"ဒါနဲ့ မင်းကြားပြီးပြီလား။ တလောတုန်းက ငါတို့အိုင်ဇက်မျိုးနွယ်စုဆီကို ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ရောက်နေတယ်ဆိုတာလေ"
"တကယ်လား"
"လွန်ခဲ့တဲ့ရက်ပိုင်းက ငါတို့ဂြိုဟ်ပေါ်မှာ ရုတ်တရက်ပေါ်လာတဲ့ အားကောင်းတဲ့ စွမ်းအင်ကြီးကို မင်း မှတ်မိသေးလား"
"မှတ်မိတာပေါ့။ အဲ့ဒီနေ့က အချိန်နဲ့ ဟင်းလင်းပြင်ကြီးတစ်ခုလုံး အေးခဲသွားသလို ခံစားရတာ။ ငါ့အဖေဆိုရင် ခဏလောက်မိန်းမောသွားလို့ ကားတောင်တိုက်မလို ဖြစ်သွားသေးတယ်"
"အဆင့်ငါးထက်ကျော်တဲ့ သက်ရှိတွေပဲ ဒီလိုအရှိန်အဝါမျိုး ထုတ်လွှတ်နိုင်တာလို့ ငါ့ဆရာကပြောတယ်။ ဒါပေမဲ့ ငါ့ဆရာက အဆင့်သုံးသက်ရှိပဲ ရှိသေးတာဆိုတော့ အဆင့်ခြောက်သက်ရှိက ဘယ်လိုမျိုးလဲဆိုတာ သူလည်းမသိဘူး"
"ငါ့ရဲ့အမျိုးတစ်ယောက်က အရှင်သခင်ရဲ့ လက်အောက်မှာ အလုပ်လုပ်တယ်လေ။ သူပြောတာတော့ အဲ့ဒီနေ့က ငါတို့ဂြိုဟ်ပေါ်ကို အဆင့်ငါးမျိုးနွယ်စုရဲ့ စစ်သင်္ဘောတပ်ဖွဲ့တစ်စုတောင် ရောက်လာခဲ့တယ်တဲ့"
"ဒါဆို ငါတို့ဂြိုဟ်ပေါ်မှာ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် တကယ်ရောက်နေတာပေါ့"
ဤ'စတားဂေဇာ'အာကာသယာဉ် ပေါ်ထွက်လာသောကြောင့် အနီးအနားရှိ လူများအကြား လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများမှာ ဝေဝေဆာဆာ ထွက်ပေါ်လာသည်။ သူတို့လို သာမန်အဆင့်နှစ်မျိုးနွယ်စုတစ်ခုက မည်သည့်အတွက်ကြောင့် ဤမျှအထိ အာရုံစိုက်ခံနေရသလဲ။
သူတို့သည် ဤ'စတားဂေဇာ'ကို မည်သူ ဝယ်ယူခဲ့ကြောင်း သိလိုကြသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြသည်။
"အစ်ကိုကျန်း.. ဒါကို အစ်ကို တကယ်ဝယ်လိုက်တာလား"
အိုင်ရင်းခမျာ မနာလိုအားကျစွာ ငေးကြည့်လျက် မေးလိုက်သည်။ ဤကဲ့သို့သော စူပါ အာကာသယာဉ်မျိုးကို ပိုင်ဆိုင်ရန်မှာ သူ တစ်ခါမှ အိပ်မက်မမက်ဖူးသော အရာပင်။ အကယ်၍ ထိုကဲ့သို့သော မိသားစုမျိုးတွင် မွေးဖွားမလာခဲ့ပါက တစ်သက်လုံးကြိုးစားလျှင်ပင် ရရှိနိုင်မည့်အရာ မဟုတ်ပေ။
"မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ"
ကျန်းမုန့်လောင်က ရယ်မောလျက် လျှောက်လာသည်။
သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှ လူတချို့ ဆင်းလာကြသည်။ ထိုလူတို့မှာ ပစ္စည်းပို့ဆောင်ရေးတာဝန်ခံ ဝန်ထမ်းများသာ ဖြစ်ကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အဆင့်ငါးသက်ရှိအဆင့်များ ဖြစ်ကြလေသည်။ ဤအာကာသယာဉ်မှာ အဆင့်ငါးမျိုးနွယ်စုများ၏ တန်ဖိုးထက်ပင် ပိုတန်ဖိုးကြီးလှသဖြင့် လန်းစလော့ကုမ္ပဏီမှာ အလွန်သတိထား၍ ကိုင်တွယ်ခဲ့သည်။ ထို့ပြင် အာကာသယာဉ်၏ ပိုင်ရှင်မှာ ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦး ဖြစ်ကြောင်းကိုလည်း အထူးတလည် အကြောင်းကြားထားပြီးဖြစ်၏။
"မစ္စတာကျန်းမုန့်လောင်လား"
ဝန်ထမ်းများမှာ ကျန်းမုန့်လောင်ကို တရိုတသေ ဦးညွှတ်လိုက်ကြသည်။ ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင်မှာ ဤမျှအထိ ငယ်ရွယ်သူတစ်ဦးဖြစ်နေသောကြောင့် သူတို့လည်း အံ့အားသင့်နေကြသည်။
"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ"
"ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပေးပါ။ လက်မှတ်ထိုးပြီးတာနဲ့ ဒီ'စတားဂေဇာ'ကို ဆရာ့စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ"
"ကျေးဇူး"
ကျန်းမုန့်လောင် သူ့စကြဝဠာနိုင်ငံသားစိစစ်ရေးကတ်ဖြင့် လက်မှတ်ထိုးလိုက်ပြီးနောက် ကြီးမားလှသော ပို့ဆောင်ရေးယာဉ်ကြီးမှာ အလိုအလျောက်စနစ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
"အတွင်းထဲကို ဝင်ကြည့်လို့ရမလား"
အိုင်ရင်းက တစ်စုံတစ်ခု ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် တုံ့ဆိုင်းစွာ မေးလိုက်သည်။
"လာလေ"
ကျန်းမုန့်လောင်က ရယ်မောလျက် ဆက်ပြောလိုက်ပြန်သည်။
"ဒါက ပျက်လွယ်တဲ့ပစ္စည်းမှ မဟုတ်တာ"
အိုင်ရင်းခမျာ စိတ်လှုပ်ရှားစွာဖြင့် ထိန်းချုပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
"ဝိုး... ဒါက အမှာစာနဲ့ သီးသန့်လုပ်ထားတဲ့ 'ခရမ်းရင့်ရောင်'ဗားရှင်းပဲ"
"ဟား... အမြန်နှုန်း၂၄ဆပါပြီး အချိန်ကြန့်ကြာမှုမရှိတဲ့ ဟိုလိုဂရပ်ဖစ်ထိန်းချုပ်စနစ်ကြီးပါလား"
"ဟင်းလင်းပြင်ချဲ့ထွင်မှု ဆယ်ဆတောင်လား"
"ဘာပစ္စည်းကို သုံးထားတာလဲ"
အိုင်ရင်းမှာ ဤအရာကို မဝယ်နိုင်သော်လည်း ကမ္ဘာပေါ်ရှိ စူပါကား ဝါသနာအိုးများကဲ့သို့ အချက်အလက်များကိုမူ အသေးစိတ်သိရှိထားသည်။
ပိုက်ဆံမရှိသူများမှာ အရာအားလုံးကို သိတတ်ကြစမြဲဖြစ်လေရာ အိုင်ရင်းကလည်း ထိုသို့သောလူစားမျိုးပင်။
"မူလသတ္တုစပ်လေ"
"မူလသတ္တုစပ် ဟုတ်လား"
အိုင်ရင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲ့ဒီပစ္စည်းက တစ်ဂရမ်ကို မျိုးနွယ်စုတစ်ခုရဲ့ တန်ဖိုးလောက် ရှိတာလေ။ ဒါကြီးက မင်းသားတစ်ပါးလို သုံးဖြုန်းနေတာပဲ။ ရောနှောမှုအချိုးအစားက ဘယ်လောက်လဲ"
"အင်း... အစ်ကိုကျန်းအကြောင်း သိပြီးသားပါ။ အမြင့်ဆုံး၁.၅ရာခိုင်နှုန်းနေမှာပေါ့"
အိုင်ရင်းက သူ့ဘာသာသူ ပြန်ဖြေလိုက်သည်။
"ဟားဟား.. အမှန်တော့ ငါက ၁၀၀ရာခိုင်နှုန်းမူလသတ္တုစပ်နဲ့ပဲ လုပ်ချင်တာ။ ဒါပေမဲ့ အဲ့ဒီလောက်အများကြီး မရနိုင်လို့ အလျှော့ပေးလိုက်ရတာ"
"အစ်ကိုက တကယ်ပြောရဲလိုက်တာ"
အိုင်ရင်း ဘာပြောရမှန်းမသိတော့ပေ။
"ကျွန်တော့်ရဲ့ အမှိုက်လိုသင်္ဘောနဲ့ဆိုရင် ဒါကို နှိုင်းယှဉ်လို့တောင် မရဘူး။ ကျွန်တော့်ဟာက ကျိုးပဲ့နေတဲ့ ကစားစရာလေးတစ်ခုလိုပဲ"
"အစ်ကို့ရဲ့ ဒီလိုအပြင်အဆင်မျိုးဆိုရင် အပြီးအစီးဈေးက အနည်းဆုံး ကြယ်ဆယ်ပွင့်လောက်တော့ ကုန်မယ်ထင်တယ်"
အိုင်ရင်း စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဤ'စတားဂေဇာ'၏ ဈေးနှုန်းကို ကောင်းကောင်းနားလည်ထားသူ ဖြစ်၏။
"လက်ထဲရောက်တဲ့အချိန်မှာတော့ ၁၂ပွင့်လောက် ရှိမယ်"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"ဒါပေမဲ့ ငါ တစ်ပြားမှ မကုန်လိုက်ပါဘူး"
"ပိုက်ဆံမသုံးရဘူး ဟုတ်လား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
အိုင်ရင်းခမျာ မျက်လုံးပြူးသွားပြန်သည်။
"အစ်ကိုကျန်းက သူတို့ရဲ့ရှယ်ယာရှင်လား"
လန်းစလော့ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးမှသာ ဤကဲ့သို့သော အဆင့်မြင့်အာကာသယာဉ်ကို ပိုက်ဆံမပေးဘဲ ရရှိနိုင်မည်ဖြစ်၏။ အထူးသဖြင့် အကြီးဆုံး ရှယ်ယာရှင်မျိုးပင်။ ကျန်းမုန့်လောင်၏ ရိုးသားလှသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အိုင်ရင်းခမျာ ဆွံ့အသွားလေသည်။
"အစ်ကိုကျန်းက လန်းစလော့ရဲ့ ရှယ်ယာရှင်တစ်ယောက်လို့တော့ မပြောနဲ့နော်.."
"စိတ်မကောင်းပါဘူး။ မင်းပြောတာ အမှန်ပဲ"
ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"ပြီးတော့ အကြီးဆုံးရှယ်ယာရှင်ဆိုလည်း ဟုတ်တယ်.."
"ဘုရားရေ"
ကံဆိုးချင်တော့ အိုင်ရင်းခမျာ မည်သည့်စကားလုံးဖြင့် ဖော်ပြရမှန်းမသိတော့ပေ။
"အမှန်အတိုင်းပြောရရင် ငါလည်း ပိုက်ဆံပေးဝယ်မလို့ပါပဲ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ငါ့ဘိုးဘေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို အစက ငါမသိဘူးလေ။ ဒါပေမဲ့ အရောင်းဝန်ထမ်းက အများကြီးရှင်းပြပေးတော့ သူတို့ရမယ့် ကော်မရှင်ခတွေလည်း ရသင့်တယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ သူတို့က တန်းစီရတာက တော်တော်ကြာမယ်လို့ပြောတော့ ငါကလည်း လက်လျှော့လိုက်ရော"
"အဲ့ဒီနောက်မှာမှ ငါက လန်းစလော့ရဲ့ အကြီးဆုံးရှယ်ယာရှင်ဆိုတာ မတော်တဆသိသွားတာပဲ"
"မတော်တဆ ဟုတ်လား... အစ်ကိုကျန်းက ဘာလို့ ဒီလောက်တောင် ပေါ့ဆရတာလဲ။ မိသားစုထဲမှာ ဘယ်လောက်ပိုင်ဆိုင်မှု ရှိလဲဆိုတာ မသိဘူးလား"
အိုင်ရင်းက ကျန်းမုန့်လောင် သူ့ကို တစ်ဖက်လှည့်နှင့် ကြွားလုံးထုတ်နေသည်ဟု ခံစားလိုက်ရသည်။
"အင်း... ငါ တကယ်မသိဘူး"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ဆိုချေသည်။
"ငါသိတာက ငါတို့မှာ စကြဝဠာဘဏ်၊ စကြဝဠာမဟာမိတ်အဖွဲ့နဲ့ စကြဝဠာသိုင်းပညာရှင်အသင်းတွေမှာ ရှယ်ယာတွေရှိတယ်ဆိုတာပဲ။ ကျန်တာတွေကိုတော့ သေချာမကြည့်ရသေးဘူး"
"အဟွတ်.. အဟွတ်.. အဟွတ်"
အိုင်ရင်းခမျာ အိပ်မက်မက်နေသလားဟုပင် ထင်မှတ်သွားတော့သည်။ သူ စေတနာအရင်းခံပြီး ကူညီခဲ့မိသူက စကြဝဠာအဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလေသလား။
"အဲ့ဒီနောက်မှ ဒုတိယအကြီးဆုံးရှယ်ယာရှင်ကလည်း 'စတားဂေဇာ'တစ်စီး မှာထားတာနဲ့ တိုက်ဆိုင်သွားရော.. ငါက သူ့ကို ပေးဖို့ပြောလိုက်တော့ သူက ပိုက်ဆံမယူဘူးလို့ အတင်းငြင်းနေတာနဲ့ တစ်ပြားမှမကုန်ဘဲ ဒီယာဉ်ကို ရလိုက်တာပဲ"
"ကျွန်တော်ဖြင့် မနာလိုဖြစ်လွန်းလို့ သေချင်စော်နံသွားပြီ"
အိုင်ရင်းမှာ 'စတားဂေဇာ'ကို ချစ်ရသူတစ်ဦးကို ထိတွေ့နေသည့်အလား အသာအယာ ပွတ်သပ်ရင်း ဆိုလာသည်။
"ကျွန်တော့်မှာသာ ဒါမျိုးတစ်စီးရှိရင် ဒီနေရာမှာတင် ချက်ချင်းသေပစ်လိုက်ဖို့လည်း ဝန်မလေးဘူး"
"အဲ့ဒီလောက်အထိတော့ မလိုပါဘူး။ ဒီလိုစူပါအာကာသယာဉ်တွေက မင်းထင်သလောက်လည်း မကောင်းပါဘူးကွာ"
ကျန်းမုန့်လောင်က ဆိုပြန်သည်။
"ဥပမာတစ်ခုပြောရရင် ဒီကောင်ရဲ့ အပူချိန် ထိန်းညှိတဲ့စနစ်က သိပ်မကောင်းဘူး"
"မဖြစ်နိုင်တာ"
အိုင်ရင်းက အံ့ဩတကြီး ပြောလိုက်သည်။
"'စတားဂေဇာ'က ပုံသေသတ်မှတ်ထားတဲ့ အပူချိန်အတိုင်း ဒီဇိုင်းထုတ်ထားတာလေ။ အစ်ကိုကျန်း ကြယ်တစ်လုံးထဲကို ပျံဝင်သွားရင်တောင် ယာဉ်က ပျက်စီးမှာမဟုတ်သလို ထိန်းချုပ်ခန်းထဲက အပူချိန်ကလည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး"
"မနေ့ညက ငါ လန်းစလော့ရဲ့စမ်းသပ်နယ်မြေမှာ စမ်းကြည့်ခဲ့သေးတယ်"
ကျန်းမုန့်လောင်မှာ ဤကဲ့သို့သော ယာဉ်မျိုးကို တစ်ခါမှမမောင်းဖူးသဖြင့် အရင်ရင်းနှီးအောင် လုပ်ရသည်။ 'စတားဂေဇာ'၏ ပိုင်ရှင်အနေနှင့် သူ၏ သီးသန့်ဝန်ဆောင်မှုအဖွဲ့ကလည်း ရှိနေသည်မဟုတ်ပါလော။
"ပြောရဦးမယ်။ လန်းစလော့က အမျိုးသမီးဝန်ထမ်းတွေ ယာဉ်ပေါ်တက်လာတော့ သူတို့တွေ အရမ်းပူတယ်ဆိုပြီး အဝတ်အစားတွေ ချွတ်နေကြတာ။ မင်းပဲပြောကြည့်။ ဒါက လေအေးပေးစနစ်မကောင်းတာ မဟုတ်ဘူးလား"
"ဒါတင် မကသေးဘူး။ ယာဉ်ရဲ့ သန့်ရှင်းရေးကလည်း သိပ်မကောင်းဘူး။ သူတို့တွေအားလုံး ယားတယ်လို့ ညည်းနေကြတာ။ သေချာတယ်။ ဖုန်တွေပိုးမွှားတွေအပြည့်ရှိနေတာဖြစ်မယ်"
အိုင်ရင်း : "သူတို့ တကယ်ပူနေကြတာ သေချာလို့လား"
"ပြီးတော့ ဒီယာဉ်တွေက သိပ်ပြီးတော့လည်း သက်သောင့်သက်သာ မရှိဘူး"
ကျန်းမုန့်လောင်က ဆက်ပြောပြန်သည်။
"ဒါက သီးသန့်သုံးစူပါအာကာသယာဉ် တစ်စီးဆိုပေမယ့် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ မရှိသလို နေရာကလည်း နည်းနည်း ကျဉ်းတော့ တစ်ခါတလေကျရင် သိပ်ပြီး သက်သောင့်သက်သာ မရှိသလိုပဲ"
"အစ်ကိုကျန်း... အစ်ကိုသာ ဒီလို အာကာသယာဉ်မျိုးနဲ့ စကြဝဠာထဲမှာ လှည့်လည်သွားလာမယ်ဆိုရင် ယာဉ်က သက်သောင့်သက်သာမရှိရင်တောင်မှ တစ်ယောက်ယောက်က အစ်ကို့ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်အာမခံရဲတယ်"
အိုင်ရင်းက နောက်ပြောင်လေဟန် အမူအရာဖြင့် ရယ်မောလျက် ဆက်ပြောသည်။
"အစ်ကို့ကို စကြဝဠာကိုဩဒိနိတ်တချို့ ပေးရမလား။ အဲ့ဒီနေရာတွေမှာ နတ်သူငယ်မျိုးနွယ်တွေ နတ်မိမယ်မျိုးနွယ်တွေလိုမျိုး ဆွဲဆောင်မှုရှိတဲ့မျိုးနွယ်စုတွေ စုဝေးနေကြတာ..."
"မင်း ဘာတွေပြောနေတာလဲ။ ငါ ဘာမှ နားမလည်တော့ဘူး"
ကျန်းမုန့်လောင်က အရှက်မရှိ ပြန်ပြောလိုက်သည်။
"ဟန်မဆောင်ပါနဲ့ဗျာ"
"ဟားဟားဟား"
"လူတွေ ထပ်ရောက်လာကြပြီထင်တယ်"
ကျန်းမုန့်လောင်သည် ယာဉ်၏အပြင်ဘက်တွင် လူများ ပြည့်နှက်နေပြီး 'စတားဂေဇာ'ကို ကိရိယာများဖြင့် အသည်းအသန် ရိုက်ကူးနေကြကြောင်း သတိပြုမိလိုက်သည်။
အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးအတွက် ဤအရာမှာ သတင်းထူးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ အင်ပါယာ၏ဘုရင်ပင် 'စတားဂေဇာ'တစ်စီးကို ဝယ်နိုင်ရန်မှာ ခက်ခဲလှပေရာ ဤသည်မှာ သာမန်ကိစ္စမဟုတ်သည်မှာ သေချာလှသည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားမလိုအားမရဟန်ဖြင့် ရယ်မောလိုက်ကြသည်။
"မနက်ဖြန်ကျရင် ငါတို့နှစ်ယောက်စလုံး အမြွှာဝေလငါးမျိုးနွယ်စုရဲ့ ရေပန်းအစားဆုံး သတင်းစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါလာတော့မယ်ထင်တယ်"
*****************
***