“ဒါပေမဲ့... ကျွန်မရဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့် စွမ်းရည်တွေကို မြှင့်တင်ဖို့က အရမ်းခက်ခဲနေတယ်...”
နင်ရွှမ်း၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ထင်ဟပ်နေသည်။
ထိုစဉ် ကျားမလေးက ရုတ်တရက် ဝင်ပြောလိုက်သည်။
“အဲဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှု လိုအပ်နေလို့ မဟုတ်လား”
နင်ရွှမ်းမှာ အံ့အားသင့်သွားပြီး “နင် ဘယ်လိုသိတာလဲ”
ကျားမလေးက ခပ်ဖွဖွ ပြုံးလိုက်ပြီး ခြေဖျားထောက်ကာ ရွှီရန်၏ ပုခုံးကို ပုတ်လိုက်သည်။
“အစ်ကိုရွှီရန်က မမယွီဟန်ရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ဖူးတယ်လေ။ ဒါပေမဲ့ နင်ကတော့ အဲဒါကို သုံးလို့ရမှာမဟုတ်ဘူး။ အနန္တမီးလျှံတွေက အရမ်းအန္တရာယ်များတယ်။ ကျွန်မတောင် သုံးခွင့်မရှိဘူး”
နင်ရွှမ်း၏ တောက်ပနေသော မျက်နှာလေးမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
“သုံးလို့မရဘူး ဟုတ်လား”
ရွှီရန်က ပြုံးလျက် “နောက်ပိုင်းကျရင် မင်း သုံးနိုင်လာမှာပါ။ တကယ်လို့ မင်းရဲ့ ဒုတိယနဲ့ တတိယအဆင့် စွမ်းရည်တွေ မတိုးတက်တာက ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းနေလို့ဆိုရင်တော့ ဒါဟာ သိပ်ပြီး ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး”
နင်ရွှမ်း၏ ထူထဲသော မျက်ခုံးများ ပင့်တက်သွားသည်။
“တကယ်လား”
“တကယ်ပေါ့”
ကျူးယွီဟန်ကလည်း အားနည်းသော လေသံဖြင့် ထောက်ခံလိုက်သည်။
“တကယ်ပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ ကြည့်လိုက်တော့...”
ရွှီရန်က အသာအယာ ပြုံးလိုက်ရင်း “ကဲ... စကားတွေ အများကြီး မပြောနေကြနဲ့ဦး။ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းကို အရင်သွားရအောင် မင်းတို့ကိုလည်း ခေါ်ထားတာ မဟုတ်လား”
အားလုံးက ခေါင်းညိတ်ပြကြသည်။
“ဟုတ်ကဲ့ ကျွန်မတို့ ကျောင်းအုပ်ကြီးကလည်း လာခဲ့ဖို့ ပြောထားပါတယ်”
အားလုံးမှာ ကျောင်းသားများအနေဖြင့် ရောက်ရှိနေကြခြင်းပင်။ လူစုကြီးမှာ မိနစ်နှစ်ဆယ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် ကျောင်းအုပ်ရုံးခန်း အဆောက်အအုံသို့ ရောက်ရှိလာကြသည်။
ကျောင်းအုပ်ကြီးမှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ပန်းခုံအနီးသို့ ရောက်ရှိလာသော ရွှီရန်ကို ပြုံး၍ ကြည့်နေသည်။
“အင်း... အားလုံး စုံကြပြီထင်တယ်။ စုစုပေါင်း ၈၅ ယောက်ပေါ့”
“ရှောင်ရန်... မင်း သူတို့ကို အရင်ဆုံး သင်ခန်းစာတစ်ခု သင်ပေးလိုက်ပါဦး”
ရွှီရန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကိုယ်ဖျောက်အတတ်ကို သင်ကြားပေးရာတွင် အကြိမ်ကြိမ် သင်ပြဖူးသဖြင့် အလွန်ပင် ကျွမ်းကျင်နေပြီဖြစ်သည်။
ထိုသို့ဖြင့်
စူပါပါရမီရှင် ၈၅ ဦးမှာ ရုံးအဆောက်အအုံရှေ့ရှိ ကတ္တရာလမ်းပေါ်တွင် စစ်ကြောင်းပုံစံဖြင့် စီတန်းရပ်လိုက်ကြသည်။
ရွှီရန်မှာမူ သစ်ပင်ရိပ်အောက်တွင် ရပ်နေပြီး ပါးလွှာသော သစ်ရွက်များကြားမှ တိုးဝင်လာသည့် နေရောင်ခြည်စအချို့မှာ လူငယ်လေး၏ ကိုယ်ပေါ်တွင် ပြန့်ကျဲနေသည်။ သူ ရပ်နေသည့်ပုံစံမှာ ရုပ်ရှင်များထဲမှ အနှိုင်းမဲ့သိုင်းဆရာကြီးတစ်ဦး သို့မဟုတ် ခေတ်တစ်ခေတ်၏ ဂိုဏ်းချုပ်ကြီးတစ်ဦးအလား ထင်မှတ်ရသည်။
“ကိုယ်ဖျောက်အတတ်ရဲ့ သော့ချက်မှာ အချက်အလက်ပေါင်း ၆၀၀ ပါဝင်တယ်။ ငါ အဲဒီအချက်တွေကို တစ်ခုချင်းစီ ရှင်းပြသွားမယ်... အကယ်၍ မင်းတို့ နားလည်နိုင်တယ်ဆိုရင်တော့ ဒါကို သင်ယူဖို့ ပါရမီရှိတာပဲ။ အကယ်၍ နားမလည်ဘူး ဒါမှမဟုတ် ခေါင်းကိုက်လာတယ်ဆို
ရင်တော့ ဇွတ်မကြိုးစားပါနဲ့။ ဒါဟာ မင်းတို့အတွက် ပါရမီမပါလို့ပဲ”
ပြောပြောဆိုဆိုဖြင့် ရွှီရန်သည် အသေးစိတ်ကို စတင်ရှင်းလင်းပြသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် စူပါပါရမီရှင်များ၏ ထက်ဝက်ကျော်မှာ သူတို့၏မျက်ဝန်းများတွင် အရောင်အဝါများ မှေးမှိန်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
တစ်နာရီအကြာတွင်မူ ဇွတ်အတင်း အားတင်းထားသည့် ပါရမီရှင်များမှာလည်း သူတို့၏ဦးနှောက်ကို သံတိုင်များဖြင့် ထိုးဆွမွှေနှောက်ခံနေရသည့်အလား ပြင်းထန်သော ဝေဒနာကို ခံစားလာကြရသည်။ ထိုနာကျင်မှုမှာ ရင်ထုမနာဖြစ်ရလောက်အောင်ပင် ဆိုးရွားလှသဖြင့် သူတို့မှာ ခေါင်းကို အုပ်လျက် လူအုပ်အတွင်းမှ ထွက်ခွာသွားကြတော့သည်။
ထိုအခါမှသာ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဟင်းရည်အိုးထဲသို့ ကျသွားသည့်အလား ချွေးများဖြင့် ရွဲရွဲစိုနေသည်ကို သတိပြုမိကြတော့သည်။
မနီးမဝေးတွင် ရပ်ကြည့်နေသော ကျောင်းအုပ်ကြီးများ၏ မျက်နှာထက်တွင်လည်း လေးနက်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
စူပါပါရမီရှင်များထဲမှ ၉ ဦးသာလျှင် ဆက်လက်တောင့်ခံနိုင်ခဲ့ကြသည်။
ကျောင်းအုပ်ကြီး ချန်ချီက သက်ပြင်းချလျက် “ကြည့်ရတာ... ၉ ယောက်ပဲ နတ်ဘုရားအဆင့် အမြစ်အရိုးအထိ ရောက်နိုင်မယ့် အရည်အချင်းရှိပုံပဲ။ တော်တော်လေး နည်းတာပဲ” ဟု ပြောလိုက်သည်။
ကျန်ရှိသော ကျောင်းအုပ်ကြီးများမှာမူ ဆွံ့အလျက် ဘာမျှမပြောနိုင်ကြတော့ချေ။
“ဒီစကားက ဘာလဲဗျ”
အတိတ်တုန်းကဆိုရင် ၁၀ နှစ်နေလို့ နတ်ဘုရားအဆင့် အမြစ်အရိုးပိုင်ရှင် တစ်ယောက်တောင် ပေါ်လာဖို့ မသေချာခဲ့တာလေ။
အခုကျတော့ ဘာဖြစ်လို့ ဒီလောက်တောင် လောဘကြီးနေရတာလဲ။
ကိုးယောက်တောင် ရှိတာကိုတောင် မကျေနပ်နိုင်သေးဘူးလား။
ရွှီရန်၊ ကျန်းလျိုလီနဲ့ ကျူးယွီဟန်တို့ကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ဆယ့်နှစ်ယောက်တောင် ရှိနေပြီပဲ
မြို့တော်နဲ့ ရှန်ဟိုင်းက ကျောင်းအုပ်ကြီးတွေဟာ ကျောင်းအုပ်ကြီး ချန်ချီကို အားပေးစကား အနည်းငယ် ပြောချင်ကြပေမဲ့... ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်ကြသည်။
ဒီအဘိုးကြီးက ခုနကတင် ဂုဏ်ဖော်နေတာ မဟုတ်လား။
သူ့ရဲ့ နယ်မြေတစ်ခုတည်းမှာတင် ကလေးနှစ်ယောက်က ကိုယ်ဖျောက်အတတ်ကို တတ်မြောက်ထားပြီးပြီ။
ပြီးတော့ ကိုယ်ဖျောက်အတတ်ကို ကိုယ်တိုင်တီထွင်ခဲ့တဲ့ စူပါလူထူးလူဆန်းကြီးတစ်ယောက်လည်း ရှိနေသေးတယ်။
နတ်ဘုရားအဆင့် အမြစ်အရိုးပိုင်ရှင် ဆယ့်နှစ်ယောက်ထဲမှာ သူက သုံးယောက်တောင် လက်ဝါးကြီးအုပ်ထားတာပဲ... တောက် ငါတို့ကို တစ်ပတ်ရိုက်ပြီး ကြွားသွားပြန်ပြီ။
ကျောင်းအုပ်ကြီး ချန်ချီကတော့ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
“...”
သူ တကယ်ပဲ ကြွားနေတာ မဟုတ်ဘူးလား။
“ဘယ်သူတွေပါလဲဆိုတာ ကြည့်လိုက်ပါဦးမယ်...”
မှန်ရိပ်တူဘုရင် ချင်ယီဟောက်၊ အဏုမြူ ပုံသဏ္ဌာန်ပေါင်းစုံ ချီမုံ့လီ၊ အိပ်မက်ထဲက သေခြင်းရှင်ခြင်း ဟူတဲ၊ နတ်ဘုရား နဂါးတံဆိပ် နင်ရွှမ်း၊ ပဲစေ့ကြဲ၍ မသေမျိုးဖြစ်ခြင်း ကွမ်းရှင်း၊အဆင့်သုံးဆင့် ပြောင်းလဲခြင်း ဒိုင်းလွှား ထန်ချီချီ၊ လက်ရှစ်ဖက် အခြေတည်ဝိညာဉ် ပိုင်ဖုန်း၊ နတ်ဘုရားသတ် ချပ်ဝတ်တန်ဆာ ချန်းကျွင်း၊ သန့်စင်ခြင်း မိုးကြိုးတစ်ထောင် ဟော့ယွမ်တိုါပင်။
သူတို့အားလုံးမှာ လက်ရှိတွင် ရေပန်းစားနေသည့် စူပါပါရမီရှင်များဖြစ်ကြပြီး နယ်ပယ်
အသီးသီးမှ ပညာပေးသင်ကြားမှုများက လမ်းကြောင်းမှန်ပေါ်၌ ရှိနေသည်ဟူသောအချက်ကို သက်သေပြနေခြင်းပင်။
သုံးနာရီခန့်အကြာ မွန်းတည့်ချိန်နီးပါးသို့ ရောက်ရှိလာခဲ့သည်။
ရွှီရန်၏ ပထမဆုံးအကြိမ် သင်ကြားပို့ချမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ပါရမီရှင် ကိုးဦးစလုံးမှာ သက်ပြင်းအနည်းငယ် ချလိုက်မိကြသည်။ သင်ခန်းစာမှာ အလွန်ပင် ရှုပ်ထွေးနက်နဲလှသော်လည်း ရွှီရန်၏ ကောင်းမွန်လှသော ရှင်းလင်းချက်များကြောင့် သူတို့မှာ များစွာ နားလည်သွားခဲ့ကြပုံပင်။
ဟော့ယွမ်နှင့် ချန်းကျွင်းတို့သည် ရွှီရန်ကို ရှုပ်ထွေးလှသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဤအခိုက်အတန့်မှစ၍ ရွှီရန်၏ သင်ကြားမှုကြောင့် သူတို့အားလုံးသည် ကျော်လွှားရန် မဖြစ်နိုင်သော အင်အားကွာခြားချက်ကြီးကို အပြည့်အဝ သဘောပေါက်သွားကြပြီ ဖြစ်သည်။
ဤခံစားချက်မှာ ပါရမီရှင်တစ်ဦးသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ ဘေးဒုက္ခအဆင့်ဆင့်ကို ရင်ဆိုင်ပြီးနောက် အထက်ဘုံသို့ တက်လှမ်းလာခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်ဘုံနှင့် အဆင့်တူသော မဟာပညာရှိကို ဝိုင်းရံပိတ်ဆို့နေသည့် ကောင်းကင်စစ်သည် တစ်သိန်းထဲမှ တစ်ယောက်မျှသာ ဖြစ်နေသကဲ့သို့ပင်။
ထိုကွာခြားချက်မှာ အလွန်တရာ ကြီးမားလွန်းသည်။ နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးကဲ့သို့ပင်။
သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
နတ်ဘုရားတွေ ပေးတဲ့ စွမ်းရည်တွေနဲ့ အဆင့်တူတဲ့ ကိုယ်ဖျောက်အတတ်ကို ငါ သင်ယူခွင့် ရခဲ့တာပဲ။ ဒါပေမဲ့... ဒီပညာရပ်က ဘာဖြစ်လို့ ဒီလောက်တောင် ခါးသီးနေရတာလဲ။ ငါ ဘာတွေကို ထပ်ပြီး ပေးဆပ်ရဦးမှာလဲ။
“စိတ်အေးအေးထားစမ်း”
“တည်ငြိမ်စမ်း...”
သူတို့၏ အကြည့်ချင်းဆုံရာတွင် လက်လျှော့အရှုံးပေးလိုက်သည့် အရိပ်အယောင်များ ပါဝင်နေသည်။ အကယ်၍ အင်အားကွာခြားချက်မှာ သိပ်မကြီးမားပါက သူတို့သည် ပိုမိုကြိုးစားရန် တွန်းအားရရှိကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ ကျော်လွှားရန် မဖြစ်နိုင်လောက်အောင် ကွာဟနေသည့်အခါတွင်မူ မော့ကြည့်ရင်း ငေးမောနေရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။
သူတို့သည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ကြပြီး အသေအချာ ပြန်လညသုံးသပ်နေကြတော့သည်။ ဘေးတွင်ရှိသော ချီမုံ့လီကမူ ပါးလေးကို လက်နှစ်ဖက်ဖြင့် အုပ်
လျက် ရွှီရန်ကို ကြည်နူးစွာ ကြည့်နေသည်။
“နတ်ဘုရားစွမ်းရည်တွေနဲ့ အဆင့်တူတဲ့ မှော်ပညာရပ်ကို ကိုယ်တိုင်ဖန်တီးနိုင်တာပဲ... အကြီးအကဲရဲ့ ပါရမီက တကယ်ကို မြင့်မားလွန်းတယ် အကြီးအကဲရဲ့ နတ်ဘုရားသတ်တပ်ဖွဲ့ထဲကို သေချာပေါက် ဝင်နိုင်အောင် ကြိုးစားရမယ်”
ချင်ယီဟောက်၊ ပိုင်ဖုန်းနှင့် ကျန်ရှိသူများမှာမူ ခေါင်းငုံ့၍ စဉ်းစားခန်းဝင်နေကြပြီး သင်ကြားပြသခဲ့သည်များကို အလေးအနက် စုပ်ယူနေကြသည်။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ရွှီရန်က လက်ခုပ်တီးလိုက်ပြီး “ကဲ... အားလုံးပဲ နေ့လယ်စာ သွားစားကြတော့။ ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်လည်သုံးသပ်ကြပါ။ လက်တွေ့ မကျင့်ကြံကြနဲ့ဦး၊ မနက်ဖြန်ကျမှ ငါ ထပ်ပြီး သင်ပေးမယ်”
“ပြီးတော့ မင်းတို့အတွက်ကတော့...”
ရွှီရန်သည် အရည်အချင်းမမီ၍ ဖယ်ထုတ်ခံလိုက်ရသော ပါရမီရှင် ၇၀ ကျော်ကို ကြည့်လိုက်သည်။ သူတို့သည်လည်း လူပေါင်း သန်းနှင့်ချီထဲမှ တစ်ယောက်သာ ပေါ်ထွက်လာသည့် ပါရမီရှင်များ ဖြစ်ကြသော်လည်း ကိုယ်ဖျောက်အတတ်ကို မသင်ယူနိုင်ခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စတစ်ခု ဖြစ်သည်။
“သင်ယူလို့မရတာကို စိတ်ထဲမထားပါနဲ့။ ကိုယ့်ရဲ့ အမြစ်အရိုးစွမ်းရည်အပေါ်မှာပဲ အာရုံစိုက်ကြပါ”
ထိုသို့ပြောပြီးနောက် ရွှီရန်သည် ကျောင်းအုပ်ကြီးများဘက်သို့ လှည့်လိုက်ကာ “တခြား ထပ်ပြီး ညွှန်ကြားချင်တာ ရှိပါသေးသလား” ဟု မေးမြန်းလိုက်သည်။
ကျောင်းအုပ်ကြီးများကလည်း အမှာစကား အနည်းငယ်စီ ပြောဆိုကြပြီးနောက်
“ကဲ... အတန်းဆင်းပြီ”
ပါရမီရှင်များမှာ အသီးသီး ထွက်ခွာသွားကြတော့သည်။ အချို့မှာ ဝမ်းနည်းနေကြသလို အချို့မှာ သက်ပြင်းချရင်း အချို့မှာ နောင်တရရင်းနှင့် အချို့မှာမူ စိတ်ပျက်အားငယ်စွာဖြင့်...
၎င်းမှာ တကယ့်ကို ရက်စက်လှသော အမှန်တရားပင်။ လူဦးရေ သန်းပေါင်းနှစ်ထောင်တွင် လူတစ်သန်းလျှင် တစ်ယောက်နှုန်းဖြင့် ပါရမီရှင်များ ရှိနေမည်ဆိုပါက စုစုပေါင်း လူနှစ်သိန်းအထိ ရှိနေမည်ဖြစ်သည်။
***