"အမြွှာဝေလငါး စကြာဝဠာအင်ပါယာမှာ စတားဂေဇာဝါသနာရှင်တွေအတွက် ပထမဆုံးသော သီးသန့်အဆင့်မြင့်ကိုယ်ပိုင်အာကာသယာဉ် ပေါ်လာပြီဟေ့"
"ဂလက်ဆီမျိုးနွယ်စုတွေထဲက အဆင့်သုံးနယ်မြေမှာရှိတဲ့ အိုင်ဇက်မျိုးနွယ်စုက အဆင့်နှစ်မျိုးနွယ်စုပဲ ရှိပါသေးတယ်။ ဒီလောက်များပြားတဲ့ ချမ်းသာကြွယ်ဝမှုကို ဘယ်သူကများ ပိုင်ဆိုင်ထားတာလဲ"
"ဒီအဆင့်မြင့်ကိုယ်ပိုင်အာကာသယာဉ်ရဲ့ အခြေခံစျေးနှုန်းက စကြာဝဠာဒင်္ဂါး ၈၈ထရီလီယံရှိပြီး အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုနီးပါး တန်ကြေးရှိတယ်တဲ့။ လောလောဆယ် အစီးရေနှစ်ရာကျော်ပဲ ရောင်းချရသေးတယ်။ ပိုင်ရှင်တွေအားလုံးကလည်း စကြာဝဠာထဲက နာမည်ကြီးလုပ်ငန်းရှင်တွေနဲ့ သိုင်းပညာရှင်တွေချည်းပဲ"
"အာကာသယာဉ်ပိုင်ရှင်ရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေကို တချို့လူတွေက ရိုက်ကူးနိုင်ခဲ့တယ်တဲ့။ လောလောဆယ် ဒီလူက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမဲ့ သူနဲ့အတူ ခရီးသွားနေသူကတော့ အိုင်ဇက်မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားပဲ။ တလောတုန်းက အိုင်ဇက်မျိုးနွယ်စုအပါအဝင် အဆင့်နှစ်မျိုးနွယ်စုဆယ်ခုက ဒီလူရဲ့အမည်ပေါက်အောက်ကို ရောက်သွားတယ်လို့ တချို့က ဖွင့်ဟထားတယ်။ ဒီကိစ္စက အာကာသယာဉ်ပိုင်ရှင်နဲ့ ဆက်စပ်နေတယ်လို့လည်း သံသယရှိနေကြတယ်"
"အိုင်ဇက်မျိုးနွယ်စုနယ်မြေထဲမှာ အမြွှာဝေလငါးအာကာသနိုင်ငံတော်ရဲ့ ရေယာဉ်တပ်စုကိုလည်း တွေ့ခဲ့သေးတယ်တဲ့"
"အိုင်ဇက်မျိုးနွယ်စုမှာ အဆင့်ခြောက်သက်ရှိနှစ်ဦး ပေါ်ထွက်လာတယ်တဲ့။ ဒီမျိုးနွယ်စုမှာ ဘာတွေများဖြစ်ပျက်နေတာလဲ"
အဆင့်မြင့်အာကာသယာဉ်ကြီး ပေါ်ထွက်လာပြီး တစ်နာရီမပြည့်ခင်မှာပင် အိုင်ဇက်မျိုးနွယ်စုတစ်ခုလုံး သတင်းများ ပွက်လောရိုက်သွားသလို အမြွှာဝေလငါးစကြာဝဠာအင်ပါယာ၏ မီဒီယာများအထိပါ တုန်လှုပ်သွားခဲ့သည်။
ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ အင်အားကြီးနိုင်ငံတစ်ခု၏ သမ္မတက နိုင်ငံငယ်လေးတစ်ခုကို လာလည်သလိုပင်။ သူတို့၏ကိုယ်ပိုင်အာကာသယာဉ်မှာ စကြာဝဠာအင်ပါယာတစ်ခု၏ အရှင်သခင်က သူပိုင်သမျှ အကုန်ရောင်းလျှင်ပင် ဝယ်နိုင်မည်မဟုတ်သောအရာမျိုး ဖြစ်နေသောကြောင့် ဟိုးလေးတကျော်ကျော် မဖြစ်ဘဲ ဘယ်နေမည်နည်း။
အမြွှာဝေလငါးစကြာဝဠာအင်ပါယာ၏ အရှင်သခင်ကိုယ်တိုင်ပင် လျှို့ဝှက်ဆန်းကြယ်လှသော ဤဝယ်ယူသူမှာ မည်သူဖြစ်ကြောင်း အလွန်စိတ်ဝင်စားနေခဲ့သည်။
ခဏတွင်းချင်းမှာပင် အမြွှာဝေလငါးစကြာဝဠာအင်ပါယာအောက်ရှိ မျိုးနွယ်စုအသီးသီးမှာ အိုင်ဇက်မျိုးနွယ်စုဆီသို့ အလုအယက်ရောက်လာကြသလို ဘေးပတ်ဝန်းကျင်ရှိ စကြာဝဠာအင်ပါယာအချို့ကလူများပါ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
အမြွှာဝေလငါးစကြာဝဠာအင်ပါယာ၏ နယ်စားများသာမက သူတို့၏ဘုရင်ကိုယ်တိုင်ပင် ဤအာကာသယာဉ်ကို မဝယ်နိုင်ပေ။ ဆင်းရဲသားတစ်သိုက်ကတော့ အမြင်ကျယ်အောင် လာကြည့်သင့်သည်။
သို့သော် ထိုအချိန်မှာမူ ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့မှာ ပစ္စည်းသိမ်းပြီး အိုင်ဇက်မျိုးနွယ်စုက ထွက်ခွာသွားကြလေပြီ။ သူတို့သည် လူအများ၏အာရုံစိုက်မှုကို ခံနေရပြီဖြစ်ရာ ဤနေရာတွင်ဆက်နေပြီး နောက်ထပ်ပြဿနာများ မတက်ချင်တော့ပေ။
"ဘဝမှာ ကျွန်တော့်နာမည်က ကျွန်တော်တို့အမြွှာဝေလငါးစကြာဝဠာအင်ပါယာရဲ့ နံပါတ်တစ်မီဒီယာမှာ ပါလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
အိုင်ဇက်က အင်တာနက်ပေါ်ရှိ သတင်းများကို စိတ်လှုပ်ရှားစွာ ဖတ်နေပေသည်။ သူ့အတွက်တော့ ဤအရာမှာ ဘိုးဘေးဘီဘင်များအတွက်ပါ ဂုဏ်တက်စေသော ကိစ္စမျိုးပင်။
"အခုလောလောဆယ်တော့ မင်း ပျော်နေလို့ရသေးတာပေါ့"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။
"မင်း အိမ်ပြန်ရောက်တဲ့အခါကျရင်တော့ ဒုက္ခတွေအပုံလိုက်ကြီး မင်းကို စောင့်နေလိမ့်မယ်"
ကမ္ဘာပေါ်တွင် သတင်းထောက်များနှင့် နောက်ယောင်ခံလိုက်သော ပရိတ်သတ်များက ဘယ်လောက်စိတ်ပျက်ဖို့ကောင်းကြောင်း ကျန်းမုန့်လောင်သိသည်။ စကြာဝဠာအဆင့်မျိုးနွယ်စုများထဲတွင် ထိုလူများနှင့် အဖွဲ့အစည်းများမှာ ပိုဆိုးရွားလာလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
"အနာဂတ်အကြောင်းကတော့ နောက်မှပဲ ပြောတာပေါ့"
အိုင်းရင်းကမူ ဘာမှဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။ သူသည် အာကာသယာဉ်၏အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်လိုက်၏။
"E4အဆင့် အမြန်နှုန်းက အရမ်းအားရတာပဲ။ ဒီအရှိန်နဲ့ဆိုရင် စတားရှာ့ခ်စကြာဝဠာအင်ပါယာကို သုံးရက်မပြည့်ခင်မှာတင် ရောက်နိုင်တယ်"
"ဒါနဲ့ ဒီကုန်စည်ပြပွဲမှာ လိုက်နာရမယ့် စည်းကမ်းတွေ ဒါမှမဟုတ် ရှောင်ကြဉ်ရမယ့်အရာတွေ ရှိလား"
ကျန်းမုန့်လောင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဒါက တရားမဝင် မှောင်ခိုစျေးကွက်ဆိုတော့ မရိုးသားတဲ့ကိစ္စတွေ ဖြစ်လာနိုင်မလား။ ဥပမာ သစ္စာဖောက်တာမျိုး ဒါမှမဟုတ် မရိုးသားတဲ့နည်းလမ်းတွေ သုံးတာမျိုးတွေပေါ့"
"သေချာပေါက် ရှိတာပေါ့"
အိုင်းရင်းက ဆို၏။
"ဒီကုန်စည်ပြပွဲက ဒုစရိုက်လောကတစ်ခုပဲ။ အတွင်းထဲက အေးချမ်းတဲ့လေထုကို ကြည့်ပြီး အရူးအဖြစ်မခံနဲ့။ ပြပွဲကနေ ထွက်လိုက်တာနဲ့ လူသတ်တာ၊ လုယက်တာတွေက နေရာတိုင်းမှာရှိနေတာ။ လေလံပွဲမှာ ပစ္စည်းတစ်ခုကို စျေးကြီးပေးပြီး အနိုင်ရခဲ့ရင်တောင် အစ်ကိုကျန်းကို ကာကွယ်ပေးမယ့်လူမရှိရင် ဒုက္ခရောက်မှာပဲ"
"ဒါပေမဲ့ ရပါတယ်။ ဒီလိုနေရာမျိုးမှာ လူတော်တော်များများက နောက်ပိုင်း တခြားလူတွေဆီက ဒုက္ခပေးတာမျိုးမခံရအောင် သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်ဖို့ နည်းမျိုးစုံသုံးကြတယ်"
အိုင်းရင်းက ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
"အစ်ကိုကျန်းကို မှော်ဝင်ပစ္စည်းတစ်ခု ပြမယ်"
"ဒါက မျက်နှာဖုံးမဟုတ်ဘူးလား"
"ဒါက သာမန်မျက်နှာဖုံး မဟုတ်ဘူး"
အိုင်းရင်းက ရှင်းပြလိုက်သည်။
"ပုံမှန်ဆိုရင် ကျွန်တော်တို့က လူတစ်ယောက်ကိုခွဲခြားဖို့ သူ့ရဲ့စွမ်းအင်လှိုင်းကို အားကိုးကြတာ။ ဒါပေမဲ့ ဒီဟာကိုတပ်လိုက်တာနဲ့ အစ်ကိုကျန်းရဲ့စွမ်းအင်လှိုင်းက အမြဲပြောင်းလဲနေမှာ။ အဲ့ဒါကြောင့် တစ်ယောက်ယောက်ကို အပြစ်ပြုမိရင်တောင် အစ်ကိုကျန်းကို လွယ်လွယ်နဲ့ မှတ်မိမှာမဟုတ်ဘူး"
"စိတ်ဝင်စားစရာပဲ"
ကျန်းမုန့်လောင်က ထိုပစ္စည်းကို ယူကြည့်လိုက်သည်။
"တစ်ခုတည်းလား"
"ဟီးဟီး... အစ်ကိုကျန်းနဲ့ဆုံမယ်လို့ ကြိုမသိထားတော့ တစ်ခုပဲမှာထားမိတာ။ အစကတော့ တခြားသူငယ်ချင်းတစ်ယောက်ကို ခေါ်လာဖို့ စီစဉ်ထားတာလေ"
"ရိုးရိုးရှင်းရှင်းပုံစံကိုကြည့်ပြီး အထင်မသေးလိုက်နဲ့။ ဒါကိုမှာဖို့ ခြောက်လကြိုတင်ပြီး ရက်ချိန်းထားရတာ"
"ကျစ်... ငါကတော့ မဝယ်နိုင်ဘူးဆိုတာ မယုံဘူး"
ကျန်းမုန့်လောင်က စကြာဝဠာစူပါမားကတ်ကို ဖွင့်လိုက်သည်။ ထိုနေရာတွင် ဝယ်မရနိုင်သော အရာဟူ၍ မရှိသလောက်ပင်။
"ဟားဟားဟား... ရှာမနေနဲ့။ ဝယ်လို့ရမှာမဟုတ်ဘူး"
အိုင်းရင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါက နည်းပညာမြင့်ထုတ်ကုန် မဟုတ်ဘူး။ သိုင်းလက်နက်တွေဖန်တီးတဲ့ လက်မှုပညာနဲ့ လုပ်ထားတာ။ ကျွန်တော်တို့ ဂလက်ဆီမျိုးနွယ်စုတစ်ခုလုံးမှာ ဒီလိုအရည်အချင်းမျိုးရှိတဲ့ အဂ္ဂိရတ်ပညာရှင်ဆိုလို့ တစ်ယောက်ပဲ ရှိတာ"
"ဒါပေမဲ့ စိတ်မပူပါနဲ့"
အိုင်းရင်းက ထပ်ပြောလိုက်၏။
"ကုန်စည်ပြပွဲတိုင်းမှာ ဒီလိုပစ္စည်းမျိုးတွေ လာရောင်းတဲ့ အဂ္ဂိရတ်ပညာရှင်တွေ ရှိတယ်လို့ ကြားဖူးတယ်။ တချို့ကတော့ ပိုက်ဆံရှာဖို့ လာကြတာ။ တချို့ကတော့ သူတို့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ့် မျိုးနွယ်စုကြီးတွေကို ရှာဖို့လာကြတာ။ သူတို့က များသောအားဖြင့် အဆင့်သုံး ဒါမှမဟုတ် အဆင့်လေး အဂ္ဂိရတ်ပညာရှင်တွေပါပဲ"
"ဒီလောက်အဆင့်နိမ့်တဲ့ အဂ္ဂိရတ်ပညာရှင်လား"
ကျန်းမုန့်လောင်က သူ့ကို အထင်သေးလေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါဆိုရင်တော့ ဒီကုန်စည်ပြပွဲက အကြီးကြီးမဟုတ်တဲ့ပုံပဲ"
"အစ်ကိုကျန်း နားမလည်ပါဘူး"
"အဂ္ဂိရတ်ပညာရှင်ဆိုတာ အရမ်းမြင့်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဗျ။ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက်ရှိတဲ့ အရှင်သခင်တွေတောင် သူတို့ကို ဘိုးဘေးတွေလို ဆက်ဆံကြရတာ။ သူတို့လိုချင်တာကို ဝယ်နေစရာတောင် မလိုဘူး။ စကားတစ်ခွန်းဟလိုက်ရုံပဲ။ မရေမတွက်နိုင်တဲ့လူတွေက အလုအယက်တောင် လာပေးကြမှာ"
"တော်တော်ရေပန်းစားတာပဲ"
ကျန်းမုန့်လောင်လည်း တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူ့ဆရာအိုယဲ့ကျီဆီက သင်ထားသော အဂ္ဂိရတ်ပညာမှာ ဤစကြာဝဠာမျိုးနွယ်စုထဲတွင် ဘယ်အဆင့်လောက်ရှိမလဲဆိုသည်ကို သူ စဉ်းစားနေမိသည်။
"ဒါပေမဲ့ ပြပွဲကျင်းပတဲ့နေရာမှာ ဒီလိုမျက်နှာဖုံးမျိုးရဲ့စျေးနှုန်းက ငါးဆခြောက်ဆ ဒါမှမဟုတ် ဆယ်ဆလောက်အထိ တက်သွားနိုင်တယ်။ အဲ့ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုမယ်"
"ငါ့မှာ ပိုက်ဆံမရှားပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။ သူသည် စုတ်ပြတ်သတ်နေသော ဤမျက်နှာဖုံးကို လုံးဝအလေးမထားပါချေ။
"ဒါပေမဲ့ မင်းရဲ့ဒီဟာက တော်တော်ရုပ်ဆိုးတာပဲ။ ဒီထက်ပိုပြီး ဆန်းဆန်းပြားပြားပုံစံလေးတွေ မရှိဘူးလား"
"ဒါကိုရတာတောင် ကံကောင်းလှပြီ။ အစ်ကိုကျန်းကတော့ တော်တော်လောဘကြီးတာပဲ"
အိုင်းရင်းက ညည်းညူလိုက်ချေသည်။
အာကာသယာဉ်မှာ မြန်မြန်ဆန်ဆန် ပျံသန်းနေလေသည်။ ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့မှာ နှစ်ရက်ခန့် ဂိမ်းကစားပြီးနောက် စတားရှာ့ခ်စကြာဝဠာအင်ပါယာနယ်မြေထဲသို့ ရောက်လာပြီဖြစ်ကြောင်း အာကာသယာဉ်၏စနစ်က အကြောင်းကြားလာသည်။
ဤတစ်ကြိမ်မှာတော့ ပွဲစီစဉ်သူများမှာ စတားရှာ့ခ်စကြာဝဠာအင်ပါယာ၏ အစွန်အဖျားရှန လူသူကင်းသော နယ်မြေတစ်ခုကို ငှားရမ်းထားသည်။ သို့သော် ပွဲစီစဉ်သူများမှာ အင်အားကြီးလှသော အဆင့်ငါးမျိုးနွယ်စုတစ်ခု ဖြစ်သောကြောင့် သူတို့သာအလိုရှိလျှင် ဆိုးရွားလွန်းသော ဂြိုဟ်တစ်လုံးကိုပင် နေချင်စဖွယ်နေရာတစ်ခုဖြစ်အောင် ခဏတွင်းချင်း ပြောင်းလဲပစ်နိုင်သည်။
ဤနယ်မြေတစ်ခုလုံးမှာ ဂြိုဟ်ပေါင်း သောင်းဂဏန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရပြီး အကုန်လုံးနီးပါးကလည်း ဂျူပီတာဂြိုဟ်အရွယ်အစားခန့်ရှိ၏။ နယ်မြေ၏အလယ်ဗဟိုတွင်မူ ကြီးမားလှသော လူလုပ်ကြယ်ကြီးတစ်လုံးရှိပြီး ဤဂြိုဟ်သောင်းဂဏန်းမှာ ထိုကြယ်ကြီးကို ဗဟိုပြုပြီး အလွန်ညီညွတ်သောနှုန်းထားဖြင့် ဖြည်းဖြည်းချင်း လှည့်ပတ်နေကြသည်။
"ဒါဟာ သိပ္ပံပညာရဲ့ အထွတ်အထိပ်ပါလား"
ကျန်းမုန့်လောင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ ကမ္ဘာသူကမ္ဘာသားများအတွက်တော့ ဤသည်မှာ အိပ်မက်ပင်မမက်ရဲသော အရာမျိုးပင်။
"ဒါက အထင်ကြီးစရာလား"
အိုင်းရင်းက ဆိုလေသည်။
"ဂြိုဟ်တွေကိုရွှေ့တာက အဆင့်နှစ်မျိုးနွယ်စုတောင် လုပ်နိုင်တာပဲ။ လူလုပ်ကြယ်တွေ ဖန်တီးတာကတော့ အဆင့်လေးမျိုးနွယ်စုတိုင်းလုပ်နိုင်တဲ့ သာမန်ကိစ္စလေးပါ"
"ဒါကို သေချာမှတ်ထား။ ငါက အဆင့်တစ်မျိုးနွယ်စုက လာတာ။ အဲဒါကြောင့် ဒါက ငါ့အတွက် တော်တော်အံ့ဩစရာကောင်းနေတာ ဟုတ်ပြီလား"
ကျန်းမုန့်လောင်က မျက်လုံးလှန်ပြီး ပြောလိုက်သည်။
ကုန်စည်ပြပွဲက တရားဝင် မစတင်သေးသော်ငြား စကြာဝဠာအရပ်ရပ်က လာရောက်ကြသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေကြသဖြင့် ပြပွဲဝင်ပေါက်တွင် အာကာသယာဉ်များဖြင့် ပိတ်ဆို့နေလေသည်။
ထိုအချိန်မှာ ကျန်းမုန့်လောင်ကတော့ သူ့ဝီချက်မှာ တစ်ခုခုတင်ချင်လာသည်။
"မင်းတို့ကတော့ ယုံမှာမဟုတ်ပေမဲ့ ငါ အခု အာကာသထဲမှာ အာကာသယာဉ်မောင်းရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပိတ်မိနေတယ်"ဟုပင်။
"သောက်ကျိုးနည်း... စတားဂေဇာအဆင့်မြင့်အာကာသယာဉ်ကြီးပါလား"
"ဒီသူဌေးကြီးက ဘယ်သူလဲဟ"
"အရမ်းလန်းတာပဲ"
လာရောက်သူများမှာ စကြာဝဠာအရပ်ရပ်ကဖြစ်ပြီး အများစုကလည်း အလွန်အမင်းချမ်းသာကြွယ်ဝသူများ ဖြစ်သော်ငြား ဤစတားဂေဇာကိုတော့ မနာလိုအားကျလေဟန် အကြည့်များဖြင့် ကြည့်နေကြသည်။
"မင်္ဂလာပါ။ အာကာသယာဉ်ကို ဒီမှာပါကင်ထိုးပေးပါ။ ပြပွဲထဲမှာတော့ အာကာသယာဉ်တွေကို မောင်းနှင်ခွင့်မပြုပါဘူး"
လက်မှတ်များကို စစ်ဆေးပြီးနောက် သူတို့နှစ်ယောက်သား အာကာသယာဉ်ဆိပ်ကမ်းကြီးတစ်ခုထဲသို့ ဝင်လာခဲ့လိုက်သည်။
ဝန်ထမ်းမှာ အလွန်ချောမောလှပသော မိန်းကလေးတစ်ဦးဖြစ်ပြီး အိုင်းရင်းကလည်း ဤသည်မှာ နတ်သူငယ်များနှယ် အလှအပကို အထူးတန်ဖိုးထားသော မျိုးနွယ်စုဖြစ်ကြောင်း ကျန်းမုန့်လောင်ကို ပြောပြလေသည်။
အာကာသယာဉ်ကို အထင်ကြီးသွားဟန်တူသည့် ထိုမိန်းကလေးက သူတို့နှစ်ယောက်ကို ကလူကျီစယ်နေချေသည်။
"ဒီနေရာက အကြီးကြီးပဲ။ အာကာသယာဉ် မရှိဘဲနဲ့ ဘယ်လိုသွားလာကြမလဲ"
"စိတ်မပူပါနဲ့။ ဂြိုဟ်တိုင်းမှာ ကူးပြောင်းရေးစခန်းတွေ ထားပေးထားပါတယ်။ ဂြိုဟ်တိုင်းမှာ မြန်နှုန်းမြင့်အများသုံးသယ်ယူပို့ဆောင်ရေးတွေလည်း ရှိပါတယ်။ သီအိုရီအရတော့ ပြပွဲရဲ့ဘယ်နေရာကိုမဆို နာရီဝက်အတွင်း ရောက်နိုင်တယ်"
"ကျစ် ကျစ်... သူတို့ တကယ်အကုန်အကျခံထားတာပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်သည်။
"အခု ရှင်တို့နှစ်ယောက်အတွက် နာမည်ကတ်တွေ လုပ်ပေးပါ့မယ်။ နာမည်လေးတွေ သိပါရစေ"
"ကျွန်တော့်နာမည်က အီဘတ်ပါ"
အိုင်းရင်းက ပြောလိုက်လေသည်။
"ဘာဖြစ်တာလဲ။ ဒါက မင်းရဲ့ နာမည်ပြောင်လား"
"ရှူး..."
အိုင်းရင်းက တိုးတိုးလေး ပြောလိုက်၏။
"ဒီမှာ နာမည်အစစ်နဲ့ စာရင်းသွင်းစရာမလိုဘူး။ လူကို အရှင်လတ်လတ် ဝါးစားမယ့် ဒီလိုနေရာမျိုးမှာ ဘယ်သူက နာမည်အစစ် သုံးမှာလဲ။ အကုန်လုံးက အချက်အလက်အတုတွေပဲ သုံးကြတာ"
"ဒါလည်း ဟုတ်တာပဲ"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်၏။
"မင်္ဂလာပါ။ ကျွန်တော့်နာမည်က ဂျက်မားပါ"
****************
***