျင့်ကြံသူမှာ အနည်းငယ် တွေဝေသွားလေသည်။
"ဟေ့... မင်း မသိဘူးလား။ ထာ့ထျန်းဂိုဏ်းရဲ့ မြင့်မြတ်သားတော် ကျဆုံးသွားပြီလေ။ သခင်လေး ယဲ့ထျန်းဆိုတဲ့လူရဲ့ ခေါင်းဖြတ်သတ်တာကို ခံလိုက်ရတာ"
အစိမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ၏အသံတွင် ထိတ်လန့်မှုများ ကျန်ရစ်နေဆဲပင်။
"ဟင်"
သတင်းကို ယခုမှ ကြားလိုက်ရသော ကျင့်ကြံသူအချို့မှာ ဆွံ့အသွားကြရသည်။
'ထာ့ထျန်းဂိုဏ်းရဲ့ မြင့်မြတ်သားတော် သေသွားပြီလား..'
ဤသည်မှာ ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သော ကိစ္စရပ်တစ်ခုဖြစ်ပြီး ထာ့ထျန်းဂိုဏ်းမှ သူတော်စင်များက တပည့်သစ်ရွေးချယ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာမည်ဆိုသည်မှာလည်း အံ့သြစရာ မဟုတ်တော့ချေ။
မြင့်မြတ်သားတော် ကျဆုံးသွားခဲ့ပြီဖြစ်ရာ ထာ့ထျန်းဂိုဏ်းအနေဖြင့် လစ်လပ်သွားသောနေရာကို အစားထိုးရန် သားတော်တစ်ပါးကို အရေးပေါ် ပြန်လည်ပျိုးထောင်ရန် လိုအပ်နေပေသည်။
ထာ့ထျန်းဂိုဏ်း၏ ကြီးစိုးလွှမ်းမိုးမှုအရ ထာ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော်ကို ရဲတင်းစွာ သတ်ဖြတ်ခဲ့သော ယဲ့ထျန်းကို ထာ့ထျန်းဂိုဏ်းက အလွတ်ပေးမည် မဟုတ်ကြောင်း လူတိုင်းက နားလည်ထားကြသည်။
သို့သော်လည်း အရေးအကြီးဆုံးအချက်မှာ သူတို့အတွက် အခွင့်အရေး ရောက်လာပြီဆိုသည့် အချက်ပင်။
အကယ်၍ ထာ့ထျန်းဂိုဏ်း၏ သူတော်စင်တစ်ပါးကို ဆရာတင်နိုင်ပြီး ထာ့ထျန်းဂိုဏ်း၏မြင့်မြတ်သားတော် ဖြစ်လာနိုင်မည်ဆိုပါက ရရှိလာမည့် သိုင်းပညာများနှင့် နတ်ဘုရားစွမ်းအားများကို ထည့်မပြောလျှင်တောင်မှ ဤအဆင့်အတန်းတစ်ခုတည်းနှင့်ပင် လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်နေလေသည်။
"ဒါကြောင့်ကိုး... ဒါကြောင့်ကိုး"
ဝတ်ရုံနက်ဝတ်အဘိုးအိုက ဤစကားကို ကြားသောအခါ အံ့အားသင့်မှုကို မထိန်းနိုင်တော့ချေ။
အစောပိုင်းက ထိုဝတ်ရုံနက်နှင့် အဘိုးအိုသည် အဘယ်ကြောင့် ဤမျှများပြားသော လူများက ယခုအကြိမ် ထာ့ထျန်းဂိုဏ်း၏ တပည့်သစ်ရွေးချယ်ပွဲသို့ တက်ရောက်လာကြသနည်းဟု အံ့သြနေခဲ့သော်လည်း ယခုမှသာ သဘောပေါက် နားလည်သွားရတော့သည်။
"ချန်အာ... မင်း ပိုပြီး ဂရုစိုက်ရမယ်၊ ပေါ့ပေါ့ဆဆနဲ့ ဒီအရေးကြီးတဲ့ အခွင့်အရေးကို လက်လွတ်မခံစေနဲ့"
ဝတ်ရုံနက်ဝတ် အဘိုးအိုက ခေါင်းလှည့်ကာ သူ၏ဘေးရှိ မိသားစုဝင်ပါရမီရှင်လေးကို အသံနက်ကြီးဖြင့် သတိပေးလိုက်၏။
"မြေး နားလည်ပါတယ်"
ပါရမီရှင် လူငယ်လေးက ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ် အတော်လေး ယုံကြည်မှုရှိနေပုံရလေသည်။
သို့သော်လည်း သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွား၏။
'ပုလော့မင်းဆက်လား။ ယဲ့ထျန်းလား'
မည်သည့်အကြောင်းကြောင့်မှန်းမသိ ကျင့်ကြံသူများစွာက ပုလော့မင်းဆက်အပေါ် မထီမဲ့မြင် ပြောဆိုနေကြသည်ကို ကြားလိုက်ရသောအခါ သူ၏စိတ်ထဲတွင် ထိုသို့သော အတွေးတစ်ခု ဝင်လာခဲ့လေသည်။
'ဒီမင်းဆက်က ငါ ဝင်ရောက်ဖို့ ပိုပြီး သင့်တော်နေမလား'
တစ်နည်းဆိုရသော် သူ၏အလိုအလျောက် သိစိတ်အရ ထာ့ထျန်းဂိုဏ်းက ပုလော့မင်းဆက်လောက် ကောင်းမွန်ခြင်း မရှိနိုင်ဟု ခံစားနေခဲ့ရသည်။
'ငါ ဖိအားတွေများလွန်းလို့ စိတ်ကယောင်ချောက်ချား ဖြစ်နေတာနေမှာပါ'
ထို့နောက် သူက ခေါင်းခါယမ်းလိုက်ပြီး ပြန်လည် ပြုံးရယ်လိုက်လေသည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ကျုံးကျိုးတွင် အမြစ်တွယ်နေခဲ့သော ထာ့ထျန်းဂိုဏ်းနှင့် ယခုမှ အသစ်တက်လာသော အင်ပါယာမင်းဆက်တစ်ခုက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါမည်နည်း။
သူ၏ ဤအတွေးက တကယ်ကို ရယ်စရာကောင်းလှပေသည်။
ကြီးမားကျယ်ပြန့်သော နေရာလွတ်ကြီး။
ခေါင်းအထက်တွင် အဆုံးအစမဲ့ ကျယ်ပြန့်သော တိမ်ဖြူများရှိနေပြီး ခြေအောက်တွင်မူ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် မြက်ခင်းပြင်ကြီး ရှိနေလေသည်။
မိုင်တစ်ထောင်ထက်မက ကျယ်ဝန်းသော နေရာလွတ်ကြီးတစ်ခုက လူတိုင်း၏ ရှေ့မှောက်တွင် ထွက်ပေါ်လာချေပြီ။
"လေဟာနယ်ကနေ ကမ္ဘာတစ်ခုကို ဖန်တီးပြီး လျှို့ဝှက်ကမ္ဘာငယ်တစ်ခုကို ဖွင့်လှစ်နိုင်တယ်ဆိုတော့ သူတော်စင်တစ်ပါးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက တကယ်ကို အံ့မခန်းပဲ"
ကျန်းမိသားစုမှ ဝတ်ရုံနက်ဝတ်အဘိုးအိုက မှန်ထဲရှိ မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
အခမ်းအနားကို လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများစွာ၏ ရှေ့တွင် မှော်စာသားများ ရေးထိုးထားသော ကြေးဝါမှန်ကြီးတစ်ချပ် ရှိနေခဲ့သည်။
မှန်ထဲရှိ မြင်ကွင်းမှာ လေဟာနယ်ထဲတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ကမ္ဘာငယ်တစ်ခုဖြစ်ပြီး ထိုအထဲတွင် ဖြစ်ပျက်နေသမျှကို တစ်ခုချင်းစီ ဖော်ပြနေခြင်း ဖြစ်၏။
ဤလျှို့ဝှက်ကမ္ဘာငယ်သည် ထာ့ထျန်းဂိုဏ်းမှ သူတော်စင်ဖန်တီးထားသော စမ်းသပ်ရာလျှို့ဝှက်ကမ္ဘာငယ်တစ်ခု ဖြစ်လေသည်။
ထိုလျှို့ဝှက်ကမ္ဘာငယ်၏ စမ်းသပ်မှုကို အောင်မြင်သော ပါရမီရှင်များသာ ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော ပါရမီရှင်များက စမ်းသပ်ရာလျှို့ဝှက်ကမ္ဘာငယ်ထဲတွင် စုဝေးနေကြပြီး အချို့မှာ မျက်နှာထား အေးစက်နေကာ၊ အချို့မှာ တိုက်ခိုက်လိုစိတ်များ မြင့်တက်နေပြီး အချို့မှာမူ တည်ငြိမ်နေကြလေသည်။
သို့သော်လည်း ဝတ်ရုံနက်ဝတ်အဘိုးအိုက သူ၏ မြေးဖြစ်သူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိနေခဲ့သည်။
"ချန်အာက ငါတို့ ကျန်းမိသားစုရဲ့ ဂုဏ်ယူရတဲ့ သားတစ်ယောက်ပဲ။ သူက ပါရမီရှင်တွေအားလုံးကို အနိုင်ယူပြီး ထာ့ထျန်းဂိုဏ်းရဲ့ မြင့်မြတ်သားတော် သေချာပေါက် ဖြစ်လာလိမ့်မယ်"
ဝတ်ရုံနက်ဝတ်အဘိုးအို၏ အသံက ပြတ်သားနေပြီး သူ၏မြေးအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။
ရောက်ရှိနေသော ပါရမီရှင်များအားလုံးထဲတွင် သူ၏ မြေးဖြစ်သူကသာ အဆင့်အမြင့်ဆုံး ဖြစ်နေပေသည်။
ထို့ပြင် သူတို့ ကျန်းမိသားစုသည် အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်စွမ်းရှိခြင်းဖြင့် နာမည်ကြီးပြီးသား ဖြစ်၏။
ထာ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော်နေရာကို သူတို့ ကျန်းမိသားစုကသာ ရယူနိုင်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ချန်အာသာ သတိထားပြီး လုပ်ဆောင်မည်ဆိုလျှင် ရလဒ်က သေချာနေပြီ ဖြစ်လေသည်။
"စမ်းသပ်မှု စတင်ပြီ"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲများ၏ စကားသံနှင့်အတူ ထာ့ထျန်းဂိုဏ်း၏ စမ်းသပ်မှုကြီးကို စတင်လိုက်လေသည်။
နောက်ဆက်တွဲ ဖြစ်ရပ်များက ဝတ်ရုံနက်ဝတ် အဘိုးအို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
အထက်တန်းလွှာမိသားစုများမှ တပည့်များစွာသည် စမ်းသပ်မှုတွင် အသာစီးရခဲ့ကြပြီး ပါရမီရှင်များစွာထဲမှ ထင်ရှားစွာ ထွက်ပေါ်လာကာ စမ်းသပ်မှုကို ပြီးမြောက်ခဲ့ကြပေသည်။
စမ်းသပ်မှုကို အောင်မြင်သွားသော ကျင့်ကြံသူများ ရှိသော်လည်း အရေအတွက်က အနည်းငယ်သာ ဖြစ်၏။
ဝတ်ရုံနက်ဝတ် အဘိုးအို၏ မြေးဖြစ်သူ ကျန်းရီချန်ကမူ စမ်းသပ်မှုတွင် ပထမနေရာကို ရရှိသွားခဲ့လေသည်။
"ကောင်းတယ်"
ဝတ်ရုံနက်ဝတ်အဘိုးအိုက လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး ကျန်းမိသားစုမှ ချီလင်လေးတစ်ကောင် ထွက်ပေါ်လာပြီဟု ကြွေးကြော်လိုက်လေသည်။
အထက်တန်းလွှာ မိသားစုများမှ အကြီးအကဲကျင့်ကြံသူများစွာက ဝတ်ရုံနက်ဝတ်အဘိုးအိုကို မနာလိုစွာ ကြည့်နေကြသော်လည်း မတတ်နိုင်ကြပေ။
ထို ကျန်းရီချန်သည် ပါရမီရှင်များစွာကို အနိုင်ယူပြီး စမ်းသပ်မှုတွင် နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် အပြစ်ဆိုစရာ မရှိနိုင်ချေ။
"ဝုန်း"
လျှို့ဝှက်ကမ္ဘာငယ်ကြီး ပွင့်ဟသွားပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဆံပင်အရှည်များ လွင့်ခတ်နေသော ကျန်းရီချန်က လူတိုင်း၏အာရုံစိုက်မှုအောက်တွင် တည်ငြိမ်အေးဆေးစွာဖြင့် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
"ကောင်းတယ်... ဒီကလေးက ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်သားတော်သစ် ဖြစ်လာနိုင်တယ်"
ထာ့ထျန်းဂိုဏ်း၏ အကြီးအကဲချုပ်ဖြစ်သော လဲ့ထျန်းအရှင်သခင်ပင်လျှင် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
လေဟာနယ်ထဲတွင် တုန်ခါမှုတစ်ခုဖြစ်ပေါ်သွားပြီး နေမင်းကြီးတစ်စင်းအလား အရှိန်အဝါရှိသော အနီရောင်ဝတ်ကျင့်ကြံသူတစ်ဦးက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အပူချိန်က လေဟာနယ်ကိုပင် အရည်ပျော်သွားစေနိုင်လောက်ပေသည်။
"တပည့်လဲ့ထျန်းက လဲ့ယန်သူတော်စင်ကို ဂါရဝပြုပါတယ်"
လဲ့ထျန်းအရှင်သခင်က ထိုအနီရောင်ဝတ် ကျင့်ကြံသူကို မြင်သောအခါ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ထာ့ထျန်းဂိုဏ်းမှ တပည့်တစ်စုသည်လည်း လေးစားစွာ ဒူးထောက်လိုက်ကြပြီး လဲ့ယန်သူတော်စင်ကို အရိုအသေပေးလိုက်ကြသည်။
ထာ့ထျန်းဂိုဏ်း၏ သူတော်စင် ရောက်ရှိလာလေပြီ။
ထိုနေရာရှိ ကျင့်ကြံသူများစွာက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းငုံ့ကာ သူတော်စင်ဟု ခေါ်ဝေါ်လျက် အရိုအသေ ပေးလိုက်ကြ၏။
"ထကြတော့"
လဲ့ယန်သူတော်စင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လူတိုင်းကို ထရန် အချက်ပြလိုက်သည်။
ချက်ချင်းပင် သူ၏အကြည့်များက ရွေ့လျားသွားပြီး ကျန်းရီချန် အပေါ်သို့ ကျရောက်သွားလေသည်။
"ရှေးဟောင်းမီးမျောက်ဝံရဲ့ သွေးကြောနဲ့ဆိုတော့ ဒီအရှင်မြတ်ရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ့ကို မြင့်မြတ်သားတော်အဖြစ် ငါကိုယ်တိုင် သင်ကြားပေးမယ်"
ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ကျန်းရီချန်ကို မနာလိုစွာဖြင့် ကြည့်လိုက်ကြလေသည်။
လဲ့ယန်သူတော်စင်၏ စကားများအရ ကျန်းရီချန်၏ မြင့်မြတမသားတော်နေရာက ယုံမှားသံသယဖြစ်ဖွယ်မရှိ အတည်ပြုလိုက်ပြီဖြစ်ရာ မည်သူကမျှ မေးခွန်းထုတ်နိုင်တော့မည်မဟုတ်ပေ။
ယနေ့မှစ၍ ကျန်းရီချန်သည် သူတော်စင်၏တိုက်ရိုက်တပည့်ဖြစ်သွားပြီး ထာ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော် ဖြစ်လာချေပြီ။
'ငါတို့ ကျန်းမိသားစုရဲ့ ချီလင်လေး ဖြစ်လာခဲ့ပြီပဲ'
ဝတ်ရုံနက်ဝတ်အဘိုးအိုမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သက်ပြင်းချကာ စိတ်အေးသွားရသည်။
***