ထာ့ထျန်းမြို့တော်။
လူတိုင်း၏အမြင်တွင် ကျန်းမိသားစု၏ ချီလင်သားတော် ကျန်းရီချန်ကို လဲ့ယန်သူတော်စင် ကိုယ်တိုင်ကိုယ်ကျ တပည့်အဖြစ် လက်ခံလိုက်ခြင်းက လူတိုင်း၏ မနာလိုအားကျမှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
"ရီချန်... မင်းရဲ့ ဆရာသခင်ကို မြန်မြန် ဂါရဝမပြုဘဲ ဘာလုပ်နေတာလဲ"
ဘေးဘက်မှ လဲ့ထျန်းအရှင်သခင်က ကျန်းရီချန်ကို အလျင်အမြန် သတိပေးလိုက်၏။
သို့သော်လည်း လဲ့ထျန်း အရှင်သခင် မျှော်လင့်မထားသည်က ကျန်းရီချန်မှာ မလှုပ်မယှက် ရပ်နေပြီး လဲ့ယန်သူတော်စင်ကို အရိုအသေပေးမည့် အရိပ်အယောင်ပင် မပြခဲ့ချေ။
ချက်ချင်းပင် သူက စကားပြောလာခဲ့သည်။
"ကျွန်တော် လဲ့ယန်သူတော်စင်ကို ဆရာအဖြစ် လက်ခံလို့ရပေမဲ့ မြင့်မြတ်သားတော် နေရာကိုတော့ မယူဘဲ နေလို့ရမလား"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝတ်ရုံနက်ဝတ်အဘိုးအိုမှာ ရုတ်တရက် စိုးရိမ်တကြီးဖြစ်သွားပြီး ရှေ့သို့လှမ်းကာ 'မင်း ဘာတွေဖြစ်နေတာလဲ' ဟု သူ၏မြေးဖြစ်သူကို မေးလိုက်ချင်စိတ်များပင် ပေါက်သွားရလေသည်။
ဤသည်က ထာ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော် နေရာ မဟုတ်ပါလော။
မရေမတွက်နိုင်သော လူများစွာက လိုချင်တပ်မက်နေကြသည့် နေရာပင်။
အဆင့်အတန်းမြင့်မားပြီး လေးစားခံရရုံသာမက ထာ့ထျန်းဂိုဏ်း၏ မျက်နှာစာကိုပါ ကိုယ်စားပြုနေသေးသည် မဟုတ်ပါလော။
သူတော်စင်အဆင့်ကို ချိုးဖောက်ပြီးသွားပါက ထာ့ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်လာနိုင်သေးသည်။
ဘာကြောင့် မလိုချင်ရသနည်း။
"ဘာဖြစ်လို့လဲ"
ထိုစကားကို ကြားသောအခါ လဲ့ယန်သူတော်စင်က မျက်ခုံးပင့်လိုက်ပြီး အံ့သြစွာ မေးလိုက်၏။
ထင်ရှားသည်က ဤလဲ့ယန်သူတော်စင်ကိုယ်တိုင်လည်း ကျန်းရီချန်၏ ငြင်းဆန်မှုကြောင့် အတော်လေး အံ့အားသင့်သွားရခြင်းပင်။
"အရင် မြင့်မြတ်သားတော်က ခေါင်းဖြတ်သတ်ခံလိုက်ရပြီး လူသတ်သမားက လွတ်မြောက်နေတုန်းပဲလို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော့်အမြင်အရတော့ ဒီ မြင့်မြတ်သားတော်နေရာက ကိုင်ရခက်တဲ့ မီးခဲပူကြီးလို ဖြစ်နေတယ်"
ကျန်းရီချန်က ရှင်းပြလိုက်၏။
"ဟားဟားဟား"
ကျန်းရီချန်၏ အဖြေကို ကြားသောအခါ လဲ့ယန်သူတော်စင်က ရယ်မောလိုက်လေသည်။
သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အပူချိန်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၏အပူချိန်ကို ဒီဂရီထောင်ပေါင်းများစွာ မြင့်တက်သွားစေကာ ငရဲပြည်ထဲသို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ကြရသည်။
"ဒီလိုဆိုရင်တော့ တပည့်လေး၊ မင်း စိတ်ပူစရာ မလိုတော့ပါဘူး"
"ဒီ ယဲ့ထျန်းဆိုတဲ့ကောင်က ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်သားတော်ကို သတ်သွားတာ၊ ငါတို့က ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်ပါ့မလဲ။ ဂိုဏ်းချုပ်က စီနီယာအစ်ကိုတော်ကျီးယွင်နဲ့ စီနီယာအစ်ကိုတော် ဒေါသမိုးကြိုးတို့ကို အတူတကွ ပူးပေါင်းပြီး အဲ့ဒီကောင်ကို သတ်ဖို့ စေလွှတ်ထားပြီးပြီ"
"အချိန်ကို တွက်ကြည့်မယ်ဆိုရင် အဲ့ဒီကောင်လေးက စီနီယာအစ်ကိုတော်ကျီးယွင်ရဲ့ ခေါင်းဖြတ်သတ်တာကို ခံလိုက်ရလောက်ပြီ"
လဲ့ယန်သူတော်စင်က ပြုံးလျက် ပြောလိုက်၏။
"ကျီးယွင်သူတော်စင်တောင် ကိုယ်တိုင် ပါဝင်လှုပ်ရှားတယ်ဆိုမှတော့ ပုလော့မင်းဆက်က ယဲ့ထျန်း သေချာပေါက် သေရတော့မှာပဲ"
"ပါရမီရှင်တစ်ယောက် ဒီလို အဆုံးသတ်သွားရတာ နှမြောစရာပဲ"
"ဒါပေမဲ့ သူတော်စင်နှစ်ပါး ကိုယ်တိုင်ထွက်ပြီး သတ်ရလောက်အောင် အာရုံစိုက်ခံရတာက သူ့အတွက်တော့ ဂုဏ်ယူစရာပဲ"
ထိုနေရာရှိ ကျင့်ကြံသူများစွာမှာ ရုတ်တရက် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြလေသည်။
သူတို့၏ အမြင်တွင် ယဲ့ထျန်း မည်မျှပင် အစွမ်းထက်ပါစေ၊ သူတော်စင်နှစ်ပါး၏ ရှေ့တွင်တော့ ဘာမှမဟုတ်တော့ချေ။
မည်သို့ပင်ဆိုစေ သူတော်စင်တစ်ပါးက ပြည်နယ်တစ်ခုလုံးနှင့် ယှဉ်နိုင်စွမ်း ရှိသည်မဟုတ်ပါလော။
သူတော်စင်နှစ်ပါးကို အခြေခံအားဖြင့် မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်းကို ထည့်ပြောနေစရာပင် မလိုတော့ပေ။
"ဒါဆိုရင်တောင် ကျွန်တော်က..."
ကျန်းရီချန်၏ မျက်လုံးများတွင် အလင်းတစ်ချက် လက်သွားပြီး လက်ခံစကား ပြောတော့မည့်ဆဲဆဲတွင်...
"ဝုန်း..."
ဤအချိန်တွင် ကောင်းကင်ယံထက်မှ မိုင်သောင်းချီတိုင်အောင် တုန်ခါသွားစေသော ဧရာမ မိုးချုန်းသံကြီး ထွက်ပေါ်လာလေသည်။
ထိုမျှမကသေးဘဲ ကောင်းကင်ယံတစ်ခုလုံးကို ရွှေရောင်များက ဖုံးလွှမ်းဆိုးဆေးချယ်လိုက်၏။
ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းများက ကျဆင်းလာပြီး ထာ့ထျန်းမြို့တော်ကြီးကို ဝန်းရံထားသော အလင်းတိုင်ကြီးများအလား ဖြစ်နေပေသည်။
ရွှေရောင် အင်ပါယာအမိန့်တော်လွှာတစ်ခုက ကောင်းကင်ထက်တွင် ဖြည်းညှင်းစွာ ဖြန့်ကျက်လာခဲ့သည်။
"အင်ပါယာအရှင်သခင်၏ အမိန့်တော်အရ... ထာ့ထျန်းဂိုဏ်းက ငါတို့ ပုလော့မင်းဆက်အပေါ် အနိုင်ကျင့်စော်ကားသောကြောင့် သေဒဏ်ချမှတ်လိုက်သည်"
ကောင်းကင်ယံမှ ထွက်ပေါ်လာသော အားကောင်းလှသည့် အသံကြီးက မိုင်ထောင်ချီအထိ ပေါက်ကွဲထွက်သွားပြီး နတ်ဘုရားတစ်ပါး၏ အမိန့်တော်အလား ဖြစ်နေပေသည်။
အင်ပါယာအရှင်သခင်၏ အမိန့်တော်။
အပြစ်ရှိသူကို အပြစ်ပေးမည်။
တစ်ချိန်တည်းမှာပင် ဖန်သားရောင်တောက်ပနေသော လက်ဝါးကြီးတစ်ခုက မသိရသော လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ဝဲပျံနေလေသည်။
ဤလက်ဝါးကြီး၏ လက်ချောင်းငါးချောင်းက ဖြန့်ကားသွားပြီး မရေမတွက်နိုင်သော နေရာလွတ်များကို ဖြတ်သန်းကာ ထာ့ထျန်းမြို့တော်ဆီသို့ လှမ်းဆုပ်လိုက်လေသည်။
ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဧရာမလက်ဝါးကြီး၏ ရှေ့တွင် ထာ့ထျန်းမြို့တော်ကြီးမှာ ကစားစရာအရုပ်လေးတစ်ခုအလား ဖြစ်နေပြီး မြို့တော်ထဲရှိ ကျင့်ကြံသူများမှာမူ ပုရွက်ဆိတ်လေးများနှင့် ပို၍တူနေခဲ့သည်။
လက်ဝါးကြီး၏ လှုပ်ရှားမှုနှင့်အတူ လောကကြီးရှိ အရာခပ်သိမ်း၏ တောက်ပမှုများအားလုံး လုယူခံလိုက်ရသည့်အလား ဖြစ်သွားပြီး လူတိုင်း၏ မျက်လုံးထဲတွင် အခြားမည်သည့်အရာမှ မရှိတော့ချေ။
ယခုအချိန်တွင် နေမင်းကြီးက အနောက်ဘက်သို့ ယိမ်းယိုင်နေပြီး ညနေစောင်းချိန် ဖြစ်သင့်ပေသည်။ သို့သော်လည်း အဆုံးအစမဲ့ ကျယ်ပြန့်သော ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
ခရမ်းရောင်ဖန်သားကဲ့သို့ ကြည်လင်နေသော ဧရာမလက်ဝါးကြီးတစ်ခုက ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးက သူ၏လက်ဝါးထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေပြီး လောကရှိ အရာခပ်သိမ်းက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေသည်။
ရွှေရောင်အလင်းတန်းများက လောကကြီးကို ဖုံးလွှမ်းသွားပြီး လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ခွဲခြမ်းပစ်လိုက်လေသည်။
ကြည်လင်နေသော လက်ဝါးကြီးထံမှ စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာပြီး မြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားလိုက်သည်။
"ဘယ်စွမ်းအားရှင် ရောက်လာတာလဲ"
ထာ့ထျန်းမြို့တော်ထဲရှိ ကျင့်ကြံသူများက ထိတ်လန့်တကြား မော့ကြည့်လိုက်ကြ၏။
ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ၊ ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအားသည် ထင်ရှားစွာပင် သူတော်စင်တစ်ပါး၏ စွမ်းအား ဖြစ်ပေသည်။
"ရိုင်းစိုင်းလိုက်တာ၊ ဘယ်သူကများ ထာ့ထျန်းဂိုဏ်းရဲ့ တံခါးကို လာချိုးဖျက်ရဲတာလဲ"
လဲ့ယန်သူတော်စင်၏ မျက်နှာက ဖြူလျော့သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ဤအခိုက်အတန့်တွင် လဲ့ယန်သူတော်စင်၏ လူသတ်လိုစိတ်များ စုစည်းသွားပြီး လာရောက်သူကို ပြာဖြစ်သည်အထိ လောင်ကျွမ်းပစ်ချင်နေတော့သည်။
ယခုအကြိမ်သည် ထာ့ထျန်းဂိုဏ်း၏ တပည့်သစ်ရွေးချယ်ပွဲဖြစ်ပြီး သူကိုယ်တိုင် ဦးစီးကျင်းပနေခြင်း ဖြစ်သော်လည်း တံခါးဝအထိ လာရောက်တိုက်ခိုက်ခံနေရသည်။ ဤသည်က သူ့ကို လုံးဝ ဂရုမစိုက်နေသလိုပင်။
ဧရာမဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး မီးတောက်များဖြင့် ဖွဲ့စည်းထားသော နန်းဆောင်ကြီးတစ်ခုက ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။
ထိုနန်းဆောင်ထဲတွင် ခန္ဓာကိုယ်ပတ်လည်၌ မီးတောက်များ ရစ်သိုင်းနေပြီး အနီရောင်အင်ပါယာဝတ်ရုံကို ဝတ်ဆင်ထားသော နတ်ဘုရားတစ်ပါးက ထိုင်နေကာ ကောင်းကင်ထက်မှ ကြည်လင်နေသော လက်ဝါးကြီးကို အေးစက်စွာ ကြည့်နေခဲ့သည်။
တိတိကျကျ ဆိုရလျှင် ဤသည်မှာ သူတော်စင်အဆင့်သို့ ရောက်ရှိနေသော လဲ့ယန်သူတော်စင် စုစည်းထားသည့် နတ်ဘုရားပုံရိပ်ပင်ဖြစ်လေသည်။
"ကောင်းကင်ကိုးထပ် မီးတောက်"
လဲ့ယန်သူတော်စင်က ဟိန်းဟောက်လိုက်ပြီး လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးချလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏အနောက်ရှိ နတ်ဘုရားပုံရိပ်ကလည်း လက်သီးတစ်ချက် ထိုးချလိုက်လေသည်။
ဟိန်းဟောက်သံကြီးနှင့်အတူ ကောင်းကင်ယံတွင် မီးတောက်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တည့်မတ်စွာ ထိုးတက်သွားကာ ကြည်လင်နေသော လက်ဝါးကြီးကို ဝင်တိုက်လိုက်သည်။
အလင်းတန်း ဖြတ်သန်းသွားသော နေရာရှိ လေဟာနယ်မှာ ဝန်ပိသွားသည့်အလား ညည်းတွားသံထွက်လာပြီးနောက် တိုက်ရိုက်ပင် အက်ကွဲသွားရသည်။
ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် လေဟာနယ်ပင် ပုံပျက်သွားရပေသည်။
"ပုရွက်ဆိတ်တွေ"
ကောင်းကင်ထက်မှ ကြည်လင်နေသော ဧရာမလက်ဝါးကြီးက အနည်းငယ်သာ တုန်ခါသွား၏။
ထို့နောက် ဤကြောက်မက်ဖွယ် မီးတောက်အလင်းတန်းကြီးသည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားလေသည်။ လွတ်ထွက်လာသော ရိုက်ခတ်မှုဂယက်ကြောင့် လဲ့ယန်သူတော်စင်မှာ ခြေလှမ်းဒါဇင်နှင့်ချီ၍ နောက်ဆုတ်သွားရချေသည်။
'ဒါ...'
လဲ့ယန်သူတော်စင်၏ မျက်နှာထားက တည်တင်းသွားပြီး သူ၏စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားရသည်။
ယခုလေးတင် ထုတ်သုံးလိုက်သော အကွက်သည် သူကျင့်ကြံထားသော အနိမ့်ပိုင်း သူတော်စင်အဆင့် သိုင်းပညာတစ်ခုဖြစ်ပြီး ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသိုင်းပညာဖြင့် သူ့အဆင့်တူ သူတော်စင်တစ်ပါးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ဖူးပေသည်။
သို့သော်လည်း ဤလက်သီးချက်က ထိုကြည်လင်နေသော လက်ဝါးကြီးအပေါ်သို့ ကျရောက်သွားချိန်တွင် အနည်းငယ်မျှပင် ဂယက်မထသွားခဲ့ချေ။ ဤအရာက လဲ့ယန်သူတော်စင်၏ စိတ်ကို လေးလံသွားစေခဲ့သည်။
လေဟာနယ်ထဲတွင် ထိုကြည်လင်နေသော လက်ဝါးကြီးက မြင့်မြတ်သော တောင်တန်းကြီးတစ်ခုအလား လေဟာနယ်ကို လှိမ့်ချိတ်ဖြတ်သန်းလာပြီး နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေသည်။
ကြမ်းတမ်းသော လေပြင်းများ ကျဆင်းလာပြီး ကောင်းကင်ကြီးကို ဟိန်းဟောက်လာစေရန် ဖိနှိပ်ထားခဲ့သည်။ နောက်တစ်ခဏတွင် မြို့တော်ကြီးတစ်ခုလုံး ပြိုကျသွားတော့မည့်အလား ထင်မှတ်ရပေသည်။
"မိတ်ဆွေ၊ ခင်ဗျားက အရမ်းကို ရူးသွပ်လွန်းနေပြီ။ ဒါပေမဲ့ ဒီနေရာက ထာ့ထျန်းဂိုဏ်းပဲ။ ခင်ဗျားက ငါတို့နဲ့ သေရာပါ ရန်သူတွေ ဖြစ်ချင်နေတာလား"
လဲ့ယန်သူတော်စင်မှာ အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
ထာ့ထျန်းဂိုဏ်းက ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် နှစ်သန်းပေါင်းများစွာ ရပ်တည်လာခဲ့သည်ဖြစ်ရာ မည်သည့်အချိန်ကများ တံခါးဝအထိ လာရောက်တိုက်ခိုက်ခံခဲ့ရဖူးပါသနည်း။
"ကျစ်..."
ထာ့ထျန်းဂိုဏ်း၏ အကြီးအကဲများစွာ၏ မျက်လုံးများထဲမှ မီးတောက်များ ထွက်ပေါ်လာမတတ် ဖြစ်နေပြီး ရူးသွပ်လုမတတ် ဒေါသထွက်နေခဲ့ကြသည်။
ဤလူ၏ တိုက်ခိုက်မှုက ထာ့ထျန်းဂိုဏ်းကို သူ၏ မျက်လုံးထဲတွင် အနည်းငယ်မျှ ထည့်မတွက်ထားကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။
'ဟူး...'
သိုင်းပညာရှင်များစွာမှာ လေအေးများ စုပ်ယူလိုက်ကြပြီး လှည့်ကာ ထွက်ပြေးချင်စိတ်များပင် ပေါက်လာကြလေသည်။
ဤသည်မှာ နတ်ဘုရားများကြားရှိ တိုက်ပွဲပင် ဖြစ်သည်။ အကယ်၍ သူတို့အထိပါ ထိခိုက်လာမည်ဆိုပါက သူတို့တော့ ဒုက္ခရောက်ရဆပမည်။
သူတော်စင်အဆင့်စွမ်းအားရှင်များ၏ တိုက်ပွဲက လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည် ဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်သေးသေးလေးများက မည်သို့လျှင် ခံနိုင်ရည်ရှိမည်နည်း။
အထက်တန်းလွှာ မိသားစုများမှ ကျင့်ကြံသူများမှာ ပို၍ပင် သနားစရာကောင်းနေခဲ့ကြသည်။
သူတို့၏ ဗဟုသုတက သာမန်ကျင့်ကြံသူများထက် များစွာပိုမြင့်မားသည်ဖြစ်ရာ ထာ့ထျန်းဂိုဏ်းကို လာရောက်ကျူးကျော်သော ဤကျင့်ကြံသူသည် သာမန်သူတော်စင်တစ်ပါး မဟုတ်ကြောင်း သဘာဝကျကျပင် နားလည်ထားကြ၏။ လဲ့ယန်သူတော်စင်ပင်လျှင် အကူအညီမဲ့နေခဲ့သည် မဟုတ်ပါလော။
***