ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ ရှင်းယန်မြို့အထက် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး လူတိုင်း ပေတစ်ထောင်အကွာသို့ နောက်ဆုတ်သွားကြကာ အနီးသို့ မချဉ်းကပ်ရဲကြပေ။
ယွင်ရှောင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျုပ်တို့မှာ အရန်အစီအစဉ်မရှိရင် ရှုံးနိမ့်သွားလိမ့်မယ်လို့ ထင်မိတယ်"
စုလျန်ရီမှာ ထိတ်လန့်သွားပြီး ထိတ်လန့်တကြား ရေရွတ်လိုက်၏။
"သူ ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းနေရတာလဲ။ သူတော်စင်နှစ်ပါး ပူးပေါင်းတိုက်ခိုက်တာတောင် သူ့ကို မသတ်နိုင်ဘူးလား"
ယွင်ရှောင်က ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာခဲ့တယ်၊ လင်းပိုင်ယိက အရင်ကနဲ့ မတူတော့ဘူး။ အခု ကျုပ်သာ သူ့နဲ့ တိုက်ခိုက်ရင် ရှုံးနိမ့်သွားဖို့ အလားအလာများတယ်"
ချန်ရှန်းက အလန့်တကြား မေးလိုက်သည်။
"ငါတို့ ဘာလုပ်သင့်လဲ"
"အခုလောလောဆယ် စိတ်ပူစရာမလိုသေးဘူး။ ဝမ်ယိချန်းရဲ့ မျက်နှာအမူအရာက လေးနက်နေပေမဲ့ သူ့ရဲ့ တိုက်ကွက်တွေက အရမ်းတည်ငြိမ်နေတာကို ကျုပ် မြင်တယ်။
သူက စိတ်မလှုပ်ရှားဘူးဆိုတာ ထင်ရှားနေတယ်။ တင်းရှန်လည်း အတူတူပဲ"
လင်းပိုင်ယိမှာ သူ့လက်ငါးချောင်းကို ဖြေလျှော့လိုက်ရာ ကွေးလင်ကျောင်းဓားမှာ သူ့ရှေ့တွင် လည်ပတ်သွားပြီး ခရမ်းရောင်အလင်းတန်းများ ပစ်လွှတ်ထွက်သွားသည်။
လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး၊ ရေခဲ၊ နှင်းခဲနှင့် နှင်းများအားလုံးမှာ ခရမ်းရောင်အငွေ့အသက်ကြောင့် နှစ်ပိုင်းကွဲထွက်သွားပြီး ရာသီဥတုတစ်ခုလုံးမှာ အလွန် ပရမ်းပတာဖြစ်သွားကာ လှိုင်းထန်နေသော ရေစီးကြောင်းအချို့အဖြစ် သိပ်သည်းသွားလေသည်။
သေမင်းအလံခုနစ်ခုမှာ ခရမ်းရောင်အငွေ့အသက်၏ ဖိနှိပ်မှုအောက်တွင် မတည်ငြိမ်စွာ လှုပ်ခါနေပြီး အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိပေ။
လင်းပိုင်ယိမှာ လက်ဟန်များ ဖွဲ့စည်းလိုက်ရာ ခရမ်းရောင်ဓားမှာ ရုတ်တရက် လည်ပတ်ခြင်းကို ရပ်တန့်သွားပြီး သူ၏ဓားအရှိန်အဟုန်မှာ အပေါ်သို့ မြင့်တက်လာသည်။
လက်ဟန်များ မြှောက်လိုက်သည်နှင့် ၎င်းသည် ကောင်းကင်သို့ ပျံတက်သွားသော ဧရာမဓားအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ထန်း ထန်း ထန်း"
ကွေးလင်ကျောင်းဓားမှာ ဓားဘီးထဲသို့ ခုတ်ပိုင်းဝင်ရောက်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
၎င်းမှာ သေးငယ်သော အက်ကွဲကြောင်းများကဲ့သို့ အပြင်သို့ ပျံ့နှံ့သွားပြီး ထိတွေ့လိုက်သည်နှင့် ချက်ချင်း သေစေနိုင်သည်။
လင်းပိုင်ယိမှာ သူ့လက်ဟန်များကို ပြောင်းလဲလိုက်ရာ ဓားတန်းခြောက်ခုမှာ ခရမ်းရောင်ဓားမှ ထွက်ပေါ်လာပြီး လေထဲတွင် ဘီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဖွဲ့စည်းပြီး ဓားများကို လူနှစ်ဦးထံသို့ အသီးသီး ညွှန်ပြလိုက်ရာ ခရမ်းရောင်စွမ်းအင်မှာ အလင်းတန်းသုံးခုအဖြစ် ကွဲထွက်ကာ သူတို့ထံသို့ ခုတ်ပိုင်းသွားသည်။
"ဘုန်း"
နားကွဲလုမတတ် အသံတစ်သံ ထွက်ပေါ်လာပြီး ဓားတန်းခြောက်ခု ထုတ်လွှတ်လိုက်သည်။
လည်ပတ်နေသော ခရမ်းရောင်အငွေ့အသက်ကြားတွင် ဧရာမဝိညာဉ်တစ်ခု မသဲမကွဲ ပေါ်ထွက်လာပြီး သူ၏စူးရှသော မျက်လုံးများမှာ တိမ်တိုက်များအတွင်းမှ တောက်ပနေကာ မြေကြီးကို စူးစမ်းနေသည်။
ဝမ်ယိချန်းနှင့် တင်းရှန်တို့မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အလျင်အမြန် ခုန်ထွက်သွားကြသည်။
သေမင်းအလံခုနစ်ခုမှာ မီးတောက်များဖြင့် ပေါက်ကွဲထွက်ပြီး ပြာအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံး ပျောက်ကွယ်သွားသည်။
မဟာနေမင်းရွှေဘီးမှာ ကြေမွသွားပြီး မရေမတွက်နိုင်သော ရွှေရောင်ဓားအလင်းများ ၎င်းမှ ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည်။
ကွေးလင်ကျောင်းဓားမှာ လင်းပိုင်ယိ၏ လက်ထဲသို့ ပြန်လည်ပျံသန်းလာ၏။ သူသည် ဓားကိုင်ကာ ထိုနေရာတွင် ရပ်နေပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ဂုဏ်ယူဝံ့ကြွားပြီး အထီးကျန်ဆန်နေသည်။
ခရမ်းရောင်အလင်းမှာ သူ့ရှေ့တွင် ကခုန်နေပြီး တိမ်တိုက်များအတွင်းမှ သူ၏မျက်လုံးများမှာ ပို၍ ရှင်းလင်းလာသည်။
ကျယ်ပြန့်ပြီး တန်ခိုးကြီးမားသော စွမ်းအားတစ်ခု ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး လင်းပိုင်ယိ၏ ဝတ်ရုံများမှာ လေထဲတွင် လှုပ်ခတ်နေသည်။
ကျောချမ်းစရာ ဓားအရှိန်အဝါမှာ သူ့လက်ထဲတွင် အဆက်မပြတ် လည်ပတ်နေပြီး တိမ်လွှာတစ်ခုလုံးကို လှိုင်းထန်စေသည်။
ထူးဆန်းသော တုန်ခါမှုတစ်ခု ယွင်ရှောင့် စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး သူက အလွန်အမင်း အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။
"အဲဒီ ခရမ်းရောင်အငွေ့အသက်... အဲဒီ ခရမ်းရောင်အငွေ့အသက်..."
စုလျန်ရီမှာ ကြာမြင့်စွာကတည်းက စဉ်းစားနိုင်စွမ်း ဆုံးရှုံးသွားပြီး စက်ရုပ်ကဲ့သို့ မေးလိုက်သည်။
"ခရမ်းရောင်အငွေ့အသက်က ဘာဖြစ်လို့လဲ။ ပြဿနာရှိလို့လား"
ယွင်ရှောင်၏ မျက်နှာပေါ်တွင် သွေးကြောများ ဖောင်းကားလာပြီး သူ၏သွေးလသဏ္ဌာန် မျက်ဆံများမှာ ပြူးထွက်လာသည်။ နတ်ဆိုးစွမ်းအင်မှာ ၎င်းတို့၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာတွင် လည်ပတ်နေပြီး ရောင်စုံအလင်းဖြင့် အဆက်မပြတ် တောက်ပနေသည်။
သူ၏မျက်လုံးစွမ်းအားမှာ နောက်ဆုံးတွင် ခရမ်းရောင်တိမ်တိုက်များကို ထိုးဖောက်သွားပြီး လင်းပိုင်ယိ၏ နောက်ကျောမှ ဧရာမဝိညာဉ်ပုံရိပ်မှာ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ပါးလွှာပြီး ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်မျက်နှာတစ်ခု သူ၏မျက်လုံးများထဲသို့ တိုက်ရိုက် ထွင်းထုဝင်ရောက်လာသည်။
"ရှပ်"
ယွင်ရှောင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏ချွေးပေါက်များမှာ အလိုအလျောက် ပွင့်ထွက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာမှာ မျက်လုံးများ မှိတ်ထားသော်လည်း သူ့အား စိုက်ကြည့်နေသည့်အလား ထူးဆန်းပြီး ဆိုးယုတ်သော အပြုံးတစ်ခု ရှိနေသည်။ အဆုံးမရှိသော ကြောက်ရွံ့မှုမှာ သူ၏နှလုံးသားထဲသို့ ပျံ့နှံ့သွားသည်။
သူ၏မျက်နှာမှာ ချက်ချင်းဆိုသလို သေလောက်အောင် ဖြူဖျော့သွား၏။ သူ မနေနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"သခင်လေးယွင်"
စုလျန်ရီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် ယွင်ရှောင် ဤမျှ စိတ်ပျက်အားငယ်နေသည်ကို တစ်ခါမှ မမြင်ဖူးပေ။
"ချပ်ဝတ်တန်ဆာပဲ။ အဲဒီ ဧရာမဝိညာဉ်က တကယ်တော့ ချပ်ဝတ်တန်ဆာကနေ ဖွဲ့စည်းထားတာပဲ"
ယွင်ရှောင်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်၏။ သူ၏နဖူးပေါ်တွင် အဖြူရောင်ချိုနှစ်ချောင်း ရှိနေပြီး သူ့တစ်ကိုယ်လုံးမှာ ခရမ်းရောင်မည်းနက်နေသည်။
လင်းပိုင်ယိ၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။ သူက သူ၏ဓားကို မြှောက်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် ကျယ်လောင်သော အသံတစ်သံ ဖြစ်ပေါ်လာသည်။
"ခရမ်းရောင်ဓားပေါ်မှာ ဒဏ်ရာခြောက်ချက် ဓားတစ်လက် လေဟာနယ်ထဲမှာ ပုန်းအောင်း"
သူ၏နောက်ကျောမှ ဧရာမပုံရိပ်မှာလည်း တစ်ချိန်တည်းမှာပင် သူ့လက်ကြီးကို မြှောက်လိုက်သည့်အလား ဓားဆန္ဒနှင့် ပေါင်းစည်းသွားသည်။
ခရမ်းရောင်အလင်းမှာ ကောင်းကင်နှင့်မြေကြီးကို နှစ်ပိုင်းခွဲထွက်သွားပြီး အဆုံးမရှိသော ဧရာမဓားသွားတစ်ခုအဖြစ် ပြောင်းလဲကာ ပြုတ်ကျလာသည်။
ရှင်းယန်မြို့အထက်တွင် ကြီးမားသော ချောက်ကမ်းပါးကြီးတစ်ခု ဖန်တီးလိုက်ပြီး အံ့ဩစရာကောင်းသော အရှိန်ဖြင့် ပျံ့နှံ့သွားသည်။
"ဒါ..."
လူတိုင်း ထိတ်လန့်သွားကြသည်။ ကောင်းကင်မြစ်ကဲ့သို့ ချောက်ကမ်းပါးမှာ ကောင်းကင်ယံကို ဖြတ်သန်းပြီး ဖြည်းညှင်းစွာ ကျဆင်းလာကာ ရှင်းယန်မြို့တစ်ခုလုံးကို နှစ်ပိုင်းခွဲပစ်တော့မတတ် ခြိမ်းခြောက်နေသည်။
ဧရာမဝိညာဉ်ချပ်ဝတ်၏ နဖူးမှာလည်း ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး မြေကြီးကို အေးခဲသွားစေသည်။
"သတ်ဖြတ်ခြင်းနတ်ဘုရား(ရာမာယာနာ)"
သွမ့်မုယိုယွီက အဝေးမှ အံ့အားသင့်စွာ အော်ပြောလိုက်ပြီး ဧရာမဝိညာဉ်ကို အံ့ဩတကြီး စိုက်ကြည့်နေသည်။
ဝမ်ယိချန်းမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ ဘာသောက်ကျိုးနည်းလဲ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်ရတာလဲ"
"အဲဒါ သတ်ဖြတ်ခြင်းနတ်ဘုရား သေမင်းနတ်ဘုရားပဲ"
ကြည်လင်ပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဝမ်ယိချန်းမှာ တုန်လှုပ်သွားပြီး အံ့အားသင့်စိတ်အဟုန်ဖြင့် ရေရွတ်လိုက်၏။
"ဒီဟာ ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာနိုင်မှာလဲ။ သက်ရှိသတ္တဝါ ဘီလီယံပေါင်းများစွာကို သတ်ရင်တောင် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးရဲ့ စစ်မှန်တဲ့ ပုံသဏ္ဌာန်ကို စုစည်းနိုင်မှာ မဟုတ်ဘူး"
အသံက ပြောလိုက်သည်။
"ဒါက လင်းမျိုးနွယ်စုရဲ့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားချပ်ဝတ်ပဲ။ သတ်ဖြတ်ခြင်းနတ်ဘုရားကို ဆင်းသက်လာစေပြီး အရပ်လေးမျက်နှာကို ဖျက်ဆီးနိုင်တယ်"
ဝမ်ယိချန်းက ထိတ်လန့်တကြား ရေရွတ်လိုက်၏။
"ငါတို့ ဘာလုပ်သင့်လဲ။ ဒီတစ်ချက်ရဲ့ စွမ်းအားက ကျယ်ပြန့်ပြီး အဆုံးမရှိဘူး။ သူ့ရဲ့ အရှိန်အဟုန်တောင် ပြိုင်ဘက်ကင်းပဲ"
"သူက ရှင်းယန်မြို့ကို နှစ်ပိုင်းခွဲပြီး မင်းကို ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာတစ်ခု ပေးချင်နေတာထင်တယ်။ အခုက သေရေးရှင်ရေးကိစ္စပဲ။
အဲဒီ သတ်ဖြတ်ခြင်းနတ်ဘုရားကို နောက်ဆုတ်သွားအောင် ငါကြိုးစားကြည့်မယ်၊ ဒါပေမဲ့ ဒီတစ်ချက်ရဲ့ စွမ်းအားကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ မင်းတို့ဘာသာမင်းတို့ ရှာဖွေတွေ့ရှိရမယ်"
ဝမ်ယိချန်းမှာ ခဏမျှ ကြောင်သွားပြီး နောက်ထပ် တစ်စုံတစ်ခု ပြောချင်သော်လည်း ထွက်ခွာသွားသော လူကို ခံစားမိလိုက်ပြီဖြစ်သည်။
ရုတ်တရက် ရောင်စုံလိပ်ပြာများစွာ မြေပြင်ပေါ်တွင် ပေါ်ထွက်လာပြီး သူတို့၏ တောင်ပံများကို ခတ်ကာ ပန်းပွင့်များကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားသည်။
လင်းပိုင်ယိ၏ အကြည့်မှာ စူးရှသွားပြီး အေးစက်မှုဖြင့် တောက်ပကာ လှောင်ပြောင်လိုက်သည်။
"ငါ့ရဲ့ သနားစရာကောင်းတဲ့ ညီလေး… မင်း နောက်ဆုံးတော့ ပေါ်ထွက်လာပြီလား"
လိပ်ပြာရာပေါင်းများစွာ ထောင်ပေါင်းများစွာမှာ သူတို့၏ တောင်ပံများကို ခတ်ကာ ပျံတက်သွားပြီး ခရမ်းရောင်အငွေ့အသက်အတွင်းတွင် လည်ပတ်ပျံဝဲကာ ဧရာမဝိညာဉ်ဆီသို့ ဦးတည်သွားသည်။
ယွင်ရှောင်မှာ ထိတ်လန့်သွားပြီး လိပ်ပြာများကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
လူတိုင်း ကြောင်သွားကြသည်။ အခြေအနေမှာ ပို၍ ထူးဆန်းလာသည်။
လင်းပိုင်ယိရဲ့ ညီလေး ဟုတ်လား။ သူ့မှာ ညီလေးတစ်ယောက်တောင် ရှိသေးရဲ့လား။
ကြီးမားသော မေးခွန်းအမှတ်အသားတစ်ခု လူတိုင်း၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။
"ငါက ဒီဓားကို အဲဒီမှာ ချိတ်ဆွဲထားတာ ဘာအကြောင်းပြချက်ကြောင့်လို့ မင်းထင်လဲ"
လင်းပိုင်ယိက လှောင်ပြောင်လိုက်သည်။
"ရှင်းယန်မြို့ကို လုံးဝ နှစ်ပိုင်းခွဲပစ်တာကလွဲရင် သတ်ဖြတ်ခြင်းနတ်ဘုရားချပ်ဝတ်ကို ဖော်ထုတ်ပြသတာက မင်းကို ထွက်လာပြီး သေခြင်းတရားနဲ့ ရင်ဆိုင်စေချင်လို့ပဲ"
"သူတို့က ငါ့ကို သတ်ဖို့ ကြိုးစားနေတာ တစ်ရက် နှစ်ရက်ထက်မကဘူး၊ ငါက အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်ပဲ ရှိနေတုန်းပဲ မဟုတ်လား"
အသံမှာ လိပ်ပြာများထံမှ ထွက်ပေါ်လာသော်လည်း စကားလုံးများမှာ အလွန် ပြန့်ကျဲနေပြီး မတူညီသော လိပ်ပြာများထံမှ ထွက်ပေါ်လာသဖြင့် ထိုလူ၏ စစ်မှန်သော အထောက်အထားကို မသိနိုင်ပေ။
"မင်းသာ တော်ဝင်နယ်မြေမှာ ပုန်းအောင်းနေခဲ့ရင် ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေထိုင်ရနိုင်တယ်။ မင်းက ထွက်လာပြီး သေခြင်းတရားကို တောင်းဆိုနေတာ နှမြောစရာပဲ။ ဒီနေ့အခြေအနေရဲ့ နောက်ကွယ်က ကြိုးကိုင်သူက မင်းပဲ"
လင်းပိုင်ယိ၏ မျက်လုံးများ အေးစက်သွားပြီး ကွေးလင်ကျောင်းဓားမှာ ရုတ်တရက် အောက်သို့ ခုတ်ပိုင်းချလိုက်သည်။ လော့မိုရန်၏ လက်ဝါးမှာ ဓားကဲ့သို့ ပိတ်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
ကောင်းကင်ယံကို ဖြတ်သန်းနေသော ချောက်ကမ်းပါးမှာ ရုတ်တရက် အရှိန်မြှင့်ကျဆင်းလာပြီး အဆုံးမရှိ အလျားလိုက် ကျယ်ပြန့်သွားကာ ကမ္ဘာလောကတစ်ခုလုံးမှာ ဤဓားတစ်ချက်တည်းဖြင့် လုံးဝ နှစ်ပိုင်းကွဲထွက်သွားသည်။
လိပ်ပြာအများအပြား ချက်ချင်း ချေမှုန်းခံလိုက်ရသော်လည်း ရောင်စုံအလင်းအတွင်းတွင် ပုံရိပ်တစ်ခု မသဲမကွဲ ပေါ်ထွက်လာသည်။ သူလည်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ငှက်မွေးယပ်တောင်ကို ကိုင်ထားကာ လေထဲတွင် လက်ဟန်တစ်ခု ဖွဲ့စည်းနေသည်။
"အထီးကျန်ရှစ်ပါး မီးနဂါး"
ငှက်မွေးယပ်တောင်နှင့် ပိုးသားခေါင်းပေါင်းမှာ လေထဲတွင် လှုပ်ခတ်နေပြီး လက်ပုံစံတစ်ခု ယပ်တောင်မှ ထွက်ပေါ်လာကာ ချက်ချင်းဆိုသလို မီးနဂါးရှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လည်ပတ်ကာ လင်းပိုင်ယိ၏ နောက်ကျောမှ ဧရာမဝိညာဉ်ကို တိုက်ရိုက် ဝိုင်းရံလိုက်သည်။
"သူပဲ"
အဖြူရောင်ဝတ်စုံနှင့် လူ၏ ပုံရိပ် ပေါ်ထွက်လာသည်နှင့် လူတိုင်း ချက်ချင်း ထိတ်လန့်သွားကြသည်။
ယွင်ရှောင်လည်း ကြောင်သွားပြီး သူ့စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ပိုင်လင်ယွဲ့... လင်းပိုင်ယိ... လင်းပိုင်ယွဲ့... သူက တကယ်ပဲ လင်းမျိုးနွယ်စုကပဲ ညအရိပ်သိုင်းသူတော်စင်ရဲ့ ညီလေး..."
(TN… ပိုင်လင်ယွဲ့က တစ်လျှောက်လုံး She လို့ သုံးလာပြီးမှ ညီလေး ဖြစ်သွားပါတယ်။ တော်ဝင်နယ်မြေမှာ ပုန်းနေခဲ့တာဆိုတော့ မိန်းကလေးအဖြစ် ဟန်ဆောင်ထားတာ ထင်ပါရဲ့)
ထိုလူမှာ အခြားသူမဟုတ် တော်ဝင်နယ်မြေ၏ ထောက်လှမ်းရေးခန်းမသခင်ဖြစ်သူ ပိုင်လင်ယွဲ့ပင် ဖြစ်သည်။
"အိုး။ မင်းရဲ့ စွမ်းအားက နည်းနည်းတိုးတက်လာပြီပဲ။ မင်း နောက်ဆုံးတော့ သူတော်စင်နယ်ပယ်ကို ခြေချနိုင်ပြီလား"
လင်းပိုင်ယိ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးတက်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"လင်းမျိုးနွယ်စုရဲ့ သွေးမျိုးရိုးရှိရုံနဲ့ လော့မိုရန်ကို ဖောက်ထွက်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား"
ပိုင်လင်ယွဲ့က အေးစက်စက် ပြောလိုက်သည်။
"မဟုတ်ဘူးလား"
သူက လက်ဟန်တစ်ခု ပြုလုပ်ပြီး အော်ပြောလိုက်သည်။
မီးနဂါးရှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ပဲ့တင်ထပ်နေပြီး ဧရာမအနီရောင်မီးအစီအရင်တစ်ခု ဖွဲ့စည်းလိုက်သည်။
တစ်ချိန်တည်းမှာပင် နဂါးရှစ်ကောင်မှာ အစီအရင်၏ အလင်းပေါ်တွင် လည်ပတ်ကာ သတ်ဖြတ်ခြင်းနတ်ဘုရားကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဤအချိန်တွင် မြေပြင်ပေါ်မှ ဝမ်ယိချန်းလည်း အားကုန်သုံးနေသည်။ သူက သူ့လက်များကို ပူးကပ်ပြီး မန္တန်များ ရွတ်ဆိုရာ ကြမ်းတမ်းသော စွမ်းအားမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူက အော်ပြောလိုက်သည်။
"တင်းရှန် ဒီဓားကို တားဆီးလိုက်"
တင်းရှန်၏ မျက်နှာအမူအရာမှာလည်း လေးနက်ပြီး မရေမရာဖြစ်နေသည်။ အကယ်၍ ဤကောင်းကင်ခွဲစွမ်းအားသာ ရှင်းယန်မြို့ကို ထိမှန်ခဲ့လျှင် ကုန်သည်မဟာမိတ်၏ ဌာနချုပ်တစ်ခုလုံး ပြာဖြစ်သွားဖွယ်ရှိပြီး ကျန်ရှိနေသော အပျက်အစီးပုံမှာ သူလိုချင်သောအရာ မဟုတ်ပေ။
သေချာစွာ စဉ်းစားပြီးနောက် သူက သူ့လက်ကို မြှောက်လိုက်ရာ အလင်းတန်းကိုးခုမှာ သူ့လက်သီးအလယ်ဗဟိုမှ ပစ်လွှတ်ထွက်သွားပြီး ၎င်းတို့၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးပွားလာကာ ဆယ်ထောင်မကပေ။
ဝမ်ယိချန်းမှာ မလုံလောက်ဟု ထင်ဟန်တူကာ အော်ပြောလိုက်သည်။
"ဖေးယန် စောနက ဆန်းကြယ်လက်နက်ကို ငှားလို့ရမလား"
ယွင်ရှောင်လည်း ထိတ်လန့်နေသည်။ အကယ်၍ ရှင်းယန်မြို့ ပျက်စီးသွားခဲ့လျှင် လူမည်မျှ သေဆုံးမည်ကို မည်သူသိမည်နည်း။
သူသည် သတ်ဖြတ်ရာတွင် ရက်စက်သော်လည်း တစ်ကြိမ်တည်းတွင် သေဆုံးမှုများလွန်းလျှင် သဘာဝတရားနှင့် ဆန့်ကျင်ပေလိမ့်မည်။
"ကောင်းပြီ"
သူ ချက်ချင်း တုံ့ပြန်လိုက်ပြီး တုသိတာဘုံတောင်မှာ သူ့လက်ဝါးတွင် အဆက်မပြတ် ပြောင်းလဲနေပြီး ၎င်း၏ အရွယ်အစားမှာ အဆပေါင်းများစွာ တိုးပွားလာကာ ခုတ်ပိုင်းဖွင့်ထားသော ချောက်ကမ်းပါးဆီသို့ ပျံသန်းသွားသည်။
တုသိတာဘုံတောင်မြို့တော်အတွင်းတွင် ဝမ်ယိချန်းနှင့် တင်းရှန်တို့၏ ပူးပေါင်းကြိုးပမ်းမှုများနှင့်အတူ သူတို့ ထိုဓားချက်ကို တားဆီးနိုင်သင့်သည်။
တုသိတာဘုံတောင်မှာ အက်ကွဲကြောင်းထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ကမ္ဘာလောက ပြိုကျသွားသည့်အလား ကောင်းကင်နှင့်မြေကြီးကို ချက်ချင်း တုန်ခါသွားစေသည်။
အနီရောင်အလင်းအချို့ ဝမ်ယိချန်း၏ ခန္ဓာကိုယ်မှ ပျံတက်လာပြီး ကောင်းကင်ယံတွင် ချိပ်စည်းတစ်ခုအဖြစ် သိပ်သည်းသွားကာ မရေမတွက်နိုင်သော နောက်အရိပ်များ တဖျပ်ဖျပ်လင်းပြီးနောက် လေထဲမှ ရိုက်ချလိုက်သည်။
တင်းရှန်လည်း လက်သီးတစ်ချက် ထိုးလွှတ်လိုက်ရာ အဆုံးမဲ့ တောက်ပမှုမှာ လောက၏ လေးထောင့်မှ လှိုင်းထန်တက်လာပြီး ကောင်းကင်ယံကို မျက်စိကျိန်းလောက်အောင် တောက်ပစေသည်။
တစ်ချိန်တည်းမှာပင် ပိုင်လင်ယွဲ့၏ နဂါးရှစ်ကောင်စွမ်းအားမှာ ခရမ်းရောင်တိမ်တိုက်အတွင်းမှ ပေါက်ကွဲထွက်လာပြီး လော့မိုရန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
အလွန်အမင်း ထိတ်လန့်စရာကောင်းသော စွမ်းအားအချို့မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ကြေမွသွားစေကာ စကြဝဠာကို အမှောင်ထုထဲသို့ နစ်မြုပ်သွားစေသည်။
"အွတ်"
ယွင်ရှောင်မှာ ပထမဆုံး နောက်ဆက်တွဲဂယက်ကို ခံလိုက်ရပြီး သွေးတစ်လုပ် အန်ထုတ်ကာ ပေရာပေါင်းများစွာ နောက်သို့ ပျံသန်းသွားသည်။
သူ၏မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် တုသိတာဘုံတောင်ကို များများစားစား မသန့်စင်ရသေးပေ။ ၎င်းသည် ဝိညာဉ်ဆက်သွယ်မှုတစ်ခုသာ ဖြစ်သည်။
သို့သော် ၎င်းသည် ဤဆက်သွယ်မှုကို ထိုးဖောက်ပြီး စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထင်ဟပ်ပြန်ပို့နိုင်ခြင်းက ဤမှောင်မိုက်မှုန်မှိုင်းသော နေရာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
"အလင်းတောင် မျိုချခံနေရတယ် ပိုပိုပြီး မှောင်လာတယ်"
သိုင်းပညာရှင်တစ်ဦးက အလန့်တကြား အာမေဋိတ်သံပြုပြီး အော်ပြောလိုက်သည်။
"ဒါက ကောင်းကင်သိုင်းပညာကုန်းမြေကြီးတစ်ခုလုံးကို ကြေမွသွားစေမှာ မဟုတ်ဘူးလား"
မှောင်မိုက်မှုန်မှိုင်းသော စွမ်းအားမှာ ဆက်လက်၍ ကစော်ဖောက်နေပြီး မြင်းတစ်သောင်းပြေးလွှားသံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကို ထုတ်လွှတ်နေသည်။
ခဏအကြာတွင် ၎င်းသည် မျိုချခြင်းကို ရပ်တန့်ပြီး နောက်ဆက်တွဲဂယက်များကို ထုတ်လွှတ်လာသည်။
စွမ်းအားကွင်းများမှာ အတွင်းမှ ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။ လူတိုင်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူတို့အားလုံး ထိတ်လန့်တကြားဖြင့် နောက်ဆုတ်သွားကြသည်။
ယွင်ရှောင်၏ ဒဏ်ရာများကို စိုးရိမ်သဖြင့် စုလျန်ရီမှာ သူ့အား ချက်ချင်း ကူညီထူမတ်ပြီး သူတို့ ပေတစ်ထောင်ခန့် နောက်ဆုတ်ပြီးမှ ရပ်တန့်လိုက်သည်။
***