"ဂျက်မားဆိုတာ ဘာကိုပြောတာလဲ"
အိုင်ရင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ကြားရတာ တော်တော်လန်းမယ့်ပုံပဲ"
"ဒါဆို မင်းရဲ့ရီပုခဲ့ကရော ဘယ်မှာလဲ"
ကျန်းမုန့်လောင်က ပြန်လည်ချေပလိုက်သည်။
"ကျွန်တော်တို့အိုင်ဇက်မျိုးနွယ်စုရဲ့ ဘာသာစကားမှာတော့ ရီပုခဲ့ဆိုတာက ကံကောင်းခြင်းရဲ့ သင်္ကေတလေ။ ကျွန်တော့်ရဲ့ ဂိမ်းအကောင့်နာမည်တွေအားလုံးက အဲ့ဒါပဲ"
"ဪ... ငါတို့မျိုးနွယ်စုမှာတော့ ဂျက်မားဆိုတာ ချမ်းသာကြွယ်ဝမှုရဲ့ သင်္ကေတပဲ... ဘယ်လောက်တောင် ချမ်းသာလဲဆိုရင် ပိုက်ဆံကိုတောင် စိတ်မဝင်စားတော့တဲ့ အဆင့်မျိုးပေါ့"
.....
"လူကြီးမင်းတို့ခင်ဗျာ လူကြီးမင်းတို့ရဲ့ အထောက်အထားကတ်တွေ အဆင်သင့်ဖြစ်ပါပြီ"
ဝန်ထမ်းက သူတို့ထံသို့ ချစ်ပ်ပြားအသေးလေးတစ်ခု ကမ်းပေးလိုက်သည်။
"ပြပွဲထဲက ဘယ်အဆောက်အအုံကိုမဆို အသုံးပြုချင်တယ်ဆိုရင် ဒီကတ်ကို ပြလိုက်ရုံပါပဲ။ အများသုံးအဆောက်အအုံတွေအတွက် အခကြေးငွေထပ်မံပေးဆောင်စရာ မလိုပါဘူး။ အခကြေးငွေအားလုံးက လက်မှတ်ခထဲမှာ ပါဝင်ပြီးသားပါ"
"ကျေးဇူး"
သူတို့နှစ်ယောက်သား အထောက်အထားကတ်ကိုယူပြီး အချက်အလက်များကို သူတို့၏ ဉာဏ်ရည်တုစနစ်အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။
"ဒီအာကာသယာဉ်က ဘယ်သူပိုင်တာလဲဗျ.. ယာဉ်ရပ်နားခနဲ့ ပြုပြင်ထိန်းသိမ်းခအတွက် စကြဝဠာဒင်္ဂါးပြားတစ်ရာပေးဆောင်ရပါမယ်"
"အရမ်းဈေးကြီးတာပဲ"
စကြဝဠာဒင်္ဂါးပြားတစ်ရာဆိုသည်မှာ များလွန်းလှသည်မဟုတ်သော်ငြား အိုင်ဇက်မျိုးနွယ်စု၏ ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်မူ ဤဈေးနှုန်းမှာ ဓားပြတိုက်နေသည်နှင့်ပင် တူလှသည်။
"ဒါကြောင့်လည်း ပုံမှန်ဆိုရင် သူဌေးတွေပဲ ဒီပြပွဲကို လာကြတာလေ"
အိုင်ရင်းက ရယ်မောလျက် ဆိုလာလေသည်။
"အစ်ကိုကျန်းသာ ကျွန်တော်နဲ့အတူ မပါလာဘူးဆိုရင် ကျွန်တော် ဒီကိုလာဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ လာဖြစ်ခဲ့ရင်တောင် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်နဲ့ပဲ လာရမှာ"
"လူကြီးမင်း..လူကြီးမင်းက အရမ်းချမ်းသာတာပဲ။ ဒါက လန်းစလော့ကုမ္ပဏီကထုတ်တဲ့ စတားဂေဇာ မဟုတ်လား"
ဝန်ထမ်းက ငွေပေးချေမှုကို ဆောင်ရွက်ပေးရင်း မေးလိုက်၏။
"အမှန်အတိုင်းပြောရရင် ငါက ပိုက်ဆံကို သိပ်စိတ်မဝင်စားပါဘူး"
ကျန်းမုန့်လောင်က ပုခုံးတွန့်ပြ၍ ပြန်ဖြေလိုက်သည်။
"ငါကိုယ်တိုင် ပိုက်ဆံကိုင်တာတောင် တော်တော်ရှားတယ်"
"ဟဲဟဲ... လူကြီးမင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ"
ဝန်ထမ်းက လုပ်ငန်းစဉ်များကို အပြီးသတ်ပေးလိုက်သည်။
"အားလုံးပြီးပါပြီ.. ပြပွဲရဲ့ အချက်အလက်တွေကို အထောက်အထားကတ်ထဲမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ဆက်သွယ်ရန်လိပ်စာပါ။ တကယ်လို့ လိုအပ်တာတစ်ခုခုရှိရင် အချိန်မရွေးဆက်သွယ်လို့ရပါတယ်"
ပြောပြီးသည်နှင့် ထိုမိန်းကလေးက ကျန်းမုန့်လောင်ကို လျှာထုတ်ပြ၍ စနောက်သွားသည်။
"အစ်ကိုကျန်း... ကျွန်တော်ကြည့်ရသလောက်တော့ အဲ့ဒီကောင်မလေးက အစ်ကို့ကို သဘောကျနေတာ သေချာတယ်"
"ငါကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချမ်းသာနေတော့ အခက်သား"
"ဟားဟားဟား တကယ်လို့ ညဘက်မှာ အထီးကျန်တယ်လို့ ခံစားရရင် ဖျော်ဖြေဖို့ တစ်ခုခုရှာလို့ရပါတယ်"
အိုင်ရင်းက ရယ်မောလျက် ဆိုလေ၏။
"မျိုးနွယ်စုတော်တော်များများမှာ ဒီလိုလုပ်ငန်းတွေက တရားဝင်တယ်လေ။ အထူးသဖြင့် ဒီလိုအဆင့်မြင့်ပြပွဲမျိုးမှာပေါ့။ အစ်ကို့မှာ ပိုက်ဆံရှိသရွေ့ ဘယ်မျိုးနွယ်စုက မိန်းကလေးကိုမဆို ရှာလို့ရတယ်။ အုပ်စုလိုက်ဖျော်ဖြေမှုတွေတောင် ဖြစ်နိုင်တယ်"
"တော်ပါပြီ။ ငါ့ရည်းစားသိရင် ငါ့ကို သတ်လိမ့်မယ်"
ကျန်းမုန့်လောင်တွင် ထိုသို့သော အတွေးမျိုး ရှိသော်လည်း လုပ်ရဲသည့်သတ္တိမူ မရှိပေ။
"ရည်းစားလား။ အဲ့ဒါက ဘယ်လိုသက်ရှိမျိုးလဲ"
အိုင်ဇက်မျိုးနွယ်စုတွင် 'ရည်းစား'ဟူသည့် အယူအဆမျိုး မရှိပေ။
"ငါတို့မျိုးနွယ်စုမှာတော့ အရမ်းကြောက်စရာကောင်းတဲ့ သက်ရှိတစ်မျိုးပေါ့"
ကျန်းမုန့်လောင်က ဆိုသည်။
"သူတို့က အရေအတွက်လည်း အရမ်းများသလို စိတ်နေစိတ်ထားကလည်း လုံးဝခန့်မှန်းလို့မရဘူး။ ဒေါသပေါက်ကွဲလာပြီဆိုရင် သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို ထိန်းညှိဖို့ဆိုရင် 'အိတ်'လို့ခေါ်တဲ့ ရတနာတစ်မျိုးကို သုံးပေးရတယ်"
"အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား"
အိုင်ရင်းမှာ ကျန်းမုန့်လောင်၏ ပြက်လုံးကြောင့် လုံးဝကြောင်အသွားချေသည်။
"ဒါဆို အစ်ကိုတို့မျိုးနွယ်စုက ဘယ်လိုမျိုး အသက်ရှင်အောင် ရှင်သန်နေကြတာလဲ"
ကျန်းမုန့်လောင်သည် လွန်ခဲ့သည့်ရက်ပိုင်းက အဆင့်ခြောက်သက်ရှိ၏ အင်အားကို ပြသခဲ့ပြီး အလွန်အစွမ်းထက်သော လက်နက်တစ်ခုကို အသုံးပြု၍ အခြားအဆင့်ခြောက်သက်ရှိတစ်ဦးကိုပင် အနိုင်ယူပစ်လုနီးပါးပင်။
အိုင်ရင်း၏ခန့်မှန်းချက်အရ ကျန်းမုန့်လောင်၏အစွမ်းမှာ အနည်းဆုံး အဆင့်ခုနစ်ရှိရမည်ဖြစ်၏။
ထိုကဲ့သို့သော လူတစ်ယောက်က 'အသတ်ခံရမည်'ကို ကြောက်နေရလေသလော။
'ဒါဟာ နည်းပညာပိုင်းမှာ နိမ့်ကျပေမဲ့ သက်ရှိအဆင့်အတန်းမှာတော့ အရမ်းမြင့်မားတဲ့ဂြိုဟ်တစ်လုံးပဲ ဖြစ်ရမယ်'
အိုင်ရင်းက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
စကြဝဠာမျိုးနွယ်စုများအတွင်း ဤကဲ့သို့သော ထူးခြားချက်များ ရှိတတ်သည်။ အချို့မျိုးနွယ်စုများကို ရှာဖွေတွေ့ရှိသည့်အခါ ၎င်းတို့မှာ ကျောက်ခေတ်ဦးကာလတွင်သာ ရှိနေသေးသော်လည်း နယ်ချဲ့သူများက ထိုဂြိုဟ်များကို သိမ်းပိုက်ရန် ကြိုးစားသောအခါ ဒေသခံများ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အထိနာခဲ့ကြရဖူးသည်။
"ဒီ'ရည်းစား'လို့ခေါ်တဲ့ သက်ရှိတွေမှာ လတိုင်း အားနည်းတဲ့ရက်တွေ ရှိတတ်တယ်။ ငါတို့က အဲ့ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပြန်လည်တိုက်ခိုက်ရင်း အင်အားဖြည့်တင်းရင်းနဲ့ ဒီနေ့အထိ ရှင်သန်လာခဲ့ကြတာပေါ့"
"အရမ်းကြောက်စရာကောင်းတာပဲ။ အခွင့်အရေးရရင် အဲ့ဒီသက်ရှိကို သေချာပေါက် ကြည့်ချင်သေးတယ်"
ကျန်းမုန့်လောင်ကို သတ်ပစ်နိုင်သည့် သက်ရှိအပေါ် အိုင်ရင်း အလွန်စိတ်ဝင်စားသွားသည်။
'ဒီအိုင်ရင်းက နည်းနည်းတော့ တုံးအအနိုင်တာလားပဲ'
အထူးလေ့ကျင့်ထားသော ကျန်းမုန့်လောင်သည် ရယ်ချင်စိတ်ပြင်းပြင်းပြပြမဖြစ်လျှင် ပုံမှန်အားဖြင့် ရယ်မောလေ့မရှိပေ။
သူသည် မတူညီသော မျိုးနွယ်စုများကြားရှိ ယဉ်ကျေးမှုနှင့် အတွေးအခေါ်ကွာခြားချက်များမှာ ကြီးမားလှကြောင်း သိထားသည်။ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများထဲရှိ ထရိုင်ဆိုလာရန်များကဲ့သို့ ဖုံးကွယ်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းကို နားမလည်ကြသော်လည်း အဆင့်နှစ်မျိုးနွယ်စုမှ လူများမှာ ပြက်လုံးတစ်ခု၏ အဓိပ္ပာယ်ကိုပင် နားမလည်နိုင်သည်မှာ စင်စစ်ထူးဆန်းလှသည်။
"ဟေး... ကျွန်တော် အစ်ကိုကျန်းကို လူတချို့နဲ့ မိတ်ဆက်ပေးမယ်"
အိုင်ရင်း၏အမူအရာမှာ ရုတ်ခြည်း အလွန်စိတ်လှုပ်ရှားသွားပြီး ကျန်းမုန့်လောင်မှာမူ အချစ်၏ရနံ့တချို့ကို ရလိုက်သလို ခံစားလိုက်ရသည်။
"ကျွန်တော်သူငယ်ချင်းတွေက အနားမှာရှိတဲ့ အဆင့်သုံးအန်ဒရိုမီဒါမျိုးနွယ်စုက လာကြတာ"
"ဒါက ရိုးရိုးသူငယ်ချင်းထက်တော့ ပိုမယ်ထင်တယ်"
ကျန်းမုန့်လောင်က ပြုံးစိစိဖြင့် မေးလိုက်လေသည်။
"အစ်ကို... အစ်ကိုက ဘယ်လိုလုပ်သိတာလဲ"
အိုင်ရင်း၏မျက်နှာကား ချက်ချင်းနီရဲသွားတော့သည်။
"မင်းမျက်နှာမှာ 'အချစ်နွေဦး နလန်ထနေပြီ'လို့ ရေးထားတာလေ"
ကျန်းမုန့်လောင်က ရယ်မောလျက် ဆိုသည်။
"အခုမှပဲ မင်း ဘာလို့ ဒီပြပွဲကို လာချင်ရလဲဆိုတာ ငါ နားလည်သွားတော့တယ်"
အမှန်အတိုင်း ပြောရလျှင် ဤပြပွဲမှာ အိုင်ရင်း တတ်နိုင်သည့် အနေအထားတွင် မရှိပေ။ သူသည် ဤနေရာသို့ လာနိုင်ရန်အတွက် ဂြိုဟ်အချို့ကိုပင် ရောင်းချခဲ့ရသည်။ ထိုဂြိုဟ်များမှာ အိုင်ရင်း အမည်ပေါက်ပိုင်ဆိုင်သမျှ အရာအားလုံးပင်။
အဓိကအချက်မှာ အိုင်ရင်းသည် လက်မှတ် နှစ်စောင် ရရှိထားခြင်းပင်။ အိုင်ရင်းတွင် ကြိုတင်သိမြင်နိုင်စွမ်း ရှိသည်ဟု သူ မယုံကြည်သဖြင့် ဤလက်မှတ်မှာ သူ့အတွက် ရည်ရွယ်ထားခြင်း မဟုတ်သည်မှာ သေချာပေသည်။
ခဏတွင်းချင်းမှာပင် ကျန်းမုန့်လောင်သည် ပဟေဠိကို အဖြေထုတ်လိုက်နိုင်ပြီ ဖြစ်၏။ ဤသည်မှာ မျက်နှာချိုသွေးသူတစ်ယောက်၏ ဇာတ်လမ်းပင်။
"ငါ ထင်တာမမှားဘူးဆိုရင် ကျန်တဲ့လူတွေက သူငယ်ချင်းတွေတင် မဟုတ်ဘဲ... မင်းရဲ့ပြိုင်ဘက်တွေလည်း ဖြစ်နိုင်တယ် မဟုတ်လား"
"အစ်ကို မှန်သွားပြန်ပြီ"
အိုင်ရင်းသည် ကျန်းမုန့်လောင်၏ ခန့်မှန်းချက်ကို ဝန်ခံလိုက်ရသည်။
"အစ်ကိုကျန်းက စွမ်းရည်တင် မကဘူး။ ဒီနယ်ပယ်မှာလည်း အတွေ့အကြုံတော်တော်များတာပဲ"
"ဒါက အချစ်ဝတ္ထုတွေထဲကအတိုင်းပဲ"
ကျန်းမုန့်လောင်က ပုခုံးတွန့်၍ ပြောလိုက်သည်။
"သွားကြစို့။ မင်းရဲ့သူငယ်ချင်းတွေကို သွားတွေ့ရအောင်"
"သူတို့က ဟိုဘက်မှာ ရှိနေတာ။ ကျွန်တော် အစ်ကို့ကို သူနဲ့ မိတ်ဆက်ပေးမယ်"
အိုင်ရင်းက ထိုသို့ပြောရင်း လျှောက်သွားတော့သည်။
"ကျွန်တော်တို့ ကျောင်းတုန်းက ဌာနအချင်းချင်း ဖလှယ်ရေးအစီအစဉ်မှာ တွေ့ခဲ့ကြတာ..."
ဆိပ်ကမ်းတွင် သွားလာရေးယာဉ်များ ရှိနေသဖြင့် သူတို့သည် သက်ဆိုင်ရာနေရာသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ ထိုနေရာတွင် လူငယ်အချို့က အနီရင့်ရောင် အာကာသယာဉ်တစ်စီးပေါ်က ဆင်းလာကြသည်ကို တွေ့ရသည်။
"အဲ့ဒါလည်း လန်းစလော့ကုမ္ပဏီက ထုတ်တဲ့ အာကာသယာဉ်ပဲ"
အိုင်ရင်းက မနာလိုလေဟန်ဖြင့် ဆိုလာသည်။ ၎င်းမှာ ကျန်းမုန့်လောင်၏ စတားဂေဇာနှင့် နှိုင်းယှဉ်လျှင် အဝေးကြီးလိုသေးသော်လည်း အဆင့်သုံးမျိုးနွယ်စုသင်္ဘောများထဲတွင်မူ ထိပ်တန်းအဆင့်ပင်။
ယာဉ်ပေါ်မှ လူငယ်ငါးယောက် ဆင်းလာကြသည်။ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး လူသားများနှင့် ဆင်တူသော်လည်း ရုပ်ရည်မှာ ပိုလှပကြသည်။
"ရှာယန်နာ"
အိုင်ရင်းက ထိုအုပ်စုကို လက်ဝှေ့ယမ်းပြလိုက်သည်။ အန်နီမေးထဲမှ ဇာတ်ကောင်တစ်ဦးကဲ့သို့ စိမ်းနုရောင်ဆံပင်ရှိသော မိန်းကလေးမှာ သူတို့ဘက်သို့ လှည့်ကြည့်လာသည်။
"သြော်... မျှော်လင့်ချက်ရှိသားပဲ!"
မိန်းကလေးက အိုင်ရင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးထဲတွင် အံ့အားသင့်သွားလေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာကြောင်း ကျန်းမုန့်လောင် မြင်လိုက်ရသည်။
အိုင်ရင်းကတော့ ချက်ချင်းပင် အပြေးအလွှားသွားတော့သည်။
'ဟင်း... တကယ့်မျှော်လင့်ချက်မရှိတဲ့ မျက်နှာချိုသွေးသူလေးပဲ'
ကျန်းမုန့်လောင်က အိုင်ရင်းကို ကြည့်ကာ စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်သည်။ အချစ်နယ်ပယ်ထဲရှိ တကယ့်ဆရာကြီးများကတော့ သူ့လို အေးအေးဆေးဆေးသာ နေကြသည်။
"အိုင်ရင်း.. နင် ဒီပြပွဲကို လာဖြစ်မယ်လို့ မထင်ထားဘူး"
"ဟားဟားဟား.. မင်း နာမည်ပေါက် ပိုင်ဆိုင်သမျှဂြိုဟ်တွေကို ရောင်းပြီးမှ လာတာမဟုတ်လား"
"ဒီပြပွဲကိုလာဖို့ မင်းပေးဆပ်ရတဲ့ တန်ဖိုးက တော်တော်မြင့်တာပဲ။ မင်းအဖေက မင်းကို ရိုက်မှာ မကြောက်ဘူးလား"
လူငယ်သုံးဦးမှာ အိုင်ရင်းကို လှောင်ပြောင်လိုက်ကြသည်။
သို့သော် အိုင်ရင်းအတွက်မူ သူတို့မှာ လေအလားပင်။
"ရှာယန်နာ...မတွေ့ရတာကြာပြီနော်"
"မင်း ငါ့ကို မိတ်ဆက်မပေးတော့ဘူးလား"
ကျန်းမုန့်လောင်လည်း ထိုအချိန်တွင် ရှေ့သို့ တက်လှမ်းလာခဲ့သည်။
"ဪ... ဟုတ်သားပဲ။ ကျွန်တော် မိတ်မဆက်ပေးရသေးဘူး"
အိုင်ရင်းက ပြောလေသည်။
"သူတို့က အိမ်နီးချင်းအန်ဒရိုမီဒါမျိုးနွယ်စုကပါ။ ဒါကတော့ မော့စ်... ခီရာဒယ်နဲ့ လီဒက်ပါ။ သူတို့က အန်ဒရိုမီဒါမျိုးနွယ်စုက နာမည်ကျော်ပုဂ္ဂိုလ်တွေလေ"
"ဒါကတော့ ရှာယန်နာနဲ့ ရှာဇီနာပါ။ သူတို့က အန်ဒရိုမီဒါမျိုးနွယ်စု အရှင်သခင်ရဲ့ သမီးတော်တွေပေါ့"
"ဒါကတော့..."
"မင်းရဲ့သူငယ်ချင်းကို မိတ်ဆက်ပေးဖို့ မလိုပါဘူး"
မော့စ်ဟုအမည်ရသော လူငယ်က ကြားဖြတ်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး"
ကျန်းမုန့်လောင်က ပြုံးလျက် ဆိုလေသည်။
"မင်းတို့ ဘာမှစိတ်ပူစရာ မလိုပါဘူး။ ငါက သူငယ်ချင်းဖွဲ့တဲ့နေရာမှာ အဆင့်အတန်း ခွဲခြားတတ်တဲ့လူ မဟုတ်ပါဘူး။ မင်းတို့က အိုင်ရင်းရဲ့ သူငယ်ချင်းတွေဆိုတော့ ငါ မင်းတို့ကို အထင်မသေးပါဘူး"
******************
***