ထာ့ထျန်းမြို့တော်။
ယခုအချိန်တွင် ဤမြို့တော်ထဲ၌ သူတော်စင်အဆင့် စွမ်းအားရှင် လေးပါးထက်မနည်း စုဝေးရောက်ရှိနေကြပေသည်။
ထိုအမည်မသိ တည်ရှိမှုက လဲ့ယန်သူတော်စင်ကို သတ်ဖြတ်တော့မည့်ဆဲဆဲတွင် ထာ့ထျန်းဂိုဏ်း၏ သူတော်စင်နှစ်ပါးက ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။
ထာ့ထျန်းသူတော်စင်နှင့် လမင်းသူတော်စင်တို့ တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာခဲ့ကြသည်။
သူတော်စင်တစ်ပါး၏ စွမ်းအားက ထာ့ထျန်းဂိုဏ်းအပါအဝင် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ အုတ်မြစ်ပင် ဖြစ်ပေသည်။
မည်သည့် သူတော်စင်ကိုမှ အထင်မသေးသင့်ဘဲ အထူးသဖြင့် ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းစွမ်းအားရှင် ငါးဦးစာရင်းဝင်အဖြစ် လူသိများသော ထာ့ထျန်းသူတော်စင်ကို ပို၍ပင် အထင်မသေးသင့်ချေ။
ထာ့ထျန်းသူတော်စင်က တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် လင်းလက်နေသော အလင်းတန်းများက ကမ္ဘာငယ်များ ပျက်စီးသွားပြီးနောက် ပြန်လည်ဖြစ်တည်လာသည့်အလား မှေးမှိန်လုနီးပါး ဖြစ်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအားအချို့ ယိုစိမ့်ထွက်ပေါ်လာပြီး လေဟာနယ်ကို ပြိုကျသွားစေကာ တောင်တန်းများနှင့် မြစ်များကိုပါ ဖျက်ဆီးပစ်နိုင်လောက်ပေသည်။
"ကျွန်တော်တို့ ဂိုဏ်းချုပ်နဲ့ လမင်းအရှင်သခင်ကို ဂါရဝပြုပါတယ်"
ထာ့ထျန်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံး ဝမ်းသာသွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အရိုအသေပေးလိုက်ကြ၏။
'ဂိုဏ်းချုပ်နဲ့ လမင်းအရှင်သခင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ ထာ့ထျန်းဂိုဏ်းကို စော်ကားရဲတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူကို သေချာပေါက် သတ်နိုင်မှာပဲ'
ထာ့ထျန်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံး၏ စိတ်ထဲတွင် ထိုသို့သော အတွေးများ ဝင်လာကြလေသည်။
ဤသူတော်စင်နှစ်ပါးအပြင် လဲ့ယန်သူတော်စင်ပါ ပေါင်းလိုက်မည်ဆိုပါက သူတော်စင် သုံးပါးပင် ရှိနေပြီ မဟုတ်ပါလော။
အမည်မသိ တည်ရှိမှုက လဲ့ယန်သူတော်စင်ကို အနိုင်ယူနိုင်လျှင်တောင်မှ သူတော်စင် သုံးပါးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ဒါက သူတော်စင် သုံးပါးပင်။
"မိတ်ဆွေ၊ ကျုပ်တို့ ထာ့ထျန်းဂိုဏ်းက ပုလော့မင်းဆက်နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ ခင်ဗျား ရပ်တန့်ပြီး ဂျူနီယာညီတော်လဲ့ယန်ကို လွှတ်ပေးလို့ ရမလား"
ထာ့ထျန်းသူတော်စင်က လူတိုင်း၏ အတွေးများကို ဂရုမစိုက်ဘဲ ကောင်းကင်ယံကို မော့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
ထာ့ထျန်းသူတော်စင်က အားနည်းသော စာပေပညာရှင်တစ်ဦးအလား သေသပ်ယဉ်ကျေးစွာ ပြုံးပြလိုက်၏။
တကယ်တမ်းတွင် ထာ့ထျန်းသူတော်စင်၏ ဘဝဖြတ်သန်းမှုက ဒဏ္ဍာရီတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
ယခင်က သူသည် မင်းဆက်တစ်ခုမှ စာပေပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ သူက ကျင့်စဥ်များကို မကျင့်ကြံဘဲ ကဗျာများနှင့် စာအုပ်များကိုသာ ကြိုးစားပမ်းစား လေ့လာခဲ့ပြီး နာမည်ဂုဏ်သတင်းရရှိကာ မင်းဆက်၏ အရာရှိတစ်ဦးဖြစ်လာရန်သာ အာရုံစိုက်ခဲ့သည်။
သို့သော်လည်း သူ မျှော်လင့်ထားသော ဂုဏ်သတင်းကို မရရှိခင်မှာပင် သူ၏မင်းဆက်မှာ အစွမ်းထက်သော အခြားမင်းဆက်တစ်ခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရာလေသည်။
ရလဒ်အနေဖြင့် ထာ့ထျန်းသူတော်စင်မှာလည်း နေရာရွှေ့ပြောင်းခံရပြီး ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ကို ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက ကယ်တင်ခဲ့ပြီးနောက် ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသည်။
ထာ့ထျန်းဂိုဏ်းတွင် သူက ကျင့်ကြံခြင်းကို စတင်ကျင့်ကြံခဲ့ပြီး အလွန်မြင့်မားသော ပါရမီများကို ပြသနိုင်ခဲ့ကာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း မိုးထိအောင် မြင့်တက်လာခဲ့လေသည်။
နောက်ဆုံးတွင် သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိလာသော ကျင့်ကြံသူတစ်ဦးဖြစ်လာခဲ့ပြီး ထာ့ထျန်းဂိုဏ်းကိုပါ အုပ်ချုပ်နိုင်ခဲ့သည်။
"ရန်ငြိုးမရှိဘူး ဟုတ်လား"
လေဟာနယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူထံမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ခဏ၌ လေဟာနယ်က တုန်ခါသွားပြီး အေးစက်သော မျက်နှာအမူရာနှင့် ဟာဂိုရိုမိုက လေဟာနယ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ကြရသည်။
"မင်းတို့က ငါတို့ အင်ပါယာမင်းဆက်ရဲ့ ပါရမီရှင်ကို လုယက်သတ်ဖြတ်ဖို့ လူလွှတ်ခဲ့တယ်။ ဒါကို ရန်ငြိုးမရှိဘူးလို့ ခေါ်တာလား"
ဟာဂိုရိုမိုက ကောင်းကင်ယံ၌ ရပ်ကာ လဲ့ယန်သူတော်စင်ကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ကိုးထပ် အထက်မှနေ၍ ထာ့ထျန်းသူတော်စင် နှစ်ပါးကို ငုံ့ကြည့်နေလေသည်။
"ဒါပေမဲ့ ပုလော့မင်းဆက်ရဲ့ ပါရမီရှင်တစ်ယောက်တည်းနဲ့ ငါတို့ နှစ်ဖက်ကြားက ဆက်ဆံရေးကို ဘယ်လိုလုပ်ပြီး ပျက်စီးသွားစေနိုင်မှာလဲ"
ထိုစကားကို ကြားသောအခါ ထာ့ထျန်းသူတော်စင်က ဂရုမစိုက်သည့်အလား ခပ်အေးအေးပင် ပြုံးလိုက်လေသည်။
သူ၏ စကားများအရ ချင်ယိကို သတ်ဖြတ်ရန် လူစေလွှတ်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း သူက ဂရုမစိုက်ခဲ့ချေ။
ပါရမီရှင်များကို ပါရမီရှင်ဟု ခေါ်ဆိုရခြင်းအကြောင်းရင်းမှာ သူတို့သည် အလွန်ပါရမီပါပြီး အနာဂတ်တွင် အစွမ်းထက်သော စွမ်းအားရှင်များ ဖြစ်လာကာ သူတော်စင်များ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင် ပါရမီရှင်ဆိုသည်မှာ ပါရမီရှင်သာဖြစ်ပြီး မင်းဆက်တစ်ခု၏ အုတ်မြစ်ကို ထိန်းသိမ်းပေးထားနိုင်သော စွမ်းအားရှင်တစ်ဦး မဟုတ်သေးချေ။
ပါရမီရှင်တစ်ဦးကျဆုံးသွားခြင်းက မင်းဆက်တစ်ခုအတွက် စိတ်မကောင်းစရာဖြစ်နိုင်သော်လည်း ပုလော့မင်းဆက်အနေဖြင့် ထိုကိစ္စအတွက် ထာ့ထျန်းဂိုဏ်းနှင့် စစ်ခင်းရန်တော့ မတန်လှပေ။
ထိုသို့ပြောလိုက်သော်ငြားလည်း ထာ့ထျန်းသူတော်စင်၏ စိတ်ထဲတွင် စိုးရိမ်မှုအချို့ ရှိနေလေသည်။
ယခင်က သူသည် ကျီးယွင်သူတော်စင်နှင့် အခြားသူများကို ပုလော့မင်းဆက်မှ ယဲ့ထျန်းကို သတ်ဖြတ်ရန် စေလွှတ်ခဲ့သော်လည်း ပုလော့မင်းဆက်၏ သူတော်စင်က ဤမျှ မြန်မြန်ဆန်ဆန်ပင် တံခါးဝအထိ လာရောက်တိုက်ခိုက်လာခြင်းက သူ့ကို စိုးရိမ်ပူပန်စေခဲ့သည်။
'မဖြစ်နိုင်ပါဘူး၊ စီနီယာအစ်ကိုတော် ကျီးယွင်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် သူ ရှုံးသွားရင်တောင် ဘယ်သူကမှ သူ့ကို ဖမ်းထားနိုင်မှာ မဟုတ်ဘူး'
မကြာမီမှာပင် ထာ့ထျန်းသူတော်စင်က သူ၏ စိတ်ထဲမှ ဤအတွေးကို ဖယ်ရှားပစ်လိုက်လေသည်။
"ဒါ့အပြင် မိတ်ဆွေက လဲ့ယန်သူတော်စင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီဆိုတော့ ဒီအကြောင်းတရားနဲ့ အကျိုးတရားကို ချေဖျက်ဖို့ လုံလောက်နေပါပြီ"
ထာ့ထျန်းသူတော်စင်က သဘောထားကြီးမားဟန်ဖြင့် ညင်သာစွာ ပြုံးလိုက်၏။
သူ၏ ဤဟန်ပန်ကိုသာ ကြည့်မည်ဆိုပါက မသိသူများအဖို့ ထာ့ထျန်းသူတော်စင်ကို စိတ်သဘောထားကြီးမြတ်သူတစ်ဦးဖြစ်ပြီး ပုလော့မင်းဆက်နှင့် ဆက်လက်ပြဿနာမရှာချင်တော့ဟု ထင်မှတ်သွားစေနိုင်ပေသည်။
"ဒီအကြောင်းတရားနဲ့ အကျိုးတရားကို ချေဖျက်မယ် ဟုတ်လား"
ဟာဂိုရိုမိုက လဲ့ယန်သူတော်စင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း သူ၏ မျက်လုံးများက နက်ရှိုင်းသွားခဲ့သည်။
"မိတ်ဆွေက လဲ့ယန်သူတော်စင်ကို လွှတ်ပေးပြီး လှည့်ထွက်သွားမယ်ဆိုရင် ခင်ဗျားတို့ မင်းဆက်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စကို ငါ ဂရုမစိုက်တော့ဘူး"
ထာ့ထျန်းသူတော်စင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ မိတ်ဆွေက ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်တော့ ရိုင်းစိုင်းတယ်လို့ မဆိုနဲ့တော့"
စကားပြောနေရင်းပင် ထာ့ထျန်းသူတော်စင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ ချက်ချင်းပင် ကောင်းကင်ယံထက်တွင် စာဖတ်သံကြီး လွှမ်းမိုးသွားလေသည်။
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော သို့မဟုတ် ခမ်းနားသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် စာပေပညာရှင်များက ရှေးဟောင်းကဗျာလင်္ကာများကို ရွတ်ဖတ်နေသည့်အလား ကြီးမားသော အရှိန်အဝါများနှင့်အတူ ထွက်ပေါ်လာပေသည်။
ဤသည်ကား စာပေပညာဖြင့် ကျင့်ကြံခဲ့သော ထာ့ထျန်းသူတော်စင်၏ ကျင့်စဉ်လမ်းစဉ်ပင် ဖြစ်သည်။
သူ၏ဘေးရှိ လမင်းသူတော်စင်ကလည်း ရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး သူမ၏အနောက်တွင် လနတ်သမီးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထာ့ထျန်းမြို့တော်ရှိ ထာ့ထျန်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံးကလည်း ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ထာ့ထျန်းမြို့တော်ရှိ ကာကွယ်ရေး အစီအရင်ကို လင်းလက်သွားစေရန် အသက်သွင်းလိုက်ကြသည်။
ဤကြောက်မက်ဖွယ် အရှိန်အဝါသုံးခုက တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားကြပြီး မုန်တိုင်းတစ်ခုအလား ဟာဂိုရိုမိုထံသို့ ဖိနှိပ်လာခဲ့သည်။
ဤအချိန်တွင် ဟာဂိုရိုမို၏ လက်ထဲရှိ လဲ့ယန်သူတော်စင်မှာ ရုန်းကန်ခြင်း မရှိတော့ဘဲ ဟာဂိုရိုမိုကို လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
"မင်းက ဒီအကြောင်းတရားနဲ့ အကျိုးတရားကို ချေဖျက်ချင်တယ်ပေါ့လေ။ မင်းတို့အားလုံးကို ခြေမမှုန်းပစ်ဘဲနဲ့ ဒီအကြောင်းတရားနဲ့ အကျိုးတရားက ဘယ်လိုလုပ် ချေဖျက်လို့ရမှာလဲ"
ဤကြောက်မက်ဖွယ်အရှိန်အဝါအောက်တွင် ဟာဂိုရိုမိုက ရုတ်တရက် အပြုံးတစ်ခု ဖော်ထုတ်လိုက်၏။
ထို့နောက် သူ၏ ညာဘက်လက်က အနည်းငယ် လှုပ်ရှားသွားပြီး ကြည်လင်နေသော လက်ဝါးကြီးက ညင်သာစွာ ဆုပ်ကိုင်လိုက်လိုက်သည်။
အရိုးများ ကျိုးကြေသွားသည့် အသံတစ်ခုထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လဲ့ယန်သူတော်စင်မှာ လက်ဝါးကြီး၏အောက်တွင် တိုက်ရိုက်ပင် အညှစ်ခံလိုက်ရလေသည်။
လဲ့ယန်သူတော်စင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ထိုနေရာတွင်ပင် ကျဆုံးသွားရတော့သည်။
မသေမျိုးဟုဆိုကြသော သူတော်စင်တစ်ပါး၏ ခန္ဓာကိုယ်သည် ကြည်လင်နေသော လက်ဝါးကြီး၏ ရှေ့တွင် စက္ကူချပ်လေးတစ်ခုအလားဖြစ်နေပြီး တစ်ချက်လေး ညှစ်လိုက်ရုံဖြင့် ပေါက်ကွဲထွက်သွားခဲ့ရသည်။
'လဲ့ယန်သူတော်စင် သေသွားပြီလား'
ဂုဏ်သိက္ခာကြီးမားလှသော ထာ့ထျန်းဂိုဏ်း၏ အစွမ်းအထက်ဆုံး သူတော်စင်တစ်ပါးလေ။
'ထာဝရ မသေနိုင်ဘူးလို့ ဆိုကြပြီး နှစ်သောင်းချီတိုင်အောင် လောကကြီးကို ကြီးစိုးလာခဲ့တဲ့ သူတော်စင်စွမ်းအားရှင်ကြီးက ဒီလိုမျိုး အညှစ်ခံလိုက်ရပြီး သေသွားတာလား'
ဤအခိုက်အတန့်တွင် ထာ့ထျန်းဂိုဏ်းသားများအားလုံး လုံးဝဆွံ့အသွားကြပြီး ရုပ်တုများအလား ဖြစ်သွားကာ ဤအမှန်တရားကို အချိန်ကြာမြင့်သည်အထိ လက်မခံနိုင်အောင် ဖြစ်နေကြရသည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်စေခဲ့ပြီး နှစ်သန်းချီ သက်တမ်းရှိသော လဲ့ယန်သူတော်စင်ကြီးက သူတို့မျက်စိရှေ့မှာတင် ဤသို့ သေဆုံးသွားခဲ့ပေပြီ။
ကျင့်ကြံသူများစွာမှာ ကောင်းမွန်စွာ ကျင်းပနေသော ထာ့ထျန်းဂိုဏ်း၏ တပည့်သစ်ရွေးချယ်ပွဲကြီးက ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု တွေးပင်မတွေးရဲခဲ့ကြချေ။
သူတော်စင်တစ်ပါး၏ စွမ်းအားက အပြီးတိုင် ကျဆုံးသွားခဲ့လေပြီ။
"ထျန်းယောင်တစ်ခုလုံး တုန်လှုပ်သွားတော့မယ်... ထျန်းယောင်တစ်ခုလုံး တုန်လှုပ်သွားတော့မယ်"
ကျန်းမိသားစုမှ ဝတ်ရုံနက်ဝတ်အဘိုးအိုက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။
သူတော်စင်တစ်ပါး ကျဆုံးသွားခြင်းက ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်နေပေသည်။
ကျန်းမိသားစု၏ ချီလင်သားတော် ကျန်းရီချန်၏ မျက်လုံးများက ပို၍ပင် တောက်ပလာခဲ့သည်။
"မင်း..."
ထာ့ထျန်းသူတော်စင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက နီရဲသွားလေသည်။
သူသည် ယခင်ကလို တည်ငြိမ်နေသော ဟန်ပန်ကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရီနေကာ သူ၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
"မင်း သေရမယ်"
ထာ့ထျန်းသူတော်စင်၏အသံက အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များက ဒီရေအလား ဆူပွက်နေခဲ့သည်။
သူ၏ အနောက်တွင် ရှေးဟောင်းစာအုပ်များကို ရွတ်ဖတ်နေကြသော စာပေပညာရှင်များ၏ အသံများကလည်း ပို၍ ပို၍ ကျယ်လောင်လာလေသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက မိုင်ထောင်ချီရှိ လေဟာနယ်ကိုပင် အေးခဲသွားစေခဲ့သည်။
လမင်းသူတော်စင်က စကားမပြောသော်လည်း သူမ၏ အေးစက်သော မျက်လုံးများထဲတွင် တည်ငြိမ်မှုများ မရှိတော့ဘဲ လူသတ်လိုစိတ်များသာ ရှိနေလေသည်။
ထာ့ထျန်းဂိုဏ်းမှ တပည့်များစွာသည်လည်း ပို၍ ဟိန်းဟောက်လိုက်ကြပြီး လဲ့ယန်သူတော်စင်အတွက် လက်စားချေချင်နေခဲ့ကြသည်။
***